Monday, February 3, 2025

အသေချာဆုံးအတွက်အကောင်းဆုံးပြင်ဆင်ခြင်း Food for Thought 871 ဒေါက်တာသိန်းလွင်

May be an image of temple and text
အသေချာဆုံးအတွက်အကောင်းဆုံးပြင်ဆင်ခြင်း

ဒီနေ့ “အသေချာဆုံးအတွက်အကောင်းဆုံးပြင်ဆင်ခြင်း” အကြောင်းကို Food for Thought 871 အဖြစ်မျှဝေ လိုက်ပါတယ်။

လူသားတွေဟာ အမျိုးမျိုးသော လိုချင်မှုများရရှိအောင် ပြင်ဆင်ကြပါတယ်။ ပြင်ဆင်တာကကောင်းပါတယ်။ ဒါပေမဲ့ မသေချာမရေရာတာတွေအတွက် ပြင်ဆင်ပြီးအသေချာဆုံးအတွက် ပြင်ဆင်ရန် မေ့နေတတ်ကြပါတယ်။ အသေချာဆုံးကဘာလဲလို့မေးလာရင် လူတိုင်းသေဆုံးခြင်းနဲ့ရင်ဆိုင်ရမှာ အသေချာဆုံးဖြစ်ပါတယ်။ သေခြင်းတ ရား က အချိန်မရွေးကျရောက် လာနိုင်ပါတယ်။ ဘယ်အသက်အရွယ်အပိုင်းအခြားမှာကျရောက်လာမယ်ဆိုတာ မပြောနိုင်ပါဘူး။ တစ်နေ့တာရဲ့ဘယ်အချိန်မှာသေခြင်းတရားက ကျရောက်လာမယ်ဆိုတာလည်းမပြောနိုင်ပါဘူး။ ကံကုန်လို့သေနိုင်သလို လက်နှက်များကြောင့် သေဆုံးနိုင်ပါတယ်။ ကံကုန်ခြင်းနှင့် လက်နှက်ဘေးတို့ကြောင့် သေ ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အခုခေတ်မှာ လက်နှက်ဘေးကြောင့်သေရတာတွေအလွန်များပါတယ်။ သတင်း တွေကြည့်လိုက်ရင် မီးတွေဟုန်းဟုန်းတောက်လောင်ပြီးအဆောက်အဦးတွေပျက်နေတာတွေ၊ လူနေအဆောက် အ ဦး တွေအများကြီးပျက်စီးကုန်တာတွေတွေ့နေရပါတယ်။ လူနေအဆောက်အဦးတွေပျက်စီးတာနဲ့အတူ ထိုအ ဆောက်အဦးတွေမှာ နေထိုင်သူတွေလည်း သေကျေမှုတွေဖြစ်နေကြပါတယ်။

သေခြင်းတရားကအလွန်လျင်မြန်စွာဖြစ်လာနိုင်ပါတယ်။ ဘဝဆိုတာ အလွန်တိုတောင်းလှပါတယ်။ ဘဝတို တောင်း လှပုံကိုမြတ်စွာဘုရားက အောက်ပါဥပမာ (ရ)မျိုးပေးပြီးပြခဲ့ပါတယ်။

1. မြက်ဖျားနှင်းသီးလေးတွေဟာ နေထွက်လာတာနဲ့ ချက်ခြင်းကွယ်ပျောက်သွားသလိုမျိုးကွယ် ပျောက် သွားတတ်ကြပါတယ်။ ဘဝဆိုတာလည်းအလားတူပင် ဖြစ်ပါတယ်။

2. မိုးရွာပြီးတဲ့အခါ မြေပြင်မှာ မိုရေးအိုင်ငယ်လေးတွေဖြစ်လာပါတယ်။ မိုးရေအိုင်လေးတွေက နေရာ ကျဥ်းကျဥ်းလေးပါ။ အဲဒီမိုရေအိုင်လေးထဲမိုးစက်လေးကျလာတဲ့အခါ ‌ရေအိုင်လေးထဲမှာ မိုးရေစက် ဝိုင်းလေးက ဖြစ်လာပါတယ်။ စက်ဝိုင်းလေးဖြစ်လာပြီးခဏအတွင်းမှာပျောက်ကွယ်သွားပါတယ်။ ဘဝဆိုတာလည်း အလားတူပင်ဖြစ်ပါတယ်။

3. ရေပြင်ကိုတုတ်ဖြင့် ခြစ်လိုက်ရင် ရေပြင်မှာထင်တဲ့ခြစ်ရာဟာ တခဏအတွင်းပျောက်ကွယ်သွားပါ တယ်။ ဘဝဆိုတာလည်း အလားတူအလွန် လျင်မြန်စွာပျောက်ကွယ်သွားတတ်ပါတယ်။

4. တောင်အထက်မှအရှိန်အဟုန်ဖြင့် ထိုးဆင်းလာတဲ့မြစ်ဟာ မရပ်မနား ပင်လယ်သမုဒ္ဒရာထဲလျင်မြန်စွာ စီးဆင်းပျောက်ကွယ်သွားပါတယ်။ ဘဝဆိုတာလည်း အလားတူအလွန် လျင်မြန်စွာပျောက်ကွယ်သွား တတ်ပါတယ်။

5. ကျန်းမာသန်စွမ်းသူတစ်ဦးဟာ သူ့ပါးစပ်ထဲမှတံထွေးကို ထွေးရန်အချိန်ဘာမှမကြာပါဘူး။ ချက်ခြင်း ထွေး ထုတ်နိုင်ပါတယ်။ ဘဝဆိုတာလည်း အလားတူအလွန် လျင်မြန်စွာပျောက်ကွယ်သွားတတ်ပါ တယ်။

6. မီးအလွန်ပြင်းပြင်းအပူပေးထားထားတဲ့ဒယ်အိုးထဲမှာ အသားသေးသေးလေးကိုတင်လိုက်ရင် ချက်ခြင်းရှဲခနည်း အရောင်ပြောင်း တောက်လောင်ပြီးခဏအကြာမှာ ပျောက်ကျက်သွားပါတယ်။ ဘဝ ဆိုတာလည်း အလားတူအလွန် လျင်မြန်စွာပျောက်ကွယ်သွားတတ်ပါတယ်။

7. နွားသတ်ရုံသို့ဆွဲခေါ်သွားခြင်းခံရတဲ့နွားဟာ ခြေတစ်လှမ်းလှမ်းတိုင်းသေဖို့ ပိုနီးကပ်သွားပါတယ်။ ဘဝ ဆိုတာလည်း အလားတူအလွန် လျင်မြန်စွာပျောက်ကွယ်သွားတတ်ပါတယ်။

ဒါကြောင့် အသက်ရှင်ခွင့်ရတဲ့အချိန်မှာ အသေချာဆုံးအတွက် အကောင်းဆုံးပြင်ဆင်ကြရန် လိုအပ်ပါတယ်။ ဘယ်လောက်တောင် အလေးထားပြုဆင်သင့် သလဲဆိုရင် မိမိဝတ်ထားတဲ့အဝတ်မီးလောင်တဲ့အခါမှာ ထိုမီး ကိုသတ်ရန် အရေးတကြီးလုပ်သလိုမျိုး အလေးထားရန် လိုအပ်ပါတယ်လို့မြတ်စွာဘုရားကလမ်းပြပါတယ်။

သေရမှာကို လူတွေကအလွန်ကြောက်ကြပါတယ်။ အများစုကကြောက်သလို သေရမှာကိုမကြောက်သူတွေ လည်း ရှိကြောင်းမြတ်စွာဘုရားက လမ်းပြခဲ့ပါတယ်။ သေရမှာကိုမကြောက်တဲ့လူမျိုးဖြစ်အောင်အသက်ရှင်ခွင့် ရခိုက်မှာ ဘယ်လိုကျင့်ကြံအားထုတ်ရမယ်ဆိုတာ လမ်းပြခဲ့ပါတယ်။ သေရမှာကိုမကြောင်တဲ့ လူတွေဆိုတာ သက်ရှင်နေထိုင်တဲ့ အချိန်တိုင်းမှာ အောက်ပါ အလေ့အကျင့်များနှင့်အညီနေထိုင်ရန် လိုအပ်ပါတယ်။ အောက်ပါ အလေ့ အကျင့် ဖြင့် နေထိုင်သူတွေဟာ သေရမှာမကြောက်တဲ့အပြင် အသေကောင်းဖြင့် သေကြရပါတယ်။ သေရမှာကို ပူပင်ကြောက် နေတဲ့စိတ်ကင်းစွာသေစေနိုင်ပါတယ်။

1. ကာမဂုဏ်အာရုံများနောက်သို့မလိုက်ခြင်း၊ ကာမဂုဏ်အာရုံများကိုစွဲလမ်းမှုကင်းအောင်လေ့ကျင့်နေထိုင် ခြင်း၊

2. မိမိကိုယ်ခန္ဓာအပေါ်မှာစွဲလမ်းနေမှုမရှိအောင်နေထိုင်ခြင်း၊

3. သက်ရှင်နေချိန်တွင် ကောင်းမှုများကို ပြုလုပ်ပြီးသူဖြစ်အောင်ကောင်းမှုများနေ့စဥ်ပြုလုပ်ခြင်း၊

4. သူတော်ကောင်းတရားကိုတွေဝေမှုကင်းစွာပွားများလေ့ကျင့်ခြင်းတို့ကိုပြုလုပ်နေရန် လိုအပ်ပါတယ်။

အသေကောင်းဖြင့် သေတဲ့အခါ အခြားသောကောင်းတဲ့ဘုံဘဝများသို့ရောက်ရှိစေနိုင်ပါတယ်။ ဘဝရနေရင် ဘဝဆင်းရဲဒုက္ခများကြုံရမှာဖြစ်ပါတယ်။ ဒါကြောင့်အသေလွတ်အောင် နေထိုင်ကျင့်ကြံရန်မြတ်စွာဘုရားက လမ်းပြခဲ့ပါတယ်။ အဲဒီလမ်းကတော့ အောက်ပါအတိုင်းနေထိုင်ကျင့်ကြံအားထုတ်ရန်ဖြစ်ပါတယ်။

1. မိမိကိုယ်ခန္ဓာမှာသတိအစဥ်ရှိလျက် ခန္ဓာမှာဖြစ်ပျက်နေတာကို အရှိအတိုင်းသိနေအောင် သတိရှိဖို့ သတိပဌာန်တရားကိုပွားမျာကျင့် ကြံအားထုတ်ရန် လိုအပ်ပါတယ်။

2. စူးဝင်နေတဲ့”ငါလို့အထင်မှားနေမှုအတ္တဒိဌိ”ကို ပယ်နှုတ်ပြစ်နိုင်အောင် လေ့ကျင့်ပွားများရပါမယ်။

3. လောကဆိုတာ ခိုင်မြဲခြင်းမရှိတဲ့သဘော၊ ချမ်းသာကင်းပြီးဆင်းရဲခြင်းပြည့်နေတဲ့သဘောနှင့် သူ ဖြစ်ချင်တဲ့အတိုင်းဖြစ်နေပြီး ကိုယ်ကဘာမှအစိုးမရတဲ့သဘောကို နားလည်ရန် လေ့ကျင့်ပွားများ နေထိုင်ရန် လိုအပ်ပါတယ်။ လက္ခဏာရေး သုံးပါးဖြစ်တဲ့အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပိုင်းခြားထင်မြင်သိလာ အောင်ကျင့် ကြံအားထုတ်ရန် လိုအပ်ပါတယ်။

မိတ်ဆွေများ ကောင်းသောနေခြင်း၊ ကောင်းသောသေခြင်းနှင့် အသေကင်းတဲ့နေထိုင်ခြင်းမျိုးဖြစ်အောင် မြတ်စွာဘုရားလမ်းပြတဲ့အတိုင်းကျင့် ကြံပွားများအားထုတ်နေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...