ဒီနေ့မှာတော့
အပြုသဘောဆောင်တဲ့စည်းကမ်းဖြင့် ကလေးတွေကို လေ့ကျင့် ပျိုးထောင်တဲ့မူတွေကို
နောက်ဆုံးပိတ်အပိုင်းအနေနဲ့ Food for Thought 678 + 682 + 683 + 684 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ကလေးတွေကိုအားပေးအသိအမှတ်ပြုရန်
ကလေးကို ရိုက်နှက်တယ်ဆိုတာ လုံးဝမသင့်ပါ။ စည်းကမ်းပေး တယ် ဆိုတာ
လေ့ကျင့်သင်ပေးတာဖြစ်ပါတယ်။ အပြစ်ပေးအရေးယူခြင်းကတော့
ရည်ရွယ်ချက်ရှိရှိနာကျင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်
နာကျင်အောင်အပြစ်ပေးရိုက်နှက်မှုမျိုးကို မလုပ်သင့်ပါ။ အဲဒီလို လုပ်ရင်
ဖြစ်စေချင်တာနဲ့ဆန့်ကျင်ပြီးအကျိုးဆက်တွေဖြစ်လာပါလိမ့်မယ်။
စည်းကမ်းလေ့ကျင့်ပေးတဲ့ အလုပ် က တ ဖြည်းဖြည်းနည်းနည်း ချင်းစီ အချိန်ယူပြီး
လေ့ကျင့်ပေးရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကလေးတွေအနေဖြင့် နားလည်
သဘောပေါက်လာအောင် နည်းနည်းခြင်းစီစိတ်ရှည်စွာလေ့ကျင့်
သင်ပေးရတဲ့လုပ်ငန်းဖြစ်ပါတယ်။ လိုက်နာရန် မူပေါင်း
(၁၀၁)ခုအနက်အရင်ဆုံးအရေးအကြီးဆုံး မူ (၁၀) ခုကို အခုစတင်မျှဝေချင်ပါတယ်။
ကျန်တဲ့ မူတွေကို လည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးလိုက်နာသင့်တဲ့မူ (၁၀)ခု
၁။ ကလေးကိုချစ်ခင်လေးစားကြောင်းကိုလက်တွေ့ပြသတဲ့မူ
ကလေးကို
ဆက်ဆံရာမှာ သင်တို့ဘဝမှာ အရေးပါတဲ့လူတွေကိုဆက်ဆံသလို လေးလေးစားစားချစ်ချစ်
ခင်ခင် ဆက်ဆံပါ။ မိမိအပေါ် ထိုလူများကသဘောထားဆက်ဆံစေချင်သလို
ကလေးတွေအပေါ်မှာ ဆက်ဆံပါ။
၂။ သင့်တဲ့အပြုအမူကို အလေးထားတဲ့မူ
ဥပမာကလေးက
တာဝန်သိတတ်မှု၊ အခြားလူတွေအတွက် စဥ်းစားလုပ်ဆောင်ပေးမှု၊ အများကလက်ခံတဲ့
သင့်မြတ်တဲ့အပြုအမူတွေကို ပြသတဲ့အခါမှာ မိဘဆရာသမားအုပ်ထိန်းသူများက
ထိုအပြုအမူများကို တလေး တစား အလေးပေးအာရုံထားရန် လိုအပ်ပါတယ်။ မျက်စေ့ဖြင့်
ကလေးကို သေချာကြည့်ရင်းပြုံးပြခြင်း၊ ပြုံးရင်း လက်မကို ထောင်ပြီး
အသိအမှတ်ပြုလိုက်ခြင်း၊ နှုတ်မှကလေးလုပ်ဆောင်ချက်ကို တိတိကျကျ ထုတ် ပြောခါ
အသိအမှတ်ပြုလိုက်ခြင်း၊ ကလေးကို ချစ်ခင်စွာပွေ့ဖက်လိုက်ခြင်း၊
ကလေးနှစ်သက်တာတစ်ခုခုကို အသိအမှတ် ပြုတဲ့အနေဖြင့် သီးသန့်ပေးခြင်း
(အစားအသောက်မဟုတ်ပါ) စတာမျိုးတွေပြုလုပ်ပေးပါ။
၃။ မသင့်တဲ့အပြုအမူနှင့် မတူတဲ့ အခြားလုပ်ရပ်တစ်ခုကို လုပ်ရန်သတ်မှတ်ပေးတဲ့မူ
ကလေးလုပ်လိုက်တဲ့မသင့်တဲ့အပြုအမူနှင့်
လုံးဝတခြားစီဖြစ်တဲ့လုပ်စရာအလုပ်တစ်ခုကို ကလေးအားလုပ်ခိုင်း ပါ။ ဥပမာ
စျေးဆိုင်အတွင်းမှာ ဟိုပြေးဒီပြေးလုပ်နေတဲ့ကလေးကို သာရေ၊ သမီးရေမေမေကို
လိမ္မော်သီး (၆) လုံးလှလှလေးတွေရွေးကူပေးပါလို့ တာဝန်ပေးနိုင်ပါတယ်။
ခင်ပွန်းက သူစွဲနေတဲ့ဂိမ်းကိုကစားနေတဲ့အတွက်
သင့်စိတ်မှာအနှောက်အယှက်ဖြစ်နေမိတယ်ဆိုရင်
အဲဒီကစားတာအတွက်မကျေမနပ်ပြောတာမျိုးမလုပ်ဘဲ ဆေး ထားတဲ့ပုဂံတွေခြောက်အောင်
ဝိုင်းကူသုတ်ပေးရန်ပြောနိုင်ပါတယ်။
၄။ ရွေးချယ်နိုင်ခွင့်ပေးတဲ့မူ
ကလေးကိုသူ့စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ပေးနိုင်င်ရန်
ဘာကိုပင်ကလေးကရွေးရွေး အဲဒီရွေးချယ်မှုက အပြုသ ဘောဆောင်ပြီး
လက်ခံနိုင်တာဖြစ်အောင် မိဘအုပ်ထိန်းသူက စီစဥ်ထားရန် လိုအပ်ပါတယ်။ ဥပမာ သား၊
သမီးအနေဖြင့် အိမ်ထဲမှာ ဖြေးဖြေးသာသာလမ်းလျောက်သွားမလား၊ ဒါမှမဟုတ်
ခြေဖျားထောက်ပြီး ဒီလိုသွား မလား (နမူနာပြုလုပ်ပြပါ။) နောက်ဥပမာတစ်မျိုး။
သားသမီးကရွေးချယ်မှာလား၊ မေမေဖေဖေက ရွေးချယ် ပေးရမှာလား လို့လည်းကလေးကို
မေးနိုင်ပါတယ်။ ဥပမာ အမှိုက်ပုန်းကိုသန့်ရှင်းရေးလုပ်ဖို့လိုနေပါတယ်။
သန့်ရှင်းအောင် ဒီနေ့ညနေဘက်မှာ လုပ်မှာလား သို့မဟုတ် စနေနေ့မှာ လုပ်မှာလား
လို့မေးနိုင်ပါတယ်။ ဒီ ဒုတိယ ဥပမာကို ကလေးနှင့် သာမက
အိမ်ထောင်ရှင်နှင့်လည်း ကျင့်သုံးနိုင်တဲ့မူဖြစ်ပါတယ်။
၅။
လုပ်ရမဲ့အလုပ်တာဝန်အရင်ပြီးရေးမူ အလုပ်ပြီးတဲ့အခါ
သားသမီးရုပ်မြင်သံကြားအစီအစဥ်ကို ကြည့်နိုင် ပါတယ်ဆိုတဲ့မူ
(ဆိုလိုတဲ့သဘောကတော့ အလုပ်မပြီးဘဲတော့ ရုပ်မြင်သံကြားအစီအစဥ်ကို ကြည့်
လို့မရဘူးဆိုတဲ့သဘောဖြစ်ပါတယ်။)
ဒီမူကတော့
ကလေးအနေဖြင့် သူ့အတွက် သူတာဝန်ယူလုပ်ရမဲ့အလုပ်ကို အ
ရင်ဦးစားပေးလုပ်တတ်လာ အောင် လေ့ကျင့်ပေးပါတယ်။ မိမိလုပ်ချင်တဲ့အလုပ်ကို
လုပ်နိုင်စေရန်မိမိလုပ်ရမဲ့အလုပ်ကိုပြီးအောင် အရင် ဦးစား ပေး လုပ်ရန်
လိုအပ်ကြောင်းသိလာစေပါတယ်။
၆။ ကလေးကိုပြုပြင်ပေးတဲ့အလုပ်မတိုင်မှိ ကလေးနှင့် ထိတွေ့မှုရှိအောင်ချစ်ချစ်ခင်ခင်ဆက်သွယ်မှုရှိရေးမူ။
ကလေးနှင့်ချစ်ခင်စွာထိတွေ့ဆက်ဆံမှုရှိတဲ့အခါ
ကလေးကိုပိုနားလည်စေပါတယ်။ ကလေးကိုမိဘများအနေဖြင့် ချစ်ခင်ကြောင်း
ပြသခြင်းဖြစ်ပါတယ်။ အဲဒီလို ကောင်းတဲ့ထိတွေ့မှုမျိုးတည်ဆောက်ထားပြီးမှ
ပြုပြင်စရာကို ပြုပြင်ပေးရင်ပြုပြင်ပေးမှာက ပိုထိရောက်အားကောင်းလာစေပါတယ်။
လူကြီးမိဘများနှင့် လည်း ဒီမူကို
ကျင့်သုံးနိုင်ပါတယ်။ဖြစ်နေတဲ့ပြဿနာကိုမဖြေရှင်းမှိ
သက်ဆိုင်သူရဲ့ကောင်းတဲ့အချက်တွေကိုအရင်စဥ်းစားတာ ကောင်းတဲ့
မူတစ်ခုဖြစ်ပါတယ်။
၇။ ကလေးရဲ့လိုအပ်မှုများနှင့်ခံစားမှုများကိုအသိအမှတ်ပြုရေးမူ
သားသမီးက
ကျောင်းကအနိုင်ကျင့်တဲ့ကလေးကိုစိတ်ဆိုးနေတဲ့အတွက်
ကျောင်းမသွားလိုပဲအိမ်မှာနေချင်နေတာ ကို မေမေသိပါတယ်။
အဲဒီလိုခံစားနေရတာအတွက်သားသမီးကိုမေမေ အပြစ်မတင်ပါဘူး။ ဒါပေမဲ့နောက်ထပ်
(၄၅)မိနစ်ဆိုရင် ကျောင်းကားက ရောက်လာတော့မှာဖြစ်ပါတယ်။ လို့ပြောခြင်းဖြင့်
ကလေးခံစားမှုကိုအသိ အမှတ်ပြသလို လုပ်ဆောင်ရမှာကိုလည်း လုပ်ဆောင်ရန်သတိပေး
ခြင်းဖြစ်ပါတယ်။ လုပ်ဆောင်စရာကို လုပ်ဆောင်ရန်
အတင်းဖိအားပေးခြင်းမပြုလုပ်ပါ။ ကလေးကိုယ်တိုင် နားလည်လိုက်နာလာအောင်သတိပေး
ပါတယ်။
၈။ သားသမီးမှာ ချင့်ချိန်စဥ်းစားတတ်တဲ့ခေါင်းရှိကြောင်းပြောတဲ့မူ
အထူးသဖြင့်
ကလေးက ဆယ်ကျော်သက်အရွယ်နားနီးလာတာနဲ့အမျှ သူ့မှာ
ချင့်ချိန်စဥ်းစားတတ်တဲ့ခေါင်း ရှိသူ ဖြစ်ကြောင်းအသိအမှတ်ပြုပြောပေးပါ။
သားသမီးကိုယ်တိုင်စဥ်းစားဆုံးဖြတ်ပါ. မေမေဖေဖေကတော့ သား
သမီးရွေးချယ်ဆုံးဖြတ်တာကို ယုံကြည့်ပါတယ်လို့ ပြောပြတဲ့မူဖြစ်ပါတယ်။
အဲဒီလို အသိအမှတ်ပြုပေးရင် ကလေးက အကောင်းဆုံစဥ်းစားဆုံးဖြတ်လာပါလိမ့်မယ်။
အဲဒီအလေ့အကျင့် ဟာကလေးဘဝမှာ တာဝန်ရှိသူ တစ်ယောက်ဖြစ်လာဖို့၊
မိမိဆုံးဖြတ်ချက်ကိုမိမိကိုယ်တိုင်တာဝ်ယူဖို့ များစွာအထောက်အကူဖြစ်
စေပါတယ်။
၉။ ပိုင်ဆိုင်အရေးပါကြောင်း ပြတဲ့မူ
လူတိုင်းက
မိမိကအရေးပါတယ်။ မိမိအတွက် အလေးထားစဥ်းစားပေးသူတွေရှိတယ်လို့
ခံစားလိုကြပါတယ်။
ကလေးစိတ်မှာအဲဒီလိုခံစားလာရစေရန်အရေးပါတဲ့အလုပ်တာဝန်များပေး လုပ်ခိုင်းပါ။
ကလေးကိုယ်တိုင်အဲဒီ အလုပ်တွေကိုပြီးအောင်မလုပ်ဘူးဆိုရင် အလုပ်တွေက
ပြီးမှာမဟုတ်ကြောင်း၊ အလုပ်တွေပြီးအောင် ကိုယ်တိုင် တာဝန်ယူလုပ်ရန်
လိုအပ်ကြောင်း သတိပေးပါ။ အဲဒီလိုလေ့ကျင့်ပေးရင်ကလေးတွေဟာ မိမိတာဝန်ကို
ကျေအောင်လုပ်တတ်တဲ့အလေ့အကျင့်များရလာမှာဖြစ်ပါတယ်။
၁၀။ အပြောင်းအလဲလုပ်ရန်အချိန် အကူးအပြောင်းသတ်မှတ်ပေးတဲ့မူ
အကူးအပြောင်းတစ်ခုပြုလုပ်ရန်
ကလေးတွေကိုအချိန်သတ်မှတ်ပေးပါ။ ဥပမာ သတ်မှတ်ထားတဲ့အချိန် (၅)မိ
နစ်ရောက်ရင် သားသမီးကစားထားတာတွေကိုသိမ်းပြီးထမင်းစားဖို့ လာရန်
လိုအပ်ပါတယ်လို့သတိပေးနိုင်ပါ တယ်။ အဲဒီလိုအချိန်သတ်မှတ်ပေးတာ ကလေးအနေဖြင့်
လုပ်စရာတွေကို သတ်မှတ်အချိန်အတွင်း ဘယ်လိုပြီး
အောင်လုပ်ရမယ်ဆိုတာကိုစဥ်းစားလုပ်ဆောင်တတ်လာစေပါတယ်။
၁၁။ စဥ်းစားလုပ်ဆောင်ပြောဆိုတဲ့အခါ ABC အက္ခရာများက ရည်ညွှန်းတဲ့အတိုင်း စဥ်းစားပြောဆို လုပ်ဆောင်ရေးမူ
A ဆိုတာ Accountability ဖြစ်ပါတယ်။ ကလေးတွေအနေဖြင့် သူတို့အပြုအမူများအတွက် တာဝန်ယူ တတ်အောင်လေ့ကျင့်သင်ပေးရန် လိုအပ်ပါတယ်။
B
ဆိုတာ boundaries ဖြစ်ပါတယ်။ တိကျတဲ့ဘောင်ကိုသတ်မှတ်ပေးပါ။
အဲဒီဘောင်ထက်ကျော်လွန်ရင် ဖြစ်လာ မဲ့ အကျိုးဆက်ကို
ကလေးတွေသိနားလည်နေအောင်သေသေချာချာပြောပြထားပါ။
C
မှာ consistency ရှေ့နောက်ညီညွတ်မှုဖြစ်ပါတယ်။
ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါမှာ တူတဲ့မူ
အလေ့အကျင့်တွေကိုလက်ကိုင်ထားသုံးပါ။
D ကတော့ discipline စည်းကမ်းရှိအောင်သင်ပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုစည်းကမ်းရှိအောင်သင်ပေးတဲ့အခါ ဒေါသအခြေမခံပါနဲ့။ မေတ္တာအခြေခံပါ။
E ဆိုတာကတော့ example နမူနာဖြစ်ပါတယ်။ ကလေးတွေအတွက် မိဘအုပ်ထိန်းသူများက စံနမူနာ ကောင်းပြရန် လိုအပ်ပါတယ်။
F ကတော့ forgiveness ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကအရေးကြီးကြောင်းကလေးတွေ နားလည် ကျင့်သုံးလာအောင်သင်ပေးပါ။
G
ကတော့ giving ပေးကမ်းစွန့်ကျဲခြင်းဖြစ်ပါတယ်။
လိုအပ်သူများအားပေးကမ်းကူညီခြင်းဖြင့် ကောင်းမှုပြု ခြင်းကို
လက်တွေ့ကျင့်သုံးပြီးစိတ်မှာပျော်ရွှင်ချမ်းမြေ့ကြည်နူးပါစေ။.
H
ကတော့ humor ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နေတတ်ခြင်းဖြစ်ပါတယ်။
မိဘအုပ်ထိန်းသူများအနေဖြင့်
ကလေးများနှင့်အတူတူပျော်ရွှင်စွာရယ်ရယ်မောမောနေထိုင်ရန်အရေးကြီးလှပါတယ်။
I
ကတော့ imagination စိတ်ကူးစိတ်သန်းကောင်းဖို့ဖြစ်ပါတယ်။
ကလေးများနှင့်အတူတူ ဆန်းသစ်တီထွင်တဲ့ စိတ်ကူးများဖြင့်
အမျိုးမျုးပျော်အောင်နေထိုင်ကစားပါ။
J ကတော့ justice မျှတမှုဖြစ်ပါတယ်။ မျှမျှတတနေထိုင်ဆက်ဆံပါ။ .
K
ကလော့ knowing သိခြင်းဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူများအနေဖြင့်
ကလေးရဲ့သူငယ်ချင်များ၊ သူငယ်ချင်း များရဲ့မိဘများ၊ ဆရာများကိုသိအောင်
ပြုလုပ်ထားရန်အရေးကြီးလှပါတယ်။
L
ကတော့ listening နားထောင်ခြင်းဖြစ်ပါတယ်။
ကလေးတွေပြောတာကိုသေချာနားထောင်ပေးရန် လိုအပ်ပါ တယ်။
မိဘကကလေးတွေပြောတာကိုသေချာနားထောင်ပေးခြင်းဖြင့်
သူတို့စိတ်မှာဖြစ်နေတာတွေကို ပို နားလည်လာစေတဲ့အပြင်
ကောင်းစွာနားထောင်တတ်အောင်နမူနာပြသင်ပေးရာလည်းရောက်ပါတယ်။
M
ကတော့ morals အကျင့်စာရိတ္တကောင်းဖို့ဖြစ်ပါတယ်။
မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ကိုယ်ကျင့် စာရိတ္တကလည်းကောင်းရန်
အထူးလိုအပ်ပါတယ်။
N ကတော့ no ခွင့်မပြုခြင်းဖြစ်ပါတယ်။ ဟင့်အင်းဆိုရင်ခိုင်ခိုင်မာမာ ပြောဆိုကျင့်သုံးပါ။
O
ကတော့ outdoors အပြင်ဘက်ဖြစ်ပါတယ်။ ကလေးတွေအနေဖြင့်အိမ်အပြင်ဘက်မှာ
လုပ်ဆောင်ရတဲ့ လုပ်ငန်းများစွာရှိအောင်ဖန်တီးပေးပါ။
လေကောင်းလေသန့်ရစေပြီးလွတ်လပ်စွာပြေးလွှားဆော့ကစားခွင့် ရစေ ပါတယ်။
ကျန်းမာပျော်ရွှင်စေပါတယ်။
P ကတော့
pressure ဖြစ်ပါတယ်။ ကလေးအပေါ်ဖိအားပေးတာမျိုးလျော့ပါ။ တစ်ချိန်တည်းမှာပင်
ထိုက်သင့်တဲ့အဆင့်မြင်မားတဲ့လုပ်ဆောင်ချက်ရှိရန်လည်းလိုအပ်သလိုလမ်းပြကူညီပါ။
Q ကတော့ questions
မေးခွန်းများကိုအလေးပေးနားထောင်ခြင်းဖြစ်ပါတယ်။ ကလေးတွေမေးချင်တဲ့မေးခွန်း
တွေမေးနိင်အောင်မိဘအုပ်ထိန်းသူများက ရှိပေးရန် လိုအပ်ပါတယ်။
မေးနိုင်ကြေင်းကလေးတွေသိနေအောင် ပြောပြထားရန် လိုအပ်ပါတယ်။
R
ကတော့ respect လေးစားခြင်းဖြစ်ပါတယ်။ ကလေးကိုလေးစားစွာဆက်ဆံပါ။
လေးစားစွာဘယ်လို ဆက်ဆံရကြောင်းသင်ပေးပါ။ ကလေးက မိဘကိုလေးစားစွာဆက်ဆံလာအောင်
မိဘကနေထိုင်ပြပါ။
S ကတော့ source
of strength စွမ်းအားရင်းမြစ်ဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူများအနေဖြင့်
မိမိတို့ယုံကြည် တန်ဖိုးထားတာတွေကို သားသမီးအားလက်ဆင့်ကမ်းမျှဝေပေးပါ။
သင်ပေးပါ။
T ကတော့ togetherness
မိသားစုများအားလုံးအတူတူနေဖို့ဖြစ်ပါတယ်။ မိသားစုဝင်အားလုံးအတူတူ တွေ့ဆုံ
လုပ်ကိုင်တဲ့အစီအစဥ်ရှီရန် လိုအပ်သလို ကလေးများအား
သူတို့ကိုယ်တိုင်ထိန်းကျောင်းနိုင်အောင် လွတ်လပ်စွာ နေခွင့် လည်းပေးရန်
လိုအပ်ပါတယ်။.
U ဆိုတာကတော့ uniqueness သီးသန့်ကိုယ်ပိုင်ဟန်လက္ခဏာရှိမှုဖြစ်ပါတယ်။ ကလေးတိုင်းကို သူ့သဘာဝ ပင်ကိုယ်ဟန်လက္ခဏာများရှိခွင့်ပေးပါ။
V
ကတော့ voice အသံဖြစ်ပါတယ်။ ပြောတဲ့လေသံက ပြောတဲ့စကားထက် ပိုအရေးပါတာကိုမိဘ
အုပ်ထိန်း သူများအထူးသတိထားရန် လိုအပ်ပါတယ်။ ချိုသာစွာပြောတဲ့အခါ
ပိုနားဝင်ကြပါတယ်။
W ကတော့ words စကားလုံးများဖြစ်ပါတယ်။ မိဘအုပ်ထိန်းသူတွေဆိုတာ ပြောထားတဲ့စကားနှင့် အညီ လုပ်ဆောင်ရန်အရေးကြီးပါတယ်။
X ကတော့ examine စူးစမ်းစစစ်ဆေးခြင်းဖြစ်ပါတယ်။ အစဥ်သဖြင့်အခြေအနေကိုစူးစမ်းစစ်ဆေးရန်နှင့် သတိရှိရန် လိုအပ်ပါတယ်။
Y
ကတော့ you သင်ဖြစ်ပါတယ်။
မိဘအုပ်ထိန်းသူများအနေဖြင့်မိမိတို့ကိုမိမိတို့ကောင်းစွာစောင့်ရှောက်ရန်
လိုအပ်ပါတယ်။ပျော်ရွှင်ကျန်းမာတဲ့မိဘတွေကပျော်
ရွှင်ကျန်းမာတဲ့ကလေးတွေဖြစ်လာအောင်ကူညီလမ်းပြပေး နိုင်ကြပါတယ်။
Z
ကတော့ Zest ထက်ထက်သန်သန်လိုလိုလားလားလုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ကလေးတွေကိုသူတို့ ဝါသနာပါတဲ့ လုပ်ငန်းတွေမှာ
ထက်ထက်သန်သန်လိုလိုလားလားနှစ်မြှုပ်လုပ်ကိုင်တတ်အောင် လေ့ကျင့်သင်ပေး ရန်
လိုအပ်ပါတယ်။
၁၂။ အေဘီစီမူ
စဥ်းစားတဲ့အခါမှာ
အေဘီစီမူနှင့်အညီစဥ်းစားပါ။ Antecedent ရှေ့ပိုင်းကဘာဖြစ်ခဲ့တာလဲ၊
Behaviorအခု အပြုအမူက ဘာအပြုအမူလဲ။Consequence ဒီအပြုအမူကြောင့်
နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ ဆိုပြီးစဥ်းစားပါ။
အပြုအမူတွေဟာအများအားဖြင့် ပုံမှန်ပုံစံဖြင့်ဖြစ်နေတတ်ပါတယ်။
မိမိရဲ့အပြုအမူကြောင့် ဖြစ်စေ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်စေ
မသင့်တဲ့အပြုအမူဖြစ်လာစေနိုင်ပါတယ်။ အဲဒီအပြုအမူ လုပ်တဲ့အတွက် ကလေးက
ဘာရသွားသလဲ ဆိုတာကိုလည်းစဥ်းစားရန် လိုအပ်ပါတယ်။ သိပ်ပင်ပန်းလွန်းနေ
တဲ့ကလေးတွေဟာ လူးလှိမ့်ပြီးမသင့်တဲ့အပြုအမူတွေပြုလုပ်တတ်ပါတယ်။ အဲဒီအခါ
ချော့တဲ့အနေဖြင့် အရုပ် လေးပေးလိုက်တယ်ဆိုပါစို့၊
နောက်ပိုင်းမှာအရုပ်လိုချင်တာကြောင့် လူးလှိမ့်ပြတာမျိုးလုပ်လာတတ်ပါတယ်။
အရင်ဖြစ်ခဲ့တာကိုပြောင်းပေးခြင်းဖြင့်ဖြစ်စေ နောက်ဆက်တွဲအကျိုးဆက်ကိုဖြစ်စေ
ပြောင်းပေးခြင်းဖြင့် လူး
လှိမ့်ပြီးမသင့်တဲ့အပြုအမူကပျောက်သွားနိုင်ပါတယ်။
၁၃။ မပြည့်စုံမှုမူကိုခွင့် ပြုခြင်း
အစစအရာရာပြည့်စုံနေမှုကိုမတောင်းဆိုပါနဲ့။အစစအရာရာပြီးပြည့်ဝနေတဲ့ကလေးမျိုးကို
ဘယ်လိုမှလေ့ကျင့် လို့ မရနိုင်ပါဘူး။ အစစအရာရာပြီးပြည့်စုံဖို့ကို
ရည်မှန်းချက်ထားရင် အရှုံးနှင့်သာရင်ဆိုင်ရမှာဖြစ်ပါတယ်။
၁၄။ ကြိုတင်တွက်ဆခြင်းမူ
လုပ်ဆောင်ရမဲ့အခြေအနေတစ်ရပ်ကို
ကလေးအနေဖြင့် လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ကြိုတင်တွက်ဆရန် လိုအပ်ပါတယ်။
မလုပ်နိုင်သေးဘူးလို့ ယူဆရင် အဲဒီအခြေအနေကိုဖန်တီးမပေးပါနှင့်ဦး။ ဥပမာ
စျေးကြီးတဲ့ စားသောက်ဆိုင်၊ အလှပြင်ဆိုင်
စတဲ့နေရာမျိုးတွေကိုခေါ်မသွားသေးသင့်ဘူးဆိုရင်ခေါ်မသွားပါနှင့်။
၁၅။ တောင်းပန်တဲ့မူ
မိမိကမှားရင်တောင်းပန်ပါ။
ဥပမာ “မေမေပြောမိတာကို အတွက်တောင်ပန်ပါတယ်။ မေမေတုံ့ပြန်မှုကြောင့်
သမီးကြောက်လန့်သွားပုံပေါက်တယ်။ သမီးကို အဲဒီလို ဖြစ်အောင်တမင်
လုပ်တာမဟုတ်ပါဘူး။ မေမေ မှား သွားပါတယ်” လို့ တောင်းပန်ပါ။
မိမိကလေးကတစ်ယောက်ယောက်ကို ထိုးလိုက်တယ်ဆိုရင်မိမိကလေးရဲ့
မသင့်တဲ့လုပ်ရပ်အတွက်တောင်းပန်ပေးပါ။ မိမိအမှားကို တောင်းပန်ရန်
လိုအပ်ကြောင်း ကလေးသိနား လည်လာစေပါတယ်။
၁၆။ ကလေးသဘေားထားကိုမေးတဲ့မူ
ထည့်သွင်းစဥ်းစားရမဲ့အချက်နဲ့ပတ်သက်လို့
ကလေးအမြင်ကိုရယူပါ။ အဲဒီလို လုပ်တယ်ဆိုတာ ကောင်းတဲ့
ရွေးချယ်လုပ်ဆောင်မှုဟုတ်ပါသလား လို့မေးကြည့်နိုင်ပါတယ်။သားသမီးအဲဒီလို
လုပ်လိုက်တာက ဘာကြောင့် လုပ်လုက်တယ်ဆိုတာအကျိုးအကြောင်းရှင်းပြပါ။
နောင်ဆိုရင် ပိုသင့်တဲ့အပြုအမူဖြစ်အောင် ဘယ်လို လုပ်မယ် လို့စဥ်းစား ထား
ပါသလဲ။ လို့မေးကြည့်နိုင်ပါတယ်။ ကလေးတွေဟာသူတို့အပြုအမူနှင့် ပတ်သက်ပြီး
အံ့အား သင့်စရာကောင်း လောက်အောင်ထိုးထွင်းသိမြင်မှုများရှိကြပါတယ်။
အခြေအနေကို ပိုကောင်းလာအောင် အကြံတောင်းရင် အကြံ
ကောင်းတွေများစွာပေးနိုင်ကြပါတယ်။
၁၇။ ကလေးချဥ်းကပ်နိုင်အောင် လူကြီးက ရှိပေးရေးမူ
သင့်ကလေးအနေဖြင့်အကူအညီလိုအ်တဲ့အခါ
ဘယ်မှာရယူနိုင်ကြောင်းသေချာအောင်ဖန်တီးထားပေးပါ။ တ ကယ်လို့မိမိက
ရှိမပေးနိုင်ရင် အစားထိုးတစ်ယောက်ယောက်ရှိနေအောင်စီစဥ်ပေးပါ။ တစ်နေ့ကို
အချိန် (၁၅) မိနစ်လောက် ကလေးနှင့်အတူတူရှီနေအောင်စီစဥ်ပါ။ အဲဒီအချိန်ကို
ဘယ်လိုသုံးမယ်ဆိုတာ ကလေးကို စီစဥ် ခိုင်းပါ။
၁၈။ ကလေးထိန်းထားပေးတဲ့မူ
ငယ်သေးတဲ့ကလေးများအတွက် ကလေးထိန်း (၁) ယောက်ထားပေးပါ။
၁၉။ စားစရာအတူတူစားတဲ့မူ
အခြားမူတွေကျင့်သုံးပေမဲ့အဆင်မပြေရင်
အတူတူ ကိတ်မုန်ဖုတ်ပြီးအတူတူစားပါ။ သို့မဟုတ် စားစရာ တစ်ခုခု
ကိုအတူတူစားပါ။ ဒီလို လုပ်ဆောင်မှုက ကလေးနှင့်
ကောင်းတဲ့ထိတွေ့ဆက်ဆံမှုရစေပြီး ကလေးစိတ်မှာ ကောင်း
တဲ့မှတ်မိစရာဖန်တီးဖြစ်ပေါ်စေပါတယ်။
၂၀။ အကောင်းဆုံးသူငယ်ချင်းထံမှအကူအညီရယူတဲ့မူ
ကလေးရဲ့အချစ်ဆုံးသူငယ်ချင်းထံမှအကူအညီရယူပါ။
သူငယ်ချင်းအနေဖြင့် မိမိသားသမီးကို မှန်ကန်တဲ့အပြု အမူလုပ်လာအောင်
တိုက်တွန်းအားပေးရန်အကူအညီတောင်းပါ။
၂၁။ ခွင့်ယူပြီးအိမ်မှာနားနေတဲ့မူ
ကလေးတွေကမိဘတွေမှာဖိစီးမှုပိုလာအောင်
လုပ်နိုင်ပါတယ်။ အိမ်နှင့်တူတဲ့နေရာဆိုတာမရှိပါဘူး။ မိဘတွေ အနေဖြင့်
မိမိတို့ဦးစားပေးလုပ်ဆောင်နေတာတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။
အိမ်မှာနေပြီးအနားယူ သင့်တဲ့အစီအ စဥ်မျိုးကို လည်းစဥ်းစားရန် လိုအပ်ပါတယ်။
၂၂။ ဥာဏ်ဖွင့်စဥ်းစားတဲ့မူ
ကလေးနှင့်အတူဥာဏ်ဖွင့်စဥ်းစားပြီးဖြစ်နေတဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖော်ထုတ်ပါ။
၂၃။ ယုန်ကလေးတွေနေတဲ့ဂြိုလ်ကိုသွားမယ်လို့ပြောတဲ့မူ
မျက်လုံးကိုမှိတ်ထားပြီး
သင်ဟာ ယုန်ကလေးတို့နေတဲ့ဂြိုလ်ကိုသွားမှာဖြစ်လို့ ကလေးအနေဖြင့်
အဲဒီနေရာကို လိုက်ဖို့အသင်ဖြစ်တဲ့အခါပြောပါလို့ ပြောလိုက်ပါ။
တိတ်ဆိတ်တဲ့အချိန်တွေမှာဆိုရင်ကလေးတွေဟာ ကောင်း
တဲ့ရွေးချယ်မှုတွေလုပ်ဆောင်နိုင်ကြပါတယ်။
အိမ်မှာဆိုရင်မိဘကအိမ်သာခန်းဝင်နေပြီး ကလေးအပြုအမူ တိုး
တက်ပြောင်းလဲလာတဲ့အထိ ထိုနေရာတွင်နေပေးပါ။ အဲဒီနေရာကိုသွားနေတဲ့အခါ
လက်ကိုင်ဖုန်း၊ ဖတ်စရာစာ အုပ်စတာတွေယူသွားပါ။ ကလေးအပြုအမူ
တိုးတက်ပြောင်းလဲလာမှသာ ထိုနေရာမှ ထွက်လာပါ။
၂၄။ ပတ်ဝန်းကျင်ကိုပြောင်းတဲ့မူ
ကလေးရဲ့မသင့်တဲ့အပြုအမူကိုရပ်သွားအောင်မလုပ်နိုင်ပါက
အခြာတစ်နေရာအခန်းတစ်ခုသို ပြောင်းသွား လိုက်ပါ။
အိမ်ထဲမှာနေရင်းအပြင်ကိုထွက်သွားလိုက်ပါ။
အိမ်ထဲမှာနေရင်းအခြားအခန်းတစ်ခုထဲသို့ပြောင်းသွား လိုက်ပါ။
၂၅။ သိပ်ရေးကြီးခွင်ကျယ်လုပ်မနေနဲ့မူ
ဖြစ်တဲ့ကိစ္စကငယ်တာကို သိပ်ရေးကြီးခွင်ကျယ်လုပ်မနေရန် ပြောပါ။ ဖြစ်နေတာက ခဏဆိုရင်ပျောက်သွားမှာ ဖြစ်ကြောင်းချိုချိုသာသာရှင်းပြပါ။
၂၆။ မိသားစု၊ (သို့) အတန်းစည်းဝေးပွဲပြုလုပ်တဲ့မူ
မိသားစု၊
(သို့)
အတန်းစည်းဝေးပွဲပြုလုပ်ခြင်းမှာကလေးတို့ဟာအခြေအနေကိုပြန်လည်ထင်ဟပ်စဥ်းစားခြင်း၊
အခြားလူတွေအတွက် ထည့်သွင်းစဥ်းစားတတ်လာခြင်း၊
ဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းတတ်လာခြင်း၊ အပြန် အလှန်
ဆက်သွယ်ပြောဆိုတတ်လာခြင်းများ
သင်ယူတိုးတက်လာစေရန်အခွင့်အလမ်းများဖြစ်ပေါ်စေပါတယ်။ အဲဒီလို စည်းဝေးတဲ့အခါ
မိဘကသာပြောနေတာမျိုးမလုပ်ဘဲကလေးတွေကိုပြောခွင့်ပေးပြီး သူတို့ပြောတာကို
သေချာ နားထောင်ပေးပါ။ ကလေးနှင့်မိဘ အပြန်အလှန်
လေ့လာသင်ယူနိုင်အောင်ဖန်တီးပေးပါ။
၂၇။ အချက်အလက်များစုဆောင်းရေးမူ
မသင့်တဲ့အပြအမူများဖြစ်တာကိုမှတ်ထားပါ။
မသင့်အပြုအမူတွေဘယ်လောက်တစ်ခါထပ်ဖြစ်နေကြောင်း လေ့ လာသုံးသပ်ပါ။
မသင့်တဲ့အပြုအမူမဖြစ်ခင်က ဘာဖြစ်ခဲ့သလဲ။ မသင့်တဲ့အပြုအမူဖြစ်ပြီးနောက်
ဆက်လက် ဘာဖြစ်သလဲဆိုတာ ကို ဆက်စပ်စဥ်းစားပါ။
မသင့်တဲ့အပြုအမူဖြစ်နေတဲ့ပုံစံကို လေ့လာသုံးသပ်ရင် ဖြစ်နေတဲ့
ပြဿနာအတွက်ဖြေရှင်းနိုင်တဲ့ သဲလွန်စတွေရလာပါလိမ့်မယ်။
၂၈။ လူပိန်းသိဖြင့်သိတဲ့မူ
သင်ရဲ့သာမန်အသိ၊ လူပိန်းအသိဖြင့်စဥ်းစားကြည့်ပါ။ အခုဖြစ်နေတာက ကျိုးကြောင်းဆီလျော်မှုရှိရဲ့လားလို့ စဥ်းစား ကြည့်ပါ။
၂၉။ သဲလွန်စပေးတဲ့မူ
ကလေးကိုမိဘအနေဖြင့်
ပြစေလိုတဲ့အပြုအမူကိုပြရန်သဲလွန်စပေးတဲ့အနေဖြင့် လက်ဖြင့်အမူအရာပြသတိပေး
ထာမျိုးပြုလုပ်ပါ။ ဥပမာ အခြားတစ်ယောက်ယောက်နှင့်စကားပြောနေတဲ့အချိန်မှာ
ကြာဖြတ်ဝင်ပြောတာမျိုးမ လုပ်ဖို့ နှင့် စကားပြောချင်ပါက မိဘလက်ကို
ကိုင်ပြီးဖြစ်ညှစ်တာမျိုးပြုလုပ်ရန်သတိပေးထားနိုင်ပါတယ်။ အဲဒီအ
ခါမျိုးမှာမိဘကလည်း ကလေးလက်ကိုပြန်ဖြစ်ညှစ်ပေးလိုက်ပြီး
အပြန်အလှန်စကားပြောတာကိုရပ်လျက် ကလေး ဘာပြောချင်တယ်ဆိုတာကိုမေးရန်
လိုအပ်ပါတယ်။
၃၀။ လူချင်းခွဲလိုက်ပြီးထိန်းပေးတဲ့မူ
တစ်ယောက်နှင့်တစ်ယောက်မသင့်တဲ့အပြုအမူတွေကိုအားဖြည့်ပေးနေတဲ့ကလေးတွေကို
တစ်နေရာစီခွဲထား လိုက်ပါ။ စားသောက်ဆိုင်မှာဖြစ်နေပါက
ကလေးနှစ်ယောက်ကြားလူကြီးက ဝင်ထိုင်နေရာယူလိုက်ပါ။
၃၁။ ကြောင်ကို ခိုနှင့်အတူမထားရေးမူ
ကလေးစိတ်ကို
နှိးစွပေးတဲ့အရာများကိုကလေးအနီးအနားမှာထားမပေးပါနှင့်။ ဥပမာ
ကလေးကချိုချဥ်တွေခဏ ခဏနှိုက်စားနေတယ်ဆိုရင် ချိုချဥ်ကို
ကလေးအနားစားပွဲပေါ်မှာမထားပါနှင့်။
၃၂။ မမျှော်လင့်တာကိုပြုလုပ်ပြီးစိတ်ပြောင်းစေတဲ့မူ
မသင့်တဲ့အပြုအမူကလေးလုပ်တဲ့အခါ
မိဘက ကလေးမမျှော်လင့်ထားတာပြလုပ်တုံ့ပြန်ပေးပါ။ ဥပမာ ချက် ခြင်းထပြီး
လက်ခုပ်တီးလျက် "Jingle Bells" သီချင်းဆိုလိုက်ခြင်းဖြင့်
ဖြစ်နေတဲ့တင်းကျပ်မှုကို လျော့ပါး စေပါ တယ်။
အဲဒီအခြေအနေမှာသင့်ခေါင်းကကြည်လင်ရှင်းလင်းနေရင်အံ့အားသင့်စရာကို
လုပ်ဆောင်ပေးနိုင် ပါ တယ်။ ကလေးကစိတ်ပြောင်းပြီးမိဘလုပ်ဆောင်တာကို
လိုက်လုပ်လာစေနိုင်ပါတယ်။
၃၃။ အားဖြည့်ပေးတဲ့မူ
ကလေးရဲ့စွမ်းဆောင်နိုင်မှု၊
ကျွမ်းကျင်မှုနှင့် လွတ်လပ်စွာလုပ်ဆောင်နိုင်မှုများကို
အားပေးမြင့်တင်ပေးပါ။ အဲဒီ
လိုလေ့ကျင့်ပေးရင်ကလေးဟာကြုံလာတဲ့သူ့အခက်အခဲကိုသူကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။
က လေးကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုက
သူအနာဂါတ်ကိုအဆုံးအဖြတ်ပေးမှာဖြစ်ကြောင်းကလေးသိအောင် ပြော ပြပါ။
၃၄။ အားပေးတဲ့မူ
ကလေးကိုမကြာခဏအားပေးတဲ့စကားတွေပြောပေးပါ။
ကလေးအနေဖြင့် သူလုပ်ဆောင်ချက်ကြောင့် တိုး
တက်ပြောင်းလဲလာမှုကိုမြင်တွေ့အောင်ပြပေးပါ။ ဥပမာ အခုစာလုံးပေါင်းတာ (၃)
ခုမှန်တယ်။ အရင်အပတ် ကလုပ်တာထက် ပိုကောင်း လာတယ်လို့ပြောပေးပါ။
သားကိုယ်တိုင် ဘောင်းဘီဇစ်ကို ဆွဲပိတ်တတ်လာတော့ သားစိတ်ထဲမှာ ပိုကောင်းတဲ့
ခံစားမှုဖြစ်မလာဘူးလားလိူ့မေးပေးပါ။ သားအိပ်ယာကိုသားကိုယ်တိုင်ပြန်ခင်းတာ၊
အခန်း သန့်ရှင်းအောင် ကိုယ်တိုင်လုပ်နိုင်တဲ့အတွက် စိတ်ထဲမှာ ခံစားမှု
ပိုမကောင်း ဘူးလားလို့မေးပေးပါ။
၃၅။ နေ့စဥ်ပုံမှန်လုပ်စရာများလုပ်တဲ့မူ
ကလေးတွေဟာ
မိသားစုအတွင်း ဘယ်လိုအားထားနိုင်ကြောင်းသိတဲ့အခါ ကလေးတွေက
ပိုကောင်းစွာပြုမူ နေလာ တတ်ကြပါတယ်။ ကလေးတို့စိတ်မှာ
ဘာပြီးရင်ဘာတွေဖြစ်လာမယ်ဆိုတာကိုသိလာအောင် ပုံမှန် လုပ် တဲ့ဖြစ် စဥ်သဘောကို
နားလည်လာအောင် ဖန်တီးပေးပါ။ သူတို့စိတ်ထဲမှာ သူတို့ဟာမိသားစုအတွက်အရေး
ပါသူများ ဖြစ်ကြောင်းသိနားလည်အောင်၊ မိသားစုအတွင်းမှာဆိုရင် သူတို့အတွက်
ဘေးကင်ကြောင်း သိစေ တာမျိုးဖန်တီး ပေးပါ။
ဒီနေ့
အပြုသဘောဆောင်တဲ့စည်းကမ်းဖြင့်ကလေးတွေကို လေ့ကျင့်
ပျိုးထောင်ပေးတဲ့မူတွေကို ဆက်လက်မျှ ဝေသွားမှာဖြစ်ပါတယ်။ ဒီမူတွေကို Food
for Thought 683 အဖြစ်ဆက်လက်မျှဝေသွားပါမယ်။
၃၆။ ပျောက်ပျက်သွားအောင်လစ်လျူရှုထားတဲ့မူ
ဘေးအန္တရာယ်မများ၊ အပျက်သဘောမဆောင်တဲ့မသင့်တဲ့အပြုအမူများကို လစ်လျုရှုထားပါ။ မကြားချင် မမြင်ချင်ယောင် ဆောင်နေလိုက်ပါ။
၃၇။ ရှေ့နောက်ညီညွတ်တဲ့မူ
မိဘရဲ့
ပိုကောင်းတဲ့အကဲဖြတ်နိုင်မှုကိုသုံးပြီးမိဘကို
အနိုင်ကျင့်တာမျိုးပြုလုပ်ခွင့်မပေးပါနှင့်။ ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ
ကျင့်သုံးပါ။ ကြင်ကြင်နာနာတော့ရှိပါ။ ဒါပေမဲ့ရှေ့နောက်ညီစွာခိုင်ခိုင်မာမာ
ကျင့်သုံးပါ။ ပြောထား တာတစ်မျိုး၊ လက်တွေ့ကျင့်သုံးတာတစ်မျိုးမဖြစ်ပါစေနဲ့။
၃၈။ ကလေးအနေဖြင့်သူ့ကိုယ်မှာ ဘေးရန်ကာဝတ်စုံဝတ်စေတဲ့မူ
ကလေးအားဘေးရန်ကာကွယ်တဲ့တဝ်စုံဝတ်ဆင်ထားခိုင်းပါ။
အဲဒီလို စိတ်ထဲမှ ဝတ်ဆင်ထားရင်အခြားလူတွေက
ပြောတဲ့သဘောထားမှတ်ချက်များကြောင့် စိတ်ထဲမှာ မထိခိုက်တော့ပါဘူး။
၃၉။ ကလေးနှင့်မျက်လုံးချင်းတစ်တန်းတည်းရှိနေအောင်လူကြီးကမိမိကိုယ်ကိုနိမ့်ပြောတဲ့မူ
ကလေးနှင့်စကားပြောတဲ့အခါ
ကလေးနှင့် မျက်လုံးချင်းတတန်းတည်းဖြစ်အောင် လူကြီးကမိမိကိုယ်ကိုနှိမ့်လျက်
စကားပြောပါ။ စကားပြောတဲ့အခါ စကားကို ချိုသာစွာပြောပါ။
၄၀။ အခြားလူတစ်ယောက်ယောက်ထံမှအကူအညီရယူတဲ့မူ
ကလေးမှာအပြုသဘောဆောင်တဲ့အပြုအမူ ပိုအားကောင်းလာစေရန် အခြားကူညီနိုင်သူတစ်ယောက်ယောက်ထံ မှ အကူအညီရယူးပါ။
၄၁။ သက်မဲ့ကိုသက်ရှိလိုအသက်သွင်းပေးတဲ့မူ
ကလေးကိုသွားတိုက်ဖို့
သွားပွတ်တံလေးက ခေါ်နေပြီ၊ အမှိုက်ပုန်းက သူ့မှာအမှိုက်တွေပြည့်နေပြီ၊
အမှိုက် တွေသွန်ပေးပါလို့ ပြောတဲ့သဘော
သက်မဲ့တွေကိုသက်ရှိသဘောစကားပြောခိုင်းတဲ့မူကိုကျင့်သုံးပါ။ အဲဒီလို
ပြောတဲ့အခါ ပြောတဲ့လေသံက ရယ်မောစရာဖြစ်အောင် ပြောပါ။
၄၂။ ရွှေစည်းကမ်းသုံးရေးမူ
မိမိအပေါ်အခြားလူများက
ပြောဆိုဆက်ဆံစေချင်သလို ကလေးတွေအပေါ်မှာပြုမူပြောဆိုဆက်ဆံပါ။ အဲဒီလို
ဆက်ဆံပေးရင်တဖြည်းဖြည်းကလေးတွေကလည်း သူတို့အပေါ်မိဘကဆက်ဆံသလို
ဆက်ဆံလာကြမှာဖြစ် ပါတယ်။
ကလေးတွေအပေါ်ညင်ညင်သာသာကြင်ကြင်နာနာပြောဆိုဆက်ဆံဖို့
မိဘတွေကိုယ်တိုင်းသတိထား လေ့ကျင့်ရန် လိုအပ်ပါတယ်။
၄၃။ လက်အမူအရာပြတဲ့မူ
ကျေးဇူးပြုလို့၊
ကျေးဇူးတင်ပါတယ်၊ ရပ်ပါ၊ ဆက်လုပ်ပါ၊ သတိထားပါ၊ စကားကိုသုံးပါ၊ မလုပ်ပါနဲ့
စတဲ့အဓိပ္ပါယ်သက်ရောက်တဲ့လက်အမူအရာတွေကို
သုံးပြီးကလေးနားလည်အောင်လေ့ကျင့်ပေးထားပါ။ ဥပမာ ကျေးဇူးပြုလို့ ဆိုတာကို
လက်ဖဝါးကိုဖြန့်လျက် သာသာလေးလက်ကိုအောက်ဘက်သို့နှိမ့်ချပေးတာမျိုး၊ ကျေးဇူး
တင်ပါတယ်ဆိုတာကို ပြရန် လက်ဖဝါးကို
မိမိရင်ဘတ်မှာသာသာလေးကပ်ပြလိုက်တာမျိုး၊ ပိုလုပ်ပါလို့ ဆိုတာ ကိုတော့
လက်ဖဝါးပက်လက်အနေအထားမှာ လက်ချောင်းလေးများကို မ တင်လှုပ်ရှားပြတာမျိုး၊
မလုပ်ပါနဲ့ဆို တာ ကိုတော့ လက်ဖဝါးကို မှောက်လျက်အနေအထားမှာ
ဘယ်ညာလှုပ်ရမ်းပြတာမျိုး၊ စကားကိုသုံးပါ ဆိုတာ ကိုတော့
မိမိလက်ဖြင့်မိမိနှုတ်ခမ်းကို ထိပုတ်ပြတဲ့အမူအရာပြုလုပ်ပြနိုင်ပါတယ်။
တိုးတိုးဆိုတာကိုတော့ မိမိ လက်ညှိုးကိုဘေးတိုက်အနေအထား မိမိနှုတ်ခမ်းမှာ
သာသာလေးကပ်ပြတာမျိုးပြုလုပ်ပြနိုင်ပါတယ်။ လက် အမူအရာတွေသုံး တာက လည်း
စကားတွေကို အကျယ်ကြီးပြောနေတတ်တဲ့မိဘတွေအတွက် မိမိကိုယ်မိမိထိန်း
သိမ်းနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
၄၄။ တူပျော်ပျော်ခံစားနေထိုင်ရေးမူ
ကလေးတွေကမိဘတွေအတွက်
ကြည်နူးပျော်ရွှင်စရာတွေကို ဖန်တီးပေးနိုင်သူများဖြစ်ကြောင်သိနေရန် လိုအပ်
ပါတယ်။ အဲဒီလိုသိနေရင်ကလေးတွေကပိုကြည်နူးပျော်စရာြဖစ်အောင်
ပြောဆိုဆက်ံလာကြမှာဖြစ်ပါတယ်။ သူတို့တွေ့ကြုံခဲ့တဲ့ပျော်စရာ၊
ရဘ်မောစရာတွေကို ပြန်လည်ပြောပြလာကြမှာဖြစ်ပါတယ်။
၄၅။ ကူညီပါဦးကလေးရယ်မူ
ကလေးကူညီပေးမှုကို
သဘောကျပြီးနောက်ထပ်ကူညီပါဦးလို့ ကလေးကို အသိပေးပြောတာမျိုးပြုလုပ်ပေး
သင့်ပါတယ်။ သူတို့အကူအညီကိုမိဘက သဘောကျမှန်းသိရင် ကလေးတွေက
ပိုကူညီလိုတတ်ကြပါတယ်။
၄၆။ လူသားဆန်ဆန်ဆက်ဆံတဲ့မူ
ကလေးတွေမှာလည်းလူကြီးတွေကိုခံစားမှုရှီတာကိုသတိရှိဖို့လိုအပ်ပါတယ်။
ကလေးတွေကို ဆက်ဆံတဲ့အခါ မိဘများအနေဖြင့်လူသားတွေအနေဖြင့်အကောင်းဆုံး
တန်ဖိုးထားပြီး ဆက်ဆံရန် လိုအပ်ပါတယ်။
၄၇။ ရယ်မောဖွယ်ဖန်တီးရေးမူ
ကလေးနှင့်ဆက်ဆံတဲ့အခါ
ရယ်မောစရာဖြစ်အောင်ဖန်တီးပါ။အတူတူရယ်မောပါ။ ဥပမာ ယုန်ကလေးတစ် ကောင်က
သူ့သွားကိုဘယ်လိုတိုက်သလဲ လို့ ကလေးကိုမေးကြည့်ပါ။
၄၈။ သိအောင်ပြောပေးတဲ့မူ
သားသမီးက
ရေစိုနေတဲ့တဘက်ကိုအိပ်ယာပေါ်မှာချထားတဲ့အခါ အိပ်ယာမှာစိုကုန်ပါတယ်။
အိပ်ယာကစိတ်ဆိုး ပါတယ်။ တဘက်ကိုတံခါးနောက်ဘက်မှာ ချိတ်ဖြင့်ချိတ်ပြီ
လှန်းပေးပါလို့ တဘက်ကပြောပါတယ်။ လို့ပြော ပေးပါ။
၄၉။ စာတိုက်ပုန်းထားတဲ့မူ
ကလေးတိုင်းရဲ့အခန်းရှေ့ဘက်မှာ
စာထည့်ရန်ပုံးတစ်ခုစီထားပေးပါ။ သို့မဟုတ် ကလေးစားပွဲမှာ ဘူးတစ်ခုစီ
ချိတ်ဆွဲပေးထားပါ။ သက်ဆိုင်ရာကလေးနှင့်ပတ်သက်ပြီးပြောချင်တာ၊ အကြံပေးစရာ၊
ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့စာကို ရေးပြီးအဲဒီဘူးထဲထည့်ထားပေးပါ။
ကလေးတွေအနေဖြင့်လည်းမိဘအတွက်ပေးချင်တဲ့သတင်း စကား တွေပေးနိုင်အောင်မိဘအခန်း
အပြင်ဘက်မှာလည်းစာထည့်ရန်ပုန်းချိတ်ထားဖို့မမေ့ပါနဲ့။
၅၀။ နှစ်ယောက်အတူလက်တွဲခုန်ရင်းရယ်တဲ့ကစားခြင်းကစားတဲ့မူ
ကလေးကိုအံ့သြသွားအောင်
အတူလက်တွဲလျက် ထခုန်ရင်းရယ်မောတဲ့ကစားနည်းကိုကစားလိုက်ပါ။ ခုန်ရင်း ရယ်ပါ
လို့ပြောရင်းခုန်ပါ၊ ရယ်မောပါ။ နှစ်ယောက်လုံး တကယ်စိတ်ပါပါ
ရယ်မောတဲ့အထိဆက်လက်ကစားပါ။ အဲဒီလိုရယ်မောလိုက်တာ
ဘယ်လောက်ခံစားမှုကောင်းကြောင်း သိလာပါလိမ့်မယ်။ အဲဒီလိုကလေးနှင့်အတူတူ
ခုန်ရင်းရယ်မောကစားပြီးတဲ့အခါ သင်ကိုယ်နှင့်ဦးနှောက်တို့လန်းဆန်းသွားတာကို
သတိထားမိပါလိမ့်မယ်။
၅၁။ ရိုးရိုးရှင်းရှင်း လေ့ကျင်ပေးရေးမူ
သူငယ်ချင်းတွေဆိုတာ
လက်သီးနဲ့ထိုးဖို ခြေဖြင့်ကန်ဖို့မဟုတ်ပါ။ အခုအချိန်မှာ
အိပ်ယာဝင်ရန်အချိန်ဖြစ်ပါတယ်။ လိုက်နာရမဲ့စည်းကမ်းတွေကို သတိရပါ။
လက်ကလေးတွေဆိုတာ ညင်ညင်သာသာရှိဖို့ပါ။ ခြေတွေဆိုတာ
ဖြေးဖြေးသာသာလျောက်လှန်းဖို့ပါ။ လို့ဆိုပေးပါ။ စည်မျဥ်းတွေကို
ကလေးအနေဖြင့် လိုက်နာလာနိုင်အောင် အချိန် ပေး လေ့ကျင့်ပါ။
၅၂။ ကလေးဦးနှောက်ကလေးကိုနမ်းလိုက်ပါမူ
ကလေးက
ဝမ်းသာဂုဏ်ယူစရာတစ်ခုခုကို ပြုလုပ်လိုက်တဲ့အခါ ကလေးကိုအသိအမှတ်ပြုပါ။
ကလေးရဲ့ ကောင်းတဲ့လုပ်ရပ်ကိုပြောပြရင်းအသိအမှတ်ပြုပါ။ ပြီးတော့ တင်စားပြီး
ကလေးကို “သားသမီးရဲ့ ဦးနှောက် လေးကို နမ်းလိုက်ပါ” လို့ ပြောပေးပါ။
၅၃။ ကလေးကိုဦးဆောင်စေတဲ့မူ
ကလေးကိုဆရာလို၊
မိဘလိုဦးဆောင်လုပ်ပါစေ။ မိဘအနေဖြင့် ကျွမ်းကျင်မှုတစ်ခုခုကိုသင်ပေးရန်
ကလေး အားပြောပါ။ ကျွမ်းကျင်မှုတစ်ခုခုကို ကလေးသင်ပေးတဲ့အတိုင်း မိဘက
လိုက်လုပ်ဆောင်ပါ။
၅၄။ ကျိုးကြောင်းဆက်စပ်တဲ့မူ
ပြုလုပ်လိုက်တဲ့အပြုအမူတွေဆိုတာ
နောက်ဆက်တဲါအကျိုးဆက်များ၇ှိကြောင်း ကလေးသိအောင်သင်ပေးပါ။ ဥပမာ
ဆွဲတာအင်္ကျီကိုမေ့နေရင် ရာသီဥတုအေးတာကိုခံစားရမှာဖြစ်ကြောင်းပြောပြပါ။
အိမ်စာတွေပြီးအောင် မလုပ်ရင် ဆရာက
ပေးတဲ့နောက်ဆက်တဲ့လုပ်တွေကိုလုပ်ဆောင်ရမှာဖြစ်ကြောင်းပြောပြပါ။
မုန့်ဖိုးကုန်အောင် သုံး လိုက်ရင် နောက်နေ့မှာ
မုန့်စားရတော့မှမဟုတ်ကြောင်းသိအောင်ပြောပြထားပါ။
၅၅။ ချစ်ခင်တဲ့မူ
တစ်ခုခု ဘာလုပ်ဆောင်ရမှန်းမသိတဲ့အခါ ကလေးကို ပွေ့ဖက်လိုက်ပြီး သူ့ကိုအလွန်ချစ်ကြောင်း ပြောလိုက်ပါ။
၅၆။ စွန့်လွှတ်တဲ့မူ
ကလေးကို
အလေးထားအာရုံစိုက်တဲ့အတွက် မိဘအနေဖြင့်
မိမိဆန္ဒတွေကိုစွန့်လွှတ်ရတာမျိုးရှိတတ်ပါတယ်။
ဥပမာမိတ်ဆွေနှင့်တယ်လီဖုန်းမှတစ်ဆင်စကားပြောခြင်း၊ရုပ်မြင်သံကြားအစီအစဥ်လွတ်သွားခြင်း၊
အိမ်အလုပ် တွေမပြီးခြင်းစတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့
ကလေးကိုအချိန် ပေးပြီးချစ်ခင်စွာကလေးနှင့် အတူရှိ ပေးခြင်းဟာ
အကောင်းဆုံးရင်းနှီးမြှပ်နှံမှုဖြစ်ပါတယ်။ ဒါကြောင့်
ကလေးအတွက်အချိန်ပေးတာကို ကျေကျေ နပ်နပ်ပြုလုပ်ပေးပါ။
၅၇။ ပုံမှန်အလုပ်ကို ပျော်စရာအလုပ်ဖြစ်အောင်ပြောင်းပေးတဲ့မူ
ပုံမှန်လုပ်နေကျအလုပ်တစ်ခုကိုပျော်စရာကောင်းတဲ့လုပ်စရာဖြစ်အောင်
ပြောင်းနိုင်ပါသလား။ ဥပမာအလုပ်ကို ကစားတာမျိုးဖြစ်အောင် လုပ်နိုင်ပါသလား။
လုပ်ရန်သတ်မှတ်ထားတဲ့စည်းကမ်းကို လုပ်ချင်စရာကောင်းတဲ့
အလုပ်ဖြစ်အောင်ပြောင်းနိုင်ပါသလား။ ဥပမာ
သားသမီးအခန်းထဲမှာမေမေပစ္စည်းလေးတစ်ခုကိုဖွက်ထား ပါ တယ်။ အခန်းကို
လိုအပ်တဲ့သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ သား
သမီးအံ့အားသင့်အောင်မေမေဖွက်ထားတာကို တွေ့ လာလိမ့်မယ်လို့ ပြောနိုင်ပါတယ်။
၅၈။ ပုံပြင်လေးဖန်တီးတဲ့မူ
ကလေးမှားတာတစ်ခုခု
လုပ်မိတဲ့အတွက် မတော်တဆထိခိုက်မှုဖြစ်ခဲ့တာကို
ပုံပြင်သဖွယ်လုပ်ပြောနိုင်ပါတယ်။ ပုံပြင်ပြောတဲ့အခါ
ကလေးအမည်ကိုပြောင်းပြီးပြောရန် လိုအပ်ပါတယ်။ ပုံပြင်ထဲမှာ ပါတဲ့ကလေးက
မှာယွင်း တာလုပ်မိတဲ့အတွက် နားထောင်နေတဲ့သားသမီးအဖို့
ပုံပြင်ထဲမှဖြစ်ရပ်ကို သင်ခန်းစာယူပြီး နောင်မှာ ပုံပြင်
ထံကကလေးလိုမမှားအောင်သင်ခန်းစာရစေရန်ဖြစ်ပါတယ်။
၅၉။ စံနမူနာပြတဲ့မူ
ကလေးမှာတွေ့မြင်လိုတဲ့အမူအကျင့်ကို
စံနမူနာအဖြစ်ပြပါ။ ကလေးတွေဆိုတာ မိဘလူကြီးတွေကိုအစဥ်သဖြင့် စောင့်
ကြည့်နေကြတာဖြစ်ပါတယ်။ ပြောတဲ့စကားတိုင်းကိုသာ
အလေးထားနားထောင်တာမျိုးမဖြစ်နိုင်ပေမဲ့ လူကြီးတွေလုပ်တာမှန်သမျှကိုတော့
အစဥ်စောင့်ကြည့်အတုယူတတ်ကြပါတယ်။
၆၀။ ခဏအနားယူအိပ်စက်တဲ့မူ
ခဏအနားယူးအိပ်စက်လိုက်ခြင်းဟာ အရာရာကို ပိုကောင်းတဲ့အမြင်ဖြစ်လာစေနိုင်ပါတယ်။ စေအနာယူတဲ့ အကျင့်ပြုလုပ်ပါ။
၆၁။ ချက်ခြင်းဟန့်တားတဲ့မူ
ကလေးတစ်ယောက်ဟာသူ့အတွက်ဘေးအန္တရာယ်များတာကို
လုပ်နေတာတွေ့ရင် ချက်ခြင်း ဝင်ဟန့်တားပါ။ အဲဒီ အပြုအမူကသူ့အလိုလို
ပျောက်သွားလိမ့်မယ်လို့ ယူဆပြီးလွှတ်မထားလိုက်ပါနဲ့။ ကလေးလက်ကို လှန်းကိုင်
လိုက်ပြီး ကလေးကိုမလျက် တစ်ခြားတစ်နေရာရာသို့ ခေါ်သွားလိုက်ပါ။ အဲဒီလို
လုပ်တာအတွက် အကြာကြီး ပြောဆိုနေခြင်း၊ အပြစ်တင်နေခြင်း၊
ခြိမ်းခြောက်ခြင်းတွေမလုပ်ပါနှင့်။
၆၂။ ကလေးနေရာမှဝင်ကြည့်တဲ့မူ
အခြေအနေကိုကလေးနေရာမှ
မြင်အောင်ဝင်ကြည့်ပါ။ ဖိနပ်စီးတာဘယ်ညာလွဲနေမယ်ဆိုရင် သင့်ခြေထောက်မှာ
ဘယ်လိုခံစားရမလဲ။ တကယ်လို့သင်ကကလေးဖြစ်နေပြီး ကလေးကသင်ဖြစ်နေရင်
ဘယ်လိုနေမလဲဆိုတာ ပြန်စဥ်းစားကြည့်ပါ။ ဒါကြောင့် ကလေးနေရာမှ
မြင်သလိုမျိုးမြင်နိုင်အောင်ဝင်ကြည့်ပေးပါ။
၆၃။ ဖြစ်နေတဲ့ပြဿနာက ဘယ်သူကြောင့်လဲဆိုတာစဥ်းစားတဲ့မူ
ဖြစ်နေတဲ့ပြဿနာက
ဘယ်သူကြောင့် ဖြစ်နေတာလဲလို့အရင်မေးကြည့်ပါ။ မိမိကြောင့်ဖြစ်နေတာဆိုရင်
အဲဒီ ပြဿနာကိုဖြေရှင်းရန်မိမိမှာတာဝန်ရှိပါတယ်။ ဖြစ်လာတဲ့အခြေအနေက
မိမိကိုစိတ်ရှုတ်အောင်လုပ်ခွင့်ပေး မိတာဆိုရင် (ဥပမာ
ညီအစ်ကိုမောင်နှမအချင်းချင်း အငြင်းပွားမှု)
ကလေးတို့အားအေးအေးနေရန်သတိပေးပါ။
၆၄။ မိဘအချင်းချင်းအတူတူ ကူညီရေးမူ
ဖြစ်လာတဲ့အခြေအနေမှာ
မိဘအချင်းချင်းကူညီပေးပါ။ တကယ်လို တစ်ယောက် ကျင့်သံးနေတဲ့ချဥ်းကပ် နည်းကို
သဘောမတူပါက အပြစ်တင်တာမျိုးမလုပ်ဘဲ အပြင်ခဏထွက်သွားလိုက်ပါ။ ကလေးရှေ့မှာ
မိဘ အချင်းချင်း အပြစ်တင်တာမျိုးမပြုလုပ်ပါနှင့်။
အချင်းချင်းကလေးရှေ့မှာအပြစ်တင်နေရင် ကလေးကမိဘကို လေးစားမှု
လျော့ကျလာပါလိမ့်မယ်။ နောက်ပိုင်းမှာမှ မိဘအချင်းချင်း
ဘယ်လိုလေ့ကျင့်ပေးသင့်ကြောင်း အေးအေး သာသာဆွေးနွေးပြောဆိုပါ။
၆၅။ အာရုံစူးစိုက်ရေးမူ
ကလေးနှင့်ပတ်သက်ပြီး
ဘာတွေဖြစ်နေကြောင်းသိအောင် အလေးထားအာရုံစိုက်ပါ။ ထိန်းမရတဲ့အဆင့်မျိုး
ထိရောက်လာအောင်အချိန်ကိုစောင့်ဆိုင်းမနေပါနှင့်။
၆၆။ ကြိုတင်ပြင်ဆင်ရေးမူ
ကလေးအနေဖြင့်
ဘယ်လို လုပ်ရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင်သိနေအောင်စီစဥ်ထားပါ။ စား
သောက် ဆိုင်နှင့်စျေးဝယ်မထွက်မှီ
ဖိနပ်အတွက်ငွေဘယ်လောက်ကိုတော့သုံးနိုင်ပြီး စားသောက်ဆိုင်မှာ အအေး
တစ်ခွက်သောက်နိုင်ကြောင်း အိမ်ကမထွက်ခင်ကတည်းက သိနေအောင် ပြောပြထားပါ။
ဆိုင်ရောက်မှ ဟိုဟာလိုချင်တယ်။
ဒါကိုဝဘ်ပေးပါဆိုတာမျိုးတွေတောင်းခံမှုမျိုးမဖြစ်အောင် ကြိုတင်ပြင်ဆင်ရန်
လိုအပ်ပါ တယ်။
၆၇။ ကောင်းတဲ့အပြုအမူကိုအသိအမှတ်ချက်ခြင်းပြုတဲ့မူ
ကလေးအားဘယ်လိုအပြုအမူများပြုလုပ်ရန်
မိဘများကမျှော်မှန်းထားကြောင်းသိနေအောင်ပြောပြထားပါ။ ကလေးက
မျှော်မှန်းထားတဲ့အတိုင်း ကောင်းတဲ့အပြုအမူကို ပြုလုပ်လိုက်တဲ့အခါ
ချက်ခြင်းအသိအမှတ် ပြုချီးကျူးပေးပါ။
၆၈။ အပြုသဘောဆောင်တာပြောရင်းတစ်နေ့တာရဲ့နောက်ဆုံးအချိန်ကို ကုန်ဆုံးစေခြင်းမူ
တစ်နေ့တာနောက်ဆုံးအချိန်ရောက်လာတဲ့အခါကလေးပြုလုပ်ခဲ့တာတွေအနက်
ဘာတွေက ကောင်းကြောင်း ပြောပြပါ။ ကလေးကိုယ်တိုင် ထိနေ့က သူလုပ်ခဲ့တာတွေအနက်
ကောင်းတာဘာရှိသလဲလို့ပြန်စဥ်းစား ပြောပြ ခိုင်းပါ။ နောက်နေ့တွေမှာ
ကောင်းတာ ဘာတွေလုပ်မှာလဲ လို့မေးကြည့်ပါ။ အဲဒီလိုပြောပြခြင်း၊ စဥ်းစား
ပြောခိုင်းခြင်းတို့ကိုအိပ်ယာဝင်စအချိန်မျိုးမှာ ပြုလုပ်ပေးနိုင်ပါတယ်။
၆၉။ သီးသန့်လွတ်လပ်ခွင့်မူ
ကလေးတစ်ယောက်ကိုအများရှေ့မှာဘယ်တော့မှစိတ်ထိခိုက်အောင်ပြောတာလုပ်တာမျိုးမပြုလုပ်ပါနဲ့။
ကလေး အပြုအမူနှင့်ပတ်သက်ပြီးပြောစရာရှိပါက သီးသန့်နေရာသို့
ကလေးကိုခေါ်သွားပြီးမှပြောပါ။ အထူးသဖြင့် စား သောက်ဆိုင်၊ စျေးဆိုင်၊
စာသင်ခန်း၊ စတဲ့နေရာတွေမှာ ကလေးကို စိတ်ထိခိုက်အောင်
ပြောတာမျိုးမပြုလုပ်ပါနဲ့။ အိမ်မှာဆိုရင်
ကလေးကိုသီးသန့်ပြောနိုင်တဲ့နေရာစီစဥ်ထားပေးပါ။ ကားထဲမှာ
ကလေးနှင့်တစ်ယောက်ချင်း ပြောတာက သင့်ပါတယ်။
၇၀။ မူလအစီအစဥ်ကိုရွှေ့လိုက်တဲ့မူ
ကြုံနေတဲ့အခြေအနေမှာ
ပြောရဆိုရအဆင်မပြေတဲ့အခါ အခြားတစ်နေရာရာသို ပြောင်းရွှေ့ပြီးမှ ကလေးကို
ပြောဆိုပါ။ မိမိကိုယ်မိမိဖိစီးမှုနည်းအောင်ပြုလုပ်ပါ။
၇၁။ စာဖြင့်ရေးပေးတဲ့မူ
ကလေးကစာဖတ်တတ်တယ်ဆိုရင်
ကလေးအတွက်မှတ်စုတိုလေးရေးပေးပါ။ သူ့အတွက်မိဘကစိတ်ပူတဲ့ကိစ္စ ကို
သိအောင်ရေးပေးပါ။ ကလေးကိုချစ်ခင်ကြောင်း ရေးထားတဲ့စာတိုလေးကို
ကလေးအံ့အားသင့်စေနိုင်တဲ့ နေရာမျိုးမှာ ထားပေးပါ။
သူ့အတွက်သတ်မှတ်ထားတဲ့စာထည့်ဘူးထဲမှာထည့်ထားပေပါ။
၇၂။ စာအုပ်တစ်အုပ် (စာရွက်တစ်ရွက်) ကိုဖတ်ပြတဲ့မူ
မသင့်တဲ့အပြုအမူတွေလုပ်နေတဲ့ကလေးထံမှာ
အာရုံထားနေမှုကို ပြန်သိမ်းလိုက်ပြီးကလေးနှင့်အတူထိုင်လျက် စာတစ်အုပ်
(စာတစ်ရွက်) ကိုဖတ်ပြပါ။ ကလေးရောမိဘပါစိတ်အေးလာတဲ့အထိ စာဖတ်ပြပါ။
အဲဒီအခါမှာ မသင့်တဲ့အပြုအမူကိစ္စကို စိတ်အေးအေးထားပြီး အကျိုးရှိစွာ
ဖြေရှင်းပါ။
၇၃။ လူကြီးတွေကတဝန်အရှိဆုံးဆိုတာ သတိရှိရေးမူ
မိဘအုပ်ထိန်းသူများအနေဖြင့်
မိမိတို့မှာ လူကြီးတွေဖြစ်ပြီး ဖြစ်လာတဲ့ကိစ္စတွေမှာ
အဓိကအားဖြင့်မိမိတို့မှာသာ တာဝန်ရှိတာကိုသတိရှီဖို့ လိုအပ်ပါတယ်။ ကလေးဆိုတာ
လူကြီးလောက် အကဲဖြတ်နိုင်စွမ်းအား၊ အတွေ့အကြုံ များမရှိကြပါဘူး။
ဒါကြောင့် ဖြစ်လာမှုတွေအတွက် တာဝန်အရှိဆုံးလို့သတ်မှတ်ရန်မသင့်ပါဘူး။
၇၄။ သရုပ်ဆောင်ကစားခြင်းမူ
ကလေးကို
မိဘနေရာမှာ ဝင်လုပ်ဆောင်ခိုင်းပါ။ ကလေးသာ မိဘနေရာမှာရှီမယ်ဆိုရင်
ဘာတွေလုပ်မလဲလို့ ကလေးကိုမေးကြည့်ပါ။ ထမင်းစားပွဲမှာ
သင့်ထိုင်ခုံမှာကလေးကို ထိုင်စေပြီး ကလေးနေရာမှာဝင်ထိုင်နေတဲ့ သင့်ကို
ဘယ်လို လုပ်ကိုင်ပြောဆိုစေချင်ကြောင်း ပြသဖို့ပြောပါ။
၇၅။ ဆက်လက်လုပ်ဆောင်ခွင့်ပေးတဲ့မူ
ကလေးလုပ်ဆောင်နေတဲ့အလုပ်ဟာဘေးအန္တရာယ်မရှိဘူး၊
ဖျက်လိုဖျက်စီးမှုမရှိဘူးဆိုရင် အဲဒီအလုပ်ကို ကလေး အနေဖြင့် လုပ်ကိုင်ရင်း
ပျင်းသွားတဲ့အထိ ဆက်လက် လုပ်ကိုင်ခွင့်ပေးလိုက်ပါ။
၇၆။ မိမိကိုယ်တိုင် ပြုပြင်စေခြင်းမူ
ကလေးအားသူကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်တဲ့အခွင့်ပေးပါ။
ကလေးကို ဘာလုပ်ပါလို့ မပြောဘဲ သူကိုယ် တိုင်ပြုပြင်နိုင်အောင်အချိန်ပေးပါ။
ပြုပြင်ပြီးပါက မိဘအနေဖြင့် ပြန်လည်စစ်ဆေးကြည့်မယ်လို့ ကလေးကို
အသိပေးထားပါ။
၇၇။ ပြောဆိုဆွးနွေးနေမှုကိုရပ်လိုက်တဲ့မူ
ကလေးနှင့်
ဆက်လက်ဆွေးနွေးပြောနေခြင်းကို ရပ်လိုက်ပါ။ ဝမ်းနည်းပါတယ်။ အခု
ဖေဖေတို့ဆွေးနွေးနေတာကို ဖေဖေကတော့
ရပ်လိုက်ပါပြီလို့ပြောပြီးဆွေးနွးနေတာကို ရပ်လိုက်ပါ။
၇၈။ ရုတ်တရက်သီချင်းထဆိုလိုက်တဲ့မူ
မိဘအနေဖြင့်
ကလေးလုပ်စေချင်တာကို မပြောဘဲ ရုတ်တရက်သီချင်းထဆိုလိုက်ပါ။ အဲဒီသီချင်းက
ကလေးရ ထားတဲ့သီချင်းဖြစ်ပြီး ကလေးပြုမူစေချင်တာကို
သီချင်းထဲမှာထည့်ဆိုလိုက်ပါ။ ဥပမာ “Jingle Bells, လိုသီချင်း
မျိုးကိုရုတ်တရက်ကောက်ဆိုလိုက်ပါ။ “Jingle Bells, Jingle Bells
စကားပြောရာမှချိုချိုသာ ခေါင်းလောင်းသံ လေးလိုပါ၊
ခေါင်းလောင်သံလေးကသာသလိုစကားပြောတာချိုသာပါ” စသဖြင့်
ဖြစ်စေချင်တာကိုသီချင်းထဲမှာ ထည့်ဆိုပေးပါ။
၇၉။ ကလေးနှင့်စိတ်ခံစားမှုအပိုင်းဖြတ်ထားတဲ့မူ
ကလေးကိုတိုင်စည်းကမ်းကိုသိနားလည်လာစေရန်ဆိုတဲ့ဦးတည်ချက်ကို
စိတ်ထဲမှာ သေချာဆွဲကိုင်ထားပြီး ကလေးအနေဖြင့် သင့်ကို
စိတ်ခံစားမှုအားဖြင့် တွယ်နေတာမျိုးမဖြစ်အောင် နေပေးပါ။
တစ်နည်းပြောရရင်တော့ ကလေးအပြုအမူများကို မိမိကို စိတ်ခံစားမှုအားဖြင့်
မသက်ရောက်သလိုမျိုး နေပေးပါ။ အဲဒီလိုနေပေးရင် ကလေးဟာ
သူ့ကိုယ်သူအားကိုးထိန်းသိမ်းလာနိုင်မှာဖြစ်ပါတယ်။
၈၀။ မိမိကိုယ်မိမိကောင်းစွာစောင့်ရှောက်တဲ့မူ
မိမိကိုယ်မိမိရုပ်ပိုင်းစိတ်လှုပ်ရှားခံစားမှုအပိုင်းတွေမှာကောင်းစွာစောင့်ရှောက်ပါ.သင့်တာစား၊
ကောင်းစွာနားပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့် ခန်းပြုလုပ်ပါ။
အဲဒီလိုနေထိုင်ရင် မိဘးအုပ်ထိန်းသူအနေဖြင့်ကြုံလာတဲ့ အခြေ
အနေများကိုပိုကောင်းစွာ ရင်ဆိုင်ကျော်လွှားနိုင်စေပြီး
သင်တို့ချစ်တဲ့ကလေးတွေအတွက်လည်းစံနမူနာ ကောင်း ပြသရာ ရောက်စေပါတယ်။
၈၁။ လမ်ကြောင်းမှန်တာတွေ့တိုင်းအသိအမှတ်ပြုရေးမူ
အားလုံးပြီးပြည့်စုံနေဖို့မမှော်မှန်းထားပါနဲ့။
ဒါပေမဲ့ လမ်းကြောင်းမှန်ပေါ် ရောက်လာတဲ့အပြုအမူ လုပ်ရပ်ငယ် လေးများကို
မြင်အောင်ကြည့်ပြီးအသိအမှတ်ပြပေးပါ။
၈၂။ ဂီယာပြောင်းပေးတဲ့မူ
မမျှော်
လင့်တာတစ်ခုခုဖြစ်လာတဲ့အခါ
ထိုအခြေအနေမှအကောင်းဆုံးဖြစ်လာနိုင်တာကိုစဥ်းစားပါ။ ဥပမာ
တစ်ခုခုကိုစောင့်နေရတာသိပ်ကြာနေရင် ကလေးနှင့်အတူတူ
မျက်လုံးတွေကိုမှိတ်ထားပြီးပတ်ဝန်းကျင်မှာကြား နေရတဲ့ အသံတွေကို
နားထောင်တဲ့ကစားနည်းကစားပါ။ မျက်လုံးပြန်ဖွင့်ကြည့်လိုက်ပြီး
အသံဖြစ်စေတဲ့အရာကို (အရင်က သတိမထားမိတဲ့အရာ)
တွေ့အောင်ရှာတဲ့နည်းကစားခြင်းဖြင့် ဂီယာပြောင်း လိုက်ပါ။ အဲဒီလိုဆိုရင်
စောင့် နေရတာကြာတဲ့အတွက်
ကလေးကပျင်းပြီးမသင့်တဲ့အပြုအမူတွေလုပ်လာမှာမဟုတ်တော့ပါဘူး။
၈၃။ ခဏအနားယူခြင်းမူ
ခဏအနားယူလိုက်ပြီး
ပိုကောင်းတာ၊ အကျိုးရှိတာတစ်ခုခုကိုစဥ်းစားရန်ကလေးကိုပြောပါ။
အိမ်မှာဆိုရင် ခဏအနားယူနိုင်တဲ့နေရာအဖြစ်
အိပ်ခန်းထဲမှာနေရာစီစဥ်ထားနိုင်ပါတယ်။ အတန်းထဲမှာဆိုရင်လည်းသက် သောင့်
သက်သာနေနိုင်အောင်စီစဥ်ထားတဲ့နေရာဖြစ်နိုင်ပါတယ်။ အဲဒီလို
လုပ်ဆောင်ရန်အချိန် ဘယ်လောက် လိုမယ်ဆိုတာကိုကလေးအနေဖြင့်
ဆုံးဖြတ်နိုင်ပါစေ။ အဲဒီနေရာမှ ပြန်လာတဲ့အခါ ကလေးအနေဖြင့် အခြား
လူတွေလုပ်ဆောင်နေတဲ့လုပ်ငန်းမှာ ပြန်လည်ဝင်ရောက် လုပ်ဆောင်နိုင်ပါတယ်။
အဲဒီလို လုပ်ဆောင် ပေးရင် ကလေးအနေဖြင့် စဥ်းစားခြင်း၊ ပိုကောင်းတာကို
အလေးထားခြင်း၊ ပြန်လည်သုံသပ်ခြင်းတို့ကို ပြုလုပ်နိုင်လာ စေမှာဖြစ်ပါတယ်။
၈၄။ သင်ပေးဖို့အချိန်ယူရေးမူ
တစ်ခါတစ်ရံမှာ
လူကြီးတွေက ကလေးတွေကိုသင်မပေးဘဲ လူကြီးစိတ်ကို နားလည်ပြီး
လုပ်ဆောင်လာဖို့မျှော် လင့်ထားတတ်ကြပါတယ်။
မျှော်မှန်းထားချက်များကမိဘတွေစိတ်ထဲမှာရှင်းနေပေမဲ့ကလေးကတော့ ဘယ်လို
နေထိုင်ရမယ်ဆိုတဲ့ဘာသဲလွန်စမှမရရှိကြပါဘူး။ ဒါကြောင့်
မျှော်မှန်းတဲ့အတိုင်းဖြစ်လာအောင် သင်ပေးတဲ့အချိန် ရှိဖို့ လိုအပ်ပါတယ်။
မိဘတွေမျှော်မှန်းထားချက်ကို ကလေးအနေဖြင့်ရှင်းလင်းစွာသိနေရန်
လိုအပ်ပါတယ်။
၈၅။ ကလေးအကြောင်းအပြုသဘောဆောင်တာတွေအခြားလူများအားပြောပြတဲ့မူ
ကလေးအကြောင်း
ကောင်းတာတွေကိုမိဘကအခြားသူများအားပြောပြနေတာကိုကလေးကြားပါစေ။ မိဘက ကလေး
အပြုအမူများနှင့်ပတ်သက်ပြီးဂုဏ်ယူတာတွေကိုအခြားသူများသိအောင်
ပြောပြနေတာကိုကလေး တွေကြား ပါစေ။ အဲဒီလိုကြားလာရင် စိတ်ထဲမှာကျေနပ်ပြီး
အလားတူကောင်းတဲ့အပြုအမူတွေကို ပို လုပ်လာမှာဖြစ်ပါတယ်။
၈၆။ သိသင့်တာသင်ပေးရေးမူ။ (အချိန်လွန်မှပြန်သင်ပေးတာမျိုးမလုပ်ပါနဲ့။
အခွင့်ရတဲ့အခါမှာ
ကလေးအားဘယ်လို ပြုမူနေထိုင်ရမှာကိုသင်ပေးပါ၊ မသင်ပေးလိုက်မိတဲ့အတွက်
နောက် ကြောင်းပြန်လို့မရပါဘူး။ ဥပမာ ရုပ်မြင်သံကြားအဝေးထိန်းခလုပ်ဟာ
ကစားစရာမဟုတ်တဲ့အတွက် ကလေးကို
ထိုခလုပ်ကိုကစားစရာအဖြစ်မကစားစေရန်သင်ပြပေးပါ။
ကလေးပထမဆုံးကျောင်းသွားတဲ့နေ့မှာ အတန်းထဲမှာ ဘယ်လို ထိုင်ရန်
လိုအပ်ကြောင်းသင်ပေးပါ။ ဆယ်ကျော်သက်ရောက်လာတဲ့ကလေးဟာ သတ်မှတ်ထားတဲ့ အသက်
မရောက်မှိ ကားမောင်းခွင့်မရှိကြောင်း ပြောပြထားပါ။ ဥပဒေဆိုတာ လိုက်နာရန်
လိုအပ်ကြောင်း သင် ပေးပါ။
၈၇။ အနိုင်ကျင့်သူကို ထိုသို့မလုပ်ရန်ပြန်လည်ပြောဖို့သင်ပေးရေးမူ
မိမိအားအနိုင်ကျင့်သူကို
ဘယ်လိုပြန်ပြောပြရန် ကလေးနှင့်အတူ လေ့ကျင့်ပါ။ လိုအပ်ရင်အသံကို ဘယ်လို
မြှင့်ပြီးပြောရန် လိုအပ်ကြောင်းသင်ပေးပါ။
အနိုင်ကျင့်တတ်သူတွေဟာသူရဲဘောကြောင်သူတွေကို ပိုအနိုင်ကျင့် တတ်ကြပါတယ်။
၈၈။ ကျေးဇူးတင်ကြောင်းပြောတဲ့မူ
ကလေးကို သင့်တင့်မှန်ကန်တဲ့အပြုအမူမလုပ်ခင် မှန်ကန်တဲ့အပြုအမူကို လုပ်မှာဖြစ်တဲ့အတွက် ကျေးဇူး တင်ကြောင်း ကြိုတင်ပြောပါ။
၈၉။ ဖြစ်လာတဲ့အကျိုးရလဒ်ကိုစဥ်းစားတဲ့မူ
မိဘအနေဖြင့်
ဘာကိုရည်မှန်းပါသလဲ။ ဘယ်လိုရလဒ်မျိုးထွက်လာဖို့မျှော်မှန်းထားပါသလဲ။
ကလေးအနေဖြင့် နောက်ပိုင်းမှာသုံးနိုင်တာတစ်ခုခုသင်ပေးတယ်ဆိုရင်
သူ့ကိုကူညီပေးဖို့ရည်မှန်းထားတာဖြစ်ပါတယ်။ အဲဒီ လို ဆို ရင်သင်ပေးနေရင်း
စိတ်လှုပ်ရှားခံစားမှုများ သို့မဟုတ်
ပုဂ္ဂိုလ်ရေးရာကိစ္စများကြားဝင်မလာပါစေနဲ့။ ဥပမာ ကလေးကို
စန္တရားတီးတတ်အောင်သင်ပေးတယ်ဆိုပါစို့။
ကလေးအနေဖြင့်စန္တရားကိုအရင်ကသင်ခွင့် မရခဲ့ဘူး ဆိုရင်
စန္တရားတီးသင်ဖို့အတွက် အတင်းဖိအားပေးလုပ်ခိုင်းတာမျိုးမပြုလုပ်ပါနဲ့။
အမြန်တတ်စေလိုပြီးဖိအား ပေးတာမျိုးမလုပ်ပါနဲ့။
၉၀။ မဆိုင်တဲ့အခြေအနေတစ်ရပ်အကြောင်းပုံပြင်ပြောပြတဲ့မူ
မိဘအနေဖြင့်
ကလေးကိုပေးချင်တဲ့အကြံဥာဏ်အတွက် အထောက်အကူဖြစ်စေတဲ့ မဆိုင်တဲ့အခြေအနေ
အကြောင်းပုံပြင်တစ်ခုခု ပြောပြပါ။ ဥပမာ တစ်ခါက မိခင်တစ်ယောက်ရှိတယ်။
အဲဒီလူက သူ့သားကို အိမ်မှာထားတဲ့အမှိုက်ပုန်းကို ပြစ်စေချင်ပါတယ်။ (က)
အဲဒီမိခင်အနေနဲ့သူ့သားကိုအမှိုက်ပုန်းကိုသွားပစ်ရန် မေတ္တာရပ်ခံသင့်သလား။
(ခ) သို့မဟုတ် အမှိုက်ပုန်းကိုအခုသွားပစ်ပါလို့ ပြောသင့်သလား။ (ဂ)
ဒါမှမဟုတ် အမှိုက်ပုန်းက သူ့ကို သွားပစ်ရန်
သားကိုခေါ်နေပြီလို့ပြောသင့်သလား။ (ဃ) သို့မဟုတ်မိခင်ကအမှိုက်ပုန်းကို
သွားပစ်ရန်သားကိုအကူအညီတောင်းသင့်သလား။ (င) သို့မဟုတ်
အခြားဘာများလုပ်နိုင်သေးသလဲ။ မိခင်အ နေဖြင့် ဘာကို လုပ်ဆောင်သင့်သလဲ။
လို့ပုံပြင်ထဲမှမိခင်အနေဖြင့် ဘာလုပ်သင့်သလဲလို့ ဖြေရှင်းတဲ့နည်းကို
ကလေးအားမေးပါ။
၉၁။ စဥ်းစားတဲ့မူ
မိဘအနေဖြင့်
မိမိရွေးချယ်လုပ်နိုင်တာတွေကိုအရင်စဥ်းစားပါ။ တစ်နည်းနည်းကို
လုပ်လိုက်ပါက ဖြစ်လာ နိုင်တဲ့ရလဒ်ကိုလည်းထည့်သွင်းစဥ်းစားပါ။
ထွက်လာမဲ့ရလဒ်ကအပြုသဘောဆောင်မှာလား။ မိဘအနေဖြင့်
ဘယ်လိုရလဒ်မျိုးထွက်လာစေချင်သလဲဆိုတာ သေချာစဥ်းစားပါ။
ပြီးမှာအကောင်းဆုံးကိုရွေးချယ်လုပ်ဆောင် ပါ။
၉၂။ ကြင်ကြင်နာနာ ထိတွေ့ပေးတဲ့အချိန်ရှိအောင်စီစဥ်တဲ့မူ
မိဘအနေဖြင့်
ကလေးနှင့်နီးကပ်နေတဲ့အချိန်မှာကလေးကို ချစ်ခင်စွာကြင်ကြင်နာနာ
ထိကိုင်ပွေ့ဖက်ပါ။ အဲဒီလို
ထိကိုင်ခြင်းမှာစကားမပါပါဘူး။အဲဒီလိုထိကိုင်တာရဲ့အစွမ်းကိုစဥ်းစားကြည့်ပါ။
စကားလုံးတွေက ပေးချင်တဲ့ သတင်းအချက်အလက်ကို ပြည့်ဝအောင်မပေးတတ်ပါဘူး။
ဒါပေမဲ့ထိကိုင်ပွေ့ဖက်မှုက ပေးချင်တဲ့သတင်း စကားကို
ပြည့်ဝစွာပေးစေနိုင်ပါတယ်။ သူတို့စိတ်ထဲမှာ သူတို့အတွက်အရေးကြီးသူက
သူတို့ကို ကောင်းစွာ ချစ်ခင်တယ်လို့သူတို့စိတ်ထဲမှာ ခံစားရတဲ့အခါ
ကလေးတွေဆိုတာ မသင့်တဲ့အပြုအမူများပြုလုပ်ခဲပါတယ်။
မိခင်ကကလေးခေါင်းကိုနမ်းပြီး
မိခင်ရောကလေးမျက်နှာမှာကျေနပ်နေတဲ့အပြုံးကိုတွေ့မြင်ဘူးမှာပါ။ ဒါကြောင့်
မိဘအုပ်ထိန်းသူများအနေဖြင့် နှုတ်အားဖြင့်ဖြစ်စေ။ ကိုယ်အမူအရာအားဖြင့်
ဖြစ်စေ ကလေးတွေကို ချစ်ခင် ကြင်နာကြောင်း ပြသတဲ့အလေ့အကျင့်ကိုပြုလုပ်ပေးရန်
လိုအပ်ပါတယ်။
၉၃။ ကလေးရဲ့ကောင်းမွန်တဲ့ရွေးချယ်နိုင်စွမ်းကိုယုံကြည်တဲ့မူ
ကလေးမှာ
ကောင်းမွန်တာကိုရွေးချယ်နိုင်စွမ်းရှိကြောင်း မိဘအနေဖြင့်ဘုံကြည်တာကို
ကလေးသိနေအောင် နည်းလမ်းအမျိုးမျိုးဖြင့် ပြသဖို့ လိုအပ်ပါတယ်။
အဲဒီလိုဆိုရင် ကလေးအနေဖြင့် မိဘကမိမိအပေါ် ယုံကြည့် တဲ့အတိုင်း
ကောင်းတာကိုစဥ်းစားရွေးချယ်လုပ်ကိုင်လာပါလိမ့်မယ်။
၉၄။ လိပ်အခွံမှာအောင်းနေရာမှထွက်လာရန်အားပေးတဲ့မူ
ကလေးကို
သူ့ကိုကာထားတဲ့လိပ်အခွံထဲမှထွက်လာနိုင်စေရန်အားပေးရန် လိုအပ်ပါတယ်။
မိမိကိုယ်မိမိတည် ငြိမ်အောင်ထိန်းသိမ်းနိုင်မှု၊
ရှင်းလင်းစွာစဥ်းစားနိုင်မှု၊ အပျက်သဘောဆောင်တဲ့တုံ့ပြန်ပြောဆိုနေမှုများမှ
ထွက် လာရန်အားပေးတိုက်တွန်းရန် လိုအပ်ပါတယ်။
၉၅။ စကားအစားလုပ်ရပ်သုံးပြတဲ့မူ
ကလေးတစ်ယောက်ကမသင့်တာ၊
သို့မဟုတ်နာကျင်စေတာတစ်ခုခုပြောလာတဲ့အခါ ဘာမှပြန်မပြောဘဲနေလိုက် ပါ။
ကလေးပြောလိုက်တဲ့စကားက လေထဲပျောက်သွားသလို ဖြစ်သွားပါစေ။
မိဘကိုယ်တိုင်အခြား တစ်နေ ရာရာသို့ထွက်သွားလိုက်ပါ။ သို့မဟုတ်
ကလေးလက်ကိုဆွဲပြီး အခြားတစ်နေရာရာသို့ထွက်သွားလိုက်ပါ။ အဲဒီလို
လုပ်ဆောင်အပြီး ကလေးပြောခဲ့တဲ့စကားကို သူကိုယ်တိုင်ပြန်ကြားခွင့်ပေးပါ။
အဲဒီလိုမိမိပြောခဲ့တာကို ပြန်ကြား ခွင့် ရတဲ့အခါ
ကလေးတို့ဟာမိမိကိုယ်ကိုပြုပြင်ခြင်း သို့မဟုတ် တောင်ပန်ခြင်း
များပြုလုပ်လာတတ်ကြပါတယ်။
၉၆။ ကောင်းတဲ့တန်ဖိုးထားမှုများကိုအမိဖမ်းဖို့လိုတဲ့မူ
မိမိအလုပ်ကိုချစ်မြတ်နိုးသူများကိုနမူနာအဖြစ်
ကလေးတွေ့မြင်ဘူးအောင်ပြသပါ။မိဘကိုယ်တိုင်စန္တရားတီးတာ ကိုဝါသနာပါပြီး
စိတ်ပါလက်ပါတီးတာမျိုးကို ကလေးတွေ့မြင်ပါစေ။ တေးဂီတကိုချစ်မြတ်နိုးတာကို
ကလေး တွေ့မြင်ပါစေ။ အစာကိုစားတဲ့အခါ ကောင်းကောင်းစားပြပါ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုကို စိတ်ပါလက်ပါ လုပ်ပြပါ။ အဲဒီအကြောင်းတွေကို
နှုတ်ကနေပြောနေတာမျိုးထက် လက်တွေ့နမူနာကောင်းအဖြစ်ပြုလုပ်ပြပါ။
၉၇။ အခုခဏနားမယ်။ တော်ကြာပြန်ဆွေးနွေးမယ် မူ
အခုမေမေတို့နှစ်ယောက်လုံးစိတ်အေးသွားဖို့
ခဏအနာယူးရန် လိုအပ်နေပါတယ်။ ဒီကိစ္စကို ညနေ (၅) နာရီ ရောက်ရင်
ပြန်ဆွေးနွေးမယ်။ အဲဒီအခါမှာ စိတ်အေးလက်အေး ကော်းစွာဆွေးနွေးမယ်လို့ကလေးကို
ပြောပါ။
၉၈။ လိုချင်ဆန္ဒနဲ့စိတ်ခံစားမှုကိုခံစားစေတဲ့မူ
ကလေးကိုသူအလိုဆန္ဒ၊ သူစိတ်ခံစားချင်တာကို ခံစားပါစေ။ သူအဲဒီလို လိုချင်နေတာ၊ ခံစားနေတာအတွက် အကောင်းအဆိုး ဘာမှမပြောပါနှင့်။
၉၉။ အံ့အားသင့်သွားအောင် တိုးတိုးလေးပြောတဲ့မူ
မသင့်တဲ့အပြုအမူအတွက်
ကလေးကို အော်ဟောက်တာမျိုးမပြုလုပ်ဘဲ ကလေးအံ့အားသင့်သွားအောင် လေသံ
တိုးတိုးလေးဖြင့် ပြောပါ။ အဲဒီလို အံ့အားသင့်အောင် ပြုလုပ်မှုက ကလေးဘက်က
ချက်ခြင်း အလေးထား လုပ် ဆောင်လာစေတတ်ပါတယ်။ အဲဒီလိုပြောတာကလည်းမိဘအနေဖြင့်
မိမိကိုယ်မိမိထိန်းထိန်းသိမ်းနေရာ ရောက်ပြီး
ပိုရှင်းလင်းစွာစဥ်းစားနိုင်လာစေပါတယ်။
၁၀၀။ အဲဒါအရေးမကြီးပါဘူး၊ ဘေးဖယ်ထားလိုက်ပါမူ
အဲဒါက ဒီလောက်အရေးကြီးနေလို့လား။ အရေမကြီးဘူးဆိုရင် ဘေးဖယ်ထားလိုက်ပါ။
၁၀၁။ ကလေးနှင့်အတူထိုင်ပြီး နှစ်ဦးသဘောတူညီချက် ရေးတဲ့မူ
စိတ်အေးသွားတဲ့အခါ
ကလေးနှင့်အတူတူထိုင်ပြီးနောင်မှာ ဘယ်လိုပြုမူမယ်ဆိုတဲ့သ
ဘောတူညီချက်ကိုရေးပါ။ အဲဒီလိုသေဘာတူညီချက်ေရေးတဲ့အခါ က လေး ကိုယ်တိုင်ပါဝင်
ပြောပြပါစေ။ ရေးပြီးတဲ့အခါ ဖတ်ပြပြီး နှစ်ဦးသ ဘောတူကြောင်း
လက်မှတ်ထိုးထားပါ။ ထိုသဘောတူညီချက်ကိုမြင်သာတဲ့နေရာမှာကပ်ထားပါ။ တစ်ခုခု
တိုက်ဆိုင်လာရင် ထိုသဘောတူညီချက်ကို ကိုးကားညွှန်ပြနိုင်ပါတယ်။
မိတ်ဆွေများ
အပြုသဘောဆောင်တဲ့စည်းကမ်းဖြင့် ကလေးများလေ့ကျင့်
ပျိုးထောင်တဲ့မူတွေကိုသုံးပြီး ကလေးများကိုအကောင်းဆုံးလေ့ကျင့်
ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment