Wednesday, February 26, 2025

ကြံ့ခိုင်အားကောင်းတဲ့စိတ် Food for Thought 658

No photo description available.

ဒီနေ့ “ကြံ့ခိုင်အားကောင်းတဲ့စိတ်”ရှိအောင် လေ့ကျင့်ဖို့ အရေးကြီးကြောင်းကို Food for Thought 658 အဖြစ် မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


ကြံ့ခိုင်အားကောင်းတဲ့စိတ်

လူသားတွေဆိုတာ ဘဝမှာ အ‌ခြေအနေအမျိုးမျိုးကြုံတွေ့နေကြရပါတယ်။ ကြုံလာတဲ့အခြေအနေကို ရင်ဆိုင် ကြရပါတယ်။

ကောင်းစွာပြင်ဆင်ထားတဲ့စိတ်အားရှိသူတွေက ကြုံလာတဲ့အခြေအနေကို အခွင့်အလမ်းကောင်းလို့ ယူဆပြီး သူတို့နှင့်ပတ်ဝန်းကျင်တိုးတက်ရေးအတွက် ကြုံလာတဲ့အခြေအနေကိုအကောင်းဆုံးသုံးသွားနိုင်ကြပါတယ်။ ကြုံလာတဲ့ အခြေအနေကို အကောင်းဆုံးဘယ်လိုသုံးရကြောင်း အခြားလူတွေအတွက်နမူနာကောင်းပင် ပြသခဲ့ ကြပါတယ်။

ဟန်ချက်ညီတဲ့စိတ်အားရှိသူတွေကတော့ တွေ့လာတဲ့အခြေအနေတွေကိုစိန်ခေါ်မှုလို့ ရှုမြင်ကြပါတယ်။ ဒါကြောင့် အဲဒီလူများတွေက ဟန်ချက်ညီညီတွေ့လာတဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရင်းကျော်လွှားနိုင်အောင် အားထုတ်ကြပါတယ်။ အဲဒီလိုကျော်လွှားတဲ့အခါမှာ အောင်မြင်တဲ့အပိုင်းရှိသလို မအောင်မြင်နိုင်ဘဲရုန်းကန်နေရတဲ့အပိုင်းလည်း ရှိလာ တတ်ပါတယ်။ ဟန်ချက်ညီစိတ်အားရှိသူတွေကတော့ မအောင်မြင်ရင် မိမိမှာ ဘာတွေလိုအပ်နေတယ် ဆိုတာ ကိုသိပြီး လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ရလာအောင် ဆက်လက်ကြိုးစားအားထုတ်ကြပါတယ်။ ဒါကြောင့် ကျွမ်းကျင်မှုများပိုအားကောင်းလာတာနှင့်အမျှ ကြုံတွေ့လာတဲ့အခြေအနေများကို ပိုကောင်းစွာရင်ဆိုင်ကျော် လွှား နိုင်လာပါတယ်။

စိတ်အားပျော့ညံ့သူတွေကတော့ ကြုံလာတဲ့အခြေအနေတိုင်းကို ပြဿနာလို့သာမြင်နေတတ်ကြပါတယ်။ အား ပျော့တဲ့စိတ်ဆိုတဲ့မျက်မှန်နဲ့ကြည့်တဲ့အခါ ကြုံရတဲ့အခြေအနေတိုင်းက ခက်ခဲမှု၊ ကြီးမားနေမှု၊ မိမိက အဆင် သင့်မဖြစ်မှု၊ ဘာကစတင် လုပ်ကိုင်ရမှန်းမသိအောင် ဖြစ်တတ်ကြပါတယ်။ နဂိုကမှမိမိကိုယ်မိမိ မစွမ်းနိုင်ဘူးလို့ ထင်မြင်တဲ့အားပျော့တဲ့စိတ်ထားရှိနေပြီး အနည်းငယ်ခက်ခဲတဲ့အခြေအနေတစ်ခုခုနှင့် ကြုံလိုက်ရတဲ့အခါ အခက် အခဲ တွေ့ပြန်ပြီဆိုပြီး စိတ်ပူပင်သောကရောက်တတ်ကြပါတယ်။ အခက်အခဲတွေ့လာမှုကြောင့် စိတ်အား ပို ငယ်သွားပါတယ်။ ပိုညှိုးသွားပါတယ်။

ဒါကြောင့် စိတ်အားကောင်းဖို့မှာအရေးကြီးပါတယ်။ စိတ်အားကောင်းအောင် ကိုယ်တိုင်လေ့ကျင့်ယူရန် လိုအပ်ပါတယ်။ အောက်ပါတို့ကိုလေ့ကျင့် ပေးခြင်းဖြင့် စိတ်အားကောင်းလာမှာဖြစ်ပါတယ်။

၁။ အခြေအနေများကိုရင်ဆိုင်ရတဲ့အခါ တစ်ယောက်တည်းဖြစ်နေရင်လည်းစိတ်မှာအားငယ်တာကြောက်နေတာ မျိုးမဖြစ်ပါနဲ့။ စိတ်ကို တင်းထားပြီး အကောင်းဆုံးကြိုးစားမယ်ဆိုပြီးကြိုးစားပါ။

၂။ မရှိတော့တဲ့အတိတ်ကိုလည်းပြန်တမ်းတအောက်မေ့နေတာမျိုးမပြုလုပ်ပါနဲ့။ တစ်ချိန်ကရွှေထီးဆောင်းခဲ့ ရတာမျိုးကို ပြန်စဥ်းစားနေလို့ အ‌ခြေအနေက ကောင်းလာမှာမဟုတ်ပါဘူး။ အခုကောင်းအောင် ကြိုးစားမှ သာကောင်းဖို့ အလားအလာရှိလာမှာပါ။

၃။ ကမ္ဘာလောကက သင့် ကို ပိုင်ဆိုင်တယ်လို့ စိတ်မှာမခံစားပါနဲ့။ မိမိကိုယ်သာိမိပိုင်ပါတယ်။ အကောင်းဆုံး နိုင်တာကစတင်ကြိုးစားရင် အမြန်ဆုံးကောင်းကျိုးခံစားရမှာဖြစ်ပါတယ်။

၄။ အခုလုပ်အခုချက်ခြင်းအကျိုးရလဒ်ထွက်လာဖို့ မျှော်လင့်မထားပါနှင့်။ ပြည့်ဝတဲ့အကျိုးရလဒ်ကို တော့ ချက်ခြင်းမရနိုင်ပါ။ ဒါပေမဲ့ တစ်စက်ချင်းကျတဲ့မိုးရေဟာ အချိန်တန်တော့ အိုးကြီးပြည့်လာသလို ပြည့်ဝတဲ့ အကျိုးကို အချိန်တန်ရင်ခံစားရမှာဖြစ်ပါတယ်။ ထမင်းတစ်လုပ်ကိုတစ်ကြိမ်တစ်ခါဝါးပြီး တာနဲ့ မိမိကိုယ် ခန္ဓာအတွက်အသင့်အနေအထားဖြစ်မလာပါ။ ကြိမ်ဖန်များစွာဝါးတော့မှသာ မိမိအတွက်အဆင်ပြေတဲ့အစား အစာဖြစ်လာတာပါ။

၅။ လူတိုင်းကိုကျေနပ်အောင် မျက်နှာချိုသွေးနေဖို့အတွက် စိတ်ပူပန်မနေပါနဲ့။ လူတိုင်းမှာလည်း သူတို့လုပ်စရာတွေရျိကြပါတယ်။မိမိမှာလည်း လုပ်စရာရှိတဲ့အတွက် မိမိလုပ်စရာကိုအကောင်းဆုံးလုပ်ခြင်းဖြင့် မိမိသူတစ်ပါးနှစ်ဦးသားအကျိုးရှိအောင် ဆောင်ရွက်ပါ။

၆။ မိမိလုပ်ဆောင်ချက်မှားသွားခဲ့တာနဲ့ပတ်သက်ပြီး ဝမ်းနည်းနေပြီးအချိန်တွေအကုန်မခံပါနဲ့။ အမှားဆိုတာ သင်ယူစရာအခွင့်အလမ်းဖြစ်ပါတယ်။ လောကမှာမမှားဘူးတဲ့လူဆိုတာမရှိပါဘူး။ မွေးကတည်းကအသေကောင် လေးမွေးလာတယ်ဆိုရင်တော့ အဲဒီလူကမမှားဘူးတဲ့သူဖြစ်ပါတယ်။ သေနေတော့ ဘာမှမလုပ်နိုင်လို့ အမှား မရှိတာပါ။

၇။ မိမိမထိန်းချုပ်နိုင်တာတွေအတွက် မိမိအင်အားတွေ၊အချိန်တွေအကုန်မခံပါနဲ့။ နေကအရမ်းပူနေတဲ့အတွက် အခုအချိန်မှာ မိုးရွာလိုက်ရင်ကောင်းမှာလို့ဆိုပြီး တမ်းတနေလို့ မိုးကရွာလာမှာမဟုတ်ပါဘူး။ ယပ် တောင် တစ်ချောင်းယူပြီး ခပ်လိုက်ရင် အပူသက်သာမှုကို ခံစားလာရမှာဖြစ်ပါတယ်။

၈။ အခြားလူတွေကမိမိရဲ့စိတ်လှုပ်ရှားခံစားမှုကိုအလွှမ်းမိုးမခံပါနဲ့။ သူများတွေလုပ်တိုင်းမိမိကတန်ဆာခံ ဖြစ်နေရရင် ကိုယ်ပိုင် အသိစိတ်ဖြင့်ရပ်တည်တဲ့အနေအထားဆိုတာ ဘယ်တော့ရှိနိုင်တော့မှာလဲ။ လူတစ် ယောက်ကမိမိကိုကဲ့ရဲ့စကားပြောတယ်ဆိုပါစို့၊ မပြောပါနဲ့ လို့ သူ့ကို ကိုယ်က လိုက်တားနေလို့မရနိုင်ပါ။ သူပြော နေ တာကိုဂရုမစိုက်ပါနဲ့။ သို့မဟုတ် သူပြောနေတာ မှန်နေရင်တော့ မိမိကိုယ်မိမိ ပြုပြင်နိုင်တာ ပြုပြင်လိုက်ပါ။

၉။ အခြားလူတွေအောင်မြင်မှုများအတွက်မနာလိုဝန်တိုမှုမဖြစ်ပါနဲ့။သူများအောင်မြင်နေတာကို မနာလိုဝန်တို ခြင်းမှာ မိမိကိုယ်မိမိစိတ်ပင်ပန်းဆင်းရဲအောင်တမင်ပြုလုပ်နေခြင်းသာဖြစ်ပါတယ်။ သူများအောင်မြင်တာကိုဝမ်း သာ ပြီး အသိအမှတ်ပြုနိုင်ရင်တော့ ချက်ခြင်းစိတ်မှာ ကောင်းတဲ့ခံစားမှုကိုဖြစ်စေမှာ ဖြစ်ပါတယ်။

၁၀။ ထိုက်သင့်တဲ့တာဝန်ကိုယူရမှာ ရှက်လို့၊ ကြောက်လို့ ထွက်ပြေးတာမျိုးမလုပ်ပါနဲ့။လူတွေဆိုတာ တာဝန်ရှိမှု၊ တာဝ်သိမှုနဲ့တာဝန်ယူမှုရှိရန် လိုအပ်ပါတယ်။ တာဝန်တွေအမျိုးမျိုးခွဲယူထားမှသာ အခြားလူတွေယူထားတဲ့ တာဝန်ယူမှုမှ အခွင့်များကိုလည်းမိမိကခံစားနိုင်မှာဖြစ်ပါတယ်။

၁၁။ ပထမအကြိမ်ကြိုးစားလို့ မအောင်မြင်တဲ့အခါ အလျော့ပေးလက်မြှောက်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့။ သောမတ်စ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို လုပ်တဲ့အခါ အကြိမ်ပေါင်း ထောင်ဂဏန်းချီအောင်လုပ်မှ အောင် မြင် ခဲ့တာပါ။ တကယ်လို့သာ အက်ဒီဆင်က တစ်ခါမှားသွားတာကို အလျော့ပေးလက် မြှောက်လိုက်မယ်ဆိုရင် အခုအချိန် အထိ လူသားတွေအမှောင်ထဲမှာနေနေရနိုင်ပါတယ်။

၁၂။ ချင့်ချိန်တွက်ဆနိုင်တဲ့စိန်ခေါ်မှာ ဘေးအန္တရာယ်ကိုရင်ဆိုင်ဖို့ မကြောက်လန့်ပါနဲ့။ ဥပမာ ခရီးသွားဖို့အ တွက်လေယာဥ်ခရီးကို ကြောက်နေတဲ့အတွက် မရွေးဘဲ‌ခြေလျင်လျောက်နေမယ်ဆိုရင် ရေခြားမြေခြားဒေသကို ဘယ်တော့ရောက်တော့မှာလဲ။

မိတ်ဆွေများကြံ့ခိုင်အားကောင်းတဲ့စိတ်ရှိသူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...