Tuesday, February 18, 2025

စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မယ့်နည်းလမ်းကောင်းများ Food for Thought 702

 

ဒီနေ့ "စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မယ့်နည်းလမ်းကောင်းများ''ကို မိတ်ဆွေများအတွက် Food for Thought 702 မျှဝေလိုက် ပါတယ်။ မိတ်ဆွေများစိတ်ဖိစီးမှုများလျော့ပါးကင်းဝေး စေရန်ရည်ရွယ် ပါတယ်။

"စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မယ့်နည်းလမ်းကောင်းများ''

လူတိုင်းဟာ မိမိတို့ရဲ့ နေ့စဥ်ဘဝမှာ မိသားစုကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုဒဏ်ကို တွေ့ကြုံခံစားဖူးကြပါလိမ့်မယ်။ အဲဒီလိုစိတ်ဖိစီးမှုဒဏ်ကို ခံစား နေရပါက အလျင်အမြန် စိတ် သက်သာအောင် လုပ်ဖို့လိုပါတယ်။ စိတ်ပင်ပန်းမှုဒဏ်ကို ကြာရှည်စွာ ခံစားနေရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဒဏ်ကိုလျှော့ချပေးနိုင်မယ့်နည်းလမ်းတချို့ကိုမျှဝေပေးလိုက်ပါတယ်။

၁။ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း။

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများဟာ စိတ်ဖိစီးမှုကို လျှော့ချ‌ပေးနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ ကိုယ်တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချဖို့ လမ်း လျှောက်ခြင်း၊ ဖြေးဖြေးနဲ့ ပုံမှန်ပြေးခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း စတဲ့ ကိုယ်လက် လှုပ်ရှားမှုများထဲမှ တစ်နည်းနည်းကို ပြုလုပ်နိုင် ပါတယ်။ကျွန်တော်ကတော့ ညနေဘက်လမ်းလျောက်တဲ့အခါ လေကောင်းလေသန့်ကိုတဝရှုရှိုက်ရင်း မင်းကွန်းဆရာတော်ကြီးရဲ့ “ရုပ်ဟုတွင်မြည်၊ ခန္ဒာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒါဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ ဖြစ်မြဲသာတည်း၊ ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှမဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား” ဆိုတဲ့ လင်္ကာကိုရွတ် ဖတ်ရင်း လမ်းလျောက်တာ လေကောင်းလေသန့်လည်းရှုရတယ်၊ အညောင်းအညလည်းပြောတယ်။ တရားဓမ္မသဘောကိုလည်းပိုနှလုံးသွင်းမိပါတယ်။

၂။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုစားခြင်း။

မိမိကိုယ်ကိုယ် ဂရုစိုက်နေထိုင်ရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ဖို့ကလည်း အရေး ကြီးတဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အဆီအစိမ့်များတဲ့ အစာများ၊ အ သင့်စား အစားအစာများ၊ ဆီကြော်အစာတွေကို လျှော့စားသင့်ပြီး သစ်သီးဝလံများ၊ ဟင်းသီးဟင်း ရွက် များနဲ့အစေ့အဆံများကိုစားသုံးသင့်ပါတယ်။ ကျွန်တော်ကတော့အစာစားတဲ့အခါမှာ စားတာနဲ့ပတ်သက် တဲ့အမူအရာတွေကိုမှတ်တာအလေ့အကျင့်မများသေးတဲ့အတွက် အသေးစိတ်အမူအရာတွေကိုတော့ မမှတ်နိုင်သေးပါဘူး။ ဒါပေမဲ့စားတာနဲ့ပတ်သက်တဲ့အမူအရာတွေကို မှတ်တဲ့အလေ့အကျင့်တော့ ပြု လုပ်နေပါပြီ။

၃။ကျန်းမာရေးနဲ့မညီညွတ်တဲ့အလေ့အကျင့်တွေကိုရှောင်ရှားခြင်း။

တချို့သောလူတွေဟာ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့အတွက် ကဖိန်း ဒါမှမဟုတ် အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အလွန်အကျွံစားခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများ သုံးခြင်း ကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီလိုပြုလုပ်ခြင်းများဟာ တစ်ခဏမှာတော့ စိတ်ဖိစီးမှုကို လျှော့ချ ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ အဲဒီနည်းလမ်းများဟာ ‌ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါ တယ်။ဒါကြောင့်အဲဒီအပြုအမူများကိုရှောင်ရှားသင့်ပါတယ်။

၄။ကောင်းမွန်စွာအိပ်စက်အနားယူခြင်း။

စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့သူတွေဟာ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ ခက်ခဲနိုင်ပါတယ်။ သင် ဟာ အိပ်ခါနီးမှာ စိတ်ညစ်စရာကိစ္စတွေကို တွေးနေမယ်ဆိုပါက အချိန်တစ်ခဏအတွင်းမှာ အိပ်မပျော် ဘဲ ရှိနေပါလိမ့်မယ်။ အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးတဲ့ အချိန်ဖြစ် ပြီး လုံလောက်တဲ့ အိပ်စက်မှုကိုရရှိခြင်းက သင့်ခံစားချက်၊ အတွေးအခေါ်၊ အာရုံစူးစိုက်မှုနဲ့ သင့်ရဲ့ အလုံးစုံလုပ်ဆောင်ချက်တွေအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန် စွာ အိပ်စက်အနားယူနိုင်ဖို့ အိပ်ခါနီးမှာစိတ်ညစ်စရာအကြောင်းအရာတွေကို မတွေးသင့်ဘဲ ငြိမ့်ညောင်း သာယာတဲ့တေးသီချင်းတွေကိုနားထောင်တာမျိုးပြုလုပ်သင့်ပါတယ်။ အိပ်ခါနီးမှာ ဘုရားရှိခိုး၊ မေတ္တာပို့ ပြီး ဝင်လေထွက်လေကိုရှုမှတ်တဲ့အလေ့အကျင့် ပြုလုပ်တဲ့အတွက် ကောင်းစွာအိပ်ပျော်ပါတယ်။ နိုးလာတဲ့အခါမှာလည်းစိတ်ကြည်ကြည်လင်လင်ရှိပါတယ်။

၅။တခြားသူတွေနဲ့ပြောဆိုဆက်ဆံခြင်း။

စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့သူတွေဟာ တစ်ယောက်တည်း သီးခြားမနေသင့်ပါဘူး။ မိမိမှာ စိတ်ညစ် စရာ ကိစ္စများရှိနေပါက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်း သူ ငယ်ချင်းတွေကို ရင်ဖွင့်ပြောပြကာ သူတို့ထံမှ အကြံဉာဏ်ရယူခြင်းဖြင့် ပြဿနာတွေကိုဖြေရှင်းကာ လူမှုဆက်ဆံရေး တိုးတက်အောင် ဖန်တီးသင့်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ သူငယ်ချင်းတွေနဲ့ ကော်ဖီ ဆိုင်ထိုင်ခြင်း၊ မိဘဆွေမျိုးများနဲ့ ဆက်သွယ် ပြောဆိုခြင်းများ ပြုလုပ်သင့်ပါတယ်။ အချိန်ရပါက ပရ ဟိတအဖွဲ့များမှာ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ကူညီ ပေးသင့်ပါတယ်။ စေတနာ့ဝန်ထမ်းလုပ်ခြင်းက သူတစ်ပါးကိုလည်းကူညီရာရောက်ကာမိမိစိတ်လည်း‌အေးချမ်းမှုရနိုင်ပါတယ်။ ကျွန်တော်ကတော့ တ ရားနာရင်း၊ စာဖတ်ရင်း၊ မိမိနှစ်သက်သဘောကျတာတွေကိုမှတ်ထားပြီးမိတ်ဆွေများအတွက် ပြန် လည်မျှဝေတဲ့အလုပ်ကိုနေ့တိုင်း လုပ်နေပါတယ်။ ကိုယ်တိုင် ကောင်းတယ်လို့စိတ်မှာဖြစ်တဲ့ ခံစားမှုမျိုး မိတ်ဆွေတွေမှာလည်း ရရှိစေချင်တဲ့အတွက်မျှဝေနေတာဖြစ်ပါတယ်။ sharing is caring ဆိုတဲ့ သဘောဖြစ်ပါတယ်။

၆။တရားထိုင်ခြင်း။

တရားထိုင်ခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် သင့်ရဲ့ ရှုပ်ထွေးနေတဲ့စိတ်များ ငြိမ်သက်သွားကာ စိတ်အေးချမ်းမှုကို ရရှိ နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်ကျွမ်း နားလည်သူများက လမ်းညွှန်ထားတဲ့ တရားထိုင်နည်း၊ တရားမှတ်နည်းများကို လမ်းလျှောက်နေတဲ့အခါမှာဖြစ်စေ၊ အလုပ်သွားဖို့ ဘတ်စ်ကားစောင့်နေ တဲ့အခါမှာဖြစ်စေအချိန်မ‌ရွေးလေ့ကျင့်နိုင်ပါတယ်။ ကျွန်တော်ကတော့ တရာရုမှတ်တဲ့အလုပ်ကို အိပ်ခါနီးအချိန်မှာ ုရားရှစ်ခိုးပြီး မေတ္တာပို့တာပြုလုပ်ပါတယ်။ ပြီးတော့ ဝင‌်ေလထွက်လေကို ရှုမှတ်တဲ့အလေ့အကျင့် ပြုလုပ်ပါတယ်။ မှတ်ရင်းအိပ်ပျော်သွားတဲ့အထိ ဖြစ်ပါတယ်။ မနက်လင်း လာရင်လည်းမျက်နှာသစ်ပြီးတရားရှုမှတ်တဲ့အလေ့အကျင့်ပြုလုပ်ပါတယ်။

၇။ရယ်မောခြင်း။

ရယ်မောခြင်းဟာ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုများကို အလုံးစုံပပျောက်အောင် မလုပ်နိုင်ပေမယ့်လည်း တစ်ခဏတော့ စိတ်ပျော်ရွှင်မှု ရစေနိုင်ပါတယ်။ ရယ်မောခြင်းကြောင့် သင့်ရဲ့စိတ်ကို ပေါ့ပါးစေရုံသာ မကဘဲ သင့်ခန္ဓာကိုယ်အတွင်း အပြုသ‌‌ဘောဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေ ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ဖို့ ဟာသစာအုပ်များဖတ်ခြင်း၊ ဟာသရုပ်ရှင်များ ကြည့်ခြင်း၊ ဟာသဉာဏ်ရွှင်တဲ့ သူငယ်ချင်းများနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး ပြုလုပ်သင့်ပါ တယ်။ ကျွန်တော်ကတော့ အင်တာနက်မှာ ပါတဲ့ရဘ်စရာပုံပြင်များ၊ အဆိုအမိန့်များ၊ လှတောသာပုံပြင်များ၊ ကလေးတွေပြောတဲ့ရယ်မောစရာကောင်းတဲ့စကားများ၊ ဖတ်ရင်းသဘောကျပြီးပြုံးရတဲ့စာများကိုရှာ ဖတ် ပါတယ်။

ဒါ့ကြောင့် သင်စိတ်ပင်ပန်းမှုခံစားနေရပြီဆိုရင် အထက်မှာဖော်ပြထားတဲ့ နည်းလမ်းများထဲမှ တစ်နည်း နည်းကိုပြုလုပ်ကြည့်သင့်ပါတယ်။

မိတ်ဆွေများ
စိတ်ဖိစီးမှုများမှ ကင်းအောင်၊ လျော့ပါးအောင် မိမိကိုယ်မိမိစောင့်ရှောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No photo description available.

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...