ဘဝပေးအရှိဖြင့်
လောကအကျိုးပြုနိုင်အောင် ပြုလုပ်ခြင်းမှာ အရေးကြီးကြောင်းကို “အက်ကြောင်း
ပါ နေတဲ့အိုး” လို့ခေါင်းစဥ်ပေးပြီး Food for Thought 671
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
အက်ကြောင်းပါနေတဲ့အိုး
လူတစ်ယောက်မှာ
ရေသယ်တဲ့အိုနှစ်လုံးရှိပါတယ်။ အဲဒီအိုးနှစ်လုံးကို
ထမ်းတဲ့တုတ်တစ်ချောင်းရဲ့
အစွန်တစ်ဘက်တစ်ချက်စီမှာတပ်ထားပြီးပုခုန်းမှာထမ်းရေကိုသယ်ပါတယ်။ အဲဒီ
အိုးနှစ်လုံးအနက် တစ်လုံးကကောင်းပြီး နောက်တစ်လုံးမှာ
အက်ကွဲကြောင်းနည်းနည်းရှိနေပါတယ်။ ချောင်းမှရေကို သယ်လာတာ အိမ်ရောက်တဲ့အခါ
အက်ကွဲကြောင်းအနည်းငယ်ရှိနေတဲ့အိုးထဲမှာ ရေကတစ်ဝက်သာ ကျန်ပါတယ်။ ကွဲအက်ရာမှ
ရေတွေပန်းထွက်တဲ့အတွက်ဖြစ်ပါတယ်။
အဲဒီရေအိုနှစ်လုံးကိုသုံးပြီး
လူတစ်ယောက်ဟာမြစ်မှရေတွေကို သူ့အိမ်သို့သယ်တာ (၂) နှစ်လောက်ကြာ လာပါတယ်။
အက်ကြောင်းမပါတဲ့အိုးကတော့ သူကရေကိုအပြည့်ရအောင်သယ်ပေးနိုင်တယ်ဆိုပြီး
သူ့ကိုယ်သူဂုဏ်ယူနေပါတယ်။ ဒါပေမဲ့အက်ကြောင်းပါနေတဲ့အတွက် အိမ်ကို
ရေအပြည့်ပါအောင် သယ်မပေးနိုင်တဲ့အိုးမှာ မျက်နှာမကောင်းပါ။ သူ့မှာ
အိုအပြည့် ရေသယ်မပေးနိုင်တဲ့အတွက် စိတ်မ ကောင်း ဖြစ်နေပါတယ်။
အဲဒီလိုနဲ့အချိန်
(၂) နှစ်လောက်ကြာတဲ့အခါ အက်ကြောင်းပါနေတဲ့အတွက် ရေအပြည့်သယ်မပေးနိုင်
တဲ့အိုးက ရေသယ်သူကို စတင်စကားပြောပါတယ်။ ကျွန်တော်မှာ
အက်ကြောင်းပါနေလို့ရေအပြည့် သယ်မပေးနိုင်တာအတွက် ရှက်လှပါတယ်။
အိမ်အထိရေအပြည့်သယ်မပေးနိုင်တဲ့အတွက် စိတ်မ ကောင်း ဖြစ်ကြောင်းပြောပါတယ်။
အဲဒီလို
ပြောတာကိုကြားရတဲ့ရေသယ်သူက “မင်းကိုရေထည့်ပြီးသယ်တဲ့ဘက်မှာပန်းပင်လေးတွေက
ပန်းလေးတွေပွင့်ပြီးလှပနေတာမင်းသတိထားမိလား” လို့ပြန်မေးပါတယ်။ “အဲဒီလို
ဘာကြောင့် ဖြစ်နေ တာလဲဆိုရင် မင်းမှာ
အက်ကြောင်းပါပြီးရေတွေသယ်လာတဲ့အခါတိုင်းအက်ကြောင်းမှ ရေယို ပန်း ထွက်တာကို
ငါက သတိထားမိတယ်။ အဲဒီလိုပန်းထွက်လာတဲ့ရေတွေကိုအသုံးပြုနိုင်အောင်ဆိုပြီး
မင်းကိုထမ်းထားတဲ့ဘက်မှာ ငါက ပန်ပင်သစ်စေ့လေးတွေကိုကျဲချစိုက်ထားပါတယ်။
တို့နေ့တိုင်းရေ သယ် တဲ့အခါ အဲဒီသစ်စေ့လေးတွေကနေ့တိုင်းရေမှန်မှန်ရနေပါတယ်။
မင်းက သူတို့အတွက် ရေ လောင်းပေး နေတာဖြစ်ပါတယ်။ အဲဒီပန်းပင်လေးတွေကပွင့်
လာတဲ့ပန်းအလှလေးတွေကို နေ့စဥ်ခူးပြီး ငါက ဘုရားတင်ပါတယ်။ အိမ်မှာ
အလှအပအနေဖြင့် ဧည့်ခန်းမှာအလှဆင်ပါတယ်။ တကယ်လို့မင်းသာ မင်းမှာ
ရှိနေတဲ့အနေအထားဖြင့် ပန်းခင်းကိုနေ့စဥ်ရေလောင်းမပေးဘူးဆိုရင်
ပန်းအလှလေးတွေဘယ်ရ နိုင်မှာလဲ”လို့ ရေသယ်သူက ပြောလိုက်တဲ့အခါမှာတော့
အက်ကွဲနေတဲ့အိုးမှာ မိမိစွမ်းနိုင်သမျှ လောကအကျိုး ပြုအောင် လုပ်နိုင်တာကို
သဘောပေါက်နားလည်သွားပြီး မိမိဘဝကို ကျေနပ်သွား ပါတော့တယ်။
အက်ကြောင်းပါနေတဲ့အိုလေးလို နိုင်ရာတာဝန်ကို ထမ်းဆောင်ဖို့ လူတိုင်း လိုအပ်ပါတယ်။
မိတ်ဆွေများ ဘဝအရှိဖြင့် အကောင်းဆုံးအကျိုးပြုနိုင်သူများဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment