Monday, February 3, 2025

ကျောင်းသားများရဲ့စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အတွက် 5E Mode Food for Thought 872 ဒေါက်တာသိန်းလွင်

 May be a graphic of text



ဒီနေ့ ကျောင်းသားများရဲ့စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အတွက် 5E Mode အကြောင်းကို Food for Thought 872 အဖြစ်မျှဝေလိုက်ပါတယ်။

ကျောင်းသားများရဲ့စွမ်းဆောင်ရည်မြှင့်တင်ပေးရေး

ကျောင်းသားများရဲ့စွမ်းဆောင်ရည်မြှင့်တင်ပေးရေးကို 5E Mode အီး (၅)လုံးပုံစံလို့အတိုချုပ်အားဖြင့်အမည်ပေး ထားပါတယ်။ အီး (၅) လုံးဆိုတော့ တော်တော်နံမှာလို့ ထင်ပြီးမပြုံးလိုက်ပါနဲ့။ ဒီမော်ဒယ်ဖြင့် အတန်းထဲမှာသင် ပေးတဲ့အခါ ကျောင်းသားတွေမှာတက်ကြွစွာပါဝင်သင်ယူလာစေပြီး အသိပညာများရရှိမှုမှာခိုင်မာအားကောင်း စေပါတယ်။

သဘောတရားအခြခံ

5E Model မှာ ပါဝင်တဲ့ E (၅) လုံးတို့မှာအောက်ပါတို့ဖြစ်ပါတယ်။

၁။ E=Engage = တက်ကြွစွာပါဝင်လုပ်ဆောင်မှု၊

၂။ E=Explore = ကိုယ်တိုင်စူးစမ်းလေ့လာရှာဖွေမှု၊

၃။ E=Explain = နားလည်အောင်ရှင်းလင်းပြသမှု၊

၄။ E= Elaborate - အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့်နားလည်အောင်ပြုလုပ်ပေးမှု၊

၅။ E=Evaluate =အကဲဖြတ်သုံးသပ်မှုတို့ဖြစ်ပါတယ်။

5E Mode မှာ သင်ယူမှုအားကောင်းအောင်တည်ဆောက်ရေးသီအိုရီကိုအခြေခံထားပါတယ်။ ၁၉၈၇ ခုနှစ်က ဇီဝသိပ္ပံသင်ရိုးကိုလေ့လာတဲ့အဖွဲ့က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ5E Mode အရ ကျောင်းသူကျောင်း သားများဟာ ကြုံလာတဲ့အခက်အခဲပြဿနာများကိုဖြေရှင်းရန်၊ အယူအဆသစ်များကို စူးစမ်းလေ့လာရန်၊ မေးခွန်းများမေးခြင်း၊ ကြည့်ရှုလေ့လာခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်းတို့အပေါ်မူတည်လျက် အ သင့်တော်ဆုံးကောက်ချက်ချနိုင်ရန် လိုအပ်ကြောင်းအလေးထားဖော်ပြခဲ့ပါတယ်။ လူတွေဆိုတာ မိမိတို့အတွေ့ အကြုံကိုအခြေခံပြီး အသိအမြင်နားလည်မှုများနှင့်အဓိပ္ပါယ်ဖော်ဆောင်မှုများပြုလုပ်ကြပါတယ်။ လုပ်ဆောင် မှုများကို နားလည်မှုနှင့် ထိုအတွေ့အကြုံများကို ပြန်လည်ထင်ဟပ်သုံးသပ်ခြင်းဖြင့် ကျောင်းသားများဟာအသိ အမြင်သစ်များကို အသိအမြင်အဟောင်းများနှင့် ပေါင်းစည်းနားလည်လာကြတာဖြစ်ပါတယ်။ ဘာသာရပ်ဆိုင် ရာ သင်ကြားမှုတွင်ကျွမ်းကျင်တဲ့ပညာရှင် Beverlee Jobrack ရဲ့အမြင်အရတက်ကြွစွာသင်ယူခြင်း၊ စူးစမ်းလေ့ လာမှုအခြေခံသင်ယူခြင်း၊ စူစမ်းရှာဖွေလေ့လာသင်ယူခြင်း၊ လက်တွေ့လုပ်ဆောင်သင်ယူခြင်းတို့ဟာ အား ကောင်းတဲ့သိမှုကိုတည်ဆောက်နိုင်စေပြီး အဲဒီနည်းလမ်းတွေဟာအသိအမြင်များကိုတည်ဆောင်ရာမှာ အား ကောင်းတဲ့နည်းများဖြစ်ကြပါတယ်လို့ဖော်ပြခဲ့ပါတယ်။

5E Mode ကိုသုံးနိုင်ရန်ဆရာအနေဖြင့်ကျောင်းသားများသင်ယူတဲ့လုပ်ငန်းမှာစူးစမ်းလေ့လာဖို့၊ တိုးချဲ့ရှာဖွေလေ့ လာဖို့၊ နှင့် ထိုအချက်များအပေါ်မူတည်ထားတဲ့စစ်ဆေးတိုင်းတာတဲ့အစီအစဥ်တွေပါအောင်ပြင်ဆင်ရန် လိုအပ်ပါ တယ်။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် ဆရာ့အခန်းမှာ ကူညီပံ့ပိုးပေးသူဖြစ်လာပြီးကျောင်းသားများအယူအဆသစ် များကိုသင်ယူတဲ့အခါမှာ ကျောင်းသားများရဲ့သင်ယူမှုလုပ်ငန်းကို လိုအပ်သလို လမ်းပြပေးသူဖြစ်လာပါတယ်။

5E Mode ကိုရှင်းပြခြင်း

ENGAGE =တက်ကြွစွာပါဝင်လုပ်ဆောင်မှု

သင်ယူမှုဖြစ်စဥ်ရဲ့ပထမအဆင့်မှာ ကျောင်းသားများတက်ကြွစွာပါဝင်လုပ်ဆောင်နိုင်ရန် ကျောင်းသားတွေမှာ အရင်က ဘယ်လိုအသိအမြင်နားလည်မှုတွေရှိနေကြောင်းသိအောင်လေ့လာရန် လိုအပ်ပါတယ်။ အရင်ကသိ ထားတာနဲ့အခုသိရန်အသိအမြင်နှစ်ခုကြားမှာ ဘာကွာဟချက်များရှိတာကိုသိအောင်လေ့လာရန် လိုအပ်ပါတယ်။ အဲဒီလိုသိနားလည်လာစေရန်ဆရာကကျောင်းသားများအားအဖွင့်မေးခွန်းများမေးရန် လိုအပ်ပါတယ်။ သင်ရမဲ့ ခေါင်းစဥ်နဲ့ပတ်သက်လို့ ကျောင်းသားများသိထားတာတွေကို ရေးချစေရန်တာဝန်ပေးနိုင်ပါတယ်။ အကြောင်းအ ရာခေါင်းစဥ်ကိုပထမဆုံးကျောင်းသားများနှင့်မိတ်ဆက်တဲ့အခါ ပြုလုပ်ရန် လိုအပ်ပါတယ်။

EXPLORE= ကိုယ်တိုင်စူးစမ်းလေ့လာရှာဖွေမှု၊

ကျောင်းသားများကိုယ်တိုင် စူးစမ်းရှာဖွေလေ့လာတဲ့အဆင့်မှာ ကျောင်းသားများအနေဖြင့်အကောင် အထည် ရှိတာတွေကို ကိုယ်တိုင်သင်ယူလေ့လာရင် အယူအဆသစ်ကိုနားလည်လာအောင်စူးစမ်းလေ့လာရန်လိုအပ်ပါ တယ်။ သိပ္ပံနည်းကျနတဲ့လေ့လာမှုများသုံးစေပြီး စူးစမ်းလေ့လာတွေ့ရှိချက်များကို သူတို့အချင်းချင်း အပြန်အ လှန်ဆက်သွယ်ပြောဆိုမှုများပြုလုပ်ရန် အားပေးပါ။ ဒီအဆင့်က ကျောင်းသားတွေလက်တွေ့ပြုလုပ်ရင်း လေ့ လာသင်ယူမှုကိုကို ဖြစ်အောင်အားပေးပါတယ်။

EXPLAIN = နားလည်အောင်ရှင်းလင်းပြသမှု၊

ဒီအဆင့်က ဆရာကဦးဆောင်ရတဲ့အဆင့် ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် အယူအဆသစ်ကို ကောင်း စွာနားလည်စေရန်ဆရာကရှင်းပြရပါတယ်။ ကျောင်းသားများအနေဖြင့် ဆရာရှင်းပြတာကို ပိုနားလည်ရန်မေး ခွန်း များမေးနိုင်ပါတယ်။ ဒီ EXPLAIN = နားလည်အောင်ရှင်းလင်းပြသမှုအဆင့်မှာ ကျောင်းသားများအနေဖြင့် သူတို့ကိုတိုင်စူးစမ်းလေ့လာတဲ့အဆင့်မှာဘာတွေကိုနားလည်ခဲ့ပါသလဲလို့မေးရန် လိုအပ်ပါတယ်။ သင်ရမဲ့အ ကြောင်းအရာကိုတိုက်ရိုက်သင်ကြားရှင်းပြတာမျိုးမပြလုပ်မှီ သူတို့ကိုယ်တိုင်စူစမ်းလေ့လာခဲ့ စဥ်က သိနားလည် မှုကိုမေးကြည့်ခြင်းဖြင့် ရှင်းပြတဲ့အခါ ထိရောက်မှုရှိအောင် ရှင်းပြနိုင်စေပါတယ်။ကွာဟနေမှုကို ဆက်စပ်အောင် အလေးထားရှင်းပြနိုင်စေပါတယ်။ ဆရာကရှင်းလင်းပြတဲ့အခါမှာ ကျောင်းသားများပိုနားလည်စေရန်ဗီဒီယိုအခွေ များ၊ ကွန်ပျူတာဆော့ဖ်ဝဲများနှင့်အခြားအထောက်အကူပြု များ ကို လိုအပ်သလိုသုံးသင်ပါတယ်။

ELABORATE = အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် ပြုလုပ်မှု၊

ဒီ ELABORATE = အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် ပြုလုပ်မှုအဆင့်မှာကျောင်းသားများအား သူတို့သင်ယူထားတာတွေကို ပြန်လည်အသုံးချနိုင်ရန် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ပေး ခြင်း ဖြင့် ကျောင်းသားများ သင်ယူလေ့လာထားတာကို ပို နက်ရှိုင်းစွာနားလည်လာစေပါတယ်။ ဆရာက ကျောင်း သားများအားသူတို့နားလည်ထားမှုကို တင်ပြစေခြင်း၊ သူတို့ကျွမ်းကျင်ထားမှုများကို အားပိုကောင်း လာစေမဲ့စူး စမ်းလေ့လာမှုများပြုလုပ်ခိုင်းနိုင်ပါတယ်။ အဲဒီလို ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသားများသိရှိနား လည်ထားမှုကို အကဲဖြတ်သုံးသပ်မှုမလုပ်မှီ ပို အားကောင်းခိုင်မာလာစေပါတယ်။

EVALUATE = အကဲဖြတ်သုံးသပ်မှုတို့ဖြစ်ပါတယ်။

ဒီ EVALUATE = အကဲဖြတ်သုံးသပ်မှုအဆင့်မှာ ကျောင်းသားများသင်ယူတတ်မြောက်ထားမှုကို သွားရင်း ဟန်လွဲစစ်ဆေးအကဲဖြတ်မှုနဲ့ ပုံစံတကျစစ်ဆေးအကဲဖြတ်တဲ့အဆင့် ဖြစ်ပါတယ်။ အခြေခံကျတဲ့အယူအဆ တွေမှာ ကျောင်းသားများနားလည်မှုပြည့်စုံခြင်းရှိမရှိ၊ လစ်ဟာနေမှုရှိမရှိကိုအကဲဖြတ်စစ်ဆေးကြည့်ရန် လို အပ်ပါတယ်။ ကျောင်းသားများအနေဖြင့် သူတို့သင်ယူလေ့လာမှုကိုအခြေခံလျက် ကြုံလာတဲ့ပြဿနာကို မတူတဲ့ချဥ်းကပ်နည်းဖြင့် ချဥ်းကပ်ဖြေရှင်နိုင်ခြင်းရှိမရှိစမ်းကြည့်သင်ပါတယ်။ ဒီအဆင့်မှာဆရာကစစ်ဆေး အကဲဖြတ်မှုအပြင်မိမိကိုယ်တိုင်ပြန်လည်စစ်ဆေးခြင်း၊ ကျောင်းသားအချင်း ချင်း ပြန်လည်စစ်ဆေးအကဲဖြတ် ခြင်း၊ ရေဖြေ‌ဖြေခိုင်းခြင်း၊ စာမေးပွဲစစ်ဆေးခြင်းစတဲ့နည်းများကို လည်းကျင့်သုံးနိုင်ပါတယ်။

5E Mode အသုံးပြုပုံနှင့်ထိရောက်မှု

ဒီချဥ်းကပ်နည်းမှာ ကျောင်းသားများအနေဖြင့် အယူအဆအသစ်ကို ပထမဆုံး လေ့လာသင်ယူတဲ့အခါ မှာ ပိုထိ‌ ရောက်မှုရှိ စေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းသားများအနေဖြင့် 5E Mode မှာပါတဲ့အဆင့်များကိုအ ပြည့်ပြုလုပ်ခွင့်ရတဲ့ အတွက်ဖြစ်ပါတယ်။ 5E Mode ကိုဖော်ထုတ်ခဲ့တဲ့ပညာရှင်ဖြစ်တဲ့ Rodger W. Bybeeအလို အရ ဒီချဥ်းကပ်နည်း က သီတင်း နှစ်ပတ်မှသုံးပတ်ကြာအောင်သင်ယူရတဲ့သင်ခန်းစာအသစ်များကိုသင်တဲ့အခါ အထိရောက်ဆုံး ဖြစ် ပါတယ်။ သင်ခန်းစာ တစ်ခုတည်းကိုသာ သင်တဲ့အခါ ဒီချဥ်းကပ်နည်းသုံးရင်ထိရောက် မှုကလျော့ကျလာ စေပါ တယ်။ သင်ခန်းစာတစ်ခုတည်းသင်တဲ့အခါဒီချဥ်းကပ်နည်းကိုသုံးရင် သင်ယူထားတဲ့ အယူအဆများကို ပြန်လည် ဖော်ထုတ်နိုင်တဲ့အချိန်နှင့်အခွင့်အလမ်းနည်းပါးတဲ့အတွက်ဖြစ်ပါတယ်။ အလား တူပင် အဆင့် တစ်ခုအတွက်အ ချိန် တွေအများကြီးကြာအောင်သုံးနေရင်လည်း ဒီချဥ်းကပ်နည်းကသိပ်မ ထိ ရောက်တော့ပါဘူး။ ဘာကြောင့်လဲ ဆို တော့ ကျောင်းသားများက သူတို့ လေ့လာသင်ယူထားတာတွေကို မေ့ ကုန်နိုင်တဲ့အတွက်ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

မိတ်ဆွေများ 5E Mode ကိုထိရောက်စွာအသုံးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...