Monday, February 3, 2025

“နံမယ်၊ မီးလင်းကောင်၊ နေရာဖယ်ပေး၊ ခွေးသားတွေ”Food for Thought 820 ဒေါက်တာသိန်းလွင်

 May be a doodle of text
“နံမယ်၊ မီးလင်းကောင်၊ နေရာဖယ်ပေး၊ ခွေးသားတွေ”၈၂၀

ဒီနေ့မှာတော့ ထားဝယ်ဒေသကောလိပ်မှာကျောင်းအုပ်လုပ်ခဲ့စဥ်က ကြုံခဲ့ရတဲ့ဘဝအတွေ့အကြုံတစ်ချို့ကို Food for Thought 820 အဖြစ်မျှဝေ ချင်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

တနင်္သာရီတိုင်းဒေသကောလိပ်မှာ ကျောင်းအုပ်လုပ်တဲ့အချိန်က ပါတီကောင်စီခေတ်ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ အခါ ပါတီကောင်စီမှတာဝန်ရှိသူတွေနှင့် ပူးပေါင်း လုပ်ဆောင်ရပါတယ်။ ဒေသကောလိပ်ကျောင်းအုပ်အနေဖြင့် တနင်္သာရီတိုင်းအတွင်းစာတတ်မြောက်ရေးလုပ်ငန်းတွေမှာ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ရပါတယ်။

စာတတ်မြောက်ရေးလုပ်ငန်းတွေလုပ်ဆောင်လို့ မြို့နယ်အလိုက်စာတတ်မြောက်မှုအနေအထားတွေကို လိုက်လံ စစ်ဆေးကြည့်ရှုရပါတယ်။ လိုက်လံစစ်ဆေးကြည့်ရှုတဲ့အခါမှာ မြို့နယ်နှစ်ခုမှာတွေ့ခဲ့တဲ့ဖြစ်ရပ်လေးတွေကို မျှ ဝေချင်ပါတယ်။ မြို့နယ်အမည်တွေကိုတော့မှတ်မိပေမဲ့အမည်များကို ထည့်မဖော်ပြလိုပါဘူး။

မြို့နယ်တစ်ခုမှာ စတင်ပြီးစာတတ်မြောက်မှုအနေအထားကို သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။ စစ်ဆေးတဲ့ အဖွဲ့ မှာ ပါတီကောင်စီမှ တာဝန်ရှိသူတစ်ချို့လည်းပါလာကြပါတယ်။ နေရာတစ်နေရာရောက်တဲ့အခါ စာတတ် မြောက်ရေးအတွက် စာသင်ပေးနေတဲ့ ကျောင်းတစ်ကျောင်းကို ဝင်ကြည့်ကြပါတယ်။ ကျောင်းထဲမှ စာသင်နေ သူ (၄၀) ခန့်တွေ့ရပါတယ်။

စာသင်ခန်းနားရောက်တဲ့အခါ အဖွဲ့မှာပါလာတဲ့ လူကြီးတစ်ယောက်က အခန်းထဲဝင်လိုက်ပြီး ကျောက်သင်ပုန်း ပေါ်မှာ စာတစ်လုံးကောက်ရေး လိုက်ပါတယ်။ သူရေးလိုက်တဲ့စာလုံးက “နံမယ်” ဆိုတာ ဖြစ်ပါတယ်။ “နာမည်” ကို အသံ ထွက်လိုက်ပြီး “နံမယ်”လို့ရေးလိုက်မိဟန်တူပါတယ်။ ပြီးတော့ စာတတ်မြောက်ရေးသင်တန်းလာတက် နေသူတွေကို ဖတ်ခိုင်းပါတယ်။ လာရောက်စစ်ဆေးတဲ့အဖွဲ့မှာပါတဲ့အခြားအဖွဲ့ဝင်များနှင့် စာတတ်မြောက်ရေး လုပ်ငန်းမှာ စာသင်ပေးသူတွေနဲ့ စာသင်သားတစ်ချို့ရဲ့မျက်နှာမှာ ပြုံးသလိုလိုအနေအထားဖြစ်သွားတာကိုသတိ ထားမိလိုက် ပါတယ်။ ဒါပေမဲ့ ရေးပြတဲ့လူကြီးကြည့်ရတာတော့ သတိထားမိပုံမပေါက်ပါဘူး။

စာသင်သားတွေက “နံမယ်”လို့ ပြိုင်တူဖတ်ပြလိုက်တော့ ရေးပြတဲ့လူကြီးက သဘောတွေကျသွားပြီး “အေးခင် ဗျားတို့စာဖတ်တတ်ပါတယ်လို့ “ ပြောလိုက်ပါတယ်။ ဒီတော့ စာတတ်မြောက်ရေးကိုစစ်ဆေးရန်လာတဲ့အဖွဲ့မှာ ပါတဲ့လူတွေရဲ့မျက်မှာတွေမှာ ပြုံး ရိပ်တွေပိုသမ်းသွားပါတယ်။ ပြုံးရိပ်သမ်းသွားရတာကတော့ “နာမည်” နှင့်” နံမယ်”ကိုပင်သဲကွဲအောင်မသိပါလား ဆိုတဲ့အတွေးဖြင့်ပြုံးရိပ်သမ်းသွားကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ရေးလိုက် တဲ့လူကြီးကသက်ဆိုင်ရာနယ်ပယ်မှာ ရာထူးကြီးတဲ့လူကြီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျန်အဖွဲ့ဝင်တွေက ဘာမှမပြောကြပါဘူး။

နောက်မြို့နယ်တစ်ခုမှာ ဖြစ်တဲ့ကိစ္စကတော့ ဒေါသထွက်ပြီး နှုတ်ကြမ်းစိတ်ကြမ်း ဆဲရေးတဲ့အထိ ဖြစ်ခဲ့တာပါ။ အဲဒီမြို့ကို ကျွန်တော်က တစ်ရက် ကြိုတင်ရောက်သွားပါတယ်။ မြို့ခံတွေက လူကြီးတွေကိုယ်တိုင် စာတတ် မြောက်ရေးကို လာစစ်မယ်ဆိုတာ သိနေတဲ့အတွက် လျှပ်စစ်မီးရအောင် သုံးလေးရက်အလိုကပင် ကြိုးစားအား ထုတ်ထားတဲ့အတွက် ကျွန်တော် တစ်ရက်ကြိုတင်ရောက်တဲ့အချိန်မှာ တစ်မြို့လုံးလျှပ်စစ်မီးရနေပါတယ်။ ဒါကြောင့် စီစဥ်သူမြို့ခံများ ကျေနပ်နေကြပါတယ်။

စာတတ်မြောက်ရေးလုပ်ငန်းကိုစစ်ဆေးရန် “နာမည်” ကို “နံမယ်”လို့ ရေးတဲ့လူကြီးနဲ့ကျန်အဖွဲ့သားတွေရောက် လာတဲ့ ညဘက်မှာတော့ လျှစ်စစ်မီးပေးတဲ့စက်ကနှိုးမရဖြစ်နေပါတယ်။ ဒီတော့ “နာမည်”ကို”နံမယ်”လို့ ရေးပြ တဲ့လူကြီး အလွန်‌ဒေါသထွက်နေပါတယ်။ ပြီးတော့ သူ့စိတ်ကိုသူမထိန်းနိုင်ဘဲ ‌ဒေသခံတွေကို ငါနဲ့ကိုင်တုတ်ပါ တယ်။ သူပါး စပ်ကထွက်နေတဲ့စကားကို ကြားရတော့ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ သူက “ငါ --ိုးမသား တွေ။ ခွေးသားတွေ” ဆိုတာကို အကျယ်ကြီးဆဲနေပါတယ်။ သူ့ပါစပ်ကဆဲနေတာကို ဆက်စပ်နား ထောင်ကြည့် မိတော့ သူကိုယ်တိုင်ခွေးဖြစ်နေတာကို ဆက်စပ်စဥ်းစားမြင်လိုက်မိပါတယ်။ “သူ့ကြောင့်ဖြစ်လာ တဲ့ခွေးသားတွေ”ဆိုတော့ သူကိုယ်တိုင် ခွေးဖြစ်နေတာပေါ့။ စာဖတ်သူများကော ဆက်စပ်စဥ်းစား ကြည့်စမ်းပါ။ ဘယ်လိုအဓိပ္ပါယ်သက်ရောက်နေပါသလဲ။

အဲဒီမြို့မှာ ကျွန်တော်တစ်ရက်ကြိုတင်ရောက်နေစဥ်ဒေသခံတွေလျှုပ်စစ်မီးရအောင်ကြိုးစားနေတာကိုတွေ့တော့ သူတို့မြို့မှာ ပုံမှန်လျှပ်စစ်မီးမရဘူးလား လို့ မေးကြည့်မိပါတယ်။ ဒီတော့ ဒေသခံတစ်ဦးက သူတို့မြို့မှာ လျှပ်စစ် မီးပုံမှန်မရကြောင်း၊ အခုလို လူကြီးတွေလာတဲ့အခါမျိုးဆိုရင်တော့ လျှပ်စစ်မီးရအောင် အတတ်နိုင်ဆုံးပြုလုပ်စီ စဥ်ပေးရကြောင်း၊ ဒါကြောင့်လူကြီးတွေလာမှ မြို့ကမီးလင်းတဲ့အတွက် “လူကြီးတွေ”ကို သူတို့အရပ်မှာ “မီးလင်း ကောင်” လို့ပင်တင်စားခေါ်ကြောင်းရယ်စရာအဖြစ်ပြောပြပါတယ်။

နောက်ဖြစ်ရပ်တစ်ခုကိုလည်းမျှဝေချင်ပါတယ်။ ကျောင်းတွေပိတ်တဲ့အခါ မြိတ်ဘက်မှ ထားဝယ်ကိုကျောင်းလာ တက် ရတဲ့ ကျောင်းသူကျောင်းသားတွေမိဘရပ်ထံပြန်ကြပါတယ်။ စက်လှေဖြင့် ပြန်သူပြန်ကြသလို လေယာဥ် ဖြင့် ပြန်သူများလည်း ပြန်ကြပါတယ်။ စက်လှေကလည်းခက်၊ ရေယာဥ်ကလည်းခက်ခဲနေတဲ့အတွက် ကျောင်း သူ(၁၈) ဦးမှာ ကျောင်းပိတ်ပါလျက် အိမ်မပြန်နိုင်ဘဲ အဆောင်မှာကျန်နေပါတယ်။ နောက်ဆုံးအဲဒီကျောင်းသူ တွေ မိဘရပ်ထံပြန်နိုင်အောင် အထူးလေယာဥ်ဖြင့် စီစဥ်တာ တွင်အော်တာတစ်စီးဖြင့် ပြန်ဖို့အဆင်ပြေသွားပါ တယ်။ တွင်အော်တာဆိုတာ လေယာဥ်လေးတွေကသေးသေးလေးတွေပါ။ အထဲမှာ လူ (၁၈) ယောက်သာသယ် ဆောင်နိုင်ပါတယ်။
ပြန်မဲ့နေ့ရောက်တဲ့အခါ နောက်ဆုံးပိတ်ကျန်နေတဲ့ကျောင်းသူတွေဖြစ်ပြီးအထူးစီစဥ်ပေးရတဲ့လေယာဥ်အစီအစဥ် ဖြစ်သဖြင့် ကျောင်းသူများအဆင်ပြေပြေပြန်နိုင်အောင် ကူညီတဲ့နေဖြင့် ကျွန်တော်လည်း လေယာဥ်ကွင်းဆင်းပို့ခဲ့ ပါတယ်။ အဲဒီမှာ ပြဿနာကစဖြစ်ပါတော့တယ်။

ဖြစ်ပုံကတော့ အဲဒီလေယာဥ်မှာ ကျောင်းသူတွေ (၁၈) ဦး လိုက်ဖို့စီစဥ်ထားတာ ထားဝယ်မှမြိတ်သို့ အရေး ကြီး တဲ့ ကိစ္စကြောင့် တပ်မှရဲဘော် (၂)ဦးက လိုက်လိုကြောင်း၊ ဒါကြောင့် ကျောင်းသူ (၂) ဦးကို ဖယ်ပြီး သူတို့ ရဲဘော် (၂)ဦးကို အထူးလေယာဥ်ဖြင့် ထည့်ပေးရန် ပြောလာပါတယ်။ အဲဒီလိုပြောလာတဲ့ကိစ္စက ကျောင်းအုပ်ဖြစ်တဲ့ကျွန် တော်ထံရောက်လာပါတယ်။ ကျောင်းသူ (၂)ဦးကို ဖယ်ထားရန်ရွေးပေးဖို့ ပြောလာပါတယ်။ လာပြောသူမှာ တိုင်း ကောင်စီဝင်လူကြီးတစ်ဦးဖြစ်ပါတယ်။ လေယာဥ်က ကျောင်းသူတွေအတွက်သီးသန့်စီစဥ်ထားတာ ဖြစ်တဲ့အ တွက် ကျောင်းသူများသာ လေယာဥ်ဖြင့် လိုက်ပါခွင့်ရှိကြောင်း၊ ကျောင်းသူများဘက်မှ သဘော တူရင်တော့ အ ရေးကြီးတဲ့တပ်မှရဲဘော် (၂)ဦးကို ထည့်နိုင်မှာဖြစ်ကြောင်း၊ ကျောင်းသူများကိုမေးကြည့်ပါမည်လို့ ပြန်ဖြေလိုက် ပြီး ကျောင်းသူများကို အခြေအနေပြောပြရာ ဘယ်သူကမှ နေရာဖယ်မပေး လိုကြပါ။ ဒါကြောင့် ကျောင်းသူများ က နေရာဖယ်မပေးလိုကြောင်း၊ တကယ်လို့ သိပ်အရေးကြီးတယ်ဆိုရင် လေယာဥ်ကို ရဲဘော်နှစ်ဦးအနေဖြင့် သီး သန့် ယူသွားနိုင်အောင် လေယာဥ်တာဝန်ရှိသူများနှင့် စီစဥ်ရန် လိုကြောင်း တိုင်းကောင်စီဝင်လူကြီးကိုကျွန်တော် က ပြန်ပြောပြခဲ့ပါတယ်။ လေယာဥ်တာဝန်ရှိသူတွေကလည်း လေယာဥ်မှာကျောင်းသူ (၁၈)ဦးအတွက်သီးသန့် စီစဥ်ထားတာဖြစ်တဲ့အတွက်အခြားအစီအစဥ်ဖြင့် ထွက်မပေးနိုင်ကြောင်း ပြောတဲ့အတွက် နောက်ဆုံးမှာတော့ ကျောင်းသူ (၁၈) ဦး သူတို့မိဘထံ ပြန်နိုင်ခဲ့ကြပါတယ်။

ဖော်ပြခဲ့တဲ့ဖြစ်ရပ်လေးတွေကို ပြန်ကြည့်ရင် လူကြီးလုပ်နေသူက “နာမည်”နှင့်”နံမယ်”မသဲကွဲတာ၊ မိမိတို့ရောက် တဲ့ အချိန်မှာမီးမလင်းတဲ့အတွက် နှုတ်ကြမ်းလျာကြမ်းဆဲဆိုနေမှုက မိမိကိုယ်တိုင်ခွေးဖြစ်နေတာ၊ လူကြီးတွေကို မီးလင်းကောင်လို့ ခေါ်ဝေါ်သတ်မှတ်ရအောင် လျှပ်စစ်မီးကိုသူတို့အတွက်သာ အခွင့် ထူးအနေဖြင့် သုံးနေကြတာ၊ မိမိအတွက် သူများအခွင့်အရေးကို ဝင်ရောက် ယူချင်တာမျိုးတွေဟာ ကျွန်တော်အမှန်တကယ်ကြုံတွေ့ ခဲ့ရတဲ့ ဘဝဖြစ်ရပ်မှန်များဖြစ်ပါတယ်။

မိတ်ဆွေများမှာ ကျွန်တော်ကြံဒခဲ့တဲ့အဖြစ်မျိုးတွေကင်းဝေးကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...