Tuesday, February 18, 2025

စီ (၃) လုံးပုံစံဖြင့် ကျောင်းသားတွေမှာ ပညာရေးအားကောင်အောင်မြှင့်တင်ပေးရေး Food for Thought 892

 May be a graphic of text    

 

ဒီနေ့” စီ (၃) လုံးပုံစံဖြင့် ကျောင်းသားတွေမှာ ပညာရေးအားကောင်အောင်မြှင့်တင်ပေးရေး” အကြောင်းကို Food for Thought 892 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


စီ (၃) လုံးပုံစံဖြင့် ကျောင်းသားတွေမှာ ပညာရေးအားကောင်အောင်မြှင့်တင်ပေးရေး

မျက်မှောက်ခေတ်က လျင်မြန်စွာပြောင်းလဲနေတဲ့ခေတ်ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာမှု၊ တက်ကနို လော် ဂျီတိုးတက်လာမှုနှင့်အတွက် လူတွေအတွက်အနှောက်အယှက်ပေးနေမှု၊ လူမှုရေးမညီမျှမှုစတဲ့ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကိုသာရင်ဆိုင်နေရသည်သာမက လူတစ်ယောက်ချင်းအတွက်လေးနက်အဓိပ္ပါယ်ရှိတဲ့ဘဝကိုရှာဖို့ မှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ပညာရေးဟာ ပြင်ပမှတောင်းဆိုမှုများကိုရင်ဆိုင်နိုင်ဖို့နှင့်တစ်ဦး ချင်း စိတ်ကျေနပ်မှုရှိအောင် ပြင်ဆင်ပေးရာမှာအရေးကြီးပါတယ်။

အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိသူများဖြစ်အောင် ပညာကို လိုလိုလားလား သင်ယူးချင်တဲ့ သူများဖြစ်အောင်လေ့ကျင့်ပေးနိုင်ရန် အထူးလိုအပ်ပါတယ်။

အဲဒီလို ပညာကိုလိုလိုလားလား သင်ယူချင်သူများဖြစ်လာအောင် စီ (၃) လုံးပုံစံဖြင့်လေ့ကျင့်ပေးရန် လိုအပ်ပါ တယ်။ စီ (၃) လုံးဆိုတာကတော့

(၁) Curiosity ဆိုတဲ့စူစးမ်းလေ့လာသင်ယူလိုစိတ်အားကောင်းခြင်း

(၂) Collaboration ဆိုတဲ့ပူးပေါင်း လုပ်ဆောင်နိုင်မှုအားကောင်းခြင်းနှင့်

(၃) Challenge ဆိုတဲ့စိန်ခေါ်မှုတွေကို ရင် ဆိုင်ကျော်လွှားနိုင်စွမ်းရှိမှုတို့ဖြစ်ပါတယ်။

စီ (၃) လုံးပုံစံမှာကမ္ဘာလောကကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာအောင် စိတ်အားထက်သန်တဲ့လူသားများ ဖြစ် အောင်လေ့ကျင့်ရာမှာ အရေးကြီးပါတယ်။ ကျောင်းသားများကို လေးနက်စွာစူးစမ်းလေ့လာသူများဖြစ်အောင်၊ အချင်းချင်း ပူးပေါင်းဆက်သွယ်လုပ်ဆောင်တတ်အောင်နှင့် ကြုံလာတဲ့စိန်ခေါ်မှုများကို ပွေ့ဖက်ပြီးတိုးတက်ဖို့ အတွက်အခွင့်အလမ်းများလို့ ရှုမြင်ကျော်လွှားလိုစိတ်ရှိသူများဖြစ်အောင်လေ့ကျင့်ပေးရာမှာ စီ (၃) လုံးပုံစံက သင့်တော်တဲ့ဘောင်ကိုချမှတ်ပေးပါတယ်။

(၁) Curiosity ဆိုတဲ့စူစးမ်းလေ့လာသင်ယူလိုစိတ်အားကောင်းခြင်း

စူးစမ်းလိုစိတ်ရှိခြင်းမှာသင်ယူမှုအားကောင်းဖို့အခြေခံဖြစ်ပါတယ်။ စူစးမ်းလိုစိတ်ရှိတဲ့အခါသင်ယူသူများဟာ စိတ်ကူးသစ်များကို ရှာဖွေလိုကြပါတယ်။ သိချင်တာတွေအတွက်မေးခွန်းတွေမေးလာကြပါတယ်။ အသိအမြင် ဗဟုသုတတွေရှာဖွေလေ့လာကြပါတယ်။ ဒါကြောင့် ကျောင်းသားတွေမှာစူးစမ်းလေ့လာလိုစိတ်ကို လေ့ကျင့် ပေးခြင်းဖြင့်သင်ယူမှုကိုလိုလိုလားလား လုပ်ချင်သူများဖြစ်အောင်လေ့ကျင့် ပေးနေခြင်းပင်ဖြစ်ပါတယ်။ စူးစမ်း လိုတဲ့စိတ်ဖြစ်အောင်လေ့ကျင့်ပေးခြင်းဟာ စာမေးပွဲအောင်ဖို့။ အဆင့် ကောင်ကောင်း ရဖို့ထက်ပိုပါတယ်။ ဘဝတစ်သက်တာလုံး သင်ယူသူများဖြစ်လာအောင်သင်ယူခြင်းကိုချစ်မြတ်နိုးသူများဖြစ်အောင်လေ့ကျင့် ပေးခြင်းဖြစ်ပါတယ်။

စူးစမ်းလေ့လာလိုစိတ်ဖြစ်လာအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

သင်ယူသူတွေမှာစူးစမ်းလေ့လာလိုစိတ်ဖြစ်လာအောင် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။

• သင်ယူသူများကိုမေးခွင့်ပြောခွင့်နှင့်ရွေးချယ်ခွင့်များပေးပါ။ သင်ယူသူများအနေဖြင့် သူတို့သင်ယူမှပန်း တိုင် ရောက်အောင် ဘယ်လိုလေ့လာသင်ယူမယ်ဆိုတာကို စဥ်းစားပြောဆိုခွင့်ပေး ပါ။ လုပ်စရာလုပ် ငန်းတွေကို ချဥ်းကပ်တဲ့အခါသင်ယူသူများအနေဖြင့် ဘယ်လိုချဥ်းကပ်လုပ်ဆောင်မယ်ဆိုတာကို သတ် မှတ် မူဘောင်နှင့်အညီ ရွေးချယ်လုပ်ဆောင်ခွင့်ပေးပါ။

• သင်ယူသူများအရင်လေ့လာထားမှုများကို အသိအမှတ်ပြုပါ။ သင်ယူသူများအရင်ကသင်ယူထား မှုများ အပေါ်မှာ အခြေခံပါ။ ထိုမှတစ်ဆင့် သင်ကြားရေးဦးတည်ချက်နှင့်အညီ သင်ယူသူများစိတ်ဝင်စားတာ၊ စိတ်အားထက်သန်တာကို ဆက်လက်သင်ယူနိုင်အောင်အားပေးပါ။ အဲဒီလိုလေ့ကျင့်ပေးရင်သင်ယူ သူ တိုင်းအတွက် သူတို့စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှုနှင့်အညီ စိတ်အားထက်သန်စွာလေ့လာသင်ယူ နိုင်မှုကို အားပေးရာရောက်ပါတယ်။

• စိန်ခေါ်တာကိုရင်ဆိုင်လုပ်ရဲအောင်တိုက်တွန်းအားပေးပါ။ အဆင့်ရမှတ်ကိုသာအလေးထားနေမှုက စူး စမ်းလေ့လာမှု အားနည်းစေတတ်ပြီး စာမေးပွဲကိုသာဦးတည်ထားတာမျိုးဖြစ်လာစေတတ်ပါတယ်။ သင် ယူစရာနှင့်ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်လေးလေးနက်နက်သင်ယူစေမှုကိုအားနည်းလာစေနိုင်ပါ တယ်။ အဆင့်ရမှတ်ကောင်းရေးကိုသာအလေးထားမှုကို လျော့လိုက်ရင် သင်ယူသူများအနေဖြင့် စိတ် ဝင်စားမှုနှင့်အညီလေးလေးနက်နက်စူးစမ်းလေ့လာရှာဖွေလာဖို့အားပေးရာရောက်ပါတယ်။

• ဆရာကိုယ်တိုင်က စိတ်အားထက်သန်မှုကို နမူနာအဖြစ်ပြသပါ။ ဆရာများအနေဖြင့် ကိုယ်တိုင်လေ့လာ သင်ယူမှုမှာ စိတ်အားထက်သန်းကြောင်း စံနမူနာပြသရန်လိုအပ်ပါတယ်။ စူးစမ်းလေ့လာလိုတဲ့စိတ်နေ စိတ်ထားရှိကြောင်းပြသရန် လိုအပ်ပါတယ်။ ဆရာတွေအချင်းချင်း အသိအမြင်ဖလှယ်ခြင်း၊ စူးစမ်းလေ့ လာခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် ကျောင်းသားများအတွက်တက်ကြွတဲ့သင်ယူလေ့လာမှုပုံစံကို နမူနာ ကောင်းပြသနေရာရောက်ပါတယ်။

(၂) Collaboration ဆိုတဲ့ပူးပေါင်း လုပ်ဆောင်နိုင်မှုအားကောင်းခြင်း

သင်ယူတဲ့လုပ်ငန်းဆိုတာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်သင်ယူခြင်းက ပိုနက်ရှိုင်းတဲ့နားလည်မှု နှင့် ထဲထဲ ဝင်ဝင် ပါဝင်လေ့လာသင်ယူမှုတို့ကို အားပေးပါတယ်။ သင်ယူသူတွေ အတူတူပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အချင်းချင်း အပြန်အလှန်သင်ယူနိုင်ပြီး၊ စိတ်ကူးများအတွေ့အကြုံ များကိုမျှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ခက် ခဲတာတွေကို ဖြေရှင်းနိုင်လာစေပါတယ်။ မျှဝေခြင်းဖြင့် မိမိရောသူတစ်ပါးအတွက်ပါအကျိုး များစေပါ တယ်။
သင်ယူသူတွေမှာပူးပေါင်း လုပ်ဆောင်မှုအားကောင်းအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

သင်ယူသူတွေမှာပူးပေါင်း လုပ်ဆောင်မှုအားကောင်းအောင်အောက်ပါနည်းလမ်းများကိုကျင့်သုံးသင့်ပါတယ်။

• ဆရာများကိုယ်တိုင်က ဦးတည်ချက်ရှိရှိလေ့လာသင်ယူမှုကိုပြသပါ။ ဆရာအချင်းချင်းပူး ပေါင်းလုပ် ဆောင်မှုကို စံနမူနာအဖြစ်ပြသပါ။ အဲဒီလိုဆရာတွေကိုယ်တိုင်စံနမူနာပြခြင်းဖြင့် အတွေ့အကြုံတွေကို ကျောင်းသားများသို့မျှဝေနေခြင်းနှင့်တူပါတယ်။

• သဘောထားရှု့ထောင့်အမြင်များကို မျှဝေရင်းအခြေအနေမှန်ကိုသိစေလျက်၊ ဘယ်လိုပြုပြင်ရမယ်ဆို တာ နားလည်လာအောင်ကူညီပေးပါ။ အခြေအနေကိုသိအောင်သဘောထားမှတ်ချက်ပေးမှုဟာ နှစ် လမ်း သွားဖြစ်သင့်ပါတယ်။ ကျောင်းသားတွေသူတို့အမြင်ရှုထောင့်များကို ထုတ်ပြောလာစေရန် တိုက် တွန်း အားပေးပါ။ ဆရာကပေးတဲ့သဘောထားမှတ်ချက်နှင့်ပတ်သက်လို့ ကျောင်းသားများကဘယ်လို ခံယူ ကြောင်း ထုတ်ပြောလာစေရန်တိုက်တွန်းအားပေးပါ။ အဲဒီလိုအသွားအပြန်သဘောဆောင်ရင် သဘော ထားမှတ်ချက်တွေက ပိုလေးနက်အဓိပွါယ်ရှိပြီး အပြုသဘောပိုဆောင်လာစေပါတယ်။

• သက်တူရွယ်တူတွေပူးပေါင်းလုပ်ဆောင်ရန်တိုက်တွန်းအားပေးပါ။ ကျောင်းသားတွေအချင်းချင်း ပူး ပေါင်းသင်ယူနိုင်တဲ့အခွင့်အလမ်းများရရှိအောင်ဖန်တီးစီစဥ်ပေးပါ။ စိတ်ကူးတွေကိုမျှဝေရန်နှင့် အချင်း ချင်းသဘောထားအမြင်များပေးရန် တိုက်တွန်းအားပေးပါ။အဲဒီလိုစီစဥ်ပေးပါက ကျောင်းသားများ အ ချင်း ချင်းပူးပေါင်းသင်ယူးမှုပိုဖြစ်လာစေပြီး တစ်ဦးနှင့် တစ်ဦးအပြန်အလှန်တိုးတက်အောင် အပြုသ ဘောဖြင့် သဘောထားမှတ်ချက်များပေးတတ်လာစေပါတယ်။

• ပညာရေးလုပ်ငန်းဆိုတာ လူမှုဆက်ဆံရေးလုပ်ငန်းဖြစ်ပါတယ်။ ပညာရေးဆိုတာ ဘဝအတွက်ကြိုတင် ပြင်ဆင်ပေးခြင်းမဟုတ်ပါ။ ပညာရေးဆိုတာ သည်ပင်ဘဝဖြစ်ပါတယ်လို့ ပညာရှင်ကြီး ဂျူဝီက မိန့်ဆို ခဲ့ပါတယ်။
(၃) Challenge ဆိုတဲ့စိန်ခေါ်မှုတွေကို ရင် ဆိုင်ကျော်လွှားနိုင်စွမ်းရှိမှုတို့ဖြစ်ပါတယ်။

စိန်ခေါ်မှုများသာမရှိရင်ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းမရှိနိုင်ပါ။ စိန်ခေါ်မှာကိုဖန်တီးရာမှာ သင်ယူသူများ အား စိုက်လုပ်လျှင် အောင်မြင်မှုအမြင့်မားဆုံးရနိုင်အောင် စွဲဆောင်မှုရှိတဲ့သင်ယူမှုလုပ်ငန်းဖြစ်အောင်ဖန်တီး ပေး ရေးမှာအခရာဖြစ်ပါတယ်။ သင်ယူသူတွေအတွက်သိပ်ခက်ခဲလွန်းပါက စိတ်ပျက်သွားနိုင်သလို။ သိပ်လွယ် လွန်းနေပါကလည်းစိတ်ဝင်စားမှုမရှိဖြစ်စေတတ်ပါတယ်။ ဒီနေရာမှာ ပညာရှင်ဗီဂေါ့စကီးရဲ့အယူအဆဖြစ်တဲ့ Zone of Proximal Development ကအရေးပါပါတယ်။ Zone of Proximal Development ဆိုတာ သင်ယူသူ များကြိုးစားသင်ယူရင်အမြင့်မားဆုံးရောက်ရှိအောင် သင်ယူစရာကို သင်ပြသူဆရာက စိတ်ဝင်စားဖွယ် ဖန်တီး ပေးမှုဖြစ်ပါတယ်။ ကျောင်းသားများကိုယ်တိုင်စွမ်းဆောင်လုပ်ဆောင်နိုင်မှုထက် သာလွန်အောင် ပိုတတ်ကျွမ်းသူ ဆရာရဲ့လမ်းပြမှုဖြင့် သင်ယူတဲ့အခါ ပိုတိုးတက်လာတဲ့ နှစ်သက်စရာကောင်းတဲ့တိုးတက်မှုအဆင့်ဖြစ်ပါတယ်။ ပိုမြင့်တဲ့နေရာရောက်အောင်ငြမ်းဆင်ပြီးအလုပ်လုပ်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ငြမ်းကို ပြန်ဖယ်ရပါတယ်။ Zone of Proximal Development ဆိုတာရJhသဘောကလည်း ဆရာကငြမ်းဆင်ပေးပြီး ပိုအဆင့်မြင့်တာလုပ် နိုင် စေသကဲ့သို့ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေကို ရင် ဆိုင်ကျော်လွှားနိုင်စွမ်းအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

• ကျောင်းသားများရဲ့ မျှော်မှန်းထားတဲ့ဦးတည်ချက်ပန်းတိုင်ကိုသိပါ။ ကျောင်းသားများသူတို့ရောက် လိုတဲ့ သင်ယူမှုပန်းတိုင်များချမှတ်ရာမှာ ကူညီပေးပါ။ ပြီးတော့ အဲဒီချမှတ် ထားတဲ့ဦးတည်ချက်ပန်း တိုင်ကိုအခြေပြုပြီးစိန်ခေါ်တဲ့လုပ်ငန်းများဖန်တီးစီစဥ်ပေးပါ။ သင်ယူသူတွေဆိုတာ သူတို့ဦးတည် ရည်မှန်းထားချက်နှင့်အညီသင်ယူနိုင်တဲ့အခါ အဲဒီသင်ယူမှုက သူတို့အတွက် ပို လေးနက်တဲ့ အဓိပ္ပါယ် ရှိလာစေပါတယ်။ ပိုပြီးစိတ်အားထက်သန်စွာသင်ယူးလာစေပါတယ်။

• လုပ်စရာလုပ်ငန်းကြီးများကို နိုင်နင်းစွာလုပ်နိုင်တဲ့လုပ်ငန်းငယ်လေးများအဖြစ်ဖန်တီးပေးပါ။ လုပ် ဆောင် စရာကကြီးမားလွန်းနေရင်စိတ်ပျက်သွားစေနိုင်ပါတယ်။ လုပ်စရာလုပ်ငန်းကကြီးမားလွန်းနေရင် ပိုင်နိုင်စွာလုပ်နိုင်တဲ့အစိတ်အပိုင်းလေးများအဖြစ် ဖန်တီးပေးပါ။ တိုးတက်အောင်လုပ်ဆောင်နိုင် တဲ့ လုပ်ငန်းလေးများအဖြစ်ဖန်တီးပေးပြီး တိုးတက်နေမှုကိုလည်းစောင့် ရှောက်ကြီးကြပ်ပေးပါ။ ကျောင်း သားများအနေဖြင့် သူတို့ တိုးတက်လုပ်ဆောင်နိုင်မှုကို သိနားလည်နေအောင် ကူညီပြပေးပါ။

• အောင်မြင်မှုများကို အသိအမှတ်ပြုပေးပါ။ သင်ယူသူများအနေဖြင့် အောင်မြင်အောင်သင်ယူနိုင်တဲ့ အခါ သူတို့ရဲ့စွမ်းဆောင်အောင်မြင်မှုများကို အသိအမှတ်ပြုပေးပါ။ အဲဒီလို ကျောင်းသားများရဲ့စွမ်း ဆောင်အောင်မြင်မှုများကိုအသိအမှတ်ပြုပေးရင် သူတို့မှာဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ် ချင်တဲ့စိတ်များဖြစ်လာစေပြီး နောက်တွေ့လာတဲ့စိန်ခေါ်တဲ့အလုပ်တွေကို လုပ်ချင်တဲ့စိတ်များဖြစ်လာ စေပါတယ်။

• သင်ယူတဲ့လုပ်ငန်းတွေကို လောကနှင့် ဆက်စပ်မှုရှိအောင်ဖန်တီးပေးပါ။ ကျောင်းသားတွေကိုပရော ဂျက်များ‌ပေးတဲ့အခါ ဘဝနှင့် ဆက်စပ်မှုရှိတဲ့ပရောဂျက်များဖန်တီးပေးပါ။ ဘေးကင်းစေဖို့အတွက် စိန် ခေါ်တဲ့လုပ်ငန်းများလုပ်ဆောင်တဲ့အခါ ဆရာတွေက လိုအပ်သလို လမ်းပြပေးပါ။ ပရောဂျက်များကို အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းဖြင့် ဆက်စပ်နေတဲ့လောကကိုအကျိုးပြုနိုင်သူများ‌ဖြစ်ကြောင်း ကျောင်းသားများသိအောင် ပြောပြပါ။

• အပြင်ပန်းလှုံ့ဆော်မှုများဖြင့် လှုံ့ဆော်တာမျိုးမပြုလုပ်ပါနဲ့။ စိန်ခေါ်တဲ့လုပ်ငန်းကိုပင် တိုးတက်စေ နိုင်တဲ့အခွင့်အလမ်းအဖြစ် ကျောင်းသားများမြင်လာအောင်စီစဥ်ပေးပါ။ စိန်ခေါ်တဲ့လုပ်ငန်းကပင် ကျောင်းသားများအတွက် တိုးတက်စေတဲ့ဆုလဒ်ဖြစ်ကြောင်းသိမြင်လာအေင်လေ့ကျင့်ပေးပါ။ ဒီနေ ရာမှာ ကျောင်းသားများစိတ်ထဲမှ လုပ်ချင်ကိုင်ချင်စိတ်ဖြစ်လာအောင် ပြုလုပ်တဲ့ Daniel Pink ရဲ့မူ (၃) ခုကိုသုံးပါ။ အဲဒီမူ (၃)ခုကတော့ ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်မှု၊ ပိုင်နိုင်စွာလုပ်ဆောင်နိုင်မှုနဲ့ ဦး တည်ချက်ရှိရှိ လုပ်ဆောင်မှုတို့ဖြစ်ကြပါတယ်။ စိန်ခေါ်တဲ့လုပ်ငန်းတွေမှာကျောင်းသားတွေကိုယ်တိုင် လုပ်ဆောင်နိုင်အောင်ဖန်တီးပေးခြင်း၊ ပိုခက်ခဲရှုပ်ထွေးတဲ့လုပ်ငန်းတွေကိုပင် ပိုင်နိုင်စွာဖြေရှင်းနိုင်ခြင်း နှင့် ထိုသို့ ခက်ခဲတဲ့စိန်ခေါ်တဲ့လုပ်ငန်းတွေကို အောင်မြင်စွာဖြေရှင်းနိုင်မှုက ကျောင်းသားတို့ရဲ့သင်ယူမှု ဦးတည်ချက်များနှင့် ဆက်စပ်နေကြောင်း ပြသပေးရန် လိုအပ်ပါတယ်။

• ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့စိတ်နေစိတ်ထားရှိသူတွေမှာ စိန်ခေါ်တဲ့အလုပ်တွေဆိုတာ စိတ်လှုပ် ရှားစရာကောင်းပါတယ်။ ခြိမ်းခြောက်တဲ့အနေအထားမရှိကြပါဘူး။ စိန်ခေါ်တဲ့အနေအထား တွေ့တဲ့ အခါမှာ ငါတို့တော့ပိုတိုးတက်ဖို့အခွင်အလမ်းရတာပဲလို့ ရှုမြင်လာကြပါတယ်။

ဖေါ်ပြခဲ့တဲ့ သင်ယူမှုပုံစံကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စိန်ခေါ်တဲ့ဘဝကိုရင်ဆိုင်ကျော်လွန်နိုင်စေတဲ့လူတွေဖြစ် အောင် လေ့ကျင့်ပေးရာရောက်ပြီး နောင်အနာဂါတ်အ တွက် ပိုကောင်းတဲ့လောကဖြစ်အောင်ဖန်တီးနိုင်သူများ ဖြစ် အောင် လေ့ကျင့်ပေးရာလည်းရောက်ပါတယ်။

မိတ်ဆွေများ ဒီသင်ယူတဲ့ပုံစံကိုသုံးပြီး ကျောင်းသားများ ကိုလေ့ကျင့် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...