ဒီနေ့
စိတ်ထားမှန်၊ လုပ်ရပ်မှန်တဲ့အတွက် အကျိုးရလဒ်ကောင်းဖြစ်စေတဲ့ အကြောင်းကို
လက်တွေ့ ကြုံခဲ့ရတဲ့ဆရာမလေး ဒေါ်အေးသူအကြောင်းကို Food for Thought 851
အဖြစ်မျှဝေလိုက်ပါတယ်။ ဒီအကြောင်းကို အစောပိုင်းကာလက
တစ်ခါမျှဝေခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီလိုဆရာမမျိုးတွေ များများ
လိုအပ်နေတဲ့အတွက် ထပ်မံမျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
လပုတ္တလုပ်မှ ဆရာမလေးဒေါ်အေးသူ
ဧရာဝတီတိုင်းအတွင်း
လပုတ္တလုပ်ကျေးရွာမှ ဆရာမလေးဒေါ်အေးသူရဲ့ တကယ့်ဖြစ်ရပ်မှာ အလွန်စိတ်
ကြည်နူးစရာ ကောင်းလှပါတယ်။ စိတ်ထားမွန်မြတ်မှုကြောင့်
ကောင်းတဲ့တုံ့ပြန်မှုများကို တပည့်များထံမှ ပြန်လည် ရရှိတာလို့
သတ်မှတ်နိုင်ပါတယ်။
ဒေါ်အေးသူဟာကျောင်းဆရာမအလုပ်လုပ်နိုင်ရန်ရပ်ရွာခန့်အဖြစ်အခြားကျေးရွာတစ်ရွာတွင်
မူလတန်း ပြဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလို
ရွာခန့်ဆရာမအဖြစ်အလုပ်ဝင်ရောက် လုပ်နေ တဲ့အချိန်မှာ ကံကောင်းချင်တော့
သင်တန်း မရရှိသေးတဲ့ဆရာတွေအတွက် ရက်တိုကလေးဗဟိုပြု သင်တန်းတက်ရောက်ခွင့်
ရလာခဲ့ပါတယ်။ အဲဒီသင်တန်းမှာ ကလေးတွေ စိတ်ဝင်စားအောင်သင်ပေးတဲ့ သင်နည်းတွေ၊
ကလေးတွေစာ သင်ရတာ ပျော်လာအောင် သင်ပေးတဲ့နည်းတွေ၊ ကလေးတွေ ကိုယ်
တိုင်ပါဝင် လုပ်ဆောင်ရတဲ့နည်းတွေကို သင်ယူခဲ့ရပါတယ်။ ကလေးတွေနဲ့ လက်တွေ့
သင်ကြား တာတွေ လည်း နမူနာပါတဲ့အတွက် ကလေးတွေ စိတ်ဝင် စားတာကို ဆရာမ
ဒေါ်အေးသူက မြင်တွေ့လာပါတယ်။ သူတို့ကျောင်းတက်စဉ်က သင်ပေးခဲ့တဲ့နည်း
လမ်းများမဟုတ်။ ကလေးတွေကိုယ်တိုင်ပါဝင်ပြီး သင်ရ တော့
ကလေးတွေစိတ်မှာပျော်တာကို မြင်တွေ့ လာပါတယ်။
ကိုယ်တိုင်ဟင်းကောင်းစားရတဲ့အခါ
မိမိနဲ့ခင်မင်သူတွေကိုသတိရတယ်ဆိုတဲ့စကားအတိုင်းဒေါ်အေးသူ က အခု
လိုသင်နည်းတွေနဲ့သာ ငါတို့ရွာက ကလေးတွေကို သင်ပေးလိုက်ရရင်ကလေးတွေသိပ်သဘော
ကျမှာ။ အဲဒီ လိုသင်ပေးနိုင်တဲ့အခွင့်ရချင် လိုက်တာလို့ စိတ်ကူးမိခဲ့ပါတယ်။
ဒီလိုနဲ့ရပ်ရွာခန့်ဆရာမအဖြစ်အမှုထမ်းလာတာ
(၂) နှစ်လောက်ကြာတဲ့အခါ လပုတ္တလုပ်ကျေးရွာမှာ ဆရာမ ရာထူးပေါ်တော့
ပြောင်းရွှေ့လျောက်ထားရာ ဆရာမဒေါ်အေးသူမိမိရွာမှာ မူလတန်းဆရာမ
အဖြစ်လုပ်ဆောင် နိုင်တဲ့အခွင့်ရခဲ့ပါတယ်။ ဒီတော့
မိမိစိတ်ကူးအိပ်မက်တွေပြည့်အောင် ဖြည့်နိုင်တော့ မယ်။ ဒိုရွာကကလေးတွေ
ပျော်အောင်စာကိုသင်ပေးနိုင်တာ့မယ်ဆိုပြီး စိတ်မှာ ပျော်နေပါတယ်။
ဒေါ်အေးသူတစ်ယောက်ရဲ့စိတ်နှလုံးထဲမှာ လိပ်ပြာလေးတွေ အတောင်ခပ်နေသလိုမျိုး
တဖြတ်ဖြတ် ဖြစ်နေတာကိုခံစားနေရပါတယ်။
ဒေါ်အေးသူတစ်ယောက်
စိတ်မှာတက်ကြွ ပျော်ရွှင်မှုတွေအများကြီးနဲ့ ရွာကကလေးတွေပျော်အောင်
လုပ်ပေးမယ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေနဲ့ ရွာကိုပြန်ရောက်လာပါတယ်။
ရွာသူရွာသားတွေက ဘာပြောကြသလဲဆို တော့ “ဟေးဒို့ရွာက ကောင်မလေး အေးသူ
ဆရာမအဖြစ်ရွာကို ပြန်ရောက်လာ သတဲ့” လို့ ပြောကြပါတယ်။ တစ်ရွာလုံးက
သူ့ကိုအေးသူလို့ သာခေါ်ကြပါတယ်။ တစ်ယောက်မှ ဆရာမလို့မခေါ်ကြပါဘူး။
ရွာသူရွာသား တွေလူကြီးတွေက ဆရာမလို့မခေါ်တာ ထားပါတော့၊ နှုတ်ကျိုး
နေလို့မခေါ်တာပါ။ ကျောင်းမှာ တက်နေတဲ့ အတန်းကြီး
ကလေးတွေကလည်းဒေါ်အေးသူကိုဆရာမလို့ ဘယ်သူကမှမခေါ်ကြပါဘူး။ ကျောင်းသူကျောင်း
သားကြီးတွေက သူ့ကိုဆရာမလို့လည်းမခေါ်၊ အခြား လည်းဘယ်လိုမှ မခေါ်ကြပါ။
ဒါပေမဲ့ ဒေါ်အေးသူ ကတော့ လူတွေက သူကိုဆရာမလို့မခေါ် လည်း စိတ်မှာ
ဘာမှမထားပါဘူး။သူ့စိတ်မှာ ထားတဲ့အတိုင်း ကျောင်းသားလေး တွေကို
ပျော်အောင်သင်ပေး ဖို့သာစိတ်ဝင်စားပါတယ်။ သူက ဒုတိယတန်းမှာ သင်ပေးရပါ တယ်။
ဒုတိယတန်း ကလေးတွေကတော့ သူ့ကိုဆရာမလို့ခေါ်ကြပါတယ်။
ဆရာမနဲ့စာသင်ရတာကိုသဘောကျကြပါတယ်။
တစ်နေ့မှာတော့
သူက အတန်းထဲမှာ ဒေါင်းယောင်ဆောင်တဲ့ကျီးအကြောင်း သရုပ်ဆောင်တဲ့နည်းကို
သုံးပြီး သင်ပေးရန် ကျောင်းသားများနဲ့ ပြင်ဆင်ကြပါတယ်။ ကျောင်းသားတွေက
ဒေါင်းအတောင်တွေ၊ ကြီးအတောင်တွေ စတဲ့သရုပ်ဆောင်ရာမှာ
သုံးနိုင်တဲ့ပစ္စည်းများကို စုဆောင်းကြပါတယ်။ ပြီးတော့ သရုပ်ဆောင်တဲ့အနေနဲ့
အစမ်းသဘော လေ့ကျင့်မှုများလည်းပြု လုပ်ကြပါတယ်။ နယ်ကကျောင်းတွေ ဆိုတာ
အခန်းအကာ ပြီပြီပြင်ပြင် မရှိတဲ့အခန်းကျယ်တွေထဲမှာ နေရာခြားပြီး သင်နေရ
တော့ ကျန် ကျောင်းသားတွေက ဒုတိယတန်းကျောင်း သူကျောင်းသားတွေ
ပြင်ဆင်နေတာတွေ၊ သရုပ်ဆောင်နေ တာတွေတွေ့တော့ သူတို့ လည်းပါချင်လာပါတယ်။
ဒုတိယတန်းကျောင်းသားတွေပျော်ရွှင်စွာ သင်နေတာ တွေ့တော့ သူတို့လည်း
ပါချင်လာပါတယ်။ ဒါနဲ့ နောက်တစ် ချိန်ပြောင်းတဲ့အခါ စတုတ္ထတန်းနဲ့ တတိယ
တန်းမှ ကျောင်းသားတစ်ချို့က ဆရာမဒေါ်အေးသူကို ပထမဆုံး အကြိမ် “ဆရာမ”လို့
လာခေါ်ပါတယ်။ ဒေါ်အေးယူကလည်းအံ့အား သင့်သလိုဖြစ်သွားပါတယ်။ ပထမဆုံး အကြိမ်
အတန်းကြီးကျောင်းသား များက သူ့ကိုဆရာမလို့ ခေါ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။
လာမိတ်ဆက်တဲ့ ကလေးတွေက သူတို့ လည်း အဲဒီလို ကစားတဲ့နည်းတွေနဲ့သင်တဲ့အခါ
ပါချင်ပါတယ်လို့ပြောတော့ ဆရာမက ဝမ်းသာအားရ ကြိုဆိုပါတယ်။ သူတို့ကိုလည်း
သရုပ်ဆောင်တဲ့သင်ကြားနည်းတွေ သင်ယူ နိုင်အောင် အကူ အညီပေးပါ
တယ်။သူ့ကိုဆရာမလို့ မခေါ်လေခြင်း ဆိုတဲ့စိတ်နဲ့ စိတ်ဆိုး
ခြင်းလုံးဝရှိခဲ့ပါဘူး။ ဒါနဲ့ဆရာမဒေါ်အေးသူ နဲ့
ကျောင်းသူကျောင်းသားတွေအားလုံးအလွန်ရင်းနှီး သွားကြပါ တယ်။
ဒေါ်အေးသူကရွာကျောင်းကို
လာတက်ရတယ်ဆိုပေမဲ့ ချောင်းငယ်လေးတစ်ခုခြားနေတဲ့အတွက် လှေ
ငယ်လေးနဲ့ကျောင်းကို လာရပါတယ်။တစ်နေ့မှာ ဒေါ်အေးသူလှေကလေးနဲ့
ချောင်းငယ်လေးကို ဖြတ် လှော်နေတဲ့ အချိန်မှာ ချောင်းကမ်းပါးထိပ်မှာ
ကလေးငယ်နှစ်ယောက် ရပ်စောင့်နေတာကို ခက်လှမ်း လှမ်းမှတွေ့လိုက်ရပါတယ်။
ဆရာမကမှာထားခြင်းမရှိတဲ့အတွက် ဘယ်ကကလေးတွေလဲဆိုတာ ဒေါ်အေးသူက
စဉ်းစားနေမိပါတယ်။ ခဏအကြာမှာ ကမ်းနဲ့နီးလာတော့ သူ့တပည့် နှစ်ယောက် ဖြစ်နေ
တာတွေ့လိုက်ရပါတယ်။ သူတို့လက် တွေထဲမှာလည်း
ပလပ်စတစ်အိပ်တွေဆွဲကိုင်ထားတာကို တွေ့လိုက်ရပါတယ်။ ဆရာမက သားတို့ ဘာလာ
လုပ်နေတာ လဲလို့မေးလိုက်တော့ ဆရာမကို လာကြိုစောင့်နေတာပါလို့
ကလေးနှစ်ယောက်က ပြန်ဖြေပါတယ်။ ဆရာမ စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်နေသလို
လာကြိုတယ်ဆိုတဲ့အတွက်ဝမ်းသာမှုလည်းဖြစ်မိခဲ့ပါတယ်။ လှေက
ဆိပ်ကမ်းကပ်လိုက်တဲ့ အခါ ဆရာမက လှေထဲမှဆင်းလိုက်တာနဲ့လတာပြင်အပေါ်
အရင်ခြေချ ရပါတယ်။ ဧရာဝတီဒေသခံ တွေဆိုရင် အဲဒီသဘောကို နားလည်ကြပါတယ်။
ကလေးတစ်ယောက်က ဆရာမလက်ထဲမှ လက်ဆွဲ ချင်းကို လှမ်းယူလိုက်ပါတယ်။ ဆရာမက
ကမ်းစပ်မြေမာအပေါ်ရောက်တဲ့အခါ ကျန်တဲ့တယောက်က
သူကိုင်ထားတဲ့ပလပ်စတစ်အိပ်ထဲမှာ ထည့်ထားတဲ့ရေနဲ့
ဆရာမခြေကိုလောင်းဆေးပေးပြီး ဆရာမ ခြေမှာ ပေနေတဲ့ ရွံ့တွေကို သူ့လက်ဖြင့်
ပြောင်းအောင် သပ်ချပေးနေပါတယ်။ ပြီးတော့ ရေဖြင့် ထပ်ဆေး ပေးပါတယ်။ ဆရာမက
ကလေးတွေအပေါ်စေတနာအပြည့်ထားပြီး သင်ကြားလေ့ကျင့်ပေးတဲ့အတွက်
ကလေးတွေစိတ်ထဲနှလုံးထဲမှာနှစ်နှစ်ကာက
ဆရာမကိုချစ်ခင်လေးစားတန်ဖိုးထားတဲ့အတွက် သူတို့ စိတ်မှာရှိတဲ့အတိုင်း
စောင့်ရှောက်တာဖြစ်ပါတယ်။ ဆရာမလည်း တပည့်နှစ်ယောက်က ဆရာမှန်း သိတတ်ပြီး
လာကြိုတာ၊ အခုလို လုပ်ဆောင်ပေးနေတာကို ကြည့်ရင်း မျက်ရည်များတောင်ဝေ့၀ဲ
လာပါ တယ်။ ပြီးတော့ သားတို့ကိုဆရာမ ကျေးဇူးတင်ပါတယ်လိုပြောလိုက် ပါတယ်။
စေတနာအရင်းခံနဲ့
ကလေးများအပေါ်ကောင်းစေချင်တဲ့စိတ်ထားမြတ်ကြောင်း ကလေးများဘက်က လည်း
ရိုးသားဖြူစင်စွာ တုံ့ပြန်တဲ့နေတဲ့အေးမြလှတဲ့
မေတ္တာရောင်ပြန်များသာဖြစ်ပါတော့တယ်။
မိဘဆရာများ သားသမီးတပည့်များအပေါ်မှာ ဆရာမ ဒေါ်အေးသူလို့ မေတ္တာထားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment