Monday, February 24, 2025

ခက်ခဲတဲ့အချိန်မှာဆင်ခြင်သတိရစရာ အချက် (၈)ချက် Food for Thought 70 ဒေါက်တာသိန်းလွင်

No photo description available. 

 ဒီနေ့ “ခက်ခဲတဲ့အချိန်မှာဆင်ခြင်သတိရစရာ အချက် (၈)ချက်” အကြောင်းကို မိတ်ဆွေများအတွက် Food for Thought 703 ဆင်ခြင်စရာများအဖြစ် မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


ခက်ခဲတဲ့အချိန်မှာဆင်ခြင်သတိရစရာ အချက် (၈)ချက်

ခက်ခဲတဲ့အချိန်တွေဆိုတာ လူတိုင်းကြုံရတတ်ပါတယ်။ လူတွေကခက်ခဲတဲ့အချိန်ကြုံလာတဲ့အခါမှာ စိတ်ပျက် တတ်ကြပါတယ်။ စိတ်အားငယ်တတ်ကြပါတယ်။ စိတ်ဓာတ်ကျတတ်ကြပါတယ်။ အဲဒီလို စိတ်မျိုးတွေ ဖြစ်လို့ကော ခက်ခဲတဲ့အရာတွေက သက်သာသွားမှာမဟုတ်ပါ။ ဆူးနှစ်ချောင်းဆူးသလိုသာ ဖြစ် စေတတ် ပါတယ်။ ခက်ခဲတဲ့အချိန်ကြုံလို့ဆူးတစ်ချောင်းနှင့် စိတ်ဓာတ်ကျလို့နောက်ဆူးတစ်ချောင်းဆူး သလိုသာဖြစ် စေနိုင်ပါတယ်။ ခက်ခဲတဲ့အချိန်တွေကြုံရတဲ့အခါ အောက်ဖော်ပြပါအချက် (၈)ချက်ကို ပြန် လည်ဆင်ခြင် သတိ ရမှတ်မိရန် လိုအပ်ပါတယ်။

၁။ ဖြစ်လာသမျှအရာရာဟာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အစဥ်ထာဝရဖြစ်နေမှာမဟုတ်ကြောင်း သတိရ သင့်ပါတယ်။ အရင်ကဖြစ်ခဲ့တာတွေလည်း အချိန်တန်တော့ ပြောင်းသွားတာကိုသင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။

၂။ သင်ဟာအရင်ကကြုံခဲ့တဲ့အခက်အခဲစိန်ခေါ်မှုတွေကိုကျော်လွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘာ ကြောင့်ကျော်လွန်အောင်လုပ်နိုင်သလဲဆိုရင်စဥ်းစားပြီးကြိုးစားလုပ်ကိုင်တဲ့အတွက်ဖြစ်ပါတယ်။

၃။ ဘဝမှုကြုံလာတဲ့စိန်ခေါ်မှူအခက်အခဲတွေဆိုတာ ဘဝအတွက်သင်ခန်းစာများသာဖြစ်ကြပါတယ်။ ကြုံလာသမျှအားလုံးဟာ ဘဝသင်ခန်းစာများသာဖြစ်ပါတယ်။ အကောင်းထဲမှအကောင်းသင်ခန်းစာယူနိုင်သလို အဆိုးထဲမှလည်း ကောင်းတဲ့သင်ခန်းစာကို ယူနိုင်ပါတယ်။ မိမိက ဘယ်လိုသင်ခန်းစာကို ထုတ်ယူးသလဲဆိုတဲ့ အပေါ် မှာသာတည်နေပါတယ်။

၄။ လိုချင်တာမရလိုက်ခြင်းသည်ပင် သင့်အတွက် ကောင်းတဲ့အခွင့်အလမ်းဖြစ်စေနိုင်ပါတယ်။ လတ်တလော လိုချင်နေတာမရတဲ့အတွက် စိတ်ပျက်နေမဲ့အစား နောက်အခွင့်အလမ်းတစ်ခုကို ရှာလိုက်ရင်နောက်အခွင့် အ လမ်းကအခုလိုချင်နေတာထက် ပိုကောင်းတဲ့အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။

၅။ ခက်ခဲနေတဲ့အချိန်မှာ စိတ်ပျက်နေမဲ့အစားစိတ်ပျော်ရွှင်စေတာကိုရှာလုပ်ကိုင်ပါ။ စိတ်ပျော်တဲ့အခါ စိတ်ပင် ပန်းနေမှုတွေသက်သာလျော့ကျလာစေပါတယ်။ မိမိစိတ်ဝင်စားတာ။ စိတ်ကိုပေါ့ပါးသက်သာစေမဲ့အလုပ်မျိုး ကိုရှာလုပ်ဆောင်ပါ။

၆။ မိမိအပေါ် ကြင်ကြင်နာနာသဘောထားပေးခြင်းမှာ အကောင်းဆုံးဆေးပင်ဖြစ်ပါတယ်။ စိတ်ကို သက်သာ စေတဲ့အကောင်းဆုံးဆေးဖြစ်ပါတယ်။

၇။ အခြားလူတွေကမိမိအပေါ်ထားတဲ့အပျက်သဘောဆောင်တဲ့စိတ်ထားတွေ၊ ပြောဆိုမှုတွေအတွက် စိတ်အ နှောက်အယှက်အဖြစ်မခံပါနဲ့။ အဲဒီအတွက်စိတ်ပူပင်သောကရောက်နေစရာမလိုအပ်ပါ။ သူတို့စိတ်နဲ့သူတို့ ပြောနေတာကိုသင်အနေဖြင့် လိုက်မထိန်းချုပ်နိုင်ပါဘူး။ စိတ်ကိုမတုန်လှုပ်စေဘဲတည်ငြိမ်စွားထားလျက် လစ်လျူရှုထားလိုက်ရင် အဲဒီလို လုပ်ဆောင်မှုတွေက ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

၈။ ဘဝဆိုတာ အစဥ်သဖြင့် ကြည့်တတ်မြင်တတ်ရင် ကျေးဇူးတင်စရာဆိုတာ ရှိနေပါတယ်။ ကျေးဇူးတင် စရာကို မြင်အောင်ကြည့်ပြီးကျေးဇူးတရားကိုသိတတ်နေခြင်းမှာ အကောင်းဆုံးနေခြင်းတစ်မျိုးပင်ဖြစ်ပါတယ်။ ဥပမာ သာယာတဲ့နေ့မှာ လင်းနေတဲ့နေရောင်နဲ့အနွေးဓာတ်၊ တိုက်နေတဲ့လေနုအေး၊ တေးသီနေတဲ့ငှက်ကလေးတွေအသံ။ အပြစ်ကင်းစင်တဲ့ကလေးတွေရဲ့ရယ်မောသံ၊ ကလေးတွေရဲ့ ပြုံးနေတဲ့ချစ်စရာအပြုံးစတာတွေဟာပတ်ဝန်းကျင် ကို လှပအောင်ဖန်တီးပေးနေတာတွေဖြစ်ပါတယ်။ အဲဒါတွေကိုကျေးဇူးတင်ထိုက်ပါတယ်။

မိတ်ဆွေများ ခက်ခဲတဲ့အ‌ြေခအနေတွေကို ကျော်လွန်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...