Monday, February 3, 2025

ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူများရဲ့လက္ခဏာ (၁၆)ချက် Food for Thought 873 ဒေါက်တာသိန်းလွင်၊

 May be an image of text

ဒီနေ့ ” ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူများရဲ့လက္ခဏာ (၁၆)ချက်” အကြောင်းကို Food for Thought 873 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊


ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူများရဲ့လက္ခဏာ (၁၆)ချက်

Albert Einstein, Henry Ford, Marie Curie, Sigmund Freud… စသူတို့မှာလောကကိုပြောင်းလဲစေခဲ့တဲ့ ဝေဖန်ပိုင်းခြားစဥ်းစားတဲ့လူများဖြစ်ကြပါတယ်။

ဝေဖန်ပိုင်းခြားစဥ်းစားသူတွေဟာရှင်းလင်းစွာ စဥ်းစား တတ်ကြပါတယ်။ ကျိုးကြောင်းညီစွာစဥ်းစားကြပါတယ်။ စိတ်ကူးတွေတစ်ခုနှင့်တစ်ခု ကြား မှာကျိုးကြောင်းညီတဲ့ဆက်စပ်မှုများရှိအောင် ဆက်စပ်စဥ်းစားကြပါတယ်။ အဲဒီလိုစဥ်းစားမှုဟာလောကအကြောင်းကိုသိနားလည်အောင်လေ့လာရာမှာအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ဝေဖန်ပိုင်းခြားစဥ်းစားခြင်းဆိုတာအချက်အလက်များနှင့် အသိဗဟုသုတများကို စုဆောင်းမှုသက်သက်ထက် သာလွန်ပါတယ်။ မိမိစိတ်ထဲမှာရှိနေတဲ့စိတ်ကူးတွေ၊ သိထားမှုတွေကို စုစည်းပြီး အကောင်းဆုံးအနေ အထားဖြစ်အောင်စုစည်းဖန်တီးတဲ့လုပ်ငန်းဖြစ်ပါတယ်။

ဝေဖန်ပိုင်းခြားစဥ်းစားတဲ့အလေ့အကျင့်ရှိသူတွေဟာသူတို့မှာရှိတဲ့အသိအမြင်ဗဟုသုတများကိုအစဥ်သဖြင့် အဆင့်မြင့်လာအောင်အလေးထားစဥ်းစားကြပါတယ်။ ပြီးတော့ သူတို့က ကိုယ်တိုင်လေ့လာသင်ယူမှုကိုပြုလုပ်နေတတ်ကြပါတယ်။ အဲဒီလို လေ့လာသင်ယူနေတဲ့အတွက် သူတို့ဟာတိုးတက်နေပြီး သူတို့မှာရှိတဲ့စွမ်းဆောင်နိုင်မှုများမှာအစွမ်းကုန်ဖွံ့ဖြိုးတိုးတက်နေသဖြင့် လောကကိုဦးဆောင်နိုင်သူ များ ဖြစ်လာကြပါတယ်။

စာဖတ်သူများလည်းမိမိတို့မှာရှိတဲ့အစွမ်းအစများအားအကောင်းဆုံးဖွံ့ဖြိုးတိုးတက်လိုတယ်ဆိုရင် ဝေဖန်ပိုင်းခြားစဥ်းစားလေ့ရှိသူများမှာရှိတဲ့အောက်ပါအလေ့အကျင့် (၁၆) ခုရှိလာအောင်လေ့ကျင့်နိုင်ကြပါတယ်။

၁။ ကြည်ရှုလေ့လာမှု

တွေ့တာမြင်တာကြားတာထိတွေ့တာတွေကိုသိအောင်စူးစမ်းလေ့လာမှုမှာဝေဖန်ပိုင်းခြားစဥ်းစားသူများအနေဖြင့် ကလေးငယ်ဘဝတွင်အစပျိုးလုပ်ဆောင်တဲ့ကျွမ်းကျင်မှုပင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိ တာတွေကို သိနားလည်အောင်ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။ ဂရုတစိုက်ကြည့်ရှုလေ့လာမှုတွင်အချက် အလက်များကိုအာရုံခံများမှတစ်ဆင့်သိလာအောင် အသေးစိတ်ကြည့်ရှုလေ့လာမှတ်သားမှုပြုလုပ်ပါ တယ်။ အဲဒီလိုကြည့်ရှုလေ့လာမှုကမှထိုးထွင်းသိမြင်မှုအဆင့်သို့ရောက်ပြီး လောကအကြောင်းကို ပို နက်ရှိုင်းစွာနားလည်လာစေပါတယ်။
Related: 4 Eating Habit Changes That Can Boost Your Critical Thinking

၂။ စူးစမ်းလေ့လာတတ်မှု

စူးစမ်းလေ့လာတတ်မှုမှာအောင်မြင်တဲ့ခေါင်းဆောင်များမှာတွေ့ရတဲ့ပင်မလက္ခဏာတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်လောကအကြောင်းကို သိလိုတဲ့စိတ်ပြင်းပြမှု၊ ပတ်ဝန်းကျင်လောကကိုစိတ်ဝင်စားမှု တို့ မှာ ဝေဖန်ပိုင်းခြားစဥ်းစားတတ်တဲ့ခေါင်းဆောင်များရဲ့ထင်ရှားတဲ့လက္ခဏာဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်း အပြင်ပန်းအသွင်အပြင်တွေကိုသာလေ့လာနေခြင်းမျိုးမဟုတ်ဘဲ ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူများဟာ မြင်တွေ့နေရတာတွေက ဘာကြောင့် ထိုကဲ့သို့ဖြစ်နေတာလဲဆိုတာကိုသိအောင် စူးစမ်းလေ့လာပါတယ်။

အသက်ကြီးလာတဲ့ကလေးဘဝကဲ့သို့ ကလေးလိုစူးစမ်းလိုမှုကိုရပ်ပြီး ပွင့်လင်းတဲ့စိတ်ထားထာလာပါတယ်။ ပို လေးနက်နက်ရှိုင်းတဲ့အသိအမြင်မျိုးရအောင် ပြုလုပ်လာပါတယ်။ အဲဒီလို လေ့လာစူးစမ်းလိုမှု စိတ် နေစိတ်ထားဟာ ဘဝတစ်သက်တာလုံးသင်ယူလေ့လာသူဖြစ်လာဖို့အတွက် အ‌ခြေခံကျပါတယ်။

၃။ ဓမ္မဒိဌာန်ကျကျလေ့လာတတ်မှု

ဝေဖန်ပိုင်းခြားစဥ်းစားမှုကိုကောင်းစွာပြုလုပ်တတ်သူတွေဟာ လေ့လာနေတဲ့အ‌ခြေအနေကိုဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ ဓမ္မဒိဌာန်ကျတဲ့စိတ်နေစိတ်ထားဖြင့် လေ့လာပါတယ်။ သူတို့က အ ချက်အလက်များနှင့် သူတို့လက်ထဲမှာ ရရှိထားတဲ့သတင်းအချက်အလက်များကိုစနစ်တကျသိပ္ပံနည်း ကျကျ အကဲဖြတ်သုံးသပ်လေ့ရှိပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားမှုကိုကောင်းစွာပြုလုပ်တတ်သူတွေဟာ သူတို့ရဲ့စိတ်လှုပ်ရှားခံစားမှုများနှင့်အခြားလူများရဲ့စိတ်လှုပ်ရှားခံစားမှုများကို သူတို့ပြုလုပ်မဲ့အကဲဖြတ် မှုဆုံးဖြတ်မှုများအပေါ်သက်ရောက်မှုတတ်နိုင်သမျှကင်းအောင် အလေးထားပါတယ်။

ဒါပေမဲ့ အ‌ခြေအနေသို့မဟုတ်သတင်းအချက်အလက်များကိုစဥ်းစားရာမှာမိမိတို့ရဲ့အမြင်ရှုထောင့်၊ ဘဝ အတွေ့အကြုံများနှင့် ရပ်တည်ချက်များအပေါ်မူတည်လျက်စဥ်းစားရတဲ့အတွက် လုံးဝဓမ္မဒိဌာန်ကျ အောင်စဥ်းစားဖို့မှာမဖြစ်နိုင်ပါ။ မိမိတို့မှာ ဘယ်လို ဘက်လိုက်အမြင်များရှိတယ်ဆိုတာသိနေဖို့မှာ ဓမ္မဒိဌာန်ကျကျကစဥ်းစားနိုင်ဖို့အတွက်ပထမလိုအပ်ချက်ပင်ဖြစ်ပါတယ်။ အ‌ခြေအနေကို မိမိရဲ့ ဘက် လိုက်တဲ့အမြင်ကင်းကင်းစဥ်းစားနိုင်ရန် လိုအပ်ပါတယ်။ သင့်အနေဖြင့် မိမိအ‌ခြေအနေကို ဘက် လိုက်မှုကင်းအောင် ဆင်ခြင်နိုင်ရန် အ‌ခြေအနေကို ကောင်းစွာခွဲခြမ်းစိတ်ဖြာလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Related: Use This Simple Math Problem to Kick Critical Thinking Into High Gear

၄။ မိမိကိုယ်တိုင်ဘယ်လိုစဥ်းစားနေတာကို သတိရှိမှု

မိမိကိုယ်တိုင်ဘယ်လိုစဥ်းစားနေတယ်ဆိုတာကို ပြန်လည်သတိပြုမိရန်လည်းလိုအပ်ပါတယ်။ သင့်အ နေဖြင့် စဥ်းစားနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လာရင်ဘယ်လိုစဥ်းစားတယ်ဆိုတာကိုသိအောင် ပြန်လည်စဥ်းစားခြင်းဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားသူတွေဟာမိမိကိုယ်တိုင် ဘယ်အတိုင်းအ တာ အထိ နိုးကြားတက်ကြွမှုရှိကြောင်း၊အာရုံစူးစိုက်မှုရှိကြောင်းနှင့် ဘက်လိုက်အမြင်များရှိကြောင်း သိနေ အောင် ပြန်လည်စဥ်းစားရန် လိုအပ်ပါတယ်။ မိမိမှာဘယ်လိုအတွေးတွေရှိနေတယ်၊ ဘယ်လို စိတ်ခံစား မှုတွေရှိကြောင်းသိအောင်မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးသုံးသပ်နိုင်စွမ်းရှိရန်လိုအပ်ပါတယ်။ အခုလို မိမိစဥ်းစားမှုအနေအထားကိုသိအောင်ပြန်လည်စဥ်းစားခြင်းက မိမိလုပ် ဆောင်ထားမှုတွေအပေါ် ပြန် လည်ထင်ဟပ်စဥ်းစားသုံးသပ်ခြင်းနှင့်အလွန်နီးကပ်စွာဆက်စပ်နေပါတယ်။ အဲဒီလိုလုပ်ကြည့်ရင် မိမိ မှာဘယ်လိုစိတ်လှုပ်ရှားခံစားမှုများနှင့် စိတ်အ‌ခြေအနေရှိနေတယ်ဆိုတာကိုထိုးထွင်းသိမြင်လာစေ ပါတယ်။

၅။ ပိုင်းခြားစဥ်းစားမှု

အကောင်းဆုံးပိုင်းခြားစဥ်းစားတတ်သူတွေဟာ ဝေဖန်ပိုင်းခြားစဥ်းစားသူများဖြစ်ကြသလို အကာင်းဆုံး ဝေဖန်ပိုင်းခြားစဥ်းစားသူများကလည်း အကောင်းဆုံးပိုင်းခြားစဥ်းစားသူများဖြစ်ကြပါတယ်။ ရလာတဲ့ သတင်းအချက်အလက်များကို ပိုင်းခြားစဥ်းစားနိုင်မှုမှာ အရာရာကိုကြည့်တဲ့အခါ သော့ချက်ကျပါတယ်။ ကွန်ထရက်တစ်ခုကိုဖြစ်စေ၊ အစီရင်ခံစာတစ်ခုကိုဖတ်ရာပြင်ဆင်ရာမှာဖြစ်စေ၊ စီးပွားရေးလုပ်ငန်းပုံစံ တစ်ခုကို သုံးသပ်ရာမှာဖြစ်စေ၊ အပြန်အလှန်ဆက်ဆံရေးကို သုံးသပ်ရာမှာဖြစ်စေ သော့ချက်ကျပါတယ်။

သတင်းအချက်အလက်များကိုခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဆိုတာ ရလာတဲ့သတင်းအချက်အလက်များမှာ ပါဝင့်တဲ့ အစိတ်အပိုင်းများကိုခွဲကြည့်ပြီး ထိုသတင်းအချက်အလက်များအနေဖြင့် သီးခြားစီဆိုရင် သို့မဟုတ် တစ်စုတည်းဆိုရင်ဘယ်လို ဆိုလိုတယ်ဆိုတာကိုသိရန်ခွဲခြမ်းကြည့်ခြင်းဖြစ်ပါတယ်။ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ ကြည့်ရှုလေ့လာထားချက်၊အချက်အလက်များကိုစုစည်းကြည့်မှု၊ အထောက်အ ထားများကိုအကဲဖြတ်သုံးသပ်ကြည့်မှုတို့ပါဝင်ပါတယ်။ ဒါမှသာအဓိပ္ပါယ်ရှိတဲ့ကောက်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာစဥ်းစားခြင်းဆိုတာ ဓမ္မဒိဌာန်ကျကျစဥ်းစားမှုမှစတာဖြစ်ပါတယ်။

၆။ ဘက်လိုက်အမြင်များကိုသတ်မှတ်ဖော်ထုတ်မှု

ဝေဖန်ပိုင်းခြားစဥ်းစားသူများဟာ သူတို့ရဲ့ ယုံကြည်မှုများကိုဖြစ်စေတဲ့အ ထောက်အထားများကို ဖော် ထုတ်သတ်မှတ်ပါတယ်။ မိမိယုံကြည်မှုကိုဖြစ်စေတဲ့အထောက်အထားရင်းမြစ်များဟာအားထားနိုင် မှုရှိသလားဆိုတာကိုလည်းအကဲဖြတ်သုံးသပ်ပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် သင့်အနေဖြင့် ဘယ် လိုဘက်လိုက်မှုများရှိကြောင်းသိနားလည်စေပြီး မိမိမှာရှိနေတဲ့ကြိုတင်ရှိနေတဲ့အမြင်များကို မေး ခွန်းမေးပြီးစစ်ဆေးနိုင်စေပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့အဆင့်ကအရေးကြီးပါတယ်။ မိမိမှာရှိနေတဲ့ဘက်လိုက်အမြင်များကမိမိရဲ့စဥ်းစားမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပြီး ရလာတဲ့သတင်းအချက်အလက်များကိုလည်း ဘက်လိုက်အမြင် များလွှမ်းနေစေမှုမှကာကွယ်နိုင်မှာဖြစ်ပါတယ်။ သတင်းအချက်အလက်များကိုကြည့်တဲ့အခါ ထိုသ တင်းအချက်အလက်က ဘယ်သူကိုအကျိုးရှိစေသလဲဆိုတာကို အလေး ထားကြည့်ပါ။ ထိုသတင်း ရလာတဲ့ရင်းမြစ်မှာ သူပေးချင်တာကို အသားပေးဖို့ ရည်ရွယ်ချက်ရှိနေပါသလား။ သတင်းအချက် အလက်မှာခိုင်မာမှုကိုဖြစ်စေတဲ့အချက်များကိုချန်ထားပါသလား။ မဆိုင်တာကို လိုတာထက်ပိုအသား ပေးနေပါသလား။ စတာတွေကိုချင့်ချိန်စဥ်းစားရန် လိုအပ်ပါတယ်။
Related: Most Grads Say College Taught Them Few Critical Thinking Skills

ရ။ ဆီလျှော်မှုကိုဆုံးဖြတ်မှု

ဝေဖန်ပိုင်းခြားစဥ်းစားတဲ့အခါအခက်အခဲဆုံးအပိုင်းမှာ မိမိစဥ်းစားနေတဲ့လုပ်ငန်းမှာ ဘယ်သတင်းအ ချက် အလက်များကအဆီလျော်ဆုံး၊ အဓိပ္ပါယ်အရှိဆုံးနဲ့အရေးအကြီးဆုံးလဲဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့လုပ်ငန်းများတွင် သင်ရတဲ့သတင်းအချက်အလက်များမှာတန်ဖိုးရှိတဲ့ သတင်းများ ရလာနိုင်ပါတယ်။ ဒါပေမဲ့နောက်ဆုံးတော့ အဲဒီအရေးကြီးတယ်ဆိုတဲ့သတင်းအချက် အ လက်မှာဆီလျော်မှုအပိုင်းအရ သိပ်အရေးမပါတော့တာကိုတွေ့လာနိုင်ပါတယ်။

သတင်းအချက်အလက်ရလာတဲ့ရင်းမြစ်ဟာ စဥ်းစားနေတဲ့ကိစ္စမှာ ကျိုးကြောင်းဆီလျော်တဲ့ရင်းမြစ် ဟုတ်ပါသလား။ အမှန်တကယ်အသုံးဝင်ပါသလား။ ဘက်လိုက်မှုကင်းပါသလား။ သို့မဟုတ် အရေး ကြီးတဲ့စဥ်းစာမှုကိုအနှောက်အယှက်ဖြစ်စေမှုအတွက် ဖန်တီးထားတာလားဆိုတာစဥ်းစားရန် လို အပ်ပါ တယ်။

၈။ ကောက်ချက်ဆွဲနိုင်မှု

ရလာတဲ့သတင်းအချက်အလက်များမှာ အစဥ်သဖြင့် ဆိုလိုချက်ကို အတိအကျမရည်ညွှန်းတဲ့ သတင်း အချက်အလက်မျိုးဖြစ်နေတတ်ပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားသူက ရလာတဲ့သတင်းအချက်အလက် ကို ချင့်ချိန်အကဲဖြတ်ပြီးအချက်အလက်အကြမ်းထည်များအပေါ်မူတည်လျက်ကောက်ချက်ချကြည့်ရန် လို အပ်ပါတယ်။ ကောက်ချက်ဆွဲနိုင်မှုဆိုတာ ရလာတဲ့သတင်းအချက် အလက်ပေါ်မူတည်လျက် ဆိုလို ချက်အဓိပ္ပါယ်ကို ကြိုတင်ခန့်မှန်းတွက်ဆပြီး ရလာတဲ့သတင်းအချက်အလက်မှရလာနိုင်တဲ့ရလဒ်ကို ချင့်ချိန်တွက်ဆနိုင်တဲ့စွမ်းရည်ပင်ဖြစ်ပါတယ်။

ကြိုတင်မှန်းဆယူဆချက်နှင့် ကောက်ချက်ချကြည့်မှုတို့ရဲ့ကွာခြားချက်ကိုလည်းနားလည်ရန် လိုအပ်ပါ တယ်။ ဥပမာလူတစ်ယောက်ကိုယ်အလေးချိန်မှာပေါင် ၂၆၀ ဖြစ်တယ်လို့ရေးထားတာတွေ့တယ်ဆိုပါစို့။ အဲဒီအလေးချိန်ကိုတွေ့ပြီး ထိုလူဟာ ကိုယ်အလေးချိန်ရှိသင့်တာထက် များနေတယ်။ သို့မဟုတ်ကျန်းမာ ရေးမကောင်းဘူးလို ယူဆနိုင်ပါတယ်။ ဒါပေမဲ့အရပ်အမြင့်နှင့်သူ့ကိုယ်ခန္တာနှင့်ပတ်သက်တဲ့အခြား အချက်အလက်များကိုဆက်လက်လေ့လာတဲ့အခါ မူလမှန်းဆချက်မှာ မမှန်ကြောင်းသိလာပြီး နောက် ကောက်ချက်တစ်မျိုးပြောင်းသွားစေနိုင်ပါတယ်။
Related: 6 Obstacles to Creative Thinking and How to Overcome Them

၉။ ဂရုဏာစိတ်နှင့် စာနာထောက်ထားတတ်မှု

ဂရုဏာစိတ်ရှိခြင်းနှင့် စာနာထောက်ထားတဲ့စိတ်ရှိခြင်းဟာဝေဖန်ပိုင်းခြားစဥ်းစားသူများအတွက် အ ပျက်သဘောဆောင်တဲ့အနေအထားဖြစ်နေနိုင်ပါတယ်။ စိတ်ထဲမှာတွယ်တာတဲ့စိတ်ခံစားမှုရှိနေခြင်းက အ‌ခြေအနေနှင့် ပတ်သက်လို့မိမိအမြင်ရှုထောင့်ကို ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ဂရုဏာ စိတ် ထားခြင်းဆိုတာအခြားသူများအတွက် ကောင်းစေလိုတဲ့စိတ်မွေးခြင်းပင်ဖြစ်ပါတယ်။
စာနာထောက်ထားတဲ့းရုဏာစိတ်မရှိဘူးဆိုရင် မိမိတို့ရဲ့စဥ်းစားမှုဟာအေးစက် စက်နိုင်ပြီးနှလုံးသားမှလာ တဲ့ ခံစားမှုကင်းတဲ့အအပေါ်ယံအချက်အလက်တွေသက်သက်သာဖြစ်နေပါလိမ့်မယ်။ အဲဒီအခါမှာ သင့်စဥ်းစား မှုဟာ အခြားလူတွေအတွက်အဆိပ်သင့်နေတာမျိုးဖြစ်စေနိုင်ပါတယ်။ စဥ်းစားတဲ့အရာ တိုင်း အပေါ် သံသယ မကင်းတဲ့စိတ်ဖြင့် စဥ်းစားနေတာမျိုးဖြစ်နေနိုင်ပါတယ်။

ကောင်းစွာဝေဖန် စဥ်းစားနိုင်စွမ်းရှိသူ ဖြစ်ဖို့အတွက် လူသားဆိုင်ရာအချက် အလက်ကိုလည်းအစဥ်သဖြင့် ထည့်သွင်းစဥ်း စားရန် လိုအပ်ပါ တယ်။ ကျွန်ပ်တို့လုပ်ဆောင်နေတာမှန်သမျှဟာ အစွဲအလမ်းမထားတဲ့သတင်းအချက် အလက်များကိုသာ အ‌ခြေခံပါတယ်။ အဲဒီအချက်အလက်တွေဆိုတာကလည်း လူသားတွေအကြောင်း ပင် ဖြစ်ပါတယ်။

၁၀။ မိမိကိုယ်မိမိနှိမ့်ချတတ်မှု

မိမိကိုယ်မိမိနှိမ့်ချတတ်မှုဆိုတာ မိမိရဲ့အားနည်းချက်များကိုသိနားလည်အသိအမှတ်ပြုနိုင်ပြီးမိမိရဲ့အပြု သဘောဆောင်တဲ့ အချက်များ ကိုလည်းတိကျစွာမြင်နိုင်စွမ်းပင်ဖြစ်ပါတယ်။ မိမိကိုယ်မိမိနှိ့ချတတ်တဲ့ အခါ သင့်အနေဖြင့်မိမိအား နည်းချက်များကိုသတိရှိသလို အားကောင်းချက်များကိုလည်းသတိရှိပါ တယ်။ အဲဒီလိုမိမိအ‌ခြေအနေ ကိုသိနေခြင်းဟာ ဝေဖန်ပိုင်းခြားစဥ်းစားမှုမှာအရေးကြီးပါတတယ်။ အဲီလိုမိမိကိုယ်မိမိနှိမ့်ချတတ်မှုဟာမိမိစိတ်ကို ပွင့် လင်းအားကောင်းလာအောင်ဆွဲဆန့်ထုတ် လာနိုင်စေ ပါတယ်။

အသိဥာဏ်ရည်ပိုင်းနဲ့ပတ်သက်ပြီး မိမိကိုယ်ကိုနှိမ့်ချတဲ့စွမ်းရည်ိတဲ့အခါ သင်ဟာအခြားလူတွေရဲ့ အမြင်တွေကိုပွင့်လင်းစွာမြင်လာစေပါတယ်။မိမိမှားနေတဲ့အခါလည်း မိမိမှားနေကြောင်းအသိ အမှတ် ပြုနိုင်စေပါတယ်။ လိုအပ်တဲ့အခါတိုင်း သင့်အနေဖြင့်မိမိယုံကြည်ထားမှုများကို ပြန်လည်စိန်ခေါ်ကြည့် ရန်၊စောဒကတက်ကြည့်ရန် အသင့်အနေအထားရှိနေပါတယ်။

၁၁။ လက်ရှိအနေအထားကိုပြောင်းလဲလိုတဲ့စိတ်ဆန္ဒရှိမှု

ဝေဖန်ပိုင်းခြားစဥ်းစားခြင်းဆိုတာ အလွန်ရှည်ကြာခဲ့တဲ့အချိန်မှစပြီးလေ့ကျင့်ခဲ့တဲ့အလေ့အကျင့်ကို ပြန်လည်မေးခွန်းထုတ်ပြီး အလေးအကျင့်တွေဟာရှေးကတည်းက လေ့ကျင့်ခဲ့တဲ့ အစဥ်အလာ အရလေ့ကျင့်ခဲ့တဲ့အလေ့အကျင့်တွေဖြစ်တယ်ဆိုတဲ့အကြောင်းသက်သက်ဖြင့်ထိုအကျင့်တွေကို လက်ခံကျင့်သုံးနေမှုကိုငြင်းပယ်တဲ့အတွေးမျိုးဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဆိုတာ စမတ်ကျပြီးဆီလျော်တဲ့သတင်းအချက်အလက်များ၊ လက်ရှိအခြေအနေနှင့် သတင်းအချက်အလက် များ ကို ထည့်သွင်းစဥ်းစားတဲ့လုပ်ဆောင်နည်းများကိုအစဥ်သဖြင့် စူးစမ်းရှာဖွေနေတတ်သူများဖြစ်ကြ ပါတယ်။ လက်ရှိအနေ အထားကိုပြောင်းလဲလိုတဲ့သူတို့ရဲ့စိတ်ဆန္ဒမှာတစ်ခါတစ်ရံမှာသိုလောသို့လော တွေး စရာဖြစ်တတ်ပါတယ်။ ဒါပေမဲ့အဲဒီလိုစဥ်းစားတတ်မှုကဝေဖန်ပိုင်းခြား စဥ်းစားတတ်သူတွေရဲ့ ဆန်းသစ်တီထွင်လိုတဲ့စိတ်မှာအရေးကြီးတဲ့အစိတ်အ ပိုင်းတစ်ခုဖြစ်ပါတယ်။

၁၂၊ ပွင့်လင်းတဲ့စိတ်ရှိမှု

ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဟာ ကျယ်တဲ့အမြင်ရှုထောင့်ရှိကြပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစား တတ် သူတွေဟာ တစ်ဘက်သပ်အမြင်ဖြင့် ငြင်းခုန်ခြင်းမပြုလုပ်သလို ဘက်လိုက်တဲ့ရပ်တည်မှုမျိုး လည်းကင်းကြပါတယ်။ သူတို့က ရှု့ထောင့်အမြင်အားလုံးကိုနားထောင်ကြားလိုကြပါတယ်။ ဝေဖန်ပိုင်း ခြားစဥ်းစားတတ်သူတွေဟာ အလျင်စလိုကောက်ချက်ဆွဲခြင်းလည်းမပြုလုပ်တတ်ကြပါ။ သူတို့က အ‌ခြေအနေတစ်ရပ်၊ မေးခွန်းတစ်ခုကို ပွင့်လင်းတဲ့စိတ်ဖြင့်ချဥ်းကပ်ပြီးရှု့ထောင်အမြင်အားလုံးကို ပွင့် လင်းတဲ့စိတ်ဖြင့်နားထောင်တတ်ကြပါတယ်။

၁၃။ စဥ်းစားခြင်းမှာြစ်တတ်တဲ့အမှားများကိုသတိရှိမှု

ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဟာ သူတို့ရဲ့ကျိုးကြောင်းဆက်စပ်စဥ်းစားမှုကို လွဲမှားတဲ့အယူအဆ များ၊ ထင်ယောင်ထင်မှားဖြစ်စေတဲ့ တံလျပ်ကဲ့သို့ အထင်မှားစေတဲ့အရာများဖြင့် တိမ်သလာ အဖုန်း မခံတတ်ပါ။ စဥ်းစားမှုမှာဖြစ်တတ်တဲ့အလွဲအမှားများကိုသူတို့ကသတိရှိကြပါတယ်။ အဲဒီအလွဲအမှား တွေ ဆိုတာကတော့ စဥ်းစားမှုမှာမမှားစေခြင်း၊ အထူးသဖြင့် ငြင်းခုန်ရာမှာ ဖြစ်လာတဲ့စဥ်းစားမှု အမှားတွေကိုသတိရှိကြပါတယ်။ ဖြစ်တတ်တဲ့စဥ်းစားမှုအမှားများမှာအောက်ပါတို့ဖြစ်ကြပါတယ်။

• ပတ်လည်ရိုက်နေတဲ့စဥ်းစားမှု - အခုလိုစဥ်းစားမှုမှာ တင်ပြချက် သို့မဟုတ် အဆုံးသတ် ကောက် ချက်ကို ပြောဆိုဆွေးနွေးမှုအတွက် ပြန်သုံးနေခြင်းဖြစ်ပါတယ်။ ဒီစဥ်းစားမှုမျိုးမှာ ဂျာအေးသူ့ အမေရိုက်သီချင်းလို အဆုံးမသတ်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။

• သိမှုပိုင်းမှာဖြတ်လမ်းလိုက်ပြီးဘက်လိုက်အမြင်ရှိမှု- ဒီအနေအထားကတော့ ပိုဖြစ်နိုင်‌ခြေများ တဲ့ရှင်းလင်းဖော်ပြချက်တွေရှိပါလျက် သင့်အနေ ဖြင့် သင်နှစ်သက်တဲ့ရှုထောင့်အမြင်တစ်ခုကို သာ ဖက်တွယ်လျက်စဥ်းစားနေခြင်းဖြစ်ပါတယ်။

• အကြောင်းတရားနှင့်ဆက်စပ်မှုကို ရောထွေးနေတဲ့စဥ်းစားမှု - ဥပမာ ဖြစ်ရပ်နှစ်ခု ဖြစ်လာတဲ့ အခါ အကြောင်းတစ်ခုကြောင့် နောက်အကြောင်းက ဖြစ်လာပါတယ်လို့စဥ်းစားခြင်းဖြစ်ပါ တယ်။ အဲဒီလိုကောက်ချက်ချတဲ့အါမှာတော့ တိုက်ရိုက်ဆက်သွယ်နေတဲ့အထောက်အထားဘာ မှ မရှိပါဘူး။ အဲဒီလို စဥ်းစားတာကတော့ မှန်ကန်မှုမရှိပါဘူး။

၁၄။ ဆန်းသစ်တီထွင်စဥ်းစားမှု

ထိရောက်စွာဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဟာ အများအားဖြင့် ဆန်းသစ်တီထွင်စဥ်းစားတတ်သူ များ ဖြစ်ကြပါတယ်။ ဆန်းသစ်တီထွင်စဥ်းစားတတ်သူတွေက စံပြုသတ်မှတ်ထားတဲ့စဥ်းစားနည်းနဲ့ ပြဿနာ‌ ဖြေရှင်းတာမျိုးကိုဖယ်ထုတ်တတ်ကြပါတယ်။ သူတို့က ဖောက်ထွက်စဥ်းစားမှုကို ပြုလုပ် တတ်ကြပါတယ်။ သူတို့ဟာပြဿနာတစ်ခုနှင့်ပတ်သက်လာရင် စိတ်ဝင်စားမှုအမျိုးမျိုးရှိကြပြီးရှုထောင့် အမြင်အမျိုးမျိုးကိုလည်းလက်ခံကျင့်သုံးတတ်ကြပါတယ်။ နည်းလမ်းအမျိုးမျိုးကိုသုံးပြီးလက်တွေ့ စမ်းသပ်ကြည့်တတ်ကြပါတယ်။ ရှုထောင့်အမြင်အမျိုးမျိုကိုလည်းလက်တွေ့စမ်းသပ်ကြည့် တတ်ကြ ပါတယ်။

ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူနှင့်ဆန်းသစ်တီထွင်စဥ်းစားတတ်သူတို့တွင် ကြီးမားတဲ့ကွာခြားမှုမှာ ဆန်းသစ်တီထွင်ဖန်တီးနိုင်တဲ့စဥ်းစားမှုဆိုတာစိတ်ကူးအမျိုးမျိုးကိုဖန်တီးနိုင်မှုဖြစ်တယ်လို့ ဆန်းသစ်တီ ထွင်တတ်သူများက ယူဆပြီး၊ ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေကတော့ စဥ်းစားခြင်းဆိုတာ ထိုစိတ်ကူးတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းလုပ်ငန်းဖြစ်တယ်လို့ယူဆခြင်းပင်ဖြစ်ပါတယ်။ ဆန်းသစ် တဲ့စိတ်ကူးတွေထွက်လာဖို့အတွက် ဆန်းသစ်တီထွင် စဥ်းစားမှုမှာ လိုအပ်ပါတယ်။ ဝေဖန်ပိုင်းခြား စဥ်းစားမှုကတော့ အဲဒီလိုစဥ်းစားထားတဲ့စိတ်ကူးတွေ ပိုရှင်းလင်းပြတ်သားလာပြီးအာရုံစူးစိုက်နိုင်ဖို့ အတွက် လိုအပ်ပါ တယ်။

၁၅။ ထိရောက်တဲ့အပြန်အလှန်ဆက်သွယ်မှု

အပြန်အလှန်ဆက်သွယ်‌ပြောဆိုရေးမှာအဖြစ်များတဲ့ပြဿနာများကတော့ အ‌ခြေအနေတစ်ရပ်ကို ရှုထောင့်အမျိုးမျိုးမှာဝေဖန်ပိုင်းခြားပြီးမစဥ်းစားတတ်မှုကြောင့် ဖြစ်ရပါတယ်။ ထိရောက့်အပြန် အလှန် ဆက်သွယ်မှုကတော့ ရှင်းလင်းတဲ့စဥ်းစားမှုလုပ်ငန်းဖြင့် စတာဖြစ်ပါတယ်။

ဝေဖန်ပိုင်းခြားစဥ်းစားမှုဆိုတာ မိမိစိတ်ကူးအတွေးတွေကိုအ‌ခြေအနေနှင့်ညီစွာစဥ်းစားဖော်ထုတ်တဲ့ လက်နှက် တစ်ခုပင်ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားမှုဆိုတာ အခြားလူတွေဘယ်လိုစဥ်းစားနေ တယ်၊ သူတို့ ဘယ်လိုစဥ်းစားနေတယ်ဆိုတာကိုလေ့လာပြီး လိုအပ်သလို လိုက်ပြီးစဥ်းစားခြင်းပင်ဖြစ် ပါတယ်။ ထိရောက်တဲ့ဝေဖန်ပိုင်းခြားစဥ်းစားနိုင်သူဆိုတာ မိမိစဥ်းစားထားတာကိုထိမိရှင်းလင်းစွာပြော ပြနိုင်ပြီး အခြားလူများရဲ့တုံ့ပြန်မှုများကို လည်း ထည့်သွင်း စဥ်းစားပေးနိုင်သူဖြစ်ပါတယ်။

၁၆။ တက်ကြွစွာကောင်းကောင်းနားထောင်တတ်မှု

ထိရောက်စွာဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဟာ သူတို့စဥ်းစားထားတာကိုအများလက်ခံလာအောင် ရှင်းလင်းစွာတင်ပြချင်သလိုပင် အခြားလူတွေရှုထောင့်အမြင်က ဘာတွေဆိုတာသိနားလည်အောင် တက်ကြွစွာကောင်း ကောင်းနားထောင် တတ် ကြပါတယ်။ အခြားလူတွေရှု့ထော့အမြင်များကို ကောင်း ကောင်းကြားနိုင်ကြပါတယ်။ မတက်မကြွနားထောင်သူများမဟုတ်ကြပါ။ ဆွေးနွေးနေတဲ့အခါ တက်ကြွ စွာပါဝင်ဆွေးနွေးကြပါ တယ်။ အခြားလူတွေဆွေးနွေးပြောဆိုချက်များကိုလည်းကောင်းမွန်တက်ကြွစွာ နားထောင်တတ်ကြပါတယ်။

အချက်အလက်နှင့် ယူဆချက်များကိုကွဲပြားစေရန် လိုအပ်တဲ့မေးခွန်းများလည်းမေးတတ်ကြပါတယ်။ ဝေဖန်ပိုင်းခြားစဥ်းစားတတ်သူတွေဟာအကြောင်းအရာကို ပိုမိုနက်နဲစွာနားလည်စေရန် အတွက် အဖွင့် မေးခွန်းများကိုမေးတတ်ကြပါတယ်။

မိတ်ဆွေများဝေဖန်ပိုင်းခြားစဥ်းစားမှုအားကောင်းအောင်ဖော်ပြပါလက္ခဏာများကို လေ့ကျင့် ယူနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...