Wednesday, February 26, 2025

ဆူခြင်းအော်ဟောက်ခြင်းရဲ့ဆိုးကျိုးများ Food for Thought 681 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ကလေးများကို ဆူခြင်း၊ အော်ခြင်း၊ ဟောက်ခြင်း တို့ဟာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေကြောင်း လေ့လာတွေ့ရှိချက်များကို Food for Thought 681 အဖြစ်မျှဝေ လိုက်ပါ တယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


ဆူခြင်းအော်ဟောက်ခြင်းရဲ့ဆိုးကျိုးများ

ကလေးတွေကိုလေ့ကျင့်ပြုပြင်ပေးရာမှာ အော်ဟောက်ခြင်းရဲ့သက်ရောက်မှုများ

ကလေးတွေကိုစည်းကမ်းပေးတဲ့အလုပ်မှာစိန်ခေါ်မှုတွေများစွာရှိပါတယ်။ စိတ်မရှည် တော့တဲ့အတွက် အော်ဟောက်ဆူတာ အလုပ်ဖြစ်ပါသလား။
မိဘတိုင်းကသူတို့ကလေးအတွက်အကောင်းဆုံးဖြစ်စေလိုကြပါတယ်။ အထူးသဖြင့် ကလေးတွေဟာ မသင့်တဲ့ အပြုအမူတွေလုပ်နေတဲ့အခါ ဆုံးမသွန်သင်ပေးရတာအ ခက်ခဲဆုံးဖြစ်တတ်ပါတယ်။ ခက်ခဲတဲ့အတွက် ဆူမယ်၊ အော်မယ်၊ ဟောက်မယ်ဆို တာ မျိုးတွေလုပ်မယ်ဆိုရင် ကလေးအပေါ် ရေရှည်အကျိုးဆက်ဘာတွေဖြစ်နိုင်ပါသလဲ။

အော်ခြင်းဆူခြင်းဟောက်ခြင်းတို့ဟာ နာကျင်အောင်အပြစ်ပေးအရေးယူးခြင်းနှင့်တူတဲ့ အကျိုးဆက်များဖြစ်စေတတ်ကြောင်းသုတေသနများကထောက်ပြထားပါတယ်။ အမြဲ လိုလို အဆူအအော်အဟောက်ခံနေရတဲ့ကလေးတွေဟာ စိတ်ပူပင်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းစတဲ့အပြုအမူပိုင်းဆိုင်ရာ ပြဿနာများဖြစ်လာ တတ်ပါတယ်။ အရိုက်အနှက်ခံရတဲ့ကလေးတွေမှာဖြစ်တတ်တဲ့စိတ်လှုပ်ရှားခံစားမှုဆိုင်ရာပြဿနာများလည်းဖြစ်လာတတ်ကြပါတယ်။ အောက်ပါစကားများကိုသုံးပြီး ဆူခြင်းအော်ခြင်း ဟောက်ခြင်းများပြုလုပ်တဲ့အခါ ပိုပြီး ဘေးအန္တရာယ်များစေပါတယ်။

• ကလေးစိတ်မှာနာကျင်စေတဲ့စကားများ၊ ရင့်သီးကြမ်းတမ်းတဲ့စကားများ၊ (နင် ဟာလေ ဘာမှသုံးမရဘူး၊ ငါ့ကိုအမျိုးမျိုးဒုက္ခပေးနေတာပဲစသဖြင့်)

• အပြစ်တင်တဲ့စကားများ (နင်လုပ်လိုက်ရင်ဒီလိုပဲ ဘယ်တော့မှအဆင်မပြေဘူး)

• ကလေးအရှက်ရစေတဲ့စကားများ (နင်ထက်ငယ်တဲ့ကလေးတွေတောင်နင်ထက် သာအောင်လုပ်နိုင်တယ်၊ နင်က ဘာမှ အဆင်ပြောအောင် မလုပ်တတ်ဘူး။)

ကလေးကိုဆူခြင်း၊ အော်ခြင်း၊ ဟောက်ခြင်းကဘယ်လို ဘေးအန္တရာယ်များဖြစ်စေတတ် ပါသလဲ။

ကလေးကိုဆူခြင်း၊ အော်ခြင်း၊ ဟောက်ခြင်းတို့ကကလေးများအပေါ် ရေတို၊ ရေရှည် အပျက် သဘောဆောင်တဲ့စိတ်ပိုင်းဆိုင်ရာအကျိုးပျက်မှုများဖြစ်စေတတ်ပါတယ်။

ရေတိုစိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကတော့ အောက်ပါတို့ဖြစ်ပါတယ်။

• ရန်လိုတဲ့အပြုအမူများဖြစ်ပေါ်လာခြင်း

• စိတ်ပူပင်သောကရောက်တဲ့လက္ခဏာများတွေ့လာရခြင်း

• အပြုအမူဆိုင်ရာပြဿနာများဖြစ်လာခြင်း (ဥပမာ ယောက်ျားလေးများမှာဆိုရင် မိမိကိုယ်မိမိထိန်းသိမ်းနိုင်မှု မရှိဖြစ်လာတတ်ခြင်း၊ မိန်းကလေးတွေမှာတော့ စိတ် ပျက်ပြီးဒေါသဖြင့် တုံ့ပြန်တတ်ခြင်းများဖြစ်လာနိုင်ပါတယ်။)

• မိဘများနှင့် ထိတွေ့မှုကင်ဝေးအောင်ရှောင်လာတတ်ကြပါတယ်။
ရေရှည်စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကတော့ အောက်ပါတို့ဖြစ်ပါတယ်။

• အပြုအမူပိုင်းဆိုင်ရာပြဿများပိုဆိုးလာခြင်း (တစ်ချို့မိဘများက အော်ခြင်း၊ ဆူခြင်း၊ ဟောက်ခြင်းတို့ကို မသင့်တဲ့ကလေးအပြုအမူများကို အမြန်ပျောက် အောင် လုပ်တဲ့နည်း အဖြစ်သုံးတတ်ကြပါတယ်။ သို့မဟုတ်နောက်ပိုင်းအလားတူ မသင့်တဲ့အပြုအမူတွေထပ် ဖြစ်မလာအောင်တားဆီးဖို့အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့လေ့လာတွေ့ရှိချက်များ အရ အော်ခြင်း၊ ဆူခြင်း၊ ဟောက်ခြင်းတို့ဟာအ‌ခြေအနေကိုပိုဆိုးလာစေပြီး ကလေးအ ပြုအမူတွေကို လည်းပိုဆိုးလာစေတတ်ပါတယ်။ အဲဒီလို ဆူအော်ဟောက်ခံရတဲ့ကလေး တွေ ဟာသူတို့ရဲ့မသင့်တဲ့အပြုအမူတွေကိုပိုကောင်းလာအောင်မပြောင်းတဲ့အပြင် ပိုဆိုး တဲ့အပြုအမူများပိုလုပ်ပြသခါ မိဘကို ဆန့်ကျင်ပြီးတန်ပြန်လုပ်ပြလာ တတ်ကြပါတယ်။ မိဘကအော်ဟောက်ဆူလေလေ ကလေးကလည်းမသင့်တဲ့ အပြုအမူပို လုပ်ပြလေလေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက ပိုအော် ဟောက်ဆူတာတွေဖြစ်လာစေပါတယ်။ ဒါ ကြောင့် အော်ဟောက်ဆူတဲ့နည်း အဆိုးသံသရာကို ပိုပြီးဆက်လက်လည်စေပါတယ်။

• အော်ခြင်းဆူခြင်းဟောက်ခြင်းကြောင့် ကလေးဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးကို အတား အဆီးဖြစ်စေပါတယ်။ဆူခြင်းအော်ဟောက်ခြင်းနှင့်အခြားသောကြမ်းတမ်းတဲ့ပြုပင်ပေးတဲ့နည်းတွေကကလေးဦးနှောက်ဖွံဖြိုးတိုးတက်မှုကိုပြောင်းသွားစေတတ်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ လူသားရဲံဦးနှောက်ကအပြုသဘောဆောင်တဲ့ ဖြစ်ရပ်တွေထက်အ ပျက်သဘောဆောင်တဲ့ဖြစ်ရပ်တွေကိုပိုလျင်မြန်စွာတုံ့ပြန် တတ် တဲ့အတွက်ဖြစ်ပါတယ်။ သံလိုက်ဓာတ်မှန် (MRI) ပုံရိပ်တွေမှာဆိုရင် ငယ်စဥ်ကတည်းကမိဘတွေရဲ့ဆူအော် ဟောက် ခံရတဲ့လူတွေ မှာ သိသိသာ သာ ပြောင်း လဲနေတာကိုတွေ့ရပါတယ်။ အသံနှင့် ဘာသာစကားကို လက်ခံ ပြီး လိုအပ် သလို ဆက်လက်လုပ်ဆောင်ရတဲ့ဦးနှောက်အပိုင်း မှာ ခြားနားကွဲပြားတာတွေ ဖြစ်နေတာတွေ့ရပါတယ်။

• ဆူပူအော်ဟောက်တာခံရတဲ့ကလေးတွေမှာစိတ်ဓာတ်ကျမှုဖြစ်လာပါတယ်။ အအော်ခံ လိုက်ရတဲ့ကလေးစိတ်မှာ နာကျင်သွားပါတယ်။ ကြောက်လန့်သွား ပါတယ်။ ဝမ်းနည်း သွားပါတယ်။ အဲဒီအတွေ့အကြုံမျိုးခဏခဏဖြစ်လာရင် ကလေးရဲ့စိတ်ကျန်းမာရေး ကို ထိခိုက်လာမှာဖြစ်ပါတယ်။ နောက်ဆက်တွဲ အဖြစ် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပင်သောက ရောက်ခြင်းတွေဖြစ်လာစေပါတယ်။ စိတ် ဓာတ်ကျမှုကြောင့်မိမိကိုယ်မိ ဖိုက်စီးလိုတဲ့ စိတ်တွေဖြစ်လာစေနိုင်ပါတယ်။ ဥပမာ မူးယစ်ဆေးသုံးလာခြင်း၊ ဘေးများတဲ့လိင်ပိုင်း ဆက်ဆံမှုတွေပြုလုပ်လာခြင်း၊ (ဆယ်ကျော်သက်များ) မိမိကိုယ်မိမိသတ်သေခြင်း စတာ မျိုးတွေအထိ ဖြစ်လာစေတတ်ပါတယ်။

• ကိုယ်ခန္တာကျန်းမာရေးအပေါ်ဆိုးတဲ့အကျိုးသက်ရောက်မှုများရှိစေပါတယ်။ ကလေးတွေမှာ အဆူအအော်အဟောက်ခံရမှုကြောင့် စိတ်ဖိစီးမှုများဖြစ်ရာမှ ကိုယ်ခန္တာ ကျန်းမာရေးကိုပါ ထိခိုက်လာစေတတ်ပါတယ်။ အဲဒီလိုအဆူအအော် အဟောက်ခံရတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ တစ်ချို့သောကျန်းမာရေး ပြဿနာများပိုရှိ လာစေတတ်ပါတယ်။

• ငယ်စဥ်ကအအော်အဆူအဟောက်ခံရတဲ့ကလေးတွေဟာ လူကြီးဘဝရောက်တဲ့ အခါ ရေရှည်ကိုယ်လက်နာကျင်မှုများဖြစ်လာစေတတ်ပါတယ်။ အဆစ်အမြစ် ရောင်ရောဂါများ၊ ခေါင်းကိုက်ဝေဒနာများ၊ နောက်ကျောနှင့် လည်ပင်း နာကျင်တဲ့ ရောဂါများနှင့်အခြားသောရေရှည်နာကျင်တဲ့ရောဂါများဖြစ်လာတတ်ကြ ပါတယ်။

• ငယ်စဥ်ကအအော်အဆူအဟောက်ခံရတဲ့ကလေးတွေဟာ လူကြီးဘဝရောက်တဲ့ အခါ အောက်ပါစိတ်လှုပ်ရှားခံစားမှုဆိုင်ရာပြဿနာများလည်းဖြစ်လာစေတတ် ပါ တယ်။

o စိတ်ပူပင်သောကရောက်မှု
o မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုနိမ့်ကျခြင်း
o အပြုအမူပိုင်းဆိုင်ရာပြဿနာများ
o အခြားလူတွေအပေ့ါအနိုင်ကျင့်တတ်တဲ့အပြုအမူများဖြစ်လာခြင်း
o အများနှင့်ပေါင်းသင်းဆက်ဆံရေးဆိုင်ရာပြဿနားဖြစ်လာခြင်း
ဒါကြောင့် မသင့်တဲ့အပြုအမူအမြန်ပျောက်အောင်ဆူအော်ဟောက်ဆုံးမတာက “ပေါ့စေ လိုလို့ကြောင်ရုပ်ထိုး၊ဆေးအတွက်ကြောင့်လေး” ဆိုတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးများကို ဆူအော်ဟောက်ဆုံးမမဲ့အစားမိမိစိတ်ကိုထိန်းလျက် ချိုသာစွာပြောဆို ဆုံးမပါက ပိုကောင်းတဲ့အကျိုးကျေးဇူများရရှိစေမှာဖြစ်ကြောင်း လေးစားစွာ မျှဝေ တင်ပြလိုက်ပါတယ်။

မိတ်ဆွေများ ကလေးများကိုဆူခြင်း၊ အော်ခြင်း၊ ဟောက်ခြင်းစတာမျိုးတွေမသုံးဘဲ ချိုသာစွာပြောဆိုဆုံးမမှုများပြုလုပ်ခြင်းဖြင့် မိဘရောကလေးပါ စိတ်ချမ်းသာပြီး ပျော်ရွှင်စွာနေနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...