
ဒီနေ့“ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင် ဖန်တီးပေးနိုင်တဲ့နည်းလမ်းများ” အကြောင်းကို Food for Thought 659 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင် ဖန်တီးပေးနိုင်တဲ့နည်းလမ်းများ
ကလေးတွေနှင့် ငယ်ရွယ်သူများမိမိကိုယ်မိမိယုံကြည်မှုရှိလာအောင်လေ့ကျင့်ပေးရင် ရေရှည်မှာအရေးပါတဲ့ ကောင်းကျိုးများကိုဖြစ်စေပါတယ်။ မိမိကိုယ်မိမိယုံကြည်တဲ့ကလေးတွေဟာ ဖိစီးမှုများကို ရင်ဆိုင်ကျော် လွှား ရာမှာ ပိုစွမ်းဆောင်နိုင်ကြပါတယ်။ မှန်းဆနိုင်တဲ့ဘေးရှိတာတွေကို သတိဖြင့် ပိုလုပ်ဆောင်ရဲကြပါတယ်။ သူ တို့ စွမ်းဆောင်နိုင်မှုများအတွက် ပိုဂုဏ်ယူတတ်ကြပါတယ်။ မိမိချမှတ်ထားတဲ့ရည်မှန်းချက် ပန်းတိုင်ကို ရောက် အောင် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားအားထုတ်တတ် ကြပါတယ်။ ကလေးတွေမှာမိမိကိုယ်မိမိ ယုံ ကြည်လေးစားတန်ဖိုးထားမှုကောင်းလာအောင် လေ့ကျင့်ပေးရင် သူတို့အစွမ်းအစတွေပေါ်ထွက်လာစေနိုင်ရန် လို အပ်တဲ့ကျွမ်းကျင်မှုများကိုလေ့ကျင့်ပေးထား ရာရောက်ပါတယ်။
ကလေးတွေ မိမိကိုယ်မိမိယုံကြည်မှုအားကောင်းလာအောင်အောက်ပါနည်းလမ်းများကိုသုံးပြီးကူညီနိုင်ပါတယ်။
၁။ ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုတဲ့စိတ်နေစိတ်ထားရှိလာအောင်အားပေးပါ။
ကလေးတွေနှင့် လူငယ်တွေဆိုတာ ကြုံလာတဲ့အခက်အခဲများကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် ကြိုးစားရင် ကျော်လွန်နိုင်တဲ့စိန်ခေါ်မှုများလို့မြင်ရန် လိုအပ်ပါတယ်။ ကြိုးစားအားထုတ်ရင် ကျရှုံးမှုများကိုလည်း မိမိတို့ ပိုအဆင့်မြင့်လာစေဖို့အတွက် သင်ခန်းစာများအဖြစ်မြင်ရန် လိုအပ်ပါတယ်။ ကလေးတွေ အနေဖြင့်အချိန်ရ လာတာနဲ့အမျှ ဆက်လက်ကြိုးစားရင် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းယုံကြည်ရန် လိုအပ်ပါတယ်။ အဲဒီလို ယုံကြည်တာကို ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုတဲ့စိတ်နေစိတ်ထားရှိခြင်းလို့ သတ်မှတ်ပါတယ်။ ကလေးတွေအနေ ဖြင့် သူတို့ဖြစ်ချင်တဲ့စိတ်အမှန်တကယ်ရှိတယ်ဆိုရင် ရအောင်လုပ်ဆောင်နိုင်တယ်လို့ယုံကြည်ရန် လိုအပ်ပါ တယ်။ အဲဒီခိုင်မာတဲ့ယုံကြည်မှုဟာ အောင်မြင်ဖို့အခြေခံဖြစ်ပါတယ်။ ဒီစိတ်မျိုးဖြစ်လာဖို့အတွက် ရုပ်ရှင်၊ သို့မဟုတ် စာအုပ်ထဲမှာ ပါတဲ့ဇာတ်ဆောင်က ကြုံ တွေ့လာတဲ့အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့ကြောင်း ကလေးနှင့်အတူ ကြည့်ခြင်း၊ ဖတ်ရင်း ပြောပြပေးနိုင်ပါတယ်။
၂။ ကိုယ်တိုင်လုပ်ဆောင်နိုင်မှုရှိဖို့နှင့်ခန့်မှန်းနိုင်တဲ့ဘေးရှိတာကိုလုပ်ကိုင်ရဲအောင်လေ့ကျင့်အားပေးပါ။
စာသင်ခန်းတွေဆိုတာ သင်ယူသူအားလုံးအတွက်ဘေးကင်းတဲ့နေရာတွေဖြစ်ရန် လိုအပ်ပါတယ်။ သင်ယူသူများ အနေဖြင့် သက်သောင့် သက်သာနေတဲ့နယ်ကိုကျော်ပြီး လုပ်ဆောင်နိုင်ရန် အားပေးတဲ့ အနေအထားမျိုးရှိရန် လို အပ်ပါတယ်။ ကလေးတွေကို လုပ်စရာတွေကို သူတို့စွမ်းအားဖြင့် ပြီးအောင် လုပ်ဆောင်ပါစေ။ သူတို့ဘာသာ လုပ်ဆောင်တဲ့အခါ မျှော်မှန်းထားသလိုသေသေသပ်သပ်မဖြစ်ရင်တောင် သူတို့ကိုယ်တိုင် လုပ်ဆောင်မှုကို အား ပေးပါ။ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အခါ ကလေးတို့ စိတ်မှာ တို့လုပ်ဆောင်နိုင်တယ်ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည့် တဲ့စိတ်ဖြစ်လာစေပါတယ်။ ဥပမာ ကစားကွင်းမှာတပ်ဆင်ထားတဲ့လျောကို အထက်ထိရောက်အောင် ကိုယ်တိုင် တက်ပြီး ပြန်လျောချ တာမျိုး၊ တွယ်တက်တာတွေကိုသူတို့ကိုယ်တိုင်အားကိုးတွယ်တက်ပြီး အထက် ဘက်သို့ ရောက်စေတာမျိုးတွေကို လုပ်ဆောင်ခွင့်ပေးပါ။
၃။ ကလေးတွေအနေဖြင့် သူတို့မှာရှိတဲ့အားကောင်းချက်များကိုသိလာအောင်ကူညီဖော်ထုတ်ပေးပါ။
ကလေးများအနေဖြင့် သူတို့မှာရှိတဲ့အားကောင်းတဲ့အချက်တွေကို ဖော်ထုတ်ပေးရန်အချိန်ပေးပြီး ဖော်ထုတ်ခိုင်း ပါ။ ဒီလုပ်ငန်းကို လုပ်ဆောင်တဲ့အခါ တစ်ချို့ ကလေးများအတွက်ခက်ခဲနေတတ်ကြပါတယ်။ အဲဒီလိုဖြစ်နေရင် သူတိုသူငယ်ချင်းကောင်းက သူတို့အကြောင်း ဘာပြောသလဲဆိုတာ စဥ်းစားခိုင်းနိုင် ပါတယ်။ ကလေးတိုင်း သူတို့မှာရှိတဲ့အားကောင်းတဲ့အချက်များကိုစုစည်းစာရင်းလုပ်စေပြီး မြင်သာတဲ့နေရာမှာကပ်ထားပေးရင် ကလေး တွေအနေဖြင့် အဲဒီအားကောင်းတာတွေကို နေ့တိုင်းမြင်ပြီး မိမိကိုယ် မိမိယုံကြည့်မှုများတိုးပွားလာကြမှာ ဖြစ် ပါတယ်။
၄။ ကလေးတိုင်း စွမ်းဆောင်အောင်မြင်နိုင်တဲ့အခွင့်အလမ်းဖန်တီးပေးပါ။
ကလေးတိုင်းရဲ့အားသာချက်များကိုသိအောင်အချိန်ယူလေ့လာပြီးအဲဒီအားသာချက်ကိုအကောင်းဆုံးအသုံးချခွင့်ရအောင်ဖန်တီးပေးပါ။ နည်းပညာပိုင်းတွင်အားကောင်းတဲ့ကလေးရှိရင် ထိုကလေးကို ဗီဒီယို၊ ကွန်ပျူတာများ တပ်ဆင်တဲ့နေရာမှာအကူအညီတောင်းပါ။ အနုပညာမှာအားကောင်းတဲ့ကလေးကို အများမြင်သာအောင် ဘုတ် ပြားပေါ်မှာကပ်စရာအတွက် ပုံများရေးဆွဲခိုင်းပါ။ စာဖတ်တာကိုသဘောကျတဲ့ ကျောင်းသားဆိုပါက အတန်း စာကြည့်တိုက်မှာစာကြည့်တိုက်မှုးတာဝန်ပေးပြီး အတန်းအတွက် လိုအပ်တဲ့စာအုပ်များစုဆောင်းခိုင်းပါ။ ကလေး တို့ရဲ့အားသာချက်အလိုက် အခွင့်အလမ်းတွေအမျိုးမျိုး ဖန်တီးပေးနိုင်ပါတယ်။ အဲဒီလိုဖန်တီးပေးရင် ကလေး တိုင်းသူတို့အားသာတဲ့နေရာမှာ စွမ်းဆောင်လုပ် ကိုင်နိုင်စေပြီးစိတ်ထဲမှာမိမိကိုယ်မိမိကျေနပ်အားရမှုခံစားလာရ မှာ ဖြစ်ပါတယ်။
၅။ အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်များပေးပါ။
ကလေးတစ်ယောက်ကောင်းတာတစ်ခုခု လုပ်ဆောင်ထားတဲ့အခါ သူလုပ်ဆောင်ထားတာက ဘယ်လို ကောင်း ကြောင်း တိတိကျကျ ဖော်ပြတဲ့သဘောထားမှတ်ချက်ပေးပါ။ ကောင်းလိုက်တာ။ သိပ်တော် တာပဲ လို့ပြော တာမျိုး ထက်တိကျတဲ့အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်မျိုးပေးပါက ဘာက ကောင်းမှန်းကလေးက သိပြီးနောက်မှာ အလားတူအောင်မြင်အောင် လုပ်လာစေရန် လှု့ဆော်ပေးပါတယ်။ ဥပမာ “သမီးက အိမ်စာ တွေပြီးအောင် အချိန်ကို ကောင်းစွာသုံးတာကိုမေမေတွေ့ရပါတယ်။ အလုပ်လုပ် ချိန်မှာတိတိကျကျ စတင်လုပ် ဆောင်ပြီးကိုယ့်အားကိုယ်ကိုးလုပ်ဆောင်တာမေမေတွေ့တယ်။ အိမ်စာတွေ ကိုသတ်မှတ်ထားတဲ့အချိန်မှာ ကိုယ် တိုင် အကောင်းဆုံးပြီးအောင်လုပ်နိုင်တဲ့အတွက် သမီးစိတ် ထဲမှာ ခံစားရတာမကောင်းဘူးလား” လို့ သဘောထား မှတ်ချက်ပေးရင်းကလေး ခံစားချက် ကိုပါ မေး ကြည့်နိုင်ပါတယ်။အဲဒီလိုသဘောထားမှတ်ချက်ကိုအပြုသဘော ဆောင်စွာ တိတိကျကျပေးနိုင်ဖို့အတွက် မိဘတွေက ကလေးလုပ်ဆောင်တာကို အချိန်ပေး သတိထားကြည့်ရန် လိုအပ်ပါတယ်။ ဒါမှ ကောင်းတာကို တိတိကျကျဖော်ထုတ်ပြီးအသိအမှတ်ပြုတဲ့သဘော ထားမှတ်ချက် ပေး နိုင်မှာဖြစ်ပါတယ်။
၆။ မိမိကိုယ်မိမိ အပြုသဘောဆောင်တဲ့ပြောနည်းကိုသင်ပေးပါ။
မိမိအကြောင်းမိမိပြန်လည်စဥ်းစားတဲ့အခါ မိမိကိုယ်တိုင်မိမိအကြောင်းပြောဆိုနေတဲ့အတွင်းဘက်က အသံက သိပ်အရေးကြီးပါတယ်။ စဥ်းစားတွေးတောမှုမှာ အပြုသဘောဆောင်တဲ့အတိုင်း လူတွေက ဖြစ်လာတတ် ကြပါတယ်။ မျက်မှောက်ကာလ အများအားဖြင့် အပျက်သဘောဆောင်တဲ့ဒစ်ဂျစ်တယ် လောကမှာ အပြု သဘော ဆောင်တဲ့မိမိကိုယ်မိမိပြောဆိုမှုက ပိုအရေးကြီးလာပါတယ်။ ဥပမာအားဖြင့် “ငါကသူငယ်ချင်းကို ကူညီတတ်တဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ ငါက စကားပြောတဲ့အခါ ကောင်းကောင်းအလေးထား နားထောင်တတ်တယ်။ ငါကအသစ်အဆန်းတွေကို လေ့လာသင်ယူတတ်တယ်။ ငါက ကိုယ်တိုင် လေ့လာ သင်ယူတယ်” စသဖြင့် မိမိကိုယ်မိမိ အပြုသဘောဆောင်တဲ့ ပြောဆို မှုများကို ပြောတတ်အောင်လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။
၇။ ကြံ့ခိုင်မှုရှိအောင်လေ့ကျင့်ပေးပါ။
လူတိုင်းဘဝမှာဖိစီးမှုအတွေ့အကြုံများရှိကြပါတယ်။ ဘဝအတွေ့အကြုံများအကြောင်းဆွေးနွေးရင်းကိုယ်စိတ် ကြံ့ခိုင်မှုအကြောင်းကိုလည်းကလေးများအားပြောပြပါ။ မိမိတို့ဘဝမှာရည်မှန်းချက်များပေါက်မြောက်အောင် ဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားရန်ရုန်းကန်ရ ကြောင်းကလေးများ ကိုပြောပြပါ။ စာပေမှာ တွေ့ရတဲ့ ကြံ့ခိုင်မှုအားကောင်းသူတွေ အကြောင်း ပြောပြပါ။ တစ်ခုခုကိုအမှန်တကယ်ရချင်တယ်ဆိုရင် မလျော့တဲ့ဇွဲလုံ့လ ဖြင့် ကြိုးစားရန် လိုအပ်ကြောင်း ကလေးများအနေဖြင့် ကြိမ်ဖန်များစွာကြားနေရန် လိုအပ်ပါတယ်။
၈။ ရည်မှန်းချက်များ ပြည့်ဝအောင် ဦးတည်လုပ်ဆောင်တတ်အောင်သင်ပေးပါ။
စမတ်ကျတဲ့ဦးတည်ရည်မှန်းချက်များ (SMART GOALS) ချတတ်အောင်သင်ပေးပါ။ စမတ်ကျတဲ့ဦးတည်ရည်မှန်း ချက်များဆိုတာ အောက်ပါလက္ခဏာများနှင့် ညီရန်လိုအပ်ပါတယ်။
S - specific (တိတိကျကျဖော်ပြမှု)
M -measurable (တိုင်းတာနိုင်မှုရှိခြင်း)
A -attainable (ကြိုးစားရင်ရရှိနိုင်မှုရှိခြင်း)
R -realistic (သဘာဝကျခြင်း)
T -timebound (သတ်မှတ်ထားတဲ့အချိန်မှာ ရရှိခြင်း)
အောင်မြင်လိုတဲ့နယ်ပယ်မှာ စမတ်ကျတဲ့ဦးတည်ရည်မှန်းချက်များချမှတ်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ တစ်ချို့ ကျောင်းသားများက စာမေးပွဲရမှတ်အဆင့်မြင့်လိုပါတယ်။ တစ်ချို့က မိတ်ဆွေသူငယ်ချင်းသစ်တွေရချင်တဲ့ အ တွက် စာသင်ချိန်အပြီးညနေဘက် သင်တန်းတွေဆက်ချင်ပါတယ်။ ဘယ်လိုရည်မှန်းချက်ပင်ဖြစ်ပါစေ တိကျတဲ့ ဦးတည်ရည်မှန်းချက်ချထားပြီးထိုရည်မှန်းချက်ပေါက်မြောက်အောင်အားထုတ်မယ်ဆိုရင်ရရှိလာမှာဖြစ်ကြောင်း ကလေးများသိနားလည်ပြီးလက်တွေ့ကျင့် သုံးလာအောင်အားပေးတိုက်တွန်းသင့်ပါတယ်။
၉။ ကလေးများအားမိမိဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ထင်ဟပ်စဥ်းစားတတ်အောင်လေ့ကျင့်သင်ပေးပါ။
ကလေးတွေဆိုတာ သူတို့စွမ်းဆောင်အောင်မြင်မှုများကို ပြန်လည်သုံးသပ်နိုင်အောင်သင်ပေးပါ။ သူတို့ရတဲ့ ရ မှတ်အဆင့်တွေကို စုစည်းသိမ်းထားပြီးအခြေအနေကိုသုံးသပ်ခြင်း၊ ရေးထားတဲ့အရေးအသားတွေကို အချိန် ကြာလာတဲ့အခါ ပြန်လည်သုံးသပ်ကြည့်စေခြင်း၊ အပြုအမူပိုင်းတိုးတက်လာမှုကို ပြန်လည်ထင်ဟပ် သုံးသပ် ခြင်းများပြုလုပ်တတ်အောင်လေ့ကျင့်သင်ပေးရန် လိုပါတယ်။အချိန်ကြာလာတဲ့အခါ လုပ်ဆောင်ထားမှုများ တိုးတက်လာမှုကိုပြန်ထင်ဟပ်သုံးသပ်ရာမှာ ဘာကြောင့် တိုးတက်လာတာလဲ ဆိုတာကိုအရင်ဆုံးသုံးသပ် ကြည့်ခြင်းဖြင့် မိမိတိုးတက်အောင်မြင်မှုကိုမိမိကထိန်းချုပ်နိုင်ကြောင်းသိလာစေပါတယ်။အချိန်တစ်ခုကြာ လာ တဲ့အခါ တိုးတက်မှုအနေအထားကို ပြန်လည်သုံးသပ်နိုင်ပါတယ်။ သင်ယူးသူများအချင်းချင်းလည်းပူးပေါင်း သုံးသပ် နိုင်ပါတယ်။ ပြန်လည်သုံးသပ်ချင်တဲ့နယ်ပယ်ကိုပြန်လည်သုံးသပ်နိုင်ပါတယ်။
၁၀။ မတူကွဲပြားခြားနားမှုများနှင့် သီးသန့်လက္ခဏာဆောင်မှုတို့ကို အသိအမှတ်ပြုပေးပါ။
ကလေးတိုင်း ကိုယ်ပိုင်ဟန်လက္ခဏာရှိစေသင့်ပါတယ်။ ဒါကြောင့် လူတိုင်းကို သူ့ပင်ကိုယ်လက္ခဏာအတိုင်း လက်ခံပေးရန် လိုအပ်ပါတယ်။ မိမိနှင့်မတူကွဲပြားခြားနားသူများအကြေင်းကို ဆွေးနွေးပြီး မတူသူများမှာရှိ တာတွေကို နားလည်ပြီးအသိအမှတ်ပြုလက်ခံရန် လိုအပ်ပါတယ်။
၁၁။ ကလေးတိုင်းမိမိနှစ်သက်ဝါသနာပါတာကို အလေးထာလေ့လာသင်ယူနိုင်အောင်စီစဥ်ပေးပါ။
ကလေးတွေကိုအချိန်ယူပြီးလေ့လာပါ။ သူတို့အမှန်တကယ်စိတ်ဝင်စားတာကို လေ့လာသင်ယူနိုင်အောင် အား ပေး တိုက်တွန်းဖန်တီးပေးပါ။ တစ်ချို့ကပန်းချီရေးတာစိတ်ဝင်စားပါတယ်။ တစ်ချို့ကတေးဂီတကိုဝါသနာ ပါ ပါတယ်။ တစ်ချို့ကတော့ အကောင်လေးတွေအကြောင်းလေ့လာတာကိုဝါသနာပါပါတယ်။ တစ်ချို့ကစာရေးရ တာ ဝါသ နာ ပါပါတယ်။ ကလေးတို့စိတ်ဝင်စားတဲ့ခေါင်းစဥ်ကို သင်ကြားတဲ့လုပ်ငန်းမှာထည့်ထားပါ။ ထိုခေါင်း စဥ်အကြောင်းဆွေးနွေးပါ။ ထိုအကြောင်း စိတ်ဝင်စားတဲ့ကလေး လေ့လာသိထားသလောက် တင်ပြနိုင်အောင် ပရောဂျက်လုပ်ငန်းတစ်ခုအဖြစ်ပေးပြီး လုပ်ဆောင်တင်ပြခိုင်းပါ။
မိတ်ဆွေများ ကလေးများတွင်မိမိကိုယ်မိမိယုံကြည်မှု ရှိလာအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment