
ဒီနေ့ “ထိရောက်အောင်သင်ကြားလမ်းပြနိုင်တဲ့ဆရာ”အကြောင်းသုတေသနလေ့လာတွေ့ရှိချက်များကို Food for Thought 895 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ထိရောက်အောင်သင်ကြားလမ်းပြနိုင်တဲ့ဆရာ
ထိရောက်အောင်သင်ကြားလမ်းပြပေးနိုင်တဲ့ဆရာများမှာတွေ့ရတဲ့လက္ခဏာ (၁၂) ရပ်
ထိရောက်အောင်သင်ကြားလမ်းပြပေးနိုင်တဲ့ဆရာများမှာ တွေ့ရတဲ့လက္ခဏာများနှင့်ပတ်သက်ပြီး သုတေသီ Robert J. Walker က တာဝန်ထမ်းဆောင်နေတဲ့ဆရာများ၊ တာဝန်မထမ်းဆောင်ခင်သင်တန်းတက် ရောက် နေတဲ့ဆရာများကို နှစ်ပေါင်း (၁၅) နှစ်ကြာအောင် အရည်အသွေးစစ်မေးတဲ့မေးခွန်းများမေးပြီး လေ့လာခဲ့ ပါတယ်။ ဆွေးနွေးတဲ့နည်းတွေနှင့်မေးခွန်းမေးပြီးကောလိပ်ကျောင်း သားများကို ဖြေခိုင်တဲ့နည်းတွေကို ကျင့် သုံးခဲ့ပါတယ်။ ထိရောက်တယ်ဆိုတဲ့စကားကိုတော့ ဆရာရဲ့သင်ကြားလမ်းညွှန်မှုက ကျောင်းသားများအပေါ် အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုအမျာဆုံးရှိတာကို ရည်ညွှန်းပါတယ်။ လေ့လာတွေ့ရှိချက်များ ကိုစုစည်းပေါင်းစပ်လိုက်တဲ့အခါ အောက်ပါ လက္ခဏာ (၁၂) ချက်ထွက်လာပါတယ်။ ထိုအချက် (၁၂)ချက်မှာ ကျောင်းသားများအပေါ် အများဆုံးအပြုသဘောသက်ရောက်စေကြောင်းလေ့လာတွေ့ရှိရပါတယ်။
ကျောင်းသားများကိုမေးရာမှာ မိမိတို့ကိုစိတ်အားတက်အောင်သင်ကြားလမ်းပြပေတဲ့ အမှတ်မိဆုံးဆရာ တွေ မှာဘယ်လိုအရည်အသွေားတွေရှိပါသလဲလို့မေးခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့တဲ့သင်တန်းတွေကတော့ အောက်ပါတို့ဖြစ်ကြပါတယ်။
• သိပ္ပံသင်ပြနည်း
• သင်္ချာသင်ပြနည်း
• လူမှုရေးဘာသာရပ်များသင်ပြနည်း
• သင်ရိုးညွှန်းတမ်း
• ကလေးများဖွံ့ဖြိုးတိုးတက်ရေး
• အထူပညာရေးမိတ်ဆက်
• မူလတန်းကျောင်းတွေမှာတွေ့ရတတ်တဲ့ပြဿနာများ
• ပညာရေးတက္ကနိုလိုဂျီ
• ကျေးလက်အနေအထားမှာသင်ကြားရေးနယ်ပယ်များဖြစ်ကြပါတယ်။
လေ့လာမှုမှာပါတဲ့ကျောင်းသားတွေဟာအမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဘာမြူဒါ နှင့် ကာရေဘီယံ နိုင်ငံ တွေမှ ကျောင်းသူကျောင်းသားများပါဝင်ပါတယ်။ အာဖရိကတိုက်မှာ ကျောင်းသားတော်တော်များ များလည်း ဒီလေ့လာမှုမှာပါဝင်ခဲ့ကြပါတယ်။ ကျောင်းသားအမျိုးမျိုး၊ နောက်ခံယဥ်ကျေးမှုအမျိုးမျိုး၊ ပါဝင်ကြပါတယ်။
ကျောင်းသားများရဲ့ဖြေဆိုချက်များတွင် အောက်ပါကဲ့သို့သော ဖေါ်ပြချက်များကိုတွေ့ရပါတယ်။
• ဆရာ/မကအစဥ်သဖြင့် ကြိုတင်ပြင်ဆင်ထားပါတယ်။
• ဆရာ/မက အလွန်အပြုသဘောဆောင်ပါတယ်။
• ဆရာ/မကကျောင်းသားများအပေါ် မြင့်မားတဲ့မျှော်မှန်းချက်ထားပါတယ်။
• ဆရာ/မ ကတွေ့ဘူးသမျှထဲမှာ ဆန်းသစ်တီထွင်မှုသိပ်ကောင်းပါတယ်။
• ဆရာ/မက ကျောင်းသူကျောင်းသားများအပေါ်မျှတပါတယ်။
• ဆရာ/မကကျောင်းသားတွေအပေါ် ရင်းနှီးချစ်င်ပါတယ်။
• ကျွန်တော်ကျွန်မကိုအတန်းထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ်အသိအမှတ်အပြုခံရပါတယ်။
• ဆရာ/မက သားမေမေဆုံးစဥ်က ထောက်ထားစာနာမှုပြသခဲ့ပါတယ်။
• ဆရာ/မကပျော်စရာကောင်းအောင်သင်ပြပါတယ်။ သူသင်ရင်အလွန်ပျော်ပါတယ်။
• ကျွန်တော်ကျွန်မ ဆရာ/မသင်ရင် အတန်းထဲမှာ ဘယ်တော့မှမပျင်းပါ။
• ဆရာ/မကကျောင်းသားတွေကိုချစ်ခင်လေးစားတန်ဖိုးထားပါတယ်။ ချိုးနှိမ်တာမရှိပါဘူး။
• ဆရာ/မက သူလုပ်မိတာကိုဝန်ခံခဲ့တဲ့ဆရာ/မဖြစ်ပါတယ်။
• ဆရာ/မက သူမှားလုပ်မိတာအတွက် တောင်းပန်ပါတယ်။
လေ့လာချက်အများစုမှာ ပညာရေးပိုင်းဆိုင်ရာအရည်အသွေးများထက် လူပုဂ္ဂလိကဆိုင်ရာအရည်အသွေးများကို ပိုအလေးထားဖေါ်ပြကြပါတယ်။ ဆရာ/မမှာ ဘာဘွဲ့တွေရထားတယ်ဆိုတာမျိုးမဖေါ်ပြကြပါ။ ကျောင်းသား များ အပေါ် ဂရုတစိုက်စောင့် ရှောက်မှုများကိုအလေးထားဖေါ်ပြကြပါတယ်။ ကျောင်းသားများရေးတဲ့သူတို့ စိတ်ထဲမှာစွဲနေအောင်မှတ်မိတဲ့ဆရာများနဲ့ပတ်သက်လာရင် အောက်ပါအချက်များကိုအလေးပေးဖေါ်ပြတာကို တွေ့ရပါတယ်။
ကျောင်းသားတွေစိတ်မှာစွဲမြဲစွာမှတ်မိစေတဲ့ထိရောက်တဲ့ဆရာ့လက္ခဏာများ
၁။ ကြိုတင်ပြင်ဆင်မှု - ထိရောက်တဲ့ဆရာတွေဆိုတာ နေ့စဥ်ကျောင်းကို လာတဲ့အခါ သင်ပြလမ်းညွှန်ဖို့ ပြင်ဆင် ပြီးလာကြပါတယ်။
• ကြိုတင်ပြင်ဆင်လာတဲ့အတွက် သူတို့အတန်းထဲမှာဆိုရင် သင်ရတာ လွယ်ကူစွာနားလည်စေပါတယ်။
• သင်ပြပေးနေတဲ့အခါ အချိန်မဖြုန်းပါဘူး။ သင်ကြားချိန်ကို ပြည့်ဝစွာအသုံးပြုပါတယ်။
• အဲဒီဆရာစာသင်နေတဲ့အချိန်ဆိုရင်အချိန် ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။ ဘာကြောင့် လဲဆိုတော့ကျောင်းသားတိုင်းသင်ယူမှုလုပ်ငန်းမှာတက်ကြွစွာပါဝင်နေတဲ့အတွက်ဖြစ်ပါတယ်။ ပျင်းစရာ မကောင်းပါဘူး။ အတန်းထဲမှ အိပ်ငိုက်တာမျိုးမဖြစ်ပါဘူး။
၂။ အပြုသဘောဆောင်မှု - ထိရောက်တဲ့ဆရာ/မမှာ သင်ကြားရေးနှင့် ကျောင်းသူကျောင်းသားများအပေါ် အပြုသဘော စိတ်နေစိတ်ထားရှိပါတယ်။
• ဖန်ခွက်ထဲမှာရေတစ်ဝက်ရှိတာကို ဖန်ခွက်ထဲမှာရေတစ်ဝက်အထိ ရှိတယ်လို့မြင်ပါတယ်။ အခြေ အနေ တိုင်းမှာအပြုသဘောဆောင်တဲ့ဘက်ကကြည့်တတ်ပါတယ်။
• ကျောင်းသားတွေအကူအညီလိုအပ်နေတဲ့အခါမှာ အချိန်ပေးပြီးကူညီမှုပေးတတ်ကြပါတယ်။
• ကျောင်းသားများရဲ့တိုးတက်မှုကို ကောင်းစွာပြောပြတတ်ပါတယ်။
• ကျောင်းသားများစွမ်းဆောင်နိုင်မှုအတွက် အသိအမှတ်ပြုချီးကျူးပါတယ်။
• ကျောင်းသားအချင်းချင်းအပြုစိတ်ထားဖြစ် ကူညီလာရန် နည်းလမ်းများသုံးပြီးသင်ပေးပါတယ်။
၃။ ကျောင်းသားများအပေါ် မြင့်မားတဲ့မျှော်လင့် ချက်ထားပါတယ်။ ထိရောက်တဲ့ဆရာတွေက ကျောင်း သားများ အားလုံးကောင်းစွာအောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ကျောင်းသားများစွမ်းဆောင် အောင် နိုင်မှု မှာအကန့်အ သတ် မထားပါဘူး။ ထိရောက်တဲ့ဆရာ/မတွေက
• ကျောင်းသားတွေအပေါ်မြင့်မားတဲ့မျှော်လင့်ချက်ထားပါတယ်။
• ကျေင်းသားတွေအကောင်းဆုံးစွမ်းဆောင်နိုင်စေရန်စိန်ခေါ်တဲ့လုပ်ငန်းများဖန်တီးပေးပါတယ်။
• ကျောင်းသားများသူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင်လေ့ကျင့်ပေးပါတယ်။
၄။ ဆန်းသစ်တီထွင်တတ်ကြပါတယ်။ -ထိရောက်တဲ့ဆရာ/မတွေက အတန်းထဲမှာသင်ကြားတဲ့အခါ အချက် အလက်အရင်းအမြစ်များထိရောက်စွာသုံးနိုင်ကြပြီး ဆန်းသစ်တီထွင်တဲ့နည်းလမ်းဖြင့် သင်ပြပေးပါတယ်။
• မျှော်မှန်းထားတဲ့ပညာရေးရည်မှန်းချက်ပန်းတိုင်ကိုကျောင်းသားများရရှိတဲ့အခါ ဆရာ.မက အလွန်ကျေ နပ်အားရပါတယ်။ ပြုံးပျော်ရွှင်ပြီးကပြပါတယ်။
• ကျောင်းသားများအောင်မြင်တဲ့အတွက် သရဖူဆောင်းပြပါတယ်။
• ကျောင်းသားများစွမ်းရည်ပြပွဲမှာ ပါဝင် သရုပ်ဆောင်ခြင်း လုပ်ဆောင်ပြပါတယ်။
• အတန်းထဲမှာ တက်ကနော်လော်ဂျီကို ထိရောက်စွာသုံးပါတယ်။
၅။ မျှတမှုရှိပါတယ်။ ထိရောက်တဲ့ဆရာ/မတွေက ကျောင်းသားတွေအပေါ်မှာမျှမျှတတဆက်ဆံပါတယ်။ အမှတ်ပေးတဲ့အခါမှာလည်းမျှတပါတယ်။
• ကျောင်းသားတိုင်းကို တစ်ဦးချင်းအစွမ်းကုန်တိုးတက်စေရန် အခွင့်အရေးပေးပါတယ်။
• အတန်းထဲမှာ လုပ်စရာတွေကောင်းစွာလုပ်နိုင်အောင် လိုအပ်ချက်များရှင်းလင်းစွာပေးပါတယ်။
• မျှတခြင်းဆိုတာ ကျောင်းသားတိုင်းကိုတန်းတူဆက်သွယ်ခြင်းမဟုတ်ပါ။ ကျောင်းသားတိုင်းအကောင်း ဆုံးစွမ်းဆောင်အောင်နိုင်အောင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြစ်ပါတယ်။
• ကျောင်းသားတိုင်းဟာသင်ယူတဲ့ပုံစံနှင့် သင်ယူတဲ့နှုန်းမတူကြောင်းကို လက်ခံကျင့်သုံးပါတယ်။
၆။ ကျောင်းသားတိုင်းနှင့် ရင်းနှီးချစ်ခင်တဲ့ထိတွေ့မှုရှိပါတယ်။ ထိရောက်တဲ့ဆရာ.မတွေက ကျောင်းသား များချဥ်းကပ်နိုင်အောင်ရင်းနှီးချစ်ခင်စွာနေကြပါတယ်။
• ကျောင်းသားတိုင်းနှင့်ရင်းနှီးချစ်ခင်စွာဆက်သွယ်မှုရှိပါတယ်။
• ဆီလျော်တဲ့မိမိကိုယ်တွေ့အတွေ့အကြုံများကိုအတန်းထဲမှာမျှဝေပြောပြတတ်ကြပါတယ်။
• ကျောင်းသားတိုင်းအပေါ် စိတ်ဝင်စားမှုပြပြီး ကျောင်းသားတိုင်းထံမှအဖြစ်နိုင်ဆုံးအကောင်းဆုံး ထွက် လာ အောင် ကူညီလမ်းပြပါတယ်။
• ကျောင်းသားများရဲ့စွမ်းဆောင်လုပ်ဆောင်မှုပြပွဲများသို့ တက်ရောက်အားပေးချီးမြှင့်ပါတယ်။ အာက စားပွဲ၊ နှင့် အခြားပြပွဲပြိုင်ပွဲများသို့ တက်ရောက်အားပေးပါတယ်။
၇။ ပိုင်ဆိုင်ပတ်သက်တဲ့စိတ်ခံစားမှုရှိအောင် ပျိုးထောင်လေ့ကျင့်ပေးပါတယ်။ ထိရောက်တဲ့ဆရာ.မတွေက ကျောင်းသားတိုင်းကို နွေးထွေးစွာကြိုဆိုပြီးအတန်းထဲမှာသက်သောင့် သက်သာရှိအောင်ဖန်တီးပါတယ်။
• ကျောင်းသားများထပ်ခါတလဲလဲဖော်ပြတဲ့အထဲမှာ ထိရောက်တဲ့ဆရာသင်တဲ့အတန်းထဲမှာဆိုရင် သူတို့ဟာအတန်းသားအဖြစ်ခံစားရကြောင်းဖော်ပြကြပါတယ်။
• ကျောင်းသားများအနေဖြင့် သူတို့မှာဆရာကောင်းရှိနေပြီး ထိုဆရာမှာ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းထက် ဆရာအလုပ်ကိုချစ်မြတ်နိုသူဖြစ်ကြောင်းခံစားသိကြပါတယ်။
၈။ ကျောင်းသားများအပေါ်ထောက်ထားစာနာတတ်ပါတယ်။ ထိရောက်တဲ့ဆရာ/မတွေက ကျောင်းသူကျောင်း သားများရဲ့ပုဂ္ဂိုပ်ရေးအရတွေ့နေရတဲ့အခက်အခဲပြဿနာအတွက် စာနာထောက်ထားပြီးကူညီပေးတတ်ကြပါ တယ်။ ထောက်ထားစာနာမှုရှိတဲ့ဆရာ/မများရဲ့ ကူညီလမ်းပြပေးမှုကြောင့် ကျောင်းသူကျောင်းသားများဘဝမှာ အလွန်ကြီးမားတဲ့ကောင်းကျိုးသက်ရောက်မှုများဖြစ်စေကြောင်း ဖော်ပြတဲ့ဖြစ်ရပ်တွေများစွာရှိပါတယ်။
၉။ ထိရောက်တဲ့ဆရာ/မတွေကရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။ ထိရောက်တဲ့ဆရာ တွေက အရာရာကိုရေးကြီးခွင်ကျယ်လုပ်နေတဲ့သဘောမရှိကြပါ။ သူတို့က သင်ယူးတဲ့လုပ်ငန်းကိုပျော်စရာ ကောင်းအောင် ဟာသနှောပြီးတတန်းလုံးစိတ်မှာပျော်အောင်ပြုလုပ်တတ်ကြပါတယ်။
• ခက်ခဲတဲ့အခြေအနေများတွင် စိတ်သက်သာမှုရအောင်ရယ်စရာများသုံးတတ်ကြပါတယ်။
• အတန်းထဲသို့ ပျော်ရွှင်စရာများနေ့တိုင်းယူဆောင်လာပြီးမျှဝေပေးကြပါတယ်။
• အတန်းသားများနှင့်အတူတူ ရယ်ရယ်မောမော ပျော်ရွှင်စွာရယ်မောရင်းစာသင်ပေးတတ်ကြပါတယ်။
၁၀။ ကျောင်းသားများကိုချစ်ခင်လေးစားတန်ဖိုးထားပါတယ်။ ထိရောက်တဲ့ဆရာ/မတွေက ကျောင်းသား တိုင်းကိုချစ်ခင်လေးစားတန်ဖိုးထားကြပါတယ်။ ဒါကြောင့် ကျောင်းသားများကလည်း ထိုဆရာ/မများကို ချစ်ခင် လေးစားတန်ဖိုးထားကြပါတယ်။
• စစ်ဆေးလွှာများကိုကျောင်းသားများထံပြန်ပေးတဲ့အခါမှာ ကျောင်းသားတိုင်းရဲ့သီးသန့်လွတ်လပ်မှုကို လေးစားပါတယ်။
• ကျောင်းသားများရတဲ့အပြုအမူ၊ ရမှတ်ံအဆင့်တို့ကိုပြောပြတဲ့အခါ ကျောင်းသားတစ်ယောက်ချင်းကို သီးသန့် ပြောဆိုအသိပေးပါတယ်။
• ကျောင်းသားများစိတ်ကို မသက်မသာဖြစ်စေတဲ့အခြေအနေများကိုရှောင်ရှားပြီးကျောင်းသားများမှာ မကောင်းတဲ့စိတ်ခံစားမှုများမဖြစ်အောင်အ စဥ်ရှေ့နောက်ညီစွာပြုလုပ်ပြောဆိုပါတယ်။
၁၁။ ခွင့်လွှတ်တတ်ပါတယ်။ ထိရောက်တဲ့ဆရာ/မတွေက စိတ်ထဲမှာအညှိုးအတေးမထားတတ်ကြပါ။ ခွင့် လွှတ်သည်းခံတတ်ကြပါတယ်။
• မသင့်တဲ့အပြုအမူကို အမှတ်မထင် ပြုလုပ်မိတဲ့ကျောင်းသားများကို ခွင့်လွှတ်ကြပါတယ်။
• နေ့စဥ်နေ့တိုင်း သန့်ရှင်းတဲ့စိတ်နေစိတ်ထားဖြင့် စတင်အလုပ်လုပ်ပါတယ်။ စိတ်ထား ဖြူစင်ပါတယ်။
• ခွင့်လွှတ်သည်းခံတဲ့စိတ်ထားထားခြင်းက ခက်ခဲတဲ့ကျောင်းသူကျောင်းသားများကိုနားလည်ကူညီနိုင်ဖို့ လိုအပ်ကြောင်းနားလည်ကျင့်သုံးပါတယ်။
• အပျက်သဘောဆောင်တဲ့စိတ်နေစိတ်ထားနှင့် လူမှုအသိုင်းအဝိုင်းကလက်မခံတဲ့အပြုအမူများပြုလုပ်တဲ့ ဆရာ/မတွေဟာကျောင်းသားနှင့် ဆန့်ကျင်တဲ့အနေအထားရောက်စေကြောင်းသိနားလည်ပါတယ်။
• ခက်ခဲတဲ့အနေအထားမှာ ရှောင်မထွက်ဘဲ ကျောင်းသားများရဲ့အခက်အခဲကိုဖြေရှင်းပေးတဲ့ဆရာများမှာ ကျောင်းသားများကလေးစားတန်ဖိုးထားပြီးကျောင်းသားတွေကိုလေ့ကျင့်ပေးတဲ့အခါမှာ အောင်မြင်မှုရ စေကြောင်း သိနားလည်ကြပါတယ်။
၁၂။ ထိရောက်တဲ့ဆရာ/မတွေကမိမိပြုမိတဲ့အမှားကိုဝန်ခံတတ်ပါတယ်။ ထိရောက်တဲ့ဆရာ/မတွေဆိုတာ မိမိတို့ပြုမိတဲ့အမှားများကို ဝန်းခံတောင်းပန်တတ်ကြပါတယ်။
• သူတို့ဟာကျောင်းသားတစ်ယောက်အပေါ်မှားယွင်းစွာပြုမိပြောဆိုမိခဲ့ရင် ပြန်တောင်းပန်တတ်ကြပါ တယ်။
• မိမိတို့ပေးထားတဲ့အမှတ်၊ အဆင့်တွေနှင့်ပတ်သက်လို့ မှားနေတာမျိုးကိုကျောင်းသားမျာကထောက်ပြ လာရင်လက်ခံပြီး ပြုပြင်ပေးပါတယ်။
နိဂုံး
ထိရောက်တဲ့ဆရာများမှာတွေ့ရတတ်တဲ့လက္ခဏာများမှာကျောင်းသားများကိုတွေ့ဆုံးမေးမြန်းခြင်းနှင့် ကျောင်း သားများရေးသားဖော်ပြချက်များအပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ပညာရှင်များအနေဖြင့် ထိုတွေ့ရှိချက် များကို သဘောတူလ်ခံကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
မိတ်ဆွေများအနေဖြင့် ထိရောက်တဲ့ဆရာ/မများဖြစ်လာအောင် လေ့ကျင့်ခြင်းဖြင့် ကျောင်းသားများချစ်ခင် လေးစားတန်ဖိုးထားတဲ့ထိရောက်တဲ့ဆရာ/မများဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment