Tuesday, February 18, 2025

လူတွေဟာငြိမ်းချမ်းလိုပါလျက် ဘာကြောင့်မငြိမ်းမချမ်းဆင်းရဲဒူက္ခရောက်နေရတာလဲ။Food for Thought 901 ဒေါက်တာသိန်းလွင်၊

May be an image of text 

 ဒီနေ့” လူတွေဟာငြိမ်းချမ်းလိုပါလျက် ဘာကြောင့်မငြိမ်းမချမ်းဆင်းရဲဒူက္ခရောက်နေရတာလဲ။” ဆိုတာကို Food for Thought 901 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း) ၊ ပညာရေးစိတ်ပညာဌာန။ ရန်ကုန်ပညာရေးတတ္ကသိုလ်၊

လူတွေဟာငြိမ်းချမ်းလိုပါလျက် ဘာကြောင့်မငြိမ်းမချမ်းဆင်းရဲဒုက္ခရောက်နေရတာလဲ။

လူတွေကဘယ်သူမှ ဆင်းရဲဒုက္ခရောက်ပြီးမငြိမ်းမချမ်းဖြစ်နေတာကိုမလိုလားကြပါဘူး။ ဒါပေမဲ့ လူတွေဟာ ဆင်းရဲအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုးရောက်နေကြရပါတယ်။ တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည်စစ်တွေဖြစ်နေ ကြပါ တယ်။ ပြည်တွင်းစစ်တွေဖြစ်နေကြပါတယ်။ အသက်ပေါင်းများစွာသေကျေပျက်စီးတာမျိုးတွေကြုံနေရ ပါ တယ်။ လူတွေနေတဲ့အဆောက်အဦးတွေဖျက်စီးတာမျိုးတွေအမျိုးမျိုးကြုံ ရပါတယ်။ အငတ်ဘေးတွေအမျိုး မျိုးကြုံ နေကြရပါတယ်။ ဆင်းရဲဒုက္ခအမျိုးမျိုးရောက်ပြီးရောဂါတွေအမျိုးမျိုးခံစားနေကြရပါတယ်။

အဲဒီလို အေးချမ်းစွာနေလိုကြပါလျက် ဆင်းရဲအမျိုးမျိုးကြုံနေရတာ ဘာကြောင့်လည်းဆိုတာကို မြတ်စွာဘုရား က မနာလိုဝန်တိုတဲ့မကောင်းတဲ့တရား (၂)ပါးကြောင့် ဆင်းရဲအမျိုးမျိုးကြုံနေရကြောင်း ဟောကြားခဲ့ပါတယ်။ မနာလိုခြင်းဆိုတာ သူများကောင်းတာ၊ တော်တာဆိုရင် မကြားလိုတတ်ကြပါဘူး။ သူများကောင်းတာချမ်းသာ တာကိုပြောရင်မကြားလိုကြပါဘူး။ အဲဒီစိတ်ထားမှာ ပုထုဇဥ် လူသားတွေမှာတွေ့ရတတ်တဲ့စိတ်နေစိတ်ထား ဆိုး တစ်ခုဖြစ်ပါတယ်။ နောက်တစ်မျိုးက ဝန်တိုတဲ့စိတ်ထားဖြစ်ပါတယ်။ ငါ့ဟာဆိုရင် ဘာမှမပေးချင်၊ လာမထိနဲ့ ဆိုတဲ့ဝန်တိုတဲ့စိတ်ထားဖြစ်ပါတယ်။ အဲဒီတရား (၂)ပါးကြောင့် ဆင်းရဲခြင်းဒုက္ခတွေအမျိုးမျိုးရောက်နေတာ ဖြစ်‌ကြောင်းမြတ်စွာဘုရားက လမ်းညွှန်ပြခဲ့ပါတယ်။

အဲဒီလို နမာလို၊ ဝန်တိုတဲ့စိတ်ထားမျိုးကကောဘာကြောင့် ဖြစ်သလဲဆိုရင် ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့တရား(၂)ပါး ကြောင့် ဖြစ်ကြောင်း၊ ချစ်ခင်း မုန်းခြင်းတို့ကြောင့် နမာလိုခြင်း၊ ဝန်တိုခြင်းတွေဖြစ်စေကြောင်း မြတ်စွာဘုရား ကညွှန်ပြတော်မူပါတယ်။ ချစ်ခြင်း၊ မုန်းခြင်းကလည်း အလိုဆန္ဒပြည့်ဝခြင်း၊မပြည့်ဝခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆက်လက်ညွှန်ပြပါတယ်။

အဲဒီအလိုဆန္ဒကလည်း ဆုံးဖြတ်ချက်ချတတ်တဲ့အတွေးတွေကြောင့်ဖြစ်ကြောင်း၊ တဏှာ၊မာန၊ ဒိဌိ အခြေခံတဲ့ သံသရာကို တိုးချဲ့တတ်တဲ့တရားကြောင့်ဖြစ်ကြောင်း မြတ်စွာဘုရားကဆက်လက်လမ်းညွှန်တော်မူပါတယ်။ “ငါ””သူ”လို့ အရိုးစွဲအောင်အထင်မှားအမှတ်မှားနေမှုကြောင့် ဆုံးဖြတ်ချက်ချတဲ့အတွေးဆိုးတွေ၊ အလိုဆန္ဒဆိုး တွေဖြစ်စေကြောင်း မြတ်စွာဘုရားက လမ်းပြတော်မူပါတယ်။

မငြိမ်းချမ်းတာက မနာလိုဝန်တိုတဲ့စိတ်ကြောင့် ဖြစ်ကြောင်း၊ မနာလိုဝန်တိုစိတ်က ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ကြောင်း၊ ချစ်ချင်းမုန်းခြင်းတို့က အလိုဆန္ဒပြည့်မှုမပြည့်မှုတို့ကြောင့် ဖြစ်ကြောင်း၊ အလိုဆန္ဒပြ့မှုမပြည့်မှု တို့က‌ကောင်းတယ်လို့ထင်ပြီး ဆုံးဖြတ်ချက်ချတဲ့အတွေးတွေကြောင့် ဖြစ်ကြောင်း၊ အဲဒီလိုကောင်းတယ်လို့ ထင်ပြီး ဆုံးဖြတ်ချက်ချတဲ့အတွေးဆိုးတွေကတော့ တဏှာ၊ မာန၊ ဒိဌိ ဆိုတဲ့သံသရာချဲ့တတ်တဲ့သဘောရှိတဲ့ တရားများ ကြောင့် ဖြစ်စေကြောင်း မြတ်စွာဘုရားက လမ်းပြတော်မူခဲ့ပါတယ်။ တဏှာ၊မာန၊ဒိဌိပြုတ်အောင် ဝေဒနာကမ္မဌာန်းကို အားထုတ်ရန်နှင့်မှီဝဲသင့်တာ၊မမှီဝဲသင့်တာကိုခွဲခြားသိအောင် ပြုလုပ်ရန်လိုအပ်ကြောင်း လမ်းပြခဲ့ပါတယ်။

မြတ်စွာဘုရားရဲ့ လူတွေအေးချမ်းလိုပါလျက်ဘာကြောင့်ဆင်းရဲရကြောင်းဟောခဲ့တဲ့တရားအနှစ်ချုပ်ကို မဟာစည်ဆရာတော်ဘုရားကြီးက အောက်ပါလင်္ကာဖြင့် ပေါ်လွင်မှတ်သားလွယ်အောင် ပြသခဲ့ပါတယ်။

ကာမဘုံသား၊ နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်။ အေးမြချမ်းသာ၊ နေလိုပါလည်း၊ ဣဿမစ္ဆေ၊ သူရှုပ်ပွေ့လို့၊ ထင်လေမကျ၊ ဆင်းရဲရသည်၊ မူလရင်းမြစ်၊ အကြောင်းစစ်သော်၊ မုန်းချစ်အပ်သား၊ အာရုံများနှင့်၊ လိုလားတလီ၊ ကြံစီတတန်၊ ချဲ့ရန်မှတ်စွဲ၊ ခြေတည်လွဲလို့၊ ဖြစ်မြဲဆင့်ကာ၊ ဖြစ်ရိုးပါတည့်၊ ခြောက်ဖြာဒွါရ၊ ထင်သမျှကို၊မမှီသင်ရှောင်၊ မှီသင့်ဆောင်လျက်၊မှန်အောင်မြင်မှ လမ်းမှန်ကျမည်၊ မုချချမ်းသာကြောင်းပေတည်း၊ ခြောက်ဖြာဒွါရ၊ထင်သမျှကို၊ ဖြစ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊ ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊ မမြဲဆင်းရဲ၊ ဥာဏ်ထဲပေါ်လွင်၊အနိစ္စ၊သိရနိဗ္ဗာန်ဝင်။

သစ္စာရွှေစည်ဆရာတော်ဟောကြားတော်မူတဲ့ လူတွေဘာကြောင့် ဆင်းရဲနေရပါသလဲဆိုတဲ့တရားတော်ကို နားပြီးအနှစ်ချုပ်ကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

မိတ်ဆွေများစိတ်အေးချမ်းသာစွာနေနိုင်စေရန်မနာလိုဝန်တိုမှုများကင်းစင်အောင်အားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း) ၊ ပညာရေးစိတ်ပညာဌာန။ ရန်ကုန်ပညာရေးတတ္ကသိုလ်၊

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...