Monday, February 3, 2025

စဥ်းစားတတ်အောင်သင်ပေးတဲ့ကျောင်းနဲ့ တစ်သက်တာသင်ယူမှုကိုအားပေးတဲ့လူမှု အဖွဲ့အစည်း Food for Thought 876 ဒေါက်တာသိန်းလွင်

 May be a graphic of text

ဒီနေ့ “စဥ်းစားတတ်အောင်သင်ပေးတဲ့ကျောင်းနဲ့ တစ်သက်တာသင်ယူမှုကိုအားပေးတဲ့လူမှု အဖွဲ့အစည်း” ဆိုတဲ့ စင်ကာပူနိုင်ငံမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့်နှင့်မူဝါဒကြောင်းကို Food for Thought 876 အဖြစ်မျှဝေလိုက် ပါတယ်။

စဥ်းစားတတ်အောင်သင်ပေးတဲ့ကျောင်းနဲ့ တစ်သက်တာသင်ယူမှုကိုအားပေးတဲ့လူမှု အဖွဲ့အစည်း
ဒေါက်တာသိန်းလွင်
ပါမောက္ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

 

စင်ကာပူနိုင်ငံမှာကျင့်သုံးနေတဲ့” စဥ်းစားတတ်အောင်သင်ပေးတဲ့ကျောင်းနဲ့ တစ်သက်တာသင်ယူမှုကိုအားပေး တဲ့လူမှု အဖွဲ့အစည်း” ဆိုတဲ့လုပ်ဆောင်မှုကိုအပြည်ပြည်ဆိုင်ရာက ဆန်းသစ်တဲ့လုပ်ဆောင်မှုလို့အသိအမှတ် ပြုကြပါတယ်။ ဒီလုပ်ဆောင်ချက်က ကျောင်းသားမှားကို ဘဝတစ်သက်တာ သင်ယူသူများဖြစ်လာအောင်အား ပေး ပါတယ်။ ကျောင်းသားများအနေဖြင့် ဝေဖန်ပိုင်းခြားစဥ်းစားတတ်မှု၊ ဆန်း သစ်တီထွင်ဖန်တီးနိုင်မှု၊ ပြဿ နာဖြေရှင်းနိုင်မှုဆိုတဲ့အရေးကြီးတဲ့ကျွမ်းကျင်မှုများကိုသုံးပြီး လောကကကို ပိုကောင်းအောင်ပြောင်းနိုင်သူ များ ဖြစ်လာအောင်ဦးတည်တာဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်မှုနှင့်အညီ စာသင်ခန်းများ ကို ကျောင်းသားများတက် ကြွစွာလေ့လာသင်ယူတဲ့နေရာများဖြစ်အောင် ပြောင်းလဲ လိုက်ပါတယ်။ စာသင်ခန်း ထဲမှာ လုပ်ဆောင်ရတဲ့လုပ် ငန်းတွေက ကျောင်းသားတွေမှာဝေဖန်ပိုင်းခြားစဥ်းစားတတ်မှု၊အတူတူလက်တွဲလျက် ပြဿနာများကို‌ဖြေရှင်း တတ်မှုနှင့် သက်သောင့် သက်သာနေတဲ့နယ်ပယ်မှ ထွက်လျက် စူးစမ်းလေ့လာခြင်းများ ပြုလုပ်လာရန် အား ပေးပါတယ်။

စဥ်းစားတတ်အောင်သင်ပေးတဲ့ကျောင်းနဲ့ တစ်သက်တာသင်ယူမှုကိုအားပေးတဲ့လူမှု အဖွဲ့အစည်းဆိုတဲ့လုပ် ဆောင်မှုရဲ့ အခြေခံမူတွေကဘာတွေလဲ။
ဒီလုပ်ဆောင်မှုကစင်ကာပူပညာရေးစနစ်ကို တော်လှန်တဲ့လွှမ်းမိုးမှုရှိစေတဲ့အခြေခံကျတဲ့စိတ်ကူးတွေကိုအခြေခံ ပါတယ်။

ပင်မအချက်အနေဖြင့် အဲဒီအစီအစဥ်ကြောင့် ကျောင်းသားတွေမှာဆန်းသစ်တီထွင်ဖန်တီးစဥ်းစားမှုနှင့် ဝေဖန် ပိုင်းခြားစဥ်းစားမှုနှင့်ကိုတိုးတက်စေပါတယ်။ ဘဝမှာတွေ့ရမဲ့အခက်အခဲစိန်ခေါ်မှုတွေကို ခွဲခြားသုံးသပ် လျက် ထိုသုံးသပ်ချက်အပေါ်အခြေခံတဲ့ ကိုယ်တိုင်စဥ်းစားဖန်တီးယူတဲ့ဖြေရှင်းနည်းများဖြင့် ဖြေရှင်းနိုင်အောင် အတန်း ထဲမှာ ကျောင်းသားများကိုလေ့ကျင့် ပေးပါတယ်။ အဲဒီလိုလေ့ကျင့် ပေးမှုကြောင့် ကျောင်းသားတွေမှာ အသိအ မြင်များမှုဆိုတဲ့သိမှုအခြေခံစီးပွားရေးသဘောနှင့် လူမှုအဖွဲ့အစည်းအပေါ် အပြုသဘောဆောင်တဲ့အကျိုး သက် ရောက်မှု လုပ်ရန်အရေးကြီးတယ်ဆိုတဲ့အသိအမြင်များကို ပေးနိုင်စေပါတယ်။

ဒုတိယအချက်အနေဖြင့် အဲဒီလုပ်ဆောင်မှုကြောင့်ကျောင်းသားများမှာအတူတူပူးပေါင်းလျက်လက်တွဲလုပ်ဆောင် တတ်တဲ့စွမ်းရည်များ တိုး တက်လာစေပါတယ်။ ကျောင်းသားတွေဟာသူတို့အမြင်ရှုထောင့်များ၊အတွေ့အကြုံများ ကို ရှင်းလင်းစွာ ပြောဆိုနိုင်စွမ်းရှိလာကြပါတယ်။ အဲဒီလိုအနေအထားကြောင့် အားလုံးကတက်ကြွစွာပါဝင်လုပ် ဆောင်ခြင်း၊ အသင်းအဖွဲ့တွင်အဖွဲ့ဝင်အဖြစ်ပါဝင်လုပ်ဆောင်ခြင်းနှင့် စိတ်ကူးစဥ်းစားမှုများကို မျှဝေတဲ့စွမ်းရည်များ တိုး တက်လာစေပါတယ်။ အခြားလူတို့ရဲ့အမြင်ရှုထောင့်များကိုလည်းလေးစားစွာနားထောင်တန်ဖိုးထား တတ် ခြင်းစတဲ့အလေ့အကျင့် ကောင်းများဖြစ်ပေါ်လာစေပါတယ်။

ဒီလုပ်ဆောင်မှုတွင်နောက် အစိတ်အပိုင်းတစ်ခုမှာ တက်ကနော်လော်ဂျီနည်းပညာအတတ်ပညာကို ပညာ ရေးမှာပေါင်းစပ်သုံးလာခြင်းပင်ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် လက်နှက်ကရိယာများနှင့် ရင်းမြစ်ပစ္စည်းများကို ပညာရေးတွင်သုံးလာခြင်းဖြင့် ပညာရေးလုပ်ငန်းစဥ်တွေကို ပိုရှင်းလင်းလွယ်ကူစွာနားလည်လာစေပါတယ်။ အဖွဲ့အသင်း လိုက်လုပ်ဆောင်ရတဲ့ပရောဂျက်တွေကို လွယ်ကူစေပြီး ဒစ်ဓျစ်တယ်သုံးနိုင်တဲ့စွမ်းရည်များ လည်းကျောင်း သားတွေမှာ တိုးတက်လာပါတယ်။

အကျိုးကျေးဇူးများနှင့်အကျိုးသက်ရောက်မှုများ

ဒီလုပ်ဆောင်မှုက ကျောင်းသားများ၊ ပညာရှင်များနှင့် တစ်နိုင်ငံအတွက် ကောင်းတဲ့အကျိုးသက်ရောက်မှုများ များစွာရှိစေပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်လမ်းစဖော်သင်ယူနိုင်သူများတိုးတက်များပြား လာ ခြင်းမှာ သိသာထင်ရှားတဲ့ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများက သူတို့ ကိုယ်တိုင် လိုအပ်တဲ့ သတင်းအချက်အလက်များကို ရှာဖွေလာကြပါတယ်။ စိတ်ကူးသစ်များကိုစူးစမ်းလေ့လာကြပါတယ်။ အတန်း ထဲမှာ ဝေဖန်ပိုင်းခြား စဥ်းစားခြင်းနှင့် ပြဿနာဖြေရှင်းတတ်အောင်လေ့ကျင့်ပေးမှုကြောင့် ကျောင်းသားများဟာ သူတို့သင်ယူလေ့လာတဲ့ခရီးမှာ ကိုယ်တိုင် တာဝန်ယူလေ့လာခြင်းနှင့် လိုအပ်တဲ့ အချက်အလက်များစုဆောင်း ခြင်းများပြုလုပ်လာကြပါတယ်။ ဒီအစီအစဥ်ကြောင့် ကျောင်းသားများဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ ခေတ် သစ်ကမ္ဘာရဲ့ တောင်းဆိုမှုများကို ကောင်းစွာဖြည့်ဆည်းပေးနိုင်သူများဖြစ်လာကြပါတယ်။

ဒီအစီအစဥ်က ပညာသင်ပေးတဲ့လုပ်ငန်းကျွမ်းကျင်မှု အပိုင်းကို နာမည်ကောင်းပိုထွက်လာစေပါတယ်။ ဆရာ တွေဟာဆန်းသစ်တဲ့အတတ်ပညာနည်းပညာများကို ပညာသင်ပေးရေးလုပ်ငန်းမှာသုံးနိုင်လာကြပါတယ်။ တက်ကနိုလော်ဂျီကို ထိရောက်စွာပေါင်းစပ်သုံးနိုင်စွမ်းရှိလာကြပါတယ်။ စာသင်ခန်းတွေကလည်း ကျောင်း သားများတက်ကြွစွာသင်ယူနေတဲ့နေရာများဖြစ်လာကြပါတယ်။ အတန်းတွေဟာ ကျောင်းသားရောဆရာတွေပါ စိတ်ပါလက်ပါ တက်ကြွစွာ ပူးပေါင်း လုပ်ဆောင်နေတဲ့နေရာများဖြစ်လာကြပါတယ်။

ဒီအစီအစဥ်ရဲ့အကျိုးသက်ရောက်မှုမှာသစာသင်ခန်းကိုကျော်လွန်ပြီးစင်ကာပူတစ်နိုင်ငံလုံးအတိုင်းအတာအထိ သက်ရောက်မှုရှိလာပါတယ်။ အဆင့်မြင့်တဲ့ ကျွမ်းကျင်မှုများကိုပိုင်ဆိုင်ပြီး အခြေအနေတောင်းဆိုမှုနှင့် လိုက် ဖက်အောင် ပြုပြင်ပြောင်းလဲသုံးနိုင်တဲ့ လုပ်ငန်းကျွမ်းကျင်တဲ့လူများရှိလာပါတယ်။ ဝေဖန်ပိုင်းစဥ်းစားခြင်းနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များကို အလေးထားလေ့ကျင့် ပေးမှုကြောင့် သတ်မှတ်ထားတဲ့အတန်းပြီး ဆုံးတဲ့အခါ ဘွဲ့ရများဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားစျေးကွက်မှာ လိုအပ်တဲ့ကျွမ်းကျင်မှုများပြည့်ဝသူများ ဖြစ်လာပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံဟာစက်မှုလုပ်ငန်းအတော်များများတွင်ယှဥ်ပြိုင်နှိုင်အားရှိနေပြီး စင် ကာပူနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာအောင်စွဲဆောင်နိုင်တဲ့အတွက် နိုင်ငံစီးပွားရေးကိုလည်း တိုးတက်မြင့် မားလာစေပါတယ်။

ဒီလုပ်ငန်းအစီအစဥ်ဟာစဥ်ဆက်မပြတ်လေ့လာသင်ယူမှုကိုလည်းမြှင့်တင်ပေးပါတယ်။ ကျောင်းသားများ ကို အဆင့်မြင့်ပညာများဆက်လက်သင်ယူလေ့လာရန်တိုက်တွန်းအားပေးပါတယ်။ အတတ်ပညာပိုင်းဆိုင်ရာနှင့် တစ်ဦးချင်း ဆက်လက်တိုးတက်နေအောင် ဆက်လက်လေ့လာဖို့ကိုလည်းအားပေးပါတယ်။ ဒါကြောင့် စင်ကာ ပူနိုင်ငံဟာ အခွင့်အလမ်းအသစ်များနှင့်စိန်ခါ်မှုများကို ရင်ဆိုင်နိုင်စေရန် အစဥ်လေ့လာနေတဲ့ လူမှုအဖွဲ့အစည်း ဖြစ် လာစေပါတယ်။
ပူးပေါင်းဆောင်ရွက်မှု၊ ဝေဖန်ပိုင်းခြားစဥ်းစားတတ်မှုနဲ့ ဆန်းသစ်တီထွင်ဖန်တီးစဥ်းစားတတ်မှုကြောင့် ကျောင်း များနှင့်လူမှုအဖွဲ့အစည်းဟာပညာရေးကို ပြုပြင်ပြောင်းလဲလိုက်ပါတယ်။ ဒီအစီအစဥ်ကြောင့်လျင်မြန်စွာ ပြောင်း လဲနေတဲ့ကမ္ဘာမှာ ရှင်သန်ဝင်ဆန့်ပြီးတက်ကြွစွာလှုပ်ရှားနိုင်မဲ့မိမိကိုယ်မိမိအားကိုးတဲ့သင်ယူသူများဖြစ်လာစေ ခဲ့ ပါတယ်။ ကျောင်းသားတွေနှင့် ပညာရှင်ဆရာများကိုအင်အားပိုပြည့်ဝလာအောင်နည်းပညာရပ်ပါပေါင်းစပ်လိုက် မှုကြောင့် တက်ကြွစွာသင်ယူနေတဲ့ ပတ်ဝန်းကျင်ကိုဖြစ်လာစေပါတယ်။ အဲဒီအစီအစဥ်ရဲ့အကျိုးပြုမှုများကြောင့် မျက်မှောက်ကာလမှာစင်ကာပူကို ပညာရေးနယ်ပယ်မှာဦးဆောင်နိုင်ငံအဖြစ်သတ်မှတ်ထားကြပါတယ်။ ကိုယ် အားကိုယ်ကိုးသင်ယူနိုင်သူများ၊ တိုးတက်နေတဲ့သင်ကြားသင်ယူရေးပညာရပ်နယ်ပယ်၊ နှင့် ဘဝတစ်သက် တာ လုံးသင်ယူမှုကိုအားပေးတဲ့လူမှုအဖွဲ့အစည်း ဖြစ်မှုတို့ကြောင့် မျက်မှောက်ကာလမှာစင်ကာပူကို ပညာရေး နယ် ပယ်မှာဦးဆောင်နိုင်ငံအဖြစ်သတ်မှတ်ထားကြပါတယ်။ အနာဂါတ်အတွင် အသင့် ရင်ဆိုင်နိုင်တဲ့ပြုပြင်ပြောင်း လဲကျင့်သုံးနိုင်စွမ်းတဲ့ လူတစ်ယောက်ခြင်းကို မွေးထုတ်ပေးတဲ့ ဒီလုပ်ငန်းအစီအစဥ်ကြောင့် စင်ကာပူကို အခြား နိုင်ငံများက လူသားအရင်း အမြစ်လေ့ကျင့်ရာမှာ အားကျစရာစံပြနိုင်ငံတစ်ခုအဖြစ်သတ်မှတ်လာကြတာ ဖြစ်ပါ တယ်။

အားကျစရာကျွန်းနိုင်ငံငယ်လေးက ပညာရေးမှာကမ္ဘာ့အဆင့်ထိပ်တန်းရောက်လာတာ ဝေဖန်ပိုင်းခြားစဥ်းစား တတ် သူများဖြစ်လာအောင် လေ့ကျင့် ပေးနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေတဲ့ စာ အုပ်ထဲပါတာအလွတ်ရအောင်ကျက်မှတ်ဖို့ အားပေးနေတဲ့စနစ်မှာဆိုရင် ကျောင်းသားတွေကကျက်ပြီးဘာ အဓိပ္ပါယ်မှန်းမသိတာတွေအများကြီးရှိနေကြပါတယ်။ ကျောင်းသားတွေက ကျောင်းရှေ့ဘက်မှာ ကျောက်တိုင် ကြီးလို ရေးထားတဲ့ ၂၁ ရာစုပညာရေး အနာဂါတ်ပုံရိပ်အကြောင်း အလွတ်ရတာတွေတော့ရှိကြပါတယ်။ အနှစ် သာရက ဘာလဲလို့မေးလိုက်ရင်တော့မသိဘူးလိုဖြေကြပါတယ်။ တစ်ခုခုကိုမေးကြည့်လိုက်ရင် ကျောင်းသင်တဲ့ စာအုပ်ထဲမှာမပါလိုမသိဘူးလို့ဖြေတာလည်းတွေ့ဘူးပါတယ်။ ကျောင်းသင်တာမှာမပါပေမဲ့စဥ်းစားကြည့်စမ်းပါလိုပြောလိုက်တဲ့အခါ ဦးနှောက်ကိုအားနာလို့မစဥ်းစား ချင် ပါဘူးလို့ဖြေတာမျိုးလည်းတွေ့ဘူးပါတယ်။ ဦးနှောက်ဆိုတာ စဥ်းစားအလုပ်လုပ်နေမှ တိုးတက်တာဖြစ်တော့ မစဥ်းစားတဲ့ဦးနှောက်ပိုင်ရှင်တွေရဲ့ဦးနှောက်တွေမှာနူရုန်းဆက်သွယ်မှုတွေဘယ်လောက်များသလဲဆိုတာ သုတေသနလေ့လာကြည့်ရန် ကောင်းလှပါတယ်။

ကျောင်းသားတွေမှာ ဝေဖန်ပိုင်းခြားစဥ်းစားတတ်အောင်၊ ပြဿနာကိုုပေါင်းဖြေရှင်းတတ်အောင်၊ ဆန်းသစ် တီထွင်ဖန်တီးတတ်အောင် လေ့ကျင့်ပေးနိုင်ခြင်းဖြင့် ခေတ်သစ်ကမ္ဘာလောကရဲ့တောင်းဆိုးမှုတွေကို ပြည့်ဝစွာ ဖြည့်ဆည်းနိုင်တဲ့လူငယ်များဖြစ်လာအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...