
ဒီနေ့
လူတိုင်းမိမိစိတ်ကို ပြန်လည်စီစစ်ပြုပြင်နိုင်ရန် “ရုပ်ကြည့်မှန်နှင့်
စိတ်ကြည့်မှန်” ဆိုတာကို Food for Thought 687 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ရုပ်ကြည့်မှန်နှင့် စိတ်ကြည့်မှန်
လူတို့ဟာမနက်လင်းလာတဲ့အခါ
မျက်နှာသစ်ကြပါတယ်။ မျက်နှာသစ်တယ်ဆိုတာ ဟောင်းညစ်ပေ နေတဲ့ မျက် နှာကို
သစ်သွားအောင် သန့်ရှင်းပေးတာဖြစ်ပါတယ်။ မှန်ရှေ့မှာ
မိမိမျက်နှာကိုကြည့်ပြီး မျက်နှာမှာ သန့်ရှင်းအောင် ဆပ်ပြာ၊ရေတို့ဖြင့်
သန့်ရှင်းပေးတဲ့အလုပ်ကိုမျက်နှာသစ်တယ်လို့ ခေါ် ကြပါတယ်။ တကယ်လို့သာ နေ့စဥ်
မျက်နှာမသစ်ဘူးဆိုရင်မျက်နှာတွေ ဘယ်လိုဖြစ်လာကြမလဲဆိုတာ
လူတိုင်းစဥ်းစားကြည့်ရင်သိနိုင်ပါတယ်။
လူမှာရုပ်နဲ့စိတ်တို့ရှိတဲ့အနက်
ရုပ်ကို နေ့တိုင်းမှန်ကြည့်ပြီးမျက်နှာအသစ်ဖြစ်အောင် ပြင်ကြသလိုမိမိတို့
စိတ်မှာ
ဖြစ်နေတဲ့အညစ်အကြေးတွေကိုကင်းစင်အောင်နေ့တိုင်းစိတ်ကြည့်မှန်မှာကြည့်ပြီးပြုပြင်ပေးရန်လိုအပ်ပါတယ်။
မြတ်စွာဘုရားက လူတွေရဲ့စိတ်ကို
ညစ်နွမ်းစေတဲ့တရားများကိုကိလေသာတရားများလို့အမည်ပေးထားပါ တယ်။
တစ်နည်းပြောရရင် ကိလေသာတရားဆိုတာ သတ္တဝါတွေကို ပူပန်စေတတ်၊
နှိပ်စက်တတ်သောတရား များဖြစ်ကြပါတယ်။ အဲဒီလိုစိတ်ကို
ပူပန်ညစ်နွမ်းစေတဲ့တရားများကို မြင် အောင်စိတ်မှန်မှာကိုယ်တိုင်ကြည့်ပြီး
သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန်လိုအပ်ပါတယ်။ အဲဒီလို စိတ်ကို စင်ကြယ်အောင်
လုပ်တာကိုတော့ သတိဖြင့် မိမိကိုယ်တိုင် ပြန်လည်ဆင်ခြင် နေရန် လိုအပ်ပါတယ်။
အဲဒီသတိကတော့ အချိန်တိုင်းရှိနေရန် လိုအပ်ကြောင်း လျောင်းထိုင်ရပ်သွား
အနေအထား တိုင်းမှာဆင်ခြင်နေရန်မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်။ ဘာကြောင့်
လဲဆို တော့ စိတ်ကိုညစ်နွမ်းစေ တတ်တဲ့တရားတွေက အချိန်မလပ်
လူတွေမှာဖြစ်နေတတ်တဲ့အတွက်ဖြစ်ပါတယ်။
စိတ်ကို ညစ်နွမ်းစေတတ်တဲ့တရား (၁၀)ပါးတို့ကို မြတ်ဗုဒ္ဓကအောက်ပါအတိုင်း လမ်းညှန်ပြသ ခဲ့ပါတယ်။ကိလေ သာဆယ်ပါးဆိုသည်မှာ -
(၁) လိုချင်တက်မက်မှု (လောဘ )
(၂) ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )
(၃) အမှန်ကိုမသိမှု တွေဝေမှု ( မောဟ )
(၄) ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး ထောင်လွှားမှု ( မာန )
(၅) အမြင်အယူအဆမှားမှု ( ဒိဋ္ဌိ )
(၆) ယုံမှားသံသယဖြစ်မှု ( ဝိစိကိစ္ဆာ )
(၇) စိတ်ရဲ့ ထိုင်းမှိုင်းမှု မကျေနပ်မှု ( ထိန )
(၈) စိတ်ရဲ့ပျံ့လွင့်မှု ( ဥဒ္ဓစ္စ )
(၉) မကောင်းမှုပြုခြင်းကို မရှက်တတ်သည့်သဘော ( အဟိရိက )
(၁၀) ကာယဒုစရိုက် မကောင်းမှု ကျူးလွန်ခြင်းကို မကြောက်မှု ( အနောတ္တပ္ပ )
၁။ လိုချင်တပ်မက်မှု ( လောဘ )
လောဘသည်
လူကိုအစဉ်သဖြင့် ပူလောင်စေပြီးနစ်မွန်းအောင် လုပ် တတ်တယ်ဆိုတာကို သဗ္ဗညု
တဉာဏ် တော်ကြီးဖြင့်ထိုးထွင်းပြီးမှဗုဒ္ဓမြတ်စွာဘုရားဟောကြားထား
ပါတယ်။လောဘ၏အရင်းခံ သဘောမှာ ၊ တပ် မက်ခြင်းဖြစ်ပါတယ်။
။ဤလောဘကိုအကြောင်းခံပြီးဖြစ်လာသည့်ပူလောင် စေ သောတရားတွေသည် ပုထု
ဇဉ်ကိုမနေသာ မထိုင်သာအောင် နှိပ်စက်သည့် တရားတွေက သိပ်များပါ တယ်။
လောဘကြောင့် စွဲလမ်းခြင်း သဘော ( ရာဂ ) ဖြစ်လာ၏ ။စွဲလမ်းခြင်းမှတစ်ဆင့်
အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ ) ဖြစ်လာသည့်အခါ လူ့စိတ်သည် အိပ်မရ ၊
စားမ၀င် ရင်ပူ နာ ကပ်လာ၏။ လောဘကြောင့် သတ္တဝါတို့၏စိတ်သည်မြင်ရာကြား ရာ
နံရာစားရာအာရုံ အမျိုးမျိုး၏ ဆွဲ ဆောင်ခြင်းကို ခံရ၏ ။
အာရုံဆွဲဆောင်လာသည့်အခါ မဆန့်ကျင်နိုင်တော့ပေ။
ရုန်းမထွက်နိုင်ဘဲလိုက်ပါသွား၏။
မြင်ရာ
၊ ကြားရာ ၊ နှစ်သက် ရုံတင်မက နှစ်သက်သည်ကို မေ့ပျောက်ပစ်လို့ပင် မရချေ ။
စွဲလမ်းသွား၏။ ၎င်းကို (နန္ဒီရာဂ)ဟုခေါ်၏။ရူးသွပ်ခြင်းဆိုသည့် (
စိတ္တဿသရတာ) ဆိုသည်မှာစိတ်၏ပြင်းစွာစွဲလမ်းမှုကြောင့်ဖြစ်သည်။ လောဘသည်
အာရုံမှန် သမျှကို လိုလား၏ ။ လိုချင်အားကြီးလွန်းသောကြောင့် မိန်း
မောမှုတောင်ဖြစ်၏။ မရ လျှင်ကိုယ့်ကိုယ် ကိုယ်တောင် သတ်သေပစ် ဖို့
၀န်မလေးချေ။ ဆင်ခြင် ဉာဏ်ဖြင့်သတိသပ္ပဇဉ်လုံး၀ကင်းစင် သွားအောင်တောင်
လုပ်တတ်၏ ။
လောဘသည်
အာရုံမရှိလျှင် မနေနိုင်ပေ။အာရုံမှန်သမျှကို ရအောင်အားထုတ်
တတ်သည့်သဘောရှိ၏။ ဖြစ်ရာ ဘ၀တိုင်းတွင်လည်း လောဘသည် မိမိ၏ ချစ်ခင်နှစ်သက်သော
အဖော် ဖြစ်နေ၏။သတ္တဝါများအား ဘ၀ခြား ရဟပ်မှာလည်နေအောင် ဆွဲဆောင်တတ်သည့်
ဘဝကြိုးနှင့်လည်းတူ၏ ။ သို့ဖြစ်၍ လောဘကြောင့်ချမ်းသာကို
မရနိုင်၊အကျိုးမဲ့ဆင်းရဲ ကိုသာရစေတတ်၏။
ဆင်းရဲခြင်းကိုအလွန်အမင်းဖြစ်စေသည်လည်းလောဘပင်ဖြစ်၏။
- ချစ်ကြိုက် ပေါင်းဖော် ရောနှောခြင်းသည်လည်း လောဘ ၊
- ချစ်ကြိုက်သောကြောင့် ငဲ့ကွက် တွယ်တာခြင်းသည်လည်း လောဘ ၊
- နှောင်ဖွဲ့တတ်ခြင်းသည်လည်း လောဘ ၊
- တောင့်တခြင်း ၊ တမ်းတခြင်း ၊ လွမ်းဆွတ်ခြင်းသည်လည်း လောဘ ၊
-
အဆင်း ၊ အနံ့ ၊ အရသာ ၊ အသံ ၊ အတွေ့အာရုံ အားလုံးကို တောင့်တခြင်း ၊
ပစ္စည်းဥစ္စာတောင့်တမှု ၊ သားသမီး၌ တောင့်တမှု ၊ အသက်ရှင်ခြင်း၌တောင့်တမှု ၊
ကျန်းမာခြင်း၌ တောင့်တခြင်း သဘောတွေ သည်လည်း လောဘ ၊
-
ငါ့ဟာ ၊ ငါ့ဥစ္စာဟု ပြောဆိုစေတတ်သည့် တပ်မက်မှုသဘော ၊ အချိန်ရှိသရွေ့
ငါ့ဟာ ငါ့ ဥစ္စာဟု ပြောဆို စေတတ်သည့် တပ်မက်ခြင်းသဘောသည်လည်း လောဘ ၊
- အမြီးနှံ့သောခွေးလိုပင် လာဘ်လာဘ၌ တပ်မက် တုန်လှုပ်သည့်သဘောသည်လည်း လောဘ ၊
-
မသင့်လျော်သောအရာ၌တပ်မက်ခြင်း ၊ အဓမ္မရာဂသည်လည်း လောဘပင်ဖြစ်၏။
အလွန်အမင်းလို ချင် အားကြီးမှု ဝိသမလောဘ ၊ မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊
ချစ်ခင်ခြင်းသည်လည်း လောဘ ၊
- ၀ဋ်ဆင်းရဲတွင် နစ်မြုပ်စေတတ်ခြင်းသဘော (ဩဃ)သည်လည်း တရားကိုယ်အားဖြင့် လောဘ ၊
- ၀ဋ်ဆင်းရဲတွင် ယှဉ်စေတွဲစေတတ်သည့် ယောဂသည်လည်း လောဘ ၊
- ၀ဋ်ဆင်းရဲတွင် ဆက်စပ်ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊
- သတ္တဝါများကို ၀ဋ်ဆင်းရဲတွင် နှောင်ဖွဲ့စေတတ်သည်လည်း လောဘ ၊
- စိတ်ကိုကပ်ပြီး ညစ်နွမ်းစေတတ်သော သဘောသည်လည်း တရားကိုယ်အားဖြင့် လောဘ ၊
- ဆင်းရဲခြင်း၏ အခြေအမြစ် ဒုက္ခမူလသည်လည်း လောဘ ၊
- အကုသိုလ်တရားတို့၏ မူလအခြေအမြစ် အကုသလမူလသည်လည်း လောဘ ၊ပင်ဖြစ်သည် ။
၂။ ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )
ဒေါသ၏သဘောသည်ကား
ဖျက်ဆီးလိုမှု ၊ ပြစ်မှားမှုပင် ဖြစ်၏ ။ ငါ့ရဲ့အကျိုးမဲ့ကို
ပြုကျင့်ခဲ့ပြီဆိုပြီး ရန်ငြိုးဖွဲ့ သည် လည်း ဒေါသပင်ဖြစ်သည် ။ အာဃာတလည်း
ဒေါသ ၊ ရန်ငြိုးဖွဲ့ရာတွင် အတိတ်ကာလ ကလည်း ငါ့ရဲ့ အကျိုးမဲ့ကို ပြုခဲ့ပြီ
။ခုလည်း ပြုနေဆဲ ၊ နောင်အခါလည်း ပြုဦးမှာပဲ ဆို၍ အတိတ် ၊ ပစ္စုပ္ပန် ၊
အနာဂတ် ကာလ သုံးပါးစလုံး တွင် ရန်ငြိုးဖွဲ့တတ်သည် ။
ကိုယ့်အပေါ်တွင်
ပြုကျင့်ခဲ့သည့် အကျိုးမဲ့ ပြုမှုအပေါ်တွင်သာရန်ငြိုးဖွဲ့တတ်သည်
မဟုတ်ပေ။ကိုယ့် မိတ် ဆွေ ၊ ကိုယ့်ရဲ့ချစ်သူအပေါ်တွင် အကျိုးမဲ့ပြု
လျှင်လည်း အတိတ် ၊ ပစ္စုပ္ပန် ၊အနာဂတ် ကာလသုံးပါးနှင့်စပ်လျဉ်းပြီး
ရန်ငြိုး ( အာဃာတ) ပြုတတ်သည် ။
ထို့နောက် ကိုယ်မချစ်ခင်သူ ၊ မုန်းတီးသူ၏အကျိုးကို ဆောင်ရွက်လျှင်လည်း ထိုသို့ ဆောင်ရွက်သူ အပေါ် ရန် ငြိုးဖွဲ့တတ်ပြန်၏ ။
ရန်ငြိုးဖွဲ့ရာတွင်လည်း
အလွန်အမင်းရန်ငြိုးဖွဲ့တတ်ခြင်းလည်း ရှိသည် ။ ပဋိဃာတ ဟုခေါ်သည် ။ ပဋိဃ ဆို
သည်မှာ ထိပါးခြင်း ၊ မုန်းတီးခြင်း ဖြစ်သည် ။ ဒေါသကြောင့်
အလွန်အမင်းဆန့်ကျင်ခြင်းလည်းရှိသည်။ အ မျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း
ဆိုသည်လည်း ဒေါသပင် ဖြစ်သည် ။
ဒေါသသည်
အလွန်ကြောက်စရာကောင်းလှသည် ။ ဒေါသဖြစ်လာလျှင် ဖျက်ဆီး
ချေမှုန်းပစ်ချင်ကြသည်။ အ လွန်အမင်း ပြစ်မှားလိုခြင်း ဖြစ်၏ ။
ကိုယ်မုန်းတီးသူ၏ ပျက်စီးခြင်း ၊ ဆုံး ရှုံးခြင်း ၊နစ်နာခြင်း ၊
ဘ၀ပျက်ခြင်း ကို မြင်ရကြားရလျှင် အားရ၀မ်းသာ ဖြစ်သည် ။ ဤသည်လည်း
ဒေါသကြောင့် ဖြစ် သော စိတ်၏ ပျက်စီးခြင်း သ ဘော ၊ ဖောက်ပြန် ခြင်းသဘောပင်
ဖြစ်သည် ။
- ဒေါသကြောင့် စိတ်သည် ကြမ်းတမ်း ခက်ထန်လာသည် ။
- ဒေါသကြောင့် စကားပြောသည့်အခါတွင်လည်း ကောင်းမွန်စွာ ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ပေ ။
-
ဒေါသဖြစ်ချိန်တွင် မိမိစိတ်သည်လည်း ပင်ကိုယ်ပကတိစိတ် မဟုတ်တော့ပေ ။
ဘီလူးစိတ် ၊သရဲစိတ် လို ခက်ထန်ကြမ်းတမ်းဖြစ်လာသည် ။ စိတ်ဖောက်ပြန်လာသည် ။
စိတ်ထဲတွင် မနှစ်မြို့ခြင်း ၊မလိုလားခြင်းသာ ထင်ရှားရှိ နေသည် ပင်လျှင်
ဒေါသ၏သဘော ဖြစ်သည် ။
၃။ အမှန်ကိုမသိမှု တွေဝေမှု ( မောဟ )
အမှန်သဘောကို မသိခြင်း ၊ တွေဝေခြင်းကို မောဟ ဟုခေါ်သည် ။ သစ္စာလေးပါးမြတ်တရား
• ဒုက္ခသစ္စာ - တဏှာလောဘကြောင့်ဖြစ်သော ဆင်းရဲခြင်း တရား
• သမုဒယသစ္စာ - ဒုက္ခကိုဖြစ်ပေါ်စေသော စွဲလမ်းတပ်မက်သည့် သဘောတရား
• နိရောဓသစ္စာ - ဆင်းရဲအပေါင်း၏ချုပ်ငြိမ်းရာ မဂ္ဂသစ္စာ၏ အကျိုးဖြစ်သော နိဗ္ဗာန်
• မဂ္ဂသစ္စာ - နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါး ကို မသိခြင်း ၊ မောဟ (အဝိဇ္ဇာ)ဖြစ်၏ ။
ထို့နောက် သံသရာတွင် ရှေးကဖြစ်ခဲ့ဖူးပြီးသော ခန္ဓာအစဉ်ကိုလည်း မသိ ၊နောင်ဖြစ်လတ္တံ့သော ခန္ဓာ အစဉ်ကို လည်း မသိပေ။
သို့ဖြစ်၍
ဇာတိဆိုသည့် အကြောင်းကိုစွဲ၍သာ ဇရာ ၊ မရဏအကျိုးများဖြစ်နေရခြင်း ဆိုသည်
လည်း မသိပေ ။ ပစ္စုပ္ပန်တွင်ရထားသည့် ခန္ဓာငါးပါးသည်လည်း အနိစ္စ ၊ ဒုက္ခ ၊
အနတ္တပဲဟု မသိချေ ။ ထိုခန္ဓာ ငါးပါး (ရုပ်နာမ် နှစ် ပါး) ကို ငါပဲ ၊ သူပဲ
ယောက်ျားပဲ ၊ မိန်းမပဲ ဟု မှားယွင်းစွာ သိမြင်နေခြင်းသည်လည်း မောဟပဲ ဖြစ်၏ ။
အကောင်းအဆိုးကို မဝေခွဲတတ် ၊ မပိုင်းခြားတတ်သည့်သဘောသည်လည်း မောဟ ပဲဖြစ်၏ ။
စိတ်၏
ဖြူစင်သန့်ရှင်းမှုကို မသိခြင်းသဘော ၊ လူမိုက်ဖြစ်ခြင်း အကြောင်းကို မသိ
ခြင်း သဘော၊ တရား အားလုံးတွင် မသိခြင်း ၊ တွေဝေခြင်းကြောင့်၀ဋ်ဆင်းရဲ တွင်
နစ် မျောရခြင်းသည်လည်း မောဟ ။စိတ် တွင် ကိလေသာ တွေ
ထကြွသောင်းကျန်းခြင်းကိုလည်း မသိ ခြင်းသဘောသည်လည်းမောဟ။
ထို့ကြောင့်
ဤ မောဟသည် စီးပွားချမ်းသာသို့မရောက်အောင် တံခါးကျင်(မင်းတုပ်)လိုပင်
ပိတ်ပင်တား ဆီး တတ်သည့်သဘောရှိ၏။ မောဟသည် အကုသိုလ် တရားတို့၏ မူလ
အခြေခံပင်ဖြစ်၏။ မောဟအခြေခံကြောင့် လောဘ၊ ဒေါသများဖြစ်လာရ၏။
၄။ ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး ထောင်လွှားမှု ( မာန )
ထိုမာနတရားသည်လည်း
တရားဆိုး တစ်မျိုးပင်ဖြစ်သည်။ ပင်ကိုယ်သဘောကဖြင့်ငါသာလျှင် မြတ် သည် ၊
ငါသာလျှင်တတ်သည်ဟု စိတ်ကြီး၀င်ပြီး ထောင်လွှားခြင်း ၊မောက်မာခြင်းသည်
မာနပင် ဖြစ်ပါတယ်။
စိတ်ထောင်လွှားခြင်း
၊ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း ၊ အဆင့်အတန်းအားဖြင့် မြင့်မြတ်သည်ဟု ထင်
မှတ် ထားခြင်းသည် မာနဖြစ်သည်။ ထိုအထင်မှာအထင်မှားသာဖြစ်ပါတယ်။
ဤနေရာတွင်
ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်သည် ၊ အဆင့်အတန်း တန်းတူဖြစ်သည် ၊ အဆင့်အ
တန်း နိမ့်သည်ဟုထင်၍ ကိုယ့်ထမင်းကိုယ်စားတာဘယ်သူမှဂရုစိုက်စရာမလိုဘူးဟု
သဘော ထားခြင်း ၊ ထောင် လွှားခြင်း အားလုံးသည်မာနချည်းပဲ ဖြစ်သည်ဟု
ဘုရားကဟောသည်။ ကိုယ့်ကိုကိုယ် စိတ်ကို မြှောက်ပင့် ထားတာ ၊ တံခွန်ထူထားတာ ၊
တံခွန်မှန်ကင်းလို ဘ၀င်မြင့်နေခြင်းများ အားလုံးသည် မာန ချည်းပင် ဖြစ်သည် ။
မာနကြီးခြင်းမှာ စိတ်ဖောက်ပြန်ပုံတစ်မျိုးပင် ဖြစ်သည်။
၅။ အမြင်အယူအဆမှားမှု ( ဒိဋ္ဌိ )
ဒိဋ္ဌိဆိုသည်မှာ
အမြင်မှားခြင်းကို ဆိုလိုသည် ။ လူတွေ၏လောကအမြင်မှားများ (မိစ္ဆာဒိဋ္ဌိ)
တွေအလွန်များသည်။ ဗုဒ္ဓပွင့်စဉ်အခါကအိန္ဒိယပြည်တွင် ဒိဋ္ဌိ ၆၂မျိုး
ရှိခဲ့သည်ဟု ဗြဟ္မဇာလသုတ်တွင် ဟောတော် မူ ခဲ့ပါသည်။ -အမှန်မှာ
လောက (ခန္ဓာငါးပါး ၊ ရုပ်နာမ်နှစ်ပါး) သည် မြဲ၏ ၊သို့မဟုတ် လောကသည် မမြဲပေ
၊
- လောကသည် အဆုံးအပိုင်းအခြားရှိသည်၊ သို့မဟုတ် လောကသည် အဆုံးအပိုင်းအခြား မရှိပေ ၊
- ခန္ဓာကိုယ်ထဲတွင် အသက်ဇီ၀ ရှိသည် ၊ခန္ဓာကိုယ်က တစ်ခြား၊ သို့မဟုတ် အသက်ဇီ၀က တစ်ခြား ဖြစ်သည် ၊
- သတ္တဝါသေပြီးလျှင် ဖြစ်သေးသည်၊ သို့မဟုတ် သတ္တဝါသေပြီးလျှင် နောက်ထပ် မဖြစ်တော့ပေ၊
- သတ္တဝါသေပြီးလျှင် ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည်လည်းမဟုတ် ၊
-
သတ္တဝါသေပြီးနောက် ဖြစ်တာလည်းရှိ ၊ မဖြစ်တာလည်းရှိ အစရှိသည့်အမြင်မှား
၆၂ပါးကို ဒိဋ္ဌိ ဟုခေါ်သည် ။ အမြင်မှန်ကို မရောက်အောင်
ခက်ခဲပိတ်ပင်တားဆီးသည့်တရားတွေပင် ဖြစ်သည်။ အမြင်မှန်ကို ဖောက်ထွင်း
ဖျက်ဆီးတတ်သည့် သဘောသည် အမြင်မှား ဒိဋ္ဌိပင် ဖြစ်သည် ။ ဖောက်ပြန်သည့် အမြင်
၊ တုတ်နှောင် တတ် သည့်သဘောသည်လည်း ဒိဋ္ဌိ ပဲဖြစ်သည် ။ အာရုံကို
များသောအားဖြင့် သုံးသပ်တတ်သည် ၊စွဲယူတတ်သည် ၊ အယူသီးတတ်သည် ။ဒိဋ္ဌိသည်
မှားသော ခရီးလမ်းကြောင်းဖြစ်သည် ။ အကျိုးမဲ့ဖြစ်စေသော သဘော ဖောက် ပြန်သည့်
အမြင်သည်ဒိဋ္ဌိ ဖြစ်သည် ။
၆။ ယုံမှားသံသယဖြစ်မှု ( ဝိစိကိစ္ဆာ )
ဘုရားအပေါ်တွင်ယုံမှားခြင်း
၊ သံသယဖြစ်ခြင်းသည် ဝိစိကိစ္ဆာပင်ဖြစ်၏ ။( ဗုဒ္ဓသည်ဧကန် အမှန် စင်စစ်
ဖြစ်ရဲ့ လားဟုမဆုံးဖြတ်နိူင်ပဲ စိတ်ပင်ပန်းစွာသို့လောသို့လော ဖြစ် ခြင်း )
ယုံမှားခြင်းသည် ဝိစိကိစ္ဆာဖြစ်ပါတယ်။ အလားတူပင် ဓမ္မ ၊
ဘုရားဟောတရားများအပေါ်၌လည်း သံသယဖြစ်ခြင်း ၊ ယုံမှားခြင်းသည်
ဝိစိကိစ္ဆာဖြစ်ပါ တယ်။ သံဃာအပေါ်၌လည်း ယုံမှားခြင်းဖြစ်၏ ။ အကျင့်သိက္ခာ
ရှိမှရှိပါ့မလားဟု သံသယဖြစ်၍တွေးတော ခြင်း သည်လည်း ဝိစိကိစ္ဆာပင်ဖြစ်ပါတယ် ။
ရှေးဘ၀မှ
ဖြစ်ခဲ့ပြီးသောခန္ဓာတွေအပေါ်၌လည်း ဟုတ်ပါ့မလားဟုသံသယဖြစ်၏ ၊
ယုံမှား၏။သေပြီးလျှင် နောင် ဘ၀၌ခန္ဓာတွေဖြစ်ပါဦးမလားဟုလည်း ယုံမှား
တွေးတော၏။ ဇရာမရဏဖြစ်ရခြင်းသည်ဇာတိဆိုသည့်ပဋိ သန္ဓေ နေခဲ့ရခြင်း
အကြောင်းကြောင့် ဖြစ်ရသည်ဆိုခြင်းအား ယုံမှားသံသယဖြစ်၍ ဟုတ်ပါ့မလားဟု
တွေးတော၏။
သဘာ၀တရားကို မယုံသင်္ကာဖြစ်၍တွေးတောပြန်လျှင်လည်း မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်း ခြင်းဖြစ်ရခြင်း သည် ဝိစိကိစ္ဆာ ပင် ဖြစ်၏ ။
ဝိစိကိစ္ဆာ
၏သဘောမှာ အမှန်နှင့်အမှားကို ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။
လမ်းနှစ်ခွဖြစ်နေသည့် အ တွက် စိတ် မတည်မငြိမ် ဖြစ်ရသည့်သဘောပင်ဖြစ်၏ ။
ယတိပြတ် ဧကန္တအား ဖြင့်မဆုံးဖြတ်နိုင်ပေ။ သို့လောသို့လော ဖြစ်
တတ်ခြင်းကြောင့် အာရုံမှ ဆုတ်နစ်တတ် သည့်
သဘောသည်၀ိစိကိစ္ဆာပင်ဖြစ်၏။မည်သည့်ကိစ္စပင်ဖြစ်စေ ယတိ ပြတ်
ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက်တဝဲလည်လည် ဖြစ်၍ ဥာဏ်ဖြင့်မသက်၀င်နိုင်ပေ
။ စိတ်ရှုပ် ထွေး၍ အာရုံထွေပြားသွားသည့် သဘောသည်၀ိစိကိစ္ဆာဟု
မှတ်ရမည်ဖြစ်၏ ။
၇။ စိတ်၏ထိုင်းမှိုင်းမှု ပျင်းရိမှု (ထိန)
ထိန
ဆိုသည်ကား စိတ်၏မခံ့မှု ၊ မခိုင်မာမှု ၊ ထိုင်းမှိုင်းမှုပင်ဖြစ်၏
။စိတ်၏မခိုင်ခံ့မှုဆိုသည်ကား ကိစ္စ တစ်ခုကို ပြီးမြောက်အောင်
မလိုက်လျောနိုင်ခြင်း ၊မဆောင်ရွက်နိုင်ခြင်းကို ဆိုလို၏ ။မိမိ၌ရှိနေ သော
က္ကရိယာပုတ်ကို ခိုင် မြဲအောင် မဆောင်ရွက်နိုင်ခြင်းသည် ပျင်းရိခြင်းဖြစ်၏ ။
ထိနပင်ဖြစ်သည်။စိတ် ၏ မခံ့မှုဆိုသည် မှာ တွန့်ဆုတ် တတ်သောသဘောကို ဆိုလို၏ ။
ထိန ဆိုသည် ထို့ကြောင့်စိတ် မကြံ့ခိုင်ခြင်း ၊ ထိုင်းမှိုင်းခြင်း ၊
ပျင်းရိခြင်း ၊ စိတ် ၀င်စားမှု လျော့ကျသွားခြင်း ၊မေ့လျော့ပေါ့ဆပြီး
စိတ်ကျဲပြန့်သွားခြင်းကို ဆို၏ ။
၈။ စိတ်၏ပျံ့လွင့်မှု (ဥဒ္ဓစ္စ)
ဥဒ္ဓစ္စ
၏ အနက်အဓိပ္ပာယ်မှာ စိတ်ပျံ့လွင့်ခြင်း ဖြစ်၏ ။ စိတ်ပျံ့လွင့်ခြင်းဟူသည်
စိတ်တုန်လှုပ်ခြင်း ၊ စိတ်မငြိမ် သက်ခြင်း ပင်ဖြစ်၏ ။
စိတ်သည်
ရှုပွားခြင်းအာရုံ တစ်ခုခုပေါ်တွင် တည်ငြိမ်မနေပဲအထွေထွေအပြားပြား
အာရုံတွေနောက် ကိုပါပြီး လေလွင့်သွားခြင်း ၊ မျောပါသွားခြင်းသည် ဥဒ္ဓစ္စ
ပင်ဖြစ်၏ ။
အမျိုးမျိုးသော
အာရုံတွေနောက်ကိုစိတ်ကလိုက်ပါသွားခြင်း ၊ သစ်ရွက်ခြောက်
လေမှာလွင့်သလိုလွင့် သွားခြင်း တွေသည်စိတ် မတည်ငြိမ်သောကြောင့်လည်းကောင်း ၊
မခိုင်မြဲခြင်းကြောင့်လည်းကောင်း ဖြစ်၏ ။စိတ်လှုပ်ရှား သည့်အမူအရာ
တစ်မျိုးပင်ဖြစ်၏ ။
၉။ မကောင်းမှု ပြုရသည်ကို မရှက်တတ်သည့်သဘော (အဟီရိက)
အဟီရိက
ကာယဒုစရိုက် မကောင်းမှုပြုရခြင်းကို အရှက်မရှိခြင်း ၊ မရှက်တတ်ခြင်းပင်
ဖြစ်၏ ။ဤသဘော မှာ နေ့စဉ်ဘ၀ထဲတွင် ထင်ရှား၏ ။ ယုတ်ယုတ်မာမာ
အကုသိုလ်တရားများအား လွန်ကျူးရခြင်းကိုမရှက်တတ် ခြင်း သည် အဟီရိကပင်ဖြစ်၏ ။
ရှက်ရကောင်းမှန်းမသိချေ ။ မိမိပြုနေခြင်း၊ ပြောနေခြင်းများသည်
ရှက်စရာကောင်း နေပြီဟု မသိဘဲ ဒုစရိုက်မှု ၊ လွန်ကျူးမှုများ
ပြုနေကြခြင်းသည် အဟီရိကပင်ဖြစ်၏ ။
၁၀။ ကာယဒုစရိုက် မကောင်းမှုကျူးလွန်ရသည်ကို မကြောက်မှု (အနောတ္တပ္ပ)
ဒုစရိုက်
မကောင်းမှုပြုရသည်ကိုမကြောက်မရွံ့ဘဲ ပြုရဲခြင်းသည် အနောတ္တပ္ပ ပင်ဖြစ်၏ ။
လူအများကို အစု လိုက်အပြုံလိုက် လက်ရဲဇက်ရဲ သတ်ဖြတ်နေကြ၏ ။ ထိုသူတို့သည်
လူတွေကို သတ်ဖြတ်ညှဉ်းဆဲ ရသည်ကို ၀န်မလေးချေ။ သူတစ်ပါးအိမ်ရာကို
မီးရှို့ဖျက်ဆီးခြင်း၊သူတစ်ပါး သားမယားအားကျူးကျော် စော်ကားခြင်း တို့အား
ကျူးလွန်ရမှာ ၀န်မလေးချေ။ အကုသိုလ်ကိုလည်း ကျူးလွန်ရမှာမကြောက် တတ်ပေ ။
၎င်းတို့သည် အနောတ္တပ္ပသဘောပင်ဖြစ်၏ ။ အဓမ္မပြုခြင်း၌
လက်ရဲဇက်ရဲရှိကြခြင်းတွေ သည် ထို အရှက်အကြောက် ကင်း မဲ့မှုကြောင့် လူ့ဘ၀
မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင်ဖြစ်၏။
ဖော်ပြပါ
ကိလေသာတရားများမိမိစိတ်မှာဖြစ်နေသလား။ မဖြစ်ဘူး လားဆိုတာကို
မိမိကိုယ်တိုင်ဆင်ခြင်ရန် လိုအပ်ပါတယ်။
အဲဒီကိလေသာတွေကအချိန်မရွေးပေါ်တတ်တဲ့အတွက်အချိန်တိုင်းဆင်ခြင်ရန်
လိုအပ်ပါတယ်။ အရင်ဆုံး တစ်နေ့တာ အလုပ်တွေလုပ်ပြီး မအိပ်မှိ
လဲလျောင်းတဲ့အချိန်မှာ မိမိစိတ်မှာ အဲဒီကိလေသာတရားတွေ ဘာတွေဖြစ်နေသလဲ။
ဘယ်လောက်အတိုင်းအတာအထိဖြစ်နေသလဲ။ ဖြစ်လာတဲ့အခါ မိမိစိတ်ထဲမှာ ဘယ်လို
ဖြစ်နေသလဲဆိုတာ ကို စိတ်အေးအေးထားပြီးပြန်ဆင်ခြင်ကြည့်တဲ့အလေ့အကျင့်
ပြုလုပ်ကြည့်ပါ။ အဲဒီလို ပြန် ဆင်ခြင်ကြည့်တဲ့အခါ
မိမိစိတ်ကိုပင်ပန်းနွမ်းနယ်စေကြောင်းသိလာမှာဖြစ်ပါတယ်။ အဲဒီလိုသိလာရင်
ဆုပ်ကိုင် ထားမှုတွေကို လျော့ချရန် လိုအပ်ပါတယ်။ မျောက်ဟာ
ထောင်ခြောက်ထဲမှာရှိတဲ့အစာကို တပ်မက်မောတဲ့ အ တွက် ရချင်လို့ လက်ကို
အပေါက်ထဲမှ ထောင်ခြောက်ထဲနှိုက်လိုက်ပါတယ်။ အစာတွေ့တဲ့အခါ အစာကို ဆုပ်ကိုင်
ပြီး အပေါက်မှ လက်ကို ပြန်ထုတ်တော့မရတော့ပါဘူး။ ဒါကြောင့်
မုဆိုးကမျောက်ကိုဖမ်းသွားတာခံလိုက် ရပါ တယ်။ အလားတူပင်
လူသားတွေလည်းကိလေသာတွေကို ကင်းအောင် ဖယ်ရှားနိုင်မှသာ စိတ်မှာအေးချမ်းနိုင်
ကြမှာဖြစ်ပါတယ်။ သို့မဟုတ်လျှင် ထောင်ခြောက်မှ လွတ်နိုင်စရာမမရှိပါ။
မိတ်ဆွေများ
မိမိစိတ်ကို စိတ်ကြည့်မှန်မှာ
ပြန်ကြည့်ပြီးကိလေသာတွေမှလျော့ပါးကင်းစင်အောင် လေ့ကျင့်နိုင် ကြ ပြီး
စိတ်ဖြူစင်လျက် စိတ်အေးချမ်းသာမှုရှိကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment