Monday, February 3, 2025

တိုးတက်တဲ့နိုင်ငံတွေမှာသုံးနေတဲ့ ထိရောက်တဲ့သင်နည်းအလေ့အကျင့်များ Food for Thought 875 ဒေါက်တာသိန်းလွင်

May be an image of 6 people, people studying and text


ဒီနေ့ ” တိုးတက်တဲ့နိုင်ငံတွေမှာသုံးနေတဲ့ ထိရောက်တဲ့သင်နည်းအလေ့အကျင့်များ”အကြောင်းကို ဆရာများ အတွက်နမူနာယူနိုင်စေရန် Food for Thought 875 အဖြစ်မျှဝေလိုက်ပါတယ်။

တိုးတက်တဲ့နိုင်ငံတွေမှာသုံးနေတဲ့ ထိရောက်တဲ့သင်နည်းအလေ့အကျင့်များ
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

 

 
နိုင်ငံအများတွင်ကျောင်းသားများသင်ယူမှုအသေအချာရှိအောင် သင်ကြားတဲ့နည်းလမ်းအလေ့အကျင့်များကို တိုးတက်အောင်ကြံဆောင်လုပ်ဆောင်နေကြပါတယ်။ တိုးတက်တဲ့နိုင်ငံများတွင် ကျင့်သုံးနေတဲ့ဆန်းသစ်ပြီး ထိရောက်တဲ့ ချဥ်းကပ်နည်းတွေကိုလေ့လာခြင်းဖြင့် ကျောင်းသားများတက်ကြွစွာသင်ယူနိုင်ရေးအတွက် တန် ဖိုးရှိတဲ့အမြင် များကိုရရှိနိုင်ပါတယ်။ တိုးတက်ပြီးထိရောက်တဲ့သင်နည်းများကိုကျင့်သုံးနေတဲ့နိုင်ငံတစ်ခု ချင်းကို လေ့လာကြည့်ရအောင်။

ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံဟာ ကောင်းမွန်တဲ့ပညာရေးစနစ်ကြောင့် ထင်ရှားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပညာရေးမှာ ထိပ်ဆုံး အဆင့်မှာရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဖင်လန်မှာကျင့်သုံးတဲ့သင်ကြားရေးစနစ်မှာ ကျောင်းသားဗဟိုပြုချဥ်းကပ် တဲ့နည်းဖြစ်ပါတယ်။ ပြီးတော့ ဆန်းသစ်တီထွင်မှုကိုလည်း အားပေးပါတယ်။ ဖင်လန်နိုင်ငံတွင် ဖြစ်ရပ်များကို အခြေခံပြီးလေ့လာသင်ယူတဲ့ချဥ်းကပ်နည်းကိုထိရောက်စွာသုံးပါတယ်။ ဘာသာရပ်အခြေခံတာမျိုးမဟုတ်ဘဲ သဘာဝဖြစ်ရပ်များကို လေ့လာရာမှာ ဘာသာရပ်များပေါင်းစပ်ချဥ်းကပ်တဲ့နည်းကို ကျင့်သုံးကြပါတယ်။ ဥပမာ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်၊ ရေရှည်ခံတဲ့စွမ်းအင် စတဲ့သဘာဝဖြစ်ရပ်များကို လေ့လာရာမှာ ဘာသာရပ်များ ပေါင်းစည်းချဥ်းကပ်တဲ့သင်နည်းကိုသုံးပါတယ်။ ဒီချဥ်းကပ်နည်းက ကျောင်းသားများမှာ ဝေဖန်ပိုင်းခြားစဥ်းစား နိုင်မှုစွမ်းရည်။ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်၊ နှင့် ပူပေါင်း လုပ်ဆောင်ဖြေရှင်းနိုင်တဲ့စွမ်းရည်များတိုးတက်လာ စေပါတယ်။ ပြီးတော့ လက်တွေ့နယ်ပယ်မှာဖြစ်နေတဲ့ဖြစ်ရပ်မှန်များနှင့်ရှုပ်ထွေးတဲ့သဘောတရားများကိုလည်း ကောင်းစွာနားလည်အောင်အထောက်အကူပြုပါတယ်။

ဂျပန်နိုင်ငံ

ဂျပန်မှာ သင်ခန်းစာကိုလေ့လာခြင်းနည်းအဖြစ် “jugyokenkyu” မှာထင်ရှားလူသိများပါတယ်။ ဆရာများလော က မှာပေါ်ပျူလာဖြစ်တဲ့နည်းဖြစ်လာပါတယ်။ ဆရာတစ်စုက သင်ခန်းစာကိုအတူတူပြင်ဆင်ကြပါတယ်။ အတူ သင်ခန်းစာသင်မှုကိုကြည့်ရှုလေ့လာပြီး ပြန်လည်ထင်ဟပ်သုံးသပ်မှုကိုအတူတူပြုလုပ်ကြပါတယ်။ ဆရာတစ် ဦးက သင်ကြာပေးမှုကိုဦးဆောင်ပြုလုပ်ပါတယ်။ အခြားဆရာတွေက သင်ခန်းစာကိုပြင်ဆင်ခြင်း၊ ဆရာသင်နေ တဲ့အချိန်မှာကျောင်းသားများက ဘယ်လိုတုံ့ပြန်နေတယ်ဆိုတာကို ကြည့်ရ့လေ့လာခြင်း၊ကျောင်းသားများသင် ခန်းစာသင်ယူမှုမှာ ဘယ်လောက်တက်ကြွမှုရှိတယ်ဆိုတာတွေကို ကြည့်ရှုလေ့လာမှတ်သားကြပါတယ်။ အဲဒီလို မိမိတို့လေ့လာသင်ယူထားမှုများမှာအကောင်းဆုံးများကို ပေါင်းစပ်အသုံးပြုပြီး ပူးပေါင်းတာဝန်ခွဲဝေယူတဲ့ချဥ်း ကပ်နည်းဖြင့် ဆရာတွေ ဟာသူတို့သုံးတဲ့ချဥ်းကပ်နည်းတွေကို ပိုကောင်းမွန် ထိရောက်အောင် စီစဥ်ကြပါတယ်။

စင်ကာပူနိုင်ငံ

စင်ကာပူနိုင်ငံကတော့ သင်္ချာသင်ပေးတဲ့ချဥ်းကပ်နည်းမှာ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုတာကိုခံရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာသင်္ချာသင်တဲ့အခါသုံးတဲ့ချဥ်းကပ်နည်းကိုတော့ အကောင်အထည်မဲ့ တာကို အကောင်အထည်ရှိပြီးရုပ်ပုံတွေပါသုံးပြီးသင်ပေးတဲ့ချဥ်းကပ်နည်း (Concrete-Pictorial-Abstract (CPA) approach) လို့ခေါ်ပါတယ်။

အကောင်အထည်မဲ့တာတွေနှင့် ညီမျှခြင်းများအကြောင်းမသင်ခင် ဒီချဥ်းကပ်နည်း ဖြင့် အကောင်အထည်ရှိတာတွေကို ကျောင်းသားများက လက်တွေ့ကိုင်တွယ်ပြီး၊ ပြသထားတဲ့ရုပ်ပုံတွေကို ကြည့်ရင်း သင်္ချာဆိုင်ရာသဘောတရားများကို စတင်မိတ်ဆက်ပေးပါတယ်။ အဲဒီလိုသင်ပေးတဲ့အဆင့် ကိုတော့ အကောင်အထည်ရှိပြီးရုပ်ပုံကိုပါမြင်တွေ့နေတဲ့အဆင့် လို့ သတ်မှတ်ပါတယ်။ (concrete and pictorial stages = CPA ) ကျောင်းသားများမှာ ပြဿနာဖြေရှင်းနိုင်စွမ်းများတိုးတက်လာပြီး သင်္ချာဆိုင်ရာသဘောတရားများကိုလေး နက်စွာနားလည်စေပါတယ်။

ဆွီဒင်နိုင်ငံ

ကျောင်းသားများသင်ယူမှုတိုးတက်လာစေရန် ဆွီဒင်နိုင်ငံမှာ ကျောင်းပြင်ပပညာပေးအစီအစဥ်ကို လေးနက်စွာ အကောင်အထည်ဖော်နေပါတယ်။ အဲဒီ ချဥ်းကပ်နည်းကိုတော့ သစ်တောထဲမှကျောင်းလို့အမည်ရပါတယ်။

သစ်တောထဲမှကျောင်း“skogs¬förskolor,” ဟာဆွီဒင်နုင်ငံမှာ ရေပန်းစားလာတဲ့ချဥ်းကပ်နည်းတစ်ခုဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာ ဆိုရင် သဘာဝအခြေခံပြီး လှုံ့ဆော်မှုအားကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။ အဲဒါ ကြောင့် ကျောင်းသားများဟာသဘာဝသစ်တောထဲမှာ စူးစမ်းလေ့လာခြင်း၊ သစ်တောထဲမှာ အကာအကွယ် နေရာများကိုကိုယ်တိုင်တည်ဆောက်ခြင်းနှင့် တောတွင်းတိရစ္ဆာန်များရဲ့ သဘာဝကိုကြည့်ရှုလေ့လာခြင်းများ ပြုလုပ်နိုင်လာစေပါတယ်။ အဲဒီလိုသဘာဝသစ်တောထဲမှာ သင်ယူနိုင်‌အောင်စီစဥ်ပေးတဲ့အတွက် ကျောင်းသား များဟာ သဘာဝကိုချစ်မြတ်နိုးလာခြင်း၊ စူးစမ်းလိုစိတ်နှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများနှင့်အတူ ပတ်ဝန်း ကျင်ကို ပိုသိမြင်နားလည်ခြင်းများတိုးတက်လာကြပါတယ်။

သြစတြေးလျနိုင်ငံ

သြစတြေးလျနိုင်ငံမှာဆိုရင် ဒေသခံတိုင်းရင်းသားများရဲ့ယဥ်ကျေးမှုကို နားလည်ရန် ပေးတဲ့ပညာရေးအစီအစဥ် ကို အလေးထားသင်ပေးပါတယ်။ ဒေသခံများရဲ့ယဥ်ကျေးမှုကို ပိုမိုနားလည်လာအောင်ရည်ရွယ်သင်ပေးခြင်းဖြစ် ပါတယ်။ သင်ရိုးညွှန်းတမ်းမှာဆိုရင် သြစတြေးလျမှာရှေးဦးစွာနေထိုင်ခဲ့ကြသူများနှင့် Torres Strait ကျွန်းမှာနေ ထိုင် ကြသူများရဲ့အမြင်ရှုထောင့်များကိုပေါင်းစပ်ထည့်ထားခြင်းမှာထိရောက်တဲ့ချဥ်းကပ်နည်းတစ်ခုဖြစ်ပါတယ်။ စာသင်ပေးတဲ့အခါဆရာများက ရှေးဦးစွာနေထိုင်ခဲ့ကြသူများရဲ့ယဥ်ကျေးမှုများ၊ အသိအမြင်များ၊ သမိုင်ကြောင်း များ၊ ကို အခြားဘာသာရပ်များသင်ရာတွင်ပေါင်းစပ်ထည့်ပေးကြပါတယ်။ အဲဒီလိုသင်ပေးတဲ့ဦတည်ချက်မှာ ရှေးဦးစွာနေထိုင်ခဲ့သူများရဲ့ယဥ်ကျေးမှုကိုကောင်းစွာနားလည်ပြီး သူတို့အပေါ်လေးစားတန်ဖိုးထားမှုများရှိလာ စေရန် ဖြစ်ပါတယ်။ အဲဒီအစီအစဥ်ကြောင့် အားလုံးအကျိုးများစေပါတယ်။ ကျောင်းသားများအနေဖြင့်ရှေးဦး နေထိုင်ခဲ့ကြသူများရဲ့ယဥ်ကျေးမှုများကို သိနားလည်ခြင်းနှင့် တန်ဖိုးထားဆက်ဆံခြင်းနှင့် အားလုံးပါဝင်အောင် နေထိုင်မှုတို့ကို အားပေးပါတယ်။

ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံမှာတော့ ပညာရေးလုပ်ငန်းမှာအားလုံပါဝင်နိုင်ရေးအရေးကြီးတာကိုအသိအမှတ်ပြုပါတယ်။ သင် ယူမှုအတွက် အားလုံးလက်ခံကျင့်သုံးနိုင်တဲ့ပုံစံကို (UDL= Universal Design for Learning) ဖော်ထုတ်ထားပါ တယ်။ အဲဒီပုံစံအရ သင်ယူသူတွေအနေဖြင့် မိမိတို့အကျွမ်းဝင်ဆုံးနည်းများဖြင့် ပါဝင်လုပ်ဆောင်ခြင်း၊ ဖေါ်ပြ ခြင်းနှင့် ကိုယ်စားပြုခြင်းတို့ကိုပြုလုပ်နိုင်စေ ပါတယ်။ ကျောင်းသားတိုင်းအတွက် အောင်မြင်နိုင်ရန် တန်းတူ ညီမျှတဲ့အခွင့်အလမ်းများဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှဆရာတွေဟာသင်ကြားတဲ့အခါ ညွှန်ကြားချက်ကို မတူတဲ့နည်းတို့ဖြင့် သင်ယူသူ များလိုအပ်ချက်နှင့်အညီနားလည်အောင်ပေးကြပါတယ်။ အထောက်အကူပြုတဲ့နည်းပညာများသုံးပြီး အားလုံး အကျုံးဝင်တဲ့သင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးထားကြပါ တယ်။

သင် ယူမှုအတွက် အားလုံးလက်ခံကျင့်သုံးနိုင်တဲ့ပုံစံကို (UDL= Universal Design for Learning) တွင်အပိုင်း (၃)ပိုင်းပါဝင်ပါတယ်။

၁။ ခံစားမှုအပိုင်း ကွန်ယက်ဆက်သွယ်မှုအပိုင်း= ဒီအပိုင်းကတော့ သင်ယူမှုဆိုတာ ဘာကြောင့် ဖြစ်နေသလဲ ဆိုတာနဲ့သက်ဆိုင်ပါတယ်။ သင်ယူသူတွေဟာ ဘယ်လိုတက်ကြွစွာပါဝင်သင်ယူကြပါသလဲ။ ပြီးတော့ ဆက် လက်ပြီးစိတ်အားထက်သန်စွာဆက်လက်သင်ယူနေကြပါသလဲ။ သူတို့အဲဒီလိုတက်ကြွစွာဆက်လက်သင် ယူ နိုင်အောင် သူတို့ကို ဘယ်လိုစိန်ခေါ်မှုတွေပေးမလဲ။ စိတ်လှုပ်ရှားမှုရှိအောင်။ စိတ်ဝင်စားနေအောင် ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့အပိုင်းတွေက စိတ်ခံစားမှုအပိုင်းတွေဖြစ်ပါတယ်။

ဒုတိယပိုင်းကတော့ အသိအမှတ်ပြုခြင်းကွန်ယက်ဆက်သွယ်မှုအပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ဘာတွေကို သင်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ သင်ပေးရန်အချက်အလက်များကိုဘယ်လိုစုဆောင်းမလဲ၊ ပြီးတော့ မြင်တာ ကြာတာထိတွေ့တာဖတ်တာတွေကို သင်ယူမှုလွယ်အောင် ဘယ်လို အုပ်စုများဖွဲ့မလဲ။ ပြီးတော့ အက္ခရာများ၊ စကားလုံးများ၊ သင်ပြသူအတွေ့အကြုံအရ အကောင်းဆုံးစတိုင်ဖြင့် ဖေါ်ခြင်းတို့ ဒီအပိုင်း မှာပါဝင်ပါတယ်။

တတိယအပိုင်းမှာနည်းဗျူဟာသတ်မှတ်ပြီးကွန်ယက်ဆက်သွယ်မှုအပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ သင်ယူမှုဖြစ် အောင် ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဆရာအနေဖြင့်သင်ပေးမဲ့လုပ်ငန်းကို ကြိုတင်ပြင်ဆင် ခြင်းနှင့် သင်ပေးခြင်းတို့ပါဝင်ပါတယ်။ ဆရာအနေဖြင့် ပြောပြချင်တဲ့စိတ်ကူးတွေကို ဘယ်လိုစုစည်းပြီး ဘယ်လို ထုတ်ဖောါ်ပြောသလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဥပမာ စာစီစာကုံးတစ်ခုရေးခိုင်းခြင်း၊ သင်္ချာပုစ္ဆာတစ်ခု တွက်ခိုင်း ခြင်းတို့မှာ ဒီအပိုင်းမှာ ပြုလုပ်တဲ့နည်း ဗျူဟာကျတဲ့အလုပ်တွေဖြစ်ပါတယ်။

ဖေါ်ပြခဲ့တဲ့အပိုင်း (၃)ပိုင်းကို အောက်ပါအတိုင်းအနှစ်ချုပ်ဆက်စပ်ကြည့်နိုင်ပါတယ်။
(၁) သင်ယူမှုဖြစ်လာအောင် လှု့ဆော်ပေးခြင်း
(၂) သတင်းအချက်အလက်များကိုနည်းလမ်းအမျိုးမျိုးဖြင့် ပေးခြင်း နှင့်
( ၃) ကျောင်းသားများသူတို့နားလည်ထားတာကို ဖေါ်ပြတဲ့နည်းလမ်းအမျိုးမျိုးသုံးခြင်း

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုတွင်ပရောဂျက်အခြေခံ သင်ယူတဲ့နည်းကိုထိရောက်တဲ့သင်ကြားနည်းအဖြစ် တွင်တွင် ကျယ်ကျယ်ကျင့်သုံးပါတယ်။ အဲဒီနည်းအရကျောင်းသားများဟာ လက်တွေ့ဖြစ်ရပ်အခြေပြုလုပ်ငန်းကို မူတည် ပြီး ပရောဂျက်လုပ်ငန်းအဖြစ်လေ့လာရပါတယ်။ အဲဒီလုပ်ငန်းလေ့လာဖို့ ဝေဖန်ပိုင်းခြားစဥ်းစားမှု၊ ပူပေါင်းလုပ် ဆောင်မှုနှင့် ပြဿနာ‌ဖြေရှင်းနိုင်တဲ့ကျွမ်းကျင်မှုများပေါင်းစပ်သုံးရန် လိုအပ်ပါတယ်။ ဥပမာအားဖြင့် လူမှုရေး ဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး တင်ပြတဲ့အခါမှာ ကျောင်းသားများအနေဖြင့် လူထုဆက်သွယ်ရေးကိရိယာ အ မျိုးမျိုးကိုသုံးပြီးတင်ပြနိုင်ပါတယ်။ သို့မဟုတ် ရေရှည်တည်တံ့တဲ့ဥယာဥ်တစ်ခုကိုဖန်တီးပြနိုင်ကြပါတယ်။ဒီနည်း ကိုသုံးတဲ့အတွက် ကျောင်းသားတွေမှာ သူတို့ကိုယ်တိုင်ဖန်တီးစီစဥ်နိုင်မှု၊ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊လုပ်ဆောင် နေတဲ့လုပ်ငန်းပရောဂျက်မှာသူတို့သင်ယူနားလည်ထားတာတွေကိုအဓိပ္ပါယ်ရှိရှိပြန်လည်အသုံးချနိုင်စေပါတယ်။

ဖော်ပြခဲ့တဲ့ချဥ်းကပ်နည်းများကတော့ ပညာရေးကိုအလေးထားတဲ့တိုးတက်တဲ့နိုင်ငံတွေမှာ ကျင့် သုံးနေတဲ့ချဥ်း ကပ် နည်းအမျိုးမျိုးဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ မတူတဲ့အနေအထားနှင့် စိန်ခေါ်မှုများရှိကြသော်လည်း အားလုံး ကို ပေါင်းစပ်ထားတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အရည်အသွေးမြင့်တဲ့ပညာကို ဆန်းသစ်တီထွင်တဲ့ စိတ်ကူးနှင့် သုတေသနလေ့လာတွေ့ရှိချက်များအပေါ်အခြေခံထားတဲ့ထိရောက်တဲ့နည်းများကိုအသုံးပြုခြင်းပင် ဖြစ်ပါ တယ်။
ဖော်ပြခဲ့တဲ့အလေ့အကျင့်များကိုစံနမူနာယူပြီး ပညာရေးလုပ်ငန်းလုပ်နေသူများအနေဖြင့် မိမိတို့တာဝန်ယူသင် နေရတဲ့ အတန်းထဲမှ ကျောင်းသားများတက်ကြွစွာပါဝင်သင်ယူလာအောင် ဖော်ပြပါနည်းများကိုသုံးကြည့်နိုင်ပါ တယ်။ သင်ယူသူအားလုံးပါဝင်တဲ့သင်ယူသူဗဟိုပြုချဥ်းကပ်တဲ့သင်နည်းများကို သုံးခြင်းဖြင့် ဝေဖန်ပိုင်းခြား စဥ်းစားတတ်မှု၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ ပြဿနာများကို ပူးပေါင်းဖြေရှင်းနိုင်မှု၊ မိမိတို့တွေ့ရှိချက်များကို အားအကောင်းဆုံးနည်းလမ်းများသုံးပြီးပြန်လည်တင်ပြနိုင်စွမ်းရှိတဲ့ကျောင်းသားများဖြစ်လာအောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။

ဆရာဆရာမများ ကျောင်းသားများတိုးတက်အောင်အသုံးချကြည့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...