Monday, February 3, 2025

မိမိကိုယ်မိမိပိုမှန်ကန်စွာနားလည်အောင် ကိုယ်တိုင် မေးခွန်းမေးပြီးဖြေဆိုတဲ့နည်း Food for Thought 852 ဒေါက်တာသိန်းလွင်

 May be an image of 1 person and text that says '+ ๑ด๑/ จู้ใจ่ 768x514 514 သလ် កញ stunningmolivation.com LZ 7 Self-Discovery Self- Questions To Understand Yourself Better'ဒီနေ့ ” မိမိကိုယ်မိမိပိုမှန်ကန်စွာနားလည်အောင် ကိုယ်တိုင် မေးခွန်းမေးပြီးဖြေဆိုတဲ့နည်း”အကြောင်းကို Food for Thought 852 အဖြစ်မျှဝေလိုက်ပါတယ်။

မိမိကိုယ်မိမိပိုမှန်ကန်စွာနားလည်အောင် ကိုယ်တိုင် မေးခွန်းမေးပြီးဖြေဆိုတဲ့နည်း

မိမိကိုယ်မိမိပို နားလည်နိုင်အောင်မိမိကိုစူးစမ်းရှာဖွေတဲ့နည်း သို့မဟုတ် မိမိကိုယ်ကိုပိုသိနားလည် အောင် စူးစမ်း ရှာဖွေတဲ့မေးခွန်းများမေးပြီးသိနားလည်အောင်ပြုလုပ်ရန် လိုအပ်ပါတယ်။ အဲဒီလို မေးခွန်းမေးပြီးစူးစမ်းရှာဖွေတဲ့အခါ မိမိအကြောင်းကို လေးလေးနက်နက်စဥ်းစားလာစေပါတယ်။ အဲဒီမေးခွန်းတွေကို လေးလေးနက်နက်ဆင်ခြင်စဥ်းစားခြင်းဖြင့် မိမိအကြောင်းကို ပိုသိနားလည်လာ စေရန်အထောက်အကူဖြစ်စေပါတယ်။ အဲဒီအတွက်အခုချက်ခြင်းမေးအခုချက်ခြင်း သိနားလည်ဖို့မှာ ခက်ခဲပါတယ်။ အချိန်ပေးပြီးစဥ်းစားဖြေရန် လိုအပ်ပါတယ်။

အောက်ဘက်မှာ ဖော်ပြထားတဲ့မိမိကိုယ်မိမိပိုနားလည်စေရန်အထောက်အကူပြုတဲ့မေးခွန်းတွေကို လေးနက်စွာစဥ်းစား‌ဖြေဆိုကြည့်မယ်ဆိုရင် သင့်အနေဖြင့်
• သင့်စစ်မှန်တဲ့အခြေအနေလက္ခဏာများကိုသိလာမှာဖြစ်ပါတယ်။
• မိမိဘဝမှာအမှန်တကယ်ဘာလုပ်ချင်မှန်းမသိဘဲရောထွေးနေတာမျိုးကိုသိနားလည်လာမှာဖြစ်ပါတယ်။
• မိမိလျောက်လှမ်းလိုတဲ့ဘဝလမ်းကြောင်းကိုလျောက်လှမ်းနိူင်စေရန်လိုအပ်တဲ့ဆုံးဖြတ်ချက်များချနိုင်လာစေမှာဖြစ်ပါတယ်။
• လေးနက်တဲ့အဓိပ္ပါယ်ရှိသော ဘဝကို ထူထောင်နိုင်လာမှာဖြစ်ပါတယ်။
• မိမိရဲ့အကောင်းဆုံးပုံစံကိုဖော်ထုတ်နိုင်လာမှာဖြစ်ပါတယ်။

သင့်အနေဖြင့်မိမိအကြောင်းကို မှန်ကန်စွာနားလည်လာလေလေ မိမိကိုယ်မိမိ ပိုကောင်းလာအောင် ပြုပြင်နိုင်လေလေဖြစ်ပါတယ်။ အဲဒီလိုပြုပြင်နေထိုင်ခြင်းဖြင့် သင်အမှန်တကယ်အလေးထားတဲ့ပင်မ တန်ဖိုးများနှင့်အညီနေနိုင်လာမှာဖြစ်ပါတယ်။

၁။ မိမိအကြောင်းပိုသိနားလည်စေရန်အထောက်အကူပြုတဲ့မေးခွန်းများ

အောက်ပါမေးခွန်း (၁၅) ခုမှာသင့်အတွေးစိတ်ကူးများ၊ ခံစားမှုများ၊ အပြုအမူများကို ပိုနားလည်စေရန် အထောက်အကူပြုမှာဖြစ်ပါတယ်။
၁။ ငါရဲ့စိတ်ကူးအိပ်မက်ကဘာနဲ့တူပါသလဲ။ ငါ့အသိုင်းအဝန်းထဲမှာ ဘယ်သူတွေပါဝင်ပါသလဲ။ သူတို့ က အားလပ်တဲ့အချိန်တွေကို ဘယ်လိုသုံးနေကြပါသလဲ။ သူတို့ဟာ ဘယ်လိုဝါသနာတွေ အတွက်ရင်း နှီးမြှုပ်နှံမှုတွေပြုလုပ်နေကြပါသလဲ။ သူတို့တတွေဟာ ဝင်ငွေရအောင် ဘယ်လိုရှာနေကြပါသလဲ။ ၂။ ငါ့ဘဝမှာ ဘယ်နယ်ပယ်ကို တိုးတက်အောင် ငါ လုပ်ချင်ပါသလဲ။ ၃။ ငါဟာမိသားစုအတွက်၊ နေထိုင်တဲ့ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွက်နှင့်ကမ္ဘာလောကအတွက် တန်ဖိုးရှိတာ ဘာများလုပ်ပေးချင်ပါသလဲ။
၄။ ငါရဲ့ပင်မတန်ဖိုးထားမှုတွေက ဘာတွေလဲ။
၅။ငါဖြစ်ချင်တဲ့လူမျိုးဖြစ်အောင်လုပ်တဲ့နေရာမှာတွန့်ဆုတ်နောက်ပြန်ဆွဲနေတဲ့ကြောက်လန့်နေမှုကဘာလဲ။
၆။ ငါဟာ ကိုယ်တိုင်ရှာတွေ့ထားတဲ့တွေ့ရှိနားလည်ထားမှုများကိုဦးစားပေးနိုင်ရန် ဘယ်လိုလုပ်ဆောင် နိုင်ပါသလဲ။
၇။ ငါဟာမိမိအမှန်ဖြစ်ချင်တဲ့အတိုင်း အားမနာတမ်းလုပ်ဆောင်မယ်ဆိုရင် ဘာတွေဖြစ်လာမှာကိုငါက
ကြောက်နေပါသလဲ။
၈။ ဘာတွေကငါ့ကို နှစ်သက်အားရကျေနပ်စေပါသလဲ။ အဲဒီလိုနှစ်သက်ကျေနပ်အားရမှုတွေပိုရရှိ အောင် င့ါအနေနဲ့ဘယ်လိုလုပ်သင့်ပါသလဲ။
၉။ ငါ့ကိုပျော်ရွှင်စေတာတွေက ဘာတွေလဲ။
၁၀။ မိမိအမှန်ဖြစ်စေလိုတာဖြစ်မလာတဲ့အခါ ငါ့စိတ်မှာ ဘယ်လိုခံစားရပါသလဲ။
၁၁။ လာမဲ့ (၅) နှစ်မှာငါ ဘာဖြစ်ချင်ပါသလဲ။
၁၂။ ငါရဲ့ကိုယ်ကျင့်သိက္ခာကိုအကောင်းဆုံးဖော်ပြတဲ့ စကားလုံး (၃) လုံးကဘာတွေလဲ။
၁၃။ ငါဟာအပြောင်းအလဲလုပ်ရန် ဘာကြောင့် ခုခံနေတာလဲ။
၁၄။ ငါကဘာတွေကိုစိတ်ပူပန်နေတာလဲ။ အဲဒီစိတ်ပူပန်နေမှုတွေကို ဘယ်လိုစွန့်လွှတ်နိုင်မလဲ။
၁၅။ ငါရဲ့ကာယပိုင်း၊ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားခံစားမှုအပိုင်းတွေရဲ့ကျန်းမာမှုက ငါ့အတွက် ဘယ်လောက် အရေးကြီးပါလဲ။

၂။ ဘဝဦးတည်ချက်ပန်းတိုင်

မိမိဘဝဦးတည်ချက်ပန်းတိုင်ကိုချမှတ်နိုင်ခြင်းမှာ သောကြာကြယ်ကို တွေ့ရသလိုပင်ဖြစ်ပါတယ်။ အဲဒီဦး တည်ချက်ပန်းတိုင်ကို သင့်အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ဘဝရည် မှန်းချက်များချ မှတ်ခြင်း၊ မိမိအချိန်ကို ဘယ်လို သုံးချင်သလဲဆိုတဲ့ကိစ္စတွေမှာလမ်းပြအဖြစ် သုံး နိုင်စေပါတယ်။ အောက် ဘက်မှာဖော်ပြထားတဲ့မေးခွန်းတွေက သင်အနေနဲ့လူလောကမှာ ဘာ ကြောင့် လူဖြစ်လာကြောင်း အကြောင်း ကို ရှာတွေ့‌စေရန်အထောက်အကူပြုမှာဖြစ်ပါတယ်။

၁။ ငါဟာဘယ်အချိန်မျိုးမှာ လိုအပ်ချက်များပြည့်ဝတယ်လို့ခံစားရပါသလဲ။ အဲဒီလိုလိုအပ်ချက်များ ပြည့်စေတဲ့ ဖြစ်ရပ်အမျိုးမျိုးဖြစ်နေပါက အဲဒီအတွေ့အကြုံတွေမှာတူညီတဲ့သဘောလက္ခဏာဘာတွေ ရှိပါသလဲ။
၂။ ငါကလောကအတွက် ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်အောင်ဖန်တီးချင်ပါသလဲ။
၃။ ဘယ်လိုသက်ရှင်နေတိုင်ပုံက ငါ့အတွက် သက်ရှင်လှုပ်ရှားမှုအမြင့်ဆုံးဖြစ်စေပါသလဲ။
၄။ ငါ့ကို လူတွေက ဘယ်လိုမှတ်မိသတိရစေချင်ပါသလဲ။
၅။ နက်အိပ်ယာမှထပြီးစိတ်တွေတက်ကြွလှုပ်ရှားနေတဲ့အခါ အဲဒီတစ်နေ့တာလုပ်စရာတွေမှာ ဘာတွေဖြစ် နေပါသလဲ။
၆။ ငါ့အတွက်ဘဝမှာအရေးအကြီးဆုံးက ဘာလဲ။
၇။ ငါဟာ ဘာအတွက်ရုန်းကန်ကြိုးစားအားထုတ်နေလိုပါသလဲ။
၈။ င့ါအချိန်တွေကို စိတ်ကြိုက်အသုံးချနိုင်မယ်ဆိုရင် ငါဘာတွေလုပ်မှာလဲ။
၉။ ငါကကလေးဘဝက ဘာကို မက်မက်မောမော လုပ်တတ်ပါသလဲ။
၁၀။ ငါက ကောင်းစွာစွမ်းဆောင်လုပ်နိုင်တာတွေကဘာတွေလဲ။
၁၁။ ငါက ဘာလုပ်ရရင် စိတ်အားထက်သန်တက်ကြွနေပါသလဲ။
၁၂။ ဘာကမှတားမရအောင်ငါလုပ်ချင်တာက ဘာလဲ။
၁၃။ ငါကိုအခြားလူတွေနဲ့မတူအောင် ဖြစ်စေတဲ့ထူးခြားတဲ့အချက်က ဘာလဲ။
၁၄။ ငါအနေနဲ့ နေထိုင်တဲ့လူမှုပတ်ဝန်းကျင် သို့မဟုတ် နီးစပ်တဲ့လူမှုအသိုင်းအဝိုင်းမှာ တန်ဖိုးရှိတာကို ဘယ်လို ဖန်တီးပေးနိုင်ပါသလဲ။
၁၅။ ငါဟာနေထိုင်တဲ့လူမှုအသိုင်းအဝိုင်း သို့မဟုတ်ကမ္ဘာလောကအတွက် ဘာကိုဖြေရှင်းပေးလိုပါ သလဲ။

၃။ အသက်မွေးမှု လုပ်ငန်းခွင်မှာ မိမိကိုယ်မိမိမေးရန်မေးခွန်းများ

မိမိစိတ်ပါဝင်စားတဲ့အလုပ်ကိုရှာဖွေလုပ်ကိုင်နိုင်ခြင်းမှာစိတ်အားထက်သန်စွာလုပ်ဆောင်နိုင်စေပါ တယ်။ အဲဒီလိုအလုပ်က စိတ်ဖိစီးမှုနည်းစေပါတယ်။ စိတ်မှာကျေနပ်အားရမှုကိုပိုဖြစ်စေပါတယ်။ သင့်အနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်စေရန်အောက်ပါမေးခွန်းများကိုမေးကြည့်ပါ။

၁။ လောကမှာလုပ်ချင်တဲ့အလုပ်ကိုသာလုပ်နိုင်မယ်ဆိုရင် ငါဘယ်လိုအလုပ်မျိုးကိုရွေးချယ်လုပ်မှာလဲ။
၂။ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခု လုပ်ရမယ်ဆိုရင်ငါ့အတွက် ဘယ်လိုအလုပ်အမျိုးက စိတ် ဝင်စား စရာအကောင်းဆုံးဖြစ်မလဲ။
၃။ အောင်မြင်မှုဆိုတာကိုငါက ဘယ်လိုသတ်မှတ်ပါသလဲ။
၄။ အလုပ်လုပ်တဲ့အခါ ငါတန်ဖိုးထားတာကဘာလဲ။
၅။ အလုပ်ကိုရွေးတဲ့အခါ ကျရှုံးနိုင်မှုမရှိဘူးဆိုရင် ဘယ်လိုအလုပ်မျိုးကို ရွေးချယ်မှာလဲ။
၆။ အလုပ်လုပ်တဲ့အခါ ငါ့အတွက် ဘာကအရေးကြီးတာလဲ။လုပ်နေတဲ့အလုပ်ကိုချစ်မြတ်နိုးမှု၊ သို့မဟုတ် ဝင်ငွေအမြင့်ဆုံးရမှု၊ သို့မဟုတ် ဖော်ပြခဲ့တဲ့အချက် နှစ်ခုလုံးပြည့်စုံမှု၊ ဘာကအရေး အကြီးဆုံးလဲ။
၇။ လက်ရှိငါလုပ်နေတဲ့အလုပ်က ငါ့ချစ်မြတ်နိုးတဲ့အလုပ်ဟုတ်ပါသလား။
၈။ အလုပ်အကိုင်အသက်မွးမှုနဲ့ပတ်သက်လာရင်ငါ့စိတ်ကူးအိပ်မက်က ဘာလဲ။
၉။ လက်ရှိအသက်မွေးဝမ်းကျောင်းတဲ့လမ်းကြောင်းက ငါ့ကိုကျေနပ်စေပြီး ငါ့ဦးတည်ရည်မှန်းချက်ကို ဖြစ်စေပါသလား။
၁၀။ ငါရဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးအတွက် ငါ့ကိုလူတွေကမှတ်မိစေချင်ပါသလဲ။
၁၁။ ငါ့စိတ်ကူးအိပ်မက်ထားတဲ့အလုပ်နှင့် ပိုနီးသွားအောင်ငါ ဒီနေ့လုပ်ဆောင်နိုင်တဲ့ခြေလှမ်းကဘာလဲ။
၁၂။ ငါဟာလူတွေကို စီမံကွတ်ကဲရတဲ့အလုပ်ကို တန်ဖိုးထားပါသလား။
၁၃။ ငါဟာလုပ်ငန်းခွင်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးဖြစ်ပြီးကျန်စေချင်ပါသလဲ။
၁၄။ ငါဟာတစ်နှစ်မှာဝင်ငွေဘယ်လောက်များများ ရှာနိုင်ချင်ပါသလဲ။
၁၅။ လူတွေကငါ့ကို တန်ဖိုးထားပေးစေနိုင်တဲ့ ဘယ်လိုကျွမ်းကျင်မှုတွေ ငါ့မှာရှိပါသလဲ။

၄။ စိတ်အားထက်သန်ပြင်းပြမှုများ

မိမိရဲ့ဦးတည်ရည်မှန်းချက်က လောကအတွက် မိမိကမြှင့်တင်ပေးလိုတဲ့တန်ဖိုးထားမှုဖြစ်ပြီး စိတ်အား တက် ကြွထက်သန်မှုက အဲဒီတန်ဖိုးထားမှုကိုမြှင့်တင်ပေးနိုင်အောင် ဖြစ်ပေါ်လာစေပါတယ်။ အောက် ဘက်မှာ ဖော်ပြထားတဲ့မေးခွန်းများကိုမေးပြီး စိတ်အားထက်သန်မှုမပျက်အောင်ရှောင်ရှားရန် လိုအပ် ပါတယ်။

၁။ အချိန်ဘယ်လိုကုန်သွားမှန်းမသိအောင်ဖြစ်စေတဲ့ငါစိတ်အားထက်သန်းနေတဲ့အလုပ်က ဘာအလုပ်လဲ။
၂။ ငွေကြေးသာမလိုအပ်တာဖြစ်မယ်ဆိုရင် ငါဟာနေ့တိုင်း ဘာတွေလုပ်နေမှာလဲ။
၃။ ငါဟာသက်ရှင်ပြီးအတက်ကြွဆုံးဖြစ်နေမယ်ဆိုရင် ဘာတွေလုပ်ဆောင်နေမှာလဲ။
၄။ ငါရဲ့ အဖြစ်ချင်ဆုံးဘဝဆိုတာ ဘာတွေပါဝင်ပါသလဲ။
၅။ ငါဟာမဆုံးနိုင်အောင်စိတ်ဝင်တစားပြောနိုင်တာ ဘာများရှိပါသလဲ။
၆။ ငါအနေနဲ့ဘဝမှာ ဝါသနာပါတာတစ်ခုကိုသာရွေးနိုင်မယ်ဆိုရင်အဲဒါကဘာပါလဲ။
၇။ ငါဟာစလုပ်မိပြီဆိုရင် မရပ်နိုင်တာက ဘာလဲ။
၈။ အချိန်ကိုသုံးနိုင်တဲ့နည်းလမ်းတစ်ခုကိုသာရွေးနိုင်တယ်ဆိုရင် အချိန်ကိုသုံးရန် ဘာကိုရွေးမှာလဲ။
၉။ ငါ့ကိုစိတ်လှုပ်ရှားစေတဲ့ဝါသနာ သို့မဟုတ်ကျွမ်းကျင်မှုက ဘာလဲ။
၁၀။ ဘယ်လိုကျွမ်းကျင်မှုတွေကငါအတွက် သဘာဝအားဖြင့် ဖြစ်ပေါ်လာပါသလဲ။
၁၁။ လူတွေကငါ့ထံမှ သဘောထားမှတ်ချက်တောင်းခံတဲ့ နယ်ပယ်ဘာတွေရှိပါသလဲ။
၁၂။ ဝင်ငွေအတွက်မဟုတ်ဘဲ ငါ့အနေနဲ့စိတ်ပါလို့လုပ်ပေးနေတာ ဘာများရှိပါသလဲ။
၁၃။ အားတဲ့အချိန်တွေမှာ ငါလုပ်ချင်လို့လုပ်တာဘာအလုပ်များရှိသလဲ။
၁၄။ ငါ့စိတ်ဝင်စားတာတွေက ဘာတွေလဲ။
၁၅။ ငါကသာ တစ်ခုခုသင်ပေးရမယ်ဆိုရင် ဘာကိုသင်ပေးချင်ပါသလဲ။

၅။ မိမိ အတွင်းသဘောကို သိလာစေရန်ကိုယ်မိမိ မေးရန်မေးခွန်းများ

အောက်ပါမေးခွန်းများကမိမိအတွင်းသဘော ဖြစ်တဲ့ ကိုယ်ကျင့်သိက္ခာ၊ စိတ်ခံစားမှုများ၊ စိတ်လှုပ်ရှား ခံစားမှုများ၊ အတွင်းစိတ်တွန်းအားလှုံဆော်မှုများအကြောင်းပိုသိလာစေရန်အထောက်အကူပြုပါတယ်။ အဲဒီလိုမိမိအတွင်းသဘောအမှန်ကိုသိလာရင် အဲဒီအနေအထားနဲ့ကိုက်တဲ့ဆုံးဖြတ်ချက်များချနိုင်စေပြီး မိမိဘဝကို အတွင်းစိတ်အမှန်အတိုင်းပုံဖော်နိုင်စေပါတယ်။

၁။ ငါဟာဘယ်အချိန်မှာအပျော်ဆုံးဖြစ်ပါသလဲ။
၂။ ဒီအချိန်မှာ ငါဟာ ဘာကိုကျေးဇူးအတင်ဆုံးပါလဲ။
၃။ အခုအချိန်မှာ ငါဘဝမှာ ဘာကအကောင်းဆုံးဖြစ်နေပါသလဲ။
၄။ ခက်ခဲကြမ်းတမ်းတဲ့စိတ်လှုပ်ရှားခံစားမှုတွေကိုငါ့အနေနဲ့ အကောင်းဆုံးဘယ်လို ဆက်လက် ဆောင် ရွက် နိုင်ပါသလဲ။
၅။ ငါ့ဟာစိတ်မှာအကောင်းဆုံးခံစားနေရတဲ့အခါမှာ ဘာတွေလုပ်နေတတ်ပါသလဲ။
၆။ ဒီနေ့သာငါ့အတွက်နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင် ဒီနေ့မှာလုပ်ဖို့စီစဥ်ထားတာတွေကို အားလုံး လုပ်မှာလား။ အဲဒီလိုမဟုတ်ဘူးဆိုရင် ဘာကြောင့်လဲ။
၇။ မလုံမခြုံတဲ့စိတ်နေစိတ်ထားများမှ ငါဘာတွေများသင်ယူနိုင်ပါသလဲ။
၈။ ငါဟာငါဖြစ်ချင်တဲ့လူဖြစ်လာအောင် အားထုတ်ရန်ဘာကြောက်စိတ်တွေက တုံ့ဆိုင်းနေစေတာလဲ။
၉။ စိန်ခေါ်မှုတွေကြုံလာတဲ့အခါ ငါ့အတွက်အကောင်းဆုံးချဥ်းကပ်နည်းက ဘာနည်းလဲ။
၁၀။ ငါ့ဘဝမှာကြုံလာတဲ့တွေ့နေကျအတားအဆီးတွေကဘာတွေလဲ။ အကောင်းဆုံးဘယ်လိုတုံ့ပြန် နိုင်ပါသလဲ။
၁၁။ ငါဘဝမှ ကြောက်စိတ်၊ သို့မဟုတ်ချစ်စိတ်တွေလွှမ်းမိုးပြီးနေနေပါသလား။
၁၂။ ငါဘဝနေထိုင်ပုံက င့ါတန်ဖိုးထားမှုများ၊ ယုံကြည်မှုများနှင့်ရည်မှန်းချက်ပန်းတိုင်များနှင့် လိုက် လျောညီထွေရှိပါရဲ့ လား။
၁၃။ ငါဟာ နေ့စဥ်ငါ့ပတ်ဝန်းကျင်မှာရှိတဲ့အရာရာနဲ့ပိုသတိရှိရှိနေနိုင်အောင်ဘယ်လို လုပ်သင့်ပါသလဲ။
၁၄။ ဘာတွေကငါကိုအင်အားတွေပေးနိုင်ပြီး ဘာတွေက အင်အားတွေဆုတ်ယုတ်စေပါသလဲ။
၁၅။ သူငယ်ချင်းများနှင့်မိသားစုများက ပေးတဲ့သဘောထားမှတ်ချက်တွေကို ငါ ဘယ်လိုတုံ့ပြန်သင့်ပါ သလဲ။

၆။ လူတွေနှင့်အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းနှင့်ပတ်သက်ပြီးမေးသင့်တဲ့မေးခွန်းများ

လူတွေနှင့်အပြန်အလှန်ဆက်ဆံရေးမှာ ဘဝတွင်အခရာကျပါတယ်။ မိမိကိုဝန်းရံထားတဲ့လူတွေဆိုတာ မိမိအကူအညီလိုအပ်တဲ့အခါ အကူအညီပေးသူများဖြစ်ကြပါတယ်။ သင့်အနေဖြင့်လည်း သူတို့ လိုအပ် တဲ့အခါ ကူညီပေးရပါတယ်။ ဒါကြောင့် အကောင်းဆုံးအပြန်အလှန်ဆက်သွယ်မှုမျိုးရှိအောင်ထူထောင် ထားရန်လိုအပ်ပါတယ်။ အဲဒီလို ထူထောင်နိုင်ရန်အောက်ပါမေးခွန်းများမေးကြည့်ပြီးပြန်ဖြေရန်လိုအပ် ပါတယ်။

၁။ ငါအချိန်များစွာပေးပြီးဆက်သွယ်နေထိုင်သူတွေမှာ ငါမြင်လိုတဲ့အရည်အသွေးတွေနှင့် ကိုယ်ကျင့် လက္ခဏာတွေရှိကြပါသလား။
၂။ လူတွေနဲ့အပြန်အလှန်ဆက်ဆံရေးမှာငါ့အတွက်အကောင်းဆုံးဖြစ်နေတဲ့အပြန်အလှန်ဆက်ဆံရေးက ဘာလဲ။ အဲဒါကို ပိုကောင်းအောင်ငါ့အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးနိုင်ပါသလဲ။
၃။ ငါဟာနေထိုင်တဲ့လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဘယ်လို နေထိုင်ပြသလိုပါသလဲ။
၄။ ဘယ်လိုအပြန်အလှန်ဆက်ဆံရေးမှာမဆိုငါက ဘာကိုတန်ဖိုးအထားဆုံးလဲ။
၅။ ငါနှင့်အပြန်အလှန်ဆက်ဆံတဲ့လူတွေမှာရှိလာအောင်ငါကဘယ်လိုအရည်အသွေးတွေကို ယူ ဆောင်ပေးပါသလဲ။
၆။ သူငယ်ချင်းများနှင့်မိသားစုများအတွက် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်းငါက ဘယ် လိုပြသနိုင်ပါသလဲ။
၇။ အတိတ်ကဆိုးတဲ့အပြန်အလှန်ဆက်ဆံရေး၊ ကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးမှအရေးအကြီးဆုံး သင်ခန်းစာငါဘာများရခဲ့ပါသလဲ။
၈။ င့ါပတ်ဝန်းကျင်မှလူတွေနှင့် ထိတွေ့ဆက်သွယ်မှုရှိအောင်ငါ့အနေနဲ့ ဘယ်လိုပိုအားစိုက်ထုတ်နိုင်ပါ သလဲ။
၉။ ငါ့အနေနဲ့ သူငယ်ချင်းတွေကိုချစ်ခင်ကြောင်းနောက်ဆုံးထုတ်ပြောခဲ့တာဘယ်တုံးကလဲ။
၁၀။ ဘဝကြင်ဖော်အိမ်ထောင်ဘက်မှာငါတန်ဖိုးအထားဆုံးက ဘာလဲ။
၁၁။ အရင်းနှီးဆုံးအပြန်အလှန်ဆက်ဆံရေးတွေကငါ့ကိုဘယ်လိုခံစားစေပါသလဲ။
၁၂။ ငါ့အတွက် အံ့အားသင့်စရာကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးနည်းနည်းရှိဖို့၊သို့မဟုတ် သာမာန် အပြန်အလှန်ဆက်ဆံရေးမျိုးများများရှိဖို့ ၊ ဘာကပိုအရေးကြီးပါသလဲ။
၁၃။ ငါဟာ ပတ်ဝန်းကျင်မှာအပြန်အလှန်ဆက်ဆံရေးနဲ့ဘယ်အခါမှာ အကောင်းဆုံးဆက်သွယ်မှုရှိတယ် လို့ခံစားရပါသလဲ။
၁၄။ သူငယ်ချင်းတွေနဲ့ ငါရဲ့အပြန်အလှန်ဆက်ဆံရေးမှာ ဘာတွေက ကောင်းကောင်းအဆင်ပြေစေပြီး ဘာတွေကအဆင်မပြေဖြစ်နေပါသလဲ။
၁၅။ သူငယ်ချင်းတွေမှာငါအနေနဲ့တန်ဖိုးအထားဆုံးကဘာအရည်အသွေးတွေလဲ။

မိတ်ဆွေများ ဖော်ပြပါမိမိကိုယ်မိမိပိုသိနားလည်စေတဲ့မေးခွန်းတွေမေးပြီးမိမိကို ပိုကောင်းအောင် ပြုပြင်ခြင်းဖြင့် မိမိတို့ကိုယ်မိမိတို့ အကြောင်းဆုံး လူများဖြစ်လာအောင် လေ့ကျင့် ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...