Wednesday, February 26, 2025

မိတ်ဆွေကောင်းကိုရအောင်ရှာပါ။ Food for Thought 665

No photo description available.


ခေတ်ပျက်ကာလမှာဓမ္မကိုအားကိုးပါဆိုတဲ့ပါမောက္ခချုပ်ဆရာတော်ကြီးဟောတဲ့တရားကို နာမိပြီးအောက်ဘက် မှာဖော်ပြထားတဲ့အတွေးတွေကိုမျှဝေရန် စိတ်ကူးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပေင်းသင်းအပ်သူများနှင့်မပေါင်း သင်းအပ်သူများအကြောင်းကို Food for Thought 665 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

မိတ်ဆွေကောင်းကိုရအောင်ရှာပါ။

ခေတ်ပျက်ကာလမှာဓမ္မကိုအားကိုးပါဆိုတဲ့တရားမှာ တရားထူးတရားမြတ်ကို ရဖို့အတွက် အခြေခံကျတဲ့ (၅) ချက် လိုအပ်ကြောင်းမြတ်ဗုဒ္ဓက လမ်းညွှန်ခဲ့ကြောင်းဆရာတော်က ဟောကြားခဲ့ပါတယ်။ တရာဘာဝနာကိုပွား များအားထုတ်တဲ့အခါမှာ လမ်းညွှန်ပြတဲ့အတိုင်း ကိုယ်တိုင် လိုက်နာကျင့်ကြံအားထုတ်ရန် အထူးလိုအပ်ကြောင်း ဆရာတော်ဘုရားကြီးကအလေးအနက် ထားဟောကြားခဲ့ပါတယ်။ တရားဘာဝနာကို ကျင့် ကြံအားထုတ် တဲ့ အခါမှာ မိမိကိုယ်တိုင်ရင့်ကျက်အောင် အောက်ပါ အချက် (၅) ချက်ကို အလေးထားလုပ်ဆောင်ရန် ဟော ကြား ခဲ့ပါတယ်။

၁။ မိတ်ဆွေကောင်းရှိရန် မိတ်ဆွေကောင်းကိုရှာပါ။
၂။ မိမိသီလကို အားကိုးလောက်အောင်စင်ကြယ်အောင်သီလရှိပါ။
၃။ တရားစကားများကို ကြားနာမှတ်သားလိုက်နာပါ။ (ဥပမာလောဘနည်းဖို့၊ ရောင့်ရဲတင်းတိမ်ဖို့စသဖြင့်)
၄။ လမ်းပြတဲ့အတိုင်းကြိုးစားအားထုတ်မှုရှိရပါမယ်။
၅။ ဆင်ခြင်သုံးသပ်နိုင်တဲ့ပညာလည်းရှိရန် လိုအပ်ပါတယ်။ (အရာရာကမမြဲတဲ့သဘောကိုဆင်ခြင်ခြင်း)

အထက်ပါ မိမိကိုယ်တိုင်ရင့်ကျက်အောင် လိုအပ်ချက် (၅)ရပ်ကို ဖြည့်ဆည်းပြီးတဲ့အခါ တရားအားထုတ်တော့ အသုဘကမ္မဠာန်းကို လေ့ကျင့်ခြင်း (ကိုယ်ခန္ဓာဆိုတာ ဘာမှ နှစ်သက်စရာမရှိတာကိုသိမြင်လာစေပါတယ်။) သက်ရှိတွေအးလုံး ချမ်းသားကြစေရန်မေတ္တာပွားများမှုကိုလည်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပြီးတော့မိမိစိတ် မှာဖြစ်နေတဲ့အတွေးတွေကိုဖယ်ခွါပြီး မိမိကိုယ်ခန္ဓာမှာအမှန်ဖြစ်ပျက်နေတာကိုဖြစ်ပျက်နေတဲ့အတိုင်း အပိုအလို မရှိသိနေအောင်သတိဖြင့် စောင့်ကြည့်တဲ့ထွက်သက်ဝင်သက်ကိုရှုမှတ်မှုပြုလုပ်ရန် လိုအပ်ပါတယ်။ ထိုမှတစ် ဆင့် အနိစ္စသဘောကို သိမြင်လာနိုင်ရန်ဝိပဿနာကို ပွားများအားထုတ်ရန် လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။ အဲဒီလိုဝိပဿနာကိုပွားများအား ထုတ်တဲ့အခါ မမြဲတဲ့သဘောကို သိမြင်လာပြီးမာန်မာနတွေလျော့ပျောက်ကင်း လာခါအနတ္တ သဘောကိုနားလည်လာမှာဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ ဟောခဲ့တဲ့တရားမှာ လမ်းမှန်ကို ပြသပေးမဲ့မိတ်ဆွေကောင်းရှာဖို့နှင့် လမ်းပြတဲ့အတိုင်း ကိုယ် တိုင် ကြိုးစားအားထုတ်မှုတို့ဟာအလွန်အရေးကြီးကြောင်း သဘောပေါက်နားလည်ခဲ့ပါတယ်။ မိတ်ဆွေကောင်း ကိုရွေးချယ်ပေါင်းနိုင်ရန်အောက်ပါမိတ်ဆွေကောင်း လက္ခဏာများကို လည်းစိတ်ထဲမှာ စွဲမှတ်ထားရန်လိုပါတယ်။ ဒါမှမိတ်ဆွေကောင်းကိုရွေးချယ်ပေါင်းသင်းနိုင်မှာဖြစ်ပြီးမိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်းလက္ခဏာများ ပြည့်စုံ လာ အောင် ကြိုးစားအားထုတ်နိုင်ကြမှာဖြစ်ပါတယ်။

မိတ်ဆွေကောင်းလက္ခဏာများ

၁။ ဝေးနေတဲ့အချိန်တွေမှာမိမိကိုမကြာခဏသတိရနေသူ၊
၂။ မိမိနှင့် တွေ့ရတိုင်းအလွန်ဝမ်းမြောက်ဝမ်းသာမှုဖြစ်သူ၊
၃။ အမှန်တကယ်ပွင့်လင်းရိုးသားပြီးဟန်ဆောင်ခြင်းကင်းသူ၊
၄။ မိမိစကားပြောတဲ့အခါ လွန်စွာနှစ်သက်ပြီးကောင်းစွာနားထောင်တတ်သူ၊
၅။ မိမိမိတ်ဆွေများနှင့် သာပေါင်းသင်းပြီးနေထိုင်တတ်သူ၊
၆။ မိမိရန်သူများနှင့်ပေါင်းသင်းခြင်းမရှိသူ၊
၇။ မိမိအကြောင်းအတင်းအဖျင်းပြောသူကို မဟုတ်မမှန်ကြောင်းကာကွယ်ပြောပေးသူ၊
၈။ မိမိရဲ့ကျေးဇူးတရားကို ချီးမွမ်းပြောဆိုသူ၊
၉။ လျို့ဝှက်ထားခြင်းမရှိဘဲ အားလုံးပွင့်လင်းစွာပြောဆိုသူ၊
၁၀။ မိမိကပြောထားတဲ့လျို့ဝျက်ချက်များကိုကောင်းစွာထိန်းသိမ်းသူ၊
၁၁။ မိမိလျို့ဝျက်ချက်ကိုထိန်းသိမ်းပေးသူကိုချီးမွမ်းပြောဆိုသူ၊
၁၂။ မိမိအသိဥာဏ်ပညာကိုချီးမွမ်းပြောဆိုသူ၊
၁၃။ မိမိစီးပွားဥစ္စာ တိုးပွားနေရင်ဝမ်းမြောက်သူ၊
၁၄။ မိမိစီးပွားဥစ္စာ ပျက်နေရင်နေရင်စိတ်မ‌ကောင်းဖြစ်သူ၊
၁၅။ ကောင်းတာတွေ့ရင် မိမိကိုသတိရသူ၊

မိတ်ဆွေကောင်းလက္ခဏာတွေကိုသိထားရန် လိုအပ်သလို မိတ်ဆွေအဖြစ်မပေါင်းသင်းထိုက်တဲ့လက္ခဏာ တွေကိုလည်းသိထား ရန်လိုအပ်ပါ တယ်။

မိတ်ဆွေအဖြစ်မပေါင်းသင်းထိုက်သူများရဲ့လက္ခဏာများ

၁။ တွေ့ရင်မပြုံးပြသူ၊
၂။ မိမိစကားပြောရင်မနှစ်သက်သူ၊ နားမထောင်နိုင်သူ၊
၃။ မိမိကကြည့်တဲ့အခါ မိမိကို ပြန်မကြည့်သူ၊
၄။ မိမိကိုစကားပြောတဲ့အခါ ဆန့်ကျင်ပြီးသာပြောတတ်သူ၊
၅။ မိမိရန်သူများနှင် သာပေါင်းသင်းသူ၊
၆။ မိမိမိတ်ဆွေများနှင့်အပေါင်းအသင်းမလုပ်သူ၊
၇။ မိမိရဲ့ဂုဏ်ကျေးဇူးကိုပြောသံကြားရရင် တားမြစ်ဟန့်တားတတ်သူ၊
၈။ မိမိအကြောင်းမကောင်းပြောသူများကိုချီးမွမ်းတတ်သူ၊
၉။ မိမိကိုပြောသင့်တဲ့စကားကို မပြောဘဲအမြဲလျို့ဝှက်ထားသူ၊
၁၀။ ယုံကြည်လို့ပြောထားတာကို လိုက်လျောက်ပြောတတ်သူ၊
၁၁။ မိမိအလုပ်အကိုင်ကို ဘယ်တော့မှမချီးမွမ်းသူ၊
၁၂။ မိမိအသိဥာဏ်ပညာကို ဘယ်တော့မှမချီးမွမ်းသူ၊
၁၃။ မိမိပျက်စီးဆုတ်ယုတ်တဲ့အခါ အားရကျေနပ်သူ၊
၁၄။ မိမိကြီးပွားချမ်းသာတဲ့အခါ ဝမ်းမြောက်မှုမရှိသူ၊
၁၅။ ဘယ်လောက်ကောင်းတာရရ မိမိကို သတိမရသူ၊

အဆိပ်ပြင်းတဲ့လူသားများကိုရှောင်ရှားနိုင်စေရန် သူတို့ရဲ့လက္ခဏားကိုလည်းသိထားပြီးဝေးဝေးကရှောင်ရန် လိုအပ်ပါတယ်။

အဆိပ်ပြင်းတဲ့လူသားလက္ခဏာများ

• သူတော်ကောင်းယောင်ဆောင်နေတဲ့ကြောင်သူတော် လူရုပ်မာ။
• ဘယ်လိုဝေဖန်မှုမျိုးကိုမှလက်မခံသူ။
• မိမိမှားတာကို ဘယ်တော့မှဝန်မခံသူ။
• စိတ်ရူးပေါက်တိုင်း လုပ်ချင်တာ ထလုပ်တတ်သူ။
• အလွန်အမင်းလိမ်ညာကောက်ကျစ်လှည့်စားတတ်သူ။
• ငါသာအစဥ်နိုင်ရမယ်ဆိုတဲ့စိတ်ထားရှိသူ။
• အတ္တအလွန်ကြီးပြီးမိမိအတွက်သာရချင်လိုချင်သူ။
• လိမ်ညာပြောရန်ဝန်မလေးသူ။
• ဗာရာဏသီချဲ့တာကိုသဘောကျသူ။
• ဘယ်သောအခါမှမယုံရသူ။
• မျက်ကမ်းကိုးကွယ်မှုကိုမျှော်လင့်ပြီး အမှန်တကယ် မယုံကြည်ထိုက်သူ။
• မိမိအကျိုးရှိဖို့ အရာရာကို လိမ်ညာလှည့်စားတတ်သူ။
• သူမေးရင်ဟင့်အင်းဆိုတဲ့အဖြေကို ဘယ်တော့မှ လက်မခံသူ။ ခေါင်းငြိမ့်မှသဘောကျသူ။
• သင့်မြတ်တဲ့မူဘောင်သတ်မှတ်ချက်ကင်းသူ။
• သူလိုချင်တဲ့အ‌ဖြေမရရင် အပြစ်ပေးအရေးယူတတ်သူ။
• သူမကျေနပ်ရင်အသံတိတ်အပြစ်ပေးထောင်းတွင်းထည့်ထားတတ်သူ။
• မတရားအနိုင်ကျင့်တတ်သူ။
• သူ့အတွက်ဆိုရင် အကောင်းဆုံးမှထိုက်တန်တယ်လို့ ထင်နေသူ။
• မနာလိုဝန်တိုစိတ်အားကြီးသူ။
• လစ်လျူရှုတတ်သူ။
• လူတွေကိုလှည့်စားအနိုင်ကျင့်ဖို့ငွေကြေးကိုသုံးတတ်သူ။
အလားတူပင်ကြိုးကိုင်ခြယ်လှယ်တတ်သူများကိုရှောင်ရှားနိုင်စေရန် သူတို့ရဲ့လက္ခဏာများကို လည်းသိထားရန် လိုအပ်ပါတယ်။

ကြိုးကိုင်ချယ်လှယ်တတ်သူတွေမှာတွေ့ရတတ်တဲ့လက္ခဏာများ

• သူများတွေအပေါ်ကြိုးကိုင်ချယ်လှယ်တတ်သူတွေမှာအောက်ပါလက္ခဏာများတွေ့ရတတ်ပါတယ်။
• နှစ်လိုဖွယ်ကောင်းတဲ့အသွင်အပြင်ရှိသလိုဟန်ဆောင်တတ်ကြပါတယ်။
• လိမ်ညာပြောဖို့နဲ့ငြင်းဆန်ဖို့အတွက်အလွန်ကျွမ်းကျင်ကြပါတယ်။
• အတ္တအလွန်ကြီးမားကြပါတယ်။
• သူတို့သွားချင်တဲ့လမ်းသွားနိုင်အောင် ဘာမှမပြောဘဲ လုပ်ဆောင်တတ်ပါတယ်။
• အခြားလူတွေဘယ်လိုခံစားနေရတယ်ဆိုတာကိုလစ်လျူရှုထားတတ်ကြပါတယ်။
• သင့်ကိုအခြားလူတွေနှင့်ကင်းကွာပြီးအထီးကျန်အောင်လုပ်တတ်ပါတယ်။
• သူတို့ကသင်ရဲ့ဆင်ချင်တုံတရားအကြောင်းနှင့် သင့်ကိုယ်သင်ပြန်မေးခွန်းထုတ်အောင်လုပ်တတ် ပါတယ်။
• သူတို့ကအပြစ်တင်တာကို ဘယ်တော့မှလက်မခံတတ်ပါ။ သူများတွေအပေါ်အပြစ်တင်တတ်ပါ တယ်။
• စိတ်လှုပ်ရှားခံစားသူများနှင့် ထိခိုက်ရှနာလွယ်သူများကိုအမိဖမ်းတတ်ကြပါတယ်။
• မိမိအမြင်ရှုထောင့်အပေါ်သံသယဖြစ်လာအောင်လှည့်စားတတ်ပါတယ်။အပြစ်ရှိတယ်လို့စိတ်မှာမ လုံ မလဲရှိနေအောင်ကြိုးကိုင်ချယ်လှယ်တတ်ပါတယ်။
• အပြစ်မှလွတ်အောင် စွန့်အသလို၊ မိုက်မဲစွာတိတ်တိတ်နေတတ်ကြပါတယ်။
• တိတ်ဆိတ်စွာအကြမ်းဖက်ရန်လိုတတ်ပါတယ်။
• အခြားလူတွေအပေါ်ထိန်းချုပ်တတ်ပါတယ်။
• သင့်ကိုသေးသိမ်ရယ်မောစရာြဖစ်အောင်လုပ်ပြီးအမျိုးမျိုးဝေဖန်အကဲဖြတ်တတ်ပါတယ်။

ပြီးတော့ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား လုပ်တတ်သူတွေကို လည်းသတိဖြင့်ရှောင်ရှားရန် လိုအပ်ပါ တယ်။
• အပေါင်းဆိုတာကတော့ သူတို့အတွက်အကျိုးရှိရင်၊ အကျိုးကို လိုတဲ့အခါမှသာ ပေါင်းလာတတ်သူ များဖြစ်ပါတယ်။ ဒီလူမျိုးကိုတော့ “သာပေါင်း” လို့ခေါ်ပါတယ်။
• အနှုတ် ဆိုတာကတော့ မိမိထံမှတစ်ခုခုနှုတ်ယူသွားတတ်သူများဖြစ်ပါတယ်။
• အ‌မြှောက်ဆိုတာကတော့ မိမိတို့ကိုမြှောက်ပင့်ပြောဆိုပြီး လိုချင်တာရအောင်လုပ်တတ်သူများ ဖြစ် ပါတယ်။
• အစား ဆိုတာကတော့သာပေါင်း “ညာစား”သမားများကိုရည်ညွှန်းပါတယ်။

မိတ်ဆွေများ မိတ်ဆွေကောင်းတွေရှာပေါင်းနိုင်ကြပါစေ။ ကိုယ်တိုင်လည်းမိတ်ဆွေကောင်း တွေဖြစ်အောင်ကြိုး စားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...