
ဒီနေ့ စိတ်မှာဖြစ်တဲ့ “အတွေးဆိုးများကိုဖယ်ရှားတဲ့နည်းလမ်း (၅)မျိုး” အကြောင်းကိုမျှဝေချင်ပါတယ်။ လူတွေမှာအတွေးဆိုးတွေပျောက်ပြီး အတွေးကောင်းတွေရှိလာစေချင်ပါတယ်။ ဒါကြောင့် နာယူထား တဲ့ သစ္စာရွှေစည်ဆရာတော် ရဲ့တရားကို အနှစ်ချုပ်ပြီးမျှဝေလိုက်တာဖြစ်ပါတယ်။
အတွေးဆိုးများကိုဖယ်ရှားတဲ့နည်းလမ်း (၅)မျိုး
လူတွေမှာကာယကံ၊ ဝစီကံ၊ မနောကံ ဆိုပြီး ကံ(၃)ပါးရှိရာ ကာယကံနှင့်ဝစီကံတို့မှာ သိသာမြင်သာ ပါတယ်။ အပြင်ပန်းမှလည်းတွေ့မြင်ကြားနိုင်ပါတယ်။ ဒါပေမဲ့မနောကံကတော့ လူတွေမှာအများကြီး ဖြစ်နေပေမဲ့မမြင်သာပါဘူး။ ဒါပေမဲ့ မနောကံက အရင်းခံဖြစ်ပါတယ်။ မနောကံကစပြီး ဝစီကံ၊ ကာယကံတွေဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် မိမိစိတ်မှာဖြစ်တဲ့မကောင်းတဲ့မနောကံအတွေးဆိုး တွေကိုဖယ်ရှားနိုင်ရန် အပ်ပါတယ်။
လူတွေရဲ့စိတ်ထဲမှာ ကောင်းတဲ့အတွေးစိတ်ကူးများနှင့် မကောင်းတဲ့အတွေးစိတ်ကူးများဟာ အခြေ အနေအမျိုးမျိုးမှာဖြစ်နေတတ်ပါတယ်။ ကောင်းမြတ်တဲ့အတွေးတွေဖြစ်ရင်တော့ ဆက်လက်ပွားများ နိုင်အောင် ပြုလုပ်သင့်ပါတယ်။ ဥပမာ အများအကျိုးရှိတဲ့လုပ်ငန်းတွေမှာပါဝင်လုပ်ရန် စိတ်ကူးမျိုး ဖြစ်ပါက ဆက်လက်ပွားများပြီးလက်တွေ့ဝစီကံ၊ ကာယကံမြောက်လုပ်ငန်းဖြစ်လာအောင် ပြုလုပ်သင့် ပါတယ်။ ထိုမှတစ်ဆင့် ကောင်းတဲ့အလေ့အကျင့်ဖြစ်အောင်။ ကိုကျင့်စရိုက်ကောင်းဖြစ်အောင်၊ တန်ဖိုးထားလုပ်ဆောင်မှုဖြစ်လာအောင် လုပ်ဆောင်သင့်ပါတယ်၊ ဒါပေမဲ့ဆိုတဲ့အတွေးတွေဖြစ်လာရင် တော့ မနောကံအဆင့်မှ ဝစီကံအဆင့်၊ ကာယကံအဆင့် သို့မရောက်ခင် သူတို့ကိုဖယ်ရှားနိုင်အောင်အား ထုတ်ဖို့ လိုအပ်ပါတယ်။
မြတ်ဗုဒ္ဓက အဲဒီလိုအတွေးဆိုးတွေဖြစ်လာရင် ဖယ်ရှားတဲ့နည်းလမ်း (၅) မျိုးကို အောက်ပါအတိုင်း လမ်းညွှန်ပြသခဲ့ပါ တယ်။
၁။ အာရုံပြောင်းပေးတဲ့နည်း -မကောင်းတဲ့အတွေးဆိုးကိုကောင်းတဲ့အတွေးဖြင့် အစာထိုးပေးတဲ့နည်း လမ်းဖြစ်ပါတယ်။ ဘုရားပြခဲ့တဲ့ဥပမာကတော့ သစ်လုံးကြီးများကို လွှဖြင့် ခွဲရန်အားထုတ်တဲ့အခါ လွှဆွဲရာမှာ သစ်သားကလွှဆွဲတာကိုပိပိတ်နေတာမျိုးကင်းအောင် သပ်ကြီးကြီးဖြင့် သစ်သားအက် ကြောင်းအတွင်း ရိုက်သွင်းထားရပါတယ်။ အဲဒီအခါ လွှဆွဲရတာ အဆင်ပြေစေပါတယ်။ အဲဒီသပ်ကြီးကို မလိုတော့တဲ့အခါ သပ်ငယ်တာကို သပ်ကြီးရိုက်ထားတဲ့နေရာရဲ့အထက်ဘက်နားမှာ ရိုက်ထည့် လိုက်ရင် သပ်ကြီးကချောင်ပြီးပြုတ်ကျလာ ပါတယ်။ အဲဒီနည်းအတိုင်းအတွေးဆိုးတွေကို ကောင်းတဲ့အတွေးဖြင့် အစားထိုးရန်လမ်းပြပေးခဲ့ပါတယ်။
အတွေးဆိုးတွေဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေထူတဲ့အတွက်ဖြစ်လာတာပါ။ အဲဒီ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် အတွေးဆိုးတွေဖြစ်လာရင်အောက်ပါအတိုင်း အာရုံပြောင်းပေးရန် လမ်းညွှန်ခဲ့ပါ တယ်။
လောဘကြောင့် သက်ရှိတွေအပေါ်မှာအတွေးဆိုးတွေဖြစ်လာရင် မတင့်တယ်တဲ့အသုဘကမ္မဌာန်းကို ပွားများခြင့်ဖြင့်အတွေးဆိုးကိုပယ်ရန်လိုအပ်ပါတယ်။ တင့်တယ်တယ်လိုအထင်မှားနေတာကို မတင့် တယ်တဲ့သဘောရှိပါလားဆိုတာ အသိမှန်သွားအောင် အာရုံပြောင်းပေးရန် လိုပါတယ်။ လောဘကြောင့် သက်မဲ့တွေအပေါ်မှာ လိုချင်တဲ့အတွေးဆိုးတွေဖြစ်လာရင် အနိစ္စသဘော၊ ဘာမှမတည်မြဲတဲ့သဘောကို နားလည်ပြီးအာရုံပြောင်းပေးရန် လိုအပ်ကြောင်း လမ်းညွှန်ခဲ့ပါတယ်။
ဒေါသဖြစ်စရာအာရုံနှင့်ကြုံလို့ သက်ရှိတွေအပေါ်မှာဒေါသစိတ်ဆိုတဲ့အတွေးဆိုးဖြစ်လာရင် မေတ္တာ စိတ်ပြောင်းပေးရန် လိုအပ်ပါတယ်။ မိမိမှာဒေါသစိတ်ဖြစ်တဲ့အခါ အရင်ဆုံးမိမိသာပူလောင်မှုဖြစ် ရပါတယ်။ မိမိမှာပူလောင်မှုဖြစ်တဲ့အခါ မနှစ်သက်သလို အခြားလူတွေလည်း ပူလောင်မှုဖြစ်ရင် နှစ် သက်မှာ မဟုတ်ဘူဆိုတဲ့စာနာတဲ့စိတ်ဖြင့် ဒေါသစိတ်ဆိုးမှာမေတ္တာထားပေးတဲ့နည်းဖြင့် အာရုံပြောင်း ပေးရန်လမ်းပြတော်မူခဲ့ပါတယ်။ ဒေါသစိတ်ဆိုးကသက်မဲ့တွေအပါ်မှာဖြစ်ခဲ့ရင် ဓာတုမဏသီကာရ ကိုနှလုံးသွင်းပေးပြီး ဘယ်ဓာတ်သဘောကို စိတ်တိုဒေါသဖြစ်နေတာလဲလို့ မိမိကိုယ်မိမိပြန်မေးပြီး အာရုံပြောင်းပေးရန် လိုအပ်ပါတယ်။ ဘယ်ဓာတ်သဘောမှမမြဲကြောင်း၊ ပြောင်း လဲနေတာသာဖြစ် ကြောင်းအမှန်ကိုသိနားလည်ခြင်းဖြင့် ဖြစ်နေတဲ့ဒေါသစိတ်ဆိုးမှာပျောက်သွားပါတယ်။
မောဟဆိုတဲ့မှန်ကန်စွာမသိမှုကြောင့် အတွေးဆိုးတွေဖြစ်လာရင် ဆရာကောင်းသမားကောင်းထံ ချဥ်း ကပ်မေးခြင်း၊ စာပေလေ့လာဖတ်ရှုခြင်း၊ တရားနာခြင်း၊ မိမိထက်တတ်သိသူကို မေးမြန်းအကူ အညီတောင်းခြင်းများပြုလုပ်ရန် လိုအပ်ပါတယ်။ အကြောင်းဟုတ်မဟုတ် ကိုယ်တိုင်ချင့်ချိန်စဥ်းစား ဆုံးဖြတ်တဲ့နည်း ဖြင့် စဥ်းစားပြီး အတွေးဆိုးကို ဖယ်ရှာရန် လမ်းညွှန်ခဲ့ပါတယ်။
၂။ ဖြစ်လာတဲ့အတွေးဆိုးတွေကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အပြစ်တွေကိုဆင့်ကဲဆင့် ကဲ ဆက်လက်စဥ်းစားပြီး အတွေးဆိုးတွေကိုပယ်တဲ့နည်း -အတွေးဆိုးတွေကြောင့် ဆက်ပြီးဘာတွေဖြစ် လာနိုင်လဲဆိုတာ ဆက်လက်စဥ်းစားပါ။ အတွေးဆိုးတွေကို စိတ်ထဲမှာထားရင် ဘာတွေဖြစ်လာ နိုင်သလဲ။ အတွေးဆိုးတွေကိုသိမ်းပိုက်ထားရင် နောက်ဆက်တွဲဘာအကျိုးဆက်တွေဘာတွေဖြစ်လာ နိုင်သလဲ၊ လားရာအနေအထားကဘာတွေဖြစ်လာနိုင်သလဲဆိုတာစဥ်းစားပါ။ အဲဒီလိုဆက်လက်စဥ်းစား တဲ့အခါ မနှစ်သက်စရာဒုက္ခများကိုသာမြင်လာပြီး ထိုမနှစ်သက်စရာများရဲ့ အရင်းခံအကြောင်းတရား ဖြစ်တဲ့ အတွေးဆိုးကို ဖယ်ထုတ်လာပါလိမ့်မယ်။ ဥပမာအားဖြင့် လှချင်ပချင်တဲ့အရွယ်လူ ငယ်က လှအောင်ပအောင် ချယ်သထားပါတယ်။ အဲဒီလူငယ်ကိုအတင်းဖမ်း ချုပ်နှောင်ပြီး သူရဲ့လည်ပင်းမှာ ခွေးသေကောင်ပုတ်ကို ချီးနှောင်ပေးလိုက်မယ်ဆိုရင် အဲဒီလူငယ်ဟာ ခွေးသေကောင်ပုတ်ကိုခွါဖယ်ရန် အမျိုးမျိုး အားထုတ်ပါလိမ့်မယ်။ ထို့အတူပင် မောဟကြောင့် ဖြစ်လာတဲ့အတွေးဆိုးများကို ထိုလူက ဖယ်ထုတ်ပါ လိမ့်မယ်။
လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် မိမိစိတ်မှာ ဖြစ်လာတဲ့အတွေးဆိုးတွေဆိုတာ မိမိအသီးကြောင့် မိမိကိုယ်မိမိ သေအောင်သတ်နေတဲ့ ဝါးပင်၊ ကျူပင်၊ ပေပင်တို့ကဲ့သို့ဖြစ်စေကြောင်းမြတ်ဗုဒ္ဓက နမူနာ ပေးခဲ့ပါတယ်။ ဝါးပင်။ ကျူပင်၊ ပေပင်တို့ဟာအသီးသီးလာရင် အပင်ကိုသေအောင်သတ်တော့ မှာဖြစ် ပါတယ်။ ထိုအသီးတွေက စိတ်မှာဖြစ်တဲ့ ဆိုးတဲ့စိတ်တွေနှင့်တူပြီး အသီးတွေကအပင်ကို သတ်သလို စိတ်ဆိုးတွေဖြစ်လာရင် စိတ်ဆိုးတွေဖြစ်တဲ့လူကိုလည်း ထိုဆိုးတဲ့စိတ်များက အမျိုးမျိုး ဆင်းရဲဒုက္ခ ရောက်စေပါတယ်။
၃။ အတွေးဆိုးကိုမအောက် မေ့ဘဲ မေ့ထားလိုက်တဲ့နည်း- အထက်ပါနည်းတွေသုံးပြီးအတွေးဆိုးတွေ ကိုဖယ်ရှားပေမဲ့ဆက်လက် ဖြစ်နေသေးရင် မအောက် မေ့ဘဲ မေ့ထားလိုက်ပါလို့ မြတ်ဗုဒ္ဓက လမ်းညွှန် မှာပါတယ်။ ဒီနည်းလမ်းကတော့ တတိယနည်းလမ်း ဖြစ်ပါတယ်။ ဥပမာ တစ်ခုခုကိုမမြင်ချင်ရင် မျက်နှာ လွှဲထားလိုက်သလိုပင်ဖြစ်ပါတယ်။ မျက်နှာလွှဲ ထားတာတောင် မြင်နေသေးတယ်ဆိုရင် မမြင်အောင် မျက်စိကိုပိတ်ထားလိုက်ရန် လိုအပ်ကြောင်း မြတ်စွာဘုရားကဘမ်းညွှန်ခဲ့ပါတယ်။
၄။ ဖြစ်နေတဲ့ အတွေးဆိုးတွေရဲ့မူလ အကြောင်းတရားက ဘာလဲဆိုတာ ဆက်ကာဆက်ကာဆင့်ကဲ ဆင့်ကဲစဥ်းစားတဲ့နည်း- စတုတ္ထနည်းလမ်းအဖြစ် အတွေးဆိုးတွေကိုဖယ်ရှားတဲ့နည်းမှာ ဖြစ်နေတဲ့ အတွေးဆိုးတွေရဲ့မူလ အကြောင် းတရားက ဘာလဲဆိုတာ ဆက်ကာဆက်ကာဆင့်ကဲဆင့်ကဲ စဥ်းစားတဲ့ နည်းဖြင့် နောက်ဆုံး နှလုံးသွင်းမှားတဲ့အတွက်ကြောင့် ဖြစ်ကြောင်းသိလာတဲ့အခါ နှလုံး သွင်းမှန်အောင် ပြုလုပ်လိုက်ခြင်းဖြင့် အတွေးဆိုးတွေဖယ်ရှားပြီးဖြစ်သွားပါတယ်။ အဲဒီလို ဆင့်ကဲဆင့်ကဲဆက်လက် စဥ်းစား လိုက်တဲ့အခါ မူလဖြစ်နေတဲ့စိတ်ဆိုးတွေပျောက်ကုန်သွားစေပါတော့တယ်။ စိတ်ဆိုတာ နှစ်ခု တစ်ပြိုင်နက်တည်း မစဥ်း စားနိုင်တဲ့အတွက် ဆင့်ကဲဆင့်ကဲမူလအကြောင်းတွေကိုသာ စဥ်းစား နေတဲ့ အခါ ဆိုးတဲ့စိတ်တွေ ပျောက် ကုန်ပါတော့တယ်။ ဥပမာ စိတ်ဆိုးတွေဆိုတာ မြန်မြန်အပြေး သွားနေ တာနဲ့တူပါတယ်။ အပြေးသွားတော့ လူတွေကို အမြန်မောစေတတ်ပါတယ်။ အဲဒီတော့ ဘာကြောင့် အပြေးသွားနေတာလဲ။ မောတယ်။ ဖြေးဖြေးသွားမယ်။ ထိုမှတစ်ဆင့် ပိုမပင်ပန်းအောင် ရပ်နေမယ်။ ထိုင်နေမယ်။၊ လဲလျောင်းနေမယ် စသဖြင့် ဆက် လက်စဥ်းစားနိုင်ပါတယ်။ အဲဒီလို လုပ်ရင် အမြန် လျောက်ခြင်းဆိုတာနဲ့တူတဲ့ အတွေး ဆိုးတွေကိုပယ်ထုတ်နိုင်ပြီးဖြစ်ပါတယ်။
၅။ အံကျိတ်တက် ခေါက်ပြီးအတွေးဆိုးတွေကို မရရအောင်ဖယ်ထုတ် တဲ့နည်း- အထက်ပါနည်းတွေ သုံး တာတောင်အတွေးဆိုးတွေက ဆက်လက်ဖြစ်နေသေးပါက အံကျိတ်တက် ခေါက်ပြီးအတွေးဆိုး တွေကို မရရအောင်ဖယ်ထုတ်မယ်ဆိုပြီးဆက်လက် အားထုတ်ပါ။ ဘယ်လောက် တောင်အားထုတ်ဖို့ လိုသလဲဆိုရင် အားအောင်းမောင်းသန်လူတစ်ယောက်က ချိနဲ့နေသူကို လုံးဝမလှုပ် နိုင်အောင် ဖိနှပ် ချုပ်ချယ်ထားလိုက်သလို အတွေးဆိုးတွေကိုနလံမထူနိုင်အောင် ဖယ်ရှားရန် လမ်းညွှန်ခဲ့ ပါတယ်။
အထက်ပါ နည်းလမ်း (၅)သွယ်မှာ အတွေးဆိုးတွေကိုဖယ်ရှားတဲ့နည်းလမ်းဖြစ်လို့ အလွန်တန်ဖိုးရှိတဲ့ အသိပညာဖြစ်ပါတယ်။ မိမိနှင့် ကိုက်ညီတဲ့နည်းလမ်းကို လက်တွေ့ကျင့်သုံးးခြင်းဖြင့် မိတ်ဆွေများအတွေးဆိုးများမှ ကင်းကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Orignal link (ခွင့်ပြုချက်ဖြင့် ပြန်လည် တင်ပြပါသည်)
https://www.facebook.com/photo?fbid=6707435982684520&set=a.387972187964296
No comments:
Post a Comment