Wednesday, February 26, 2025

စိတ်အညစ်အကြေးကို ဖြူစင်စေဖို့ဘာလုပ်ကြမလဲ။ Food for Thought 689 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့” စိတ်အညစ်အကြေးကို ဖြူစင်စေဖို့ဘာလုပ်ကြမလဲ။” ဆိုတာကို မိမိကိုယ်တိုင်လေ့ကျင့်နိုင်ဖို့ Food for Thought 689 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။



စိတ်အညစ်အကြေးကို ဖြူစင်စေဖို့ဘာလုပ်ကြမလဲ။

မြတ်ဗုဒ္ဓရဲ့တရားတော် အနှစ်ချုပ်ဟာ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတဲ့အ တိုင်း ၊ စိတ်ထား ဖြူစင်ဖို့ အင်မတန်မှ အရေး ကြီးပါတယ်။

စိတ်ကိုညစ်နွမ်းစေတတ်တဲ့ကိလေသာတွေဆိုတ လူတွေမှာ ဘယ်လောက်တောင်များသလဲဆိုရင်အဲဒီကိလေသာ တွေကအဆိုင်အခဲသာဖြစ်နေမယ်ဆိုရင် စကြာဝဠာတခွင်နှင့် ကောင်းကင်ပြင်ကြီးတစ်ခုလုံးကပင် အဲဒီကိလေ သာတွေအတွက်ထားရန်နေရာမဆန့် ကျဥ်းနေမှာဖြစ်ပါတယ်။ ကိလေသာကင်းပြီးစိတ်ထားဖြူစင်မယ်ဆိုရင် တော့ ပုတ်သောကိုယ်ခန္ဓာပင်ရှိသော်လည်းပူဇော်ထိုက်တယ်လို့ မြတ်စွာဘုရားက လမ်းညွှန်ပြခဲ့ပါတယ်။

ဖြူစင်သောစိတ်ထားအတွက် ပြင်ဆင်ထားရမယ့် အခြေခံအချက်များ

မဂ္ဂင်ရှစ်ပါးတရားတော်မှာ အရေးကြီးဆုံးက အမှန်သိအောင် လုပ်ရမယ်ဆိုတာ အရေးကြီးဆုံးပါ။ အမှန်သိဖို့ ဆိုရင် ရှေးဦးစွာစိတ်ဖြူစင်အောင်လုပ်ဖို့ အရေး ကြီးတယ်။ စိတ်ဟာ အိမ်မှာသုံးတဲ့ ကြည့်မှန် လိုမျိုးမို့ မှန်ကြေး မုံက မှုန်မှုန် ဝါးဝါးမရှိဘဲ ကြည်ကြည်လင်လင်ဖြစ်လေလေ၊ ရုပ်ပုံက ပီပီ ပြင်ပြင်ဖြစ်လေလေဆိုတာမျိုးပါ။

ကိုယ့်စိတ်အခြေအနေက စင်ကြယ်လေလေ၊ မိမိရဲ့သန္တာန်မှာရှိတဲ့ သဘာဝ တရားတွေကို ပီပီပြင်ပြင်မြင်ရ လေ လေ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင် အကုသိုလ် ဒုစရိုက်ဆယ် ပါးကိုလုပ်ရမှာ ရှက်တတ်တဲ့၊ ကြောက် တတ်တဲ့စိတ်မျိုး အရင်တည်ဆောက်ပါ။ ပြီးရင် ကာယကံ၊ ဝစီကံနဲ့ မနောကံအားလုံး စင်ကြယ်အောင်လုပ်ရ မယ်၊ စားဝတ်နေရေးအတွက် ပြည့်စုံအောင်လုပ်နေရတဲ့ အသက် မွေး မှုစင်ကြယ်အောင် လည်း လုပ်ရမယ်။

နောက်တစ်ချက်ကတော့ စိတ်ဖြူစင်နေဖို့ဆိုရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣန္ဒြေခြောက်ပါးကို ထိန်းသိမ်း စောင့်ရှောက်ဖို့လိုတယ်။ ထိန်းတယ်ဆိုတဲ့အဓိပ္ပာယ် က မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣန္ဒြေ ခြောက်ပါး တံခါးခြောက်ပေါက်ကနေပြီး နှစ်သက် စရာဆိုရင် လောဘ၊ မုန်းတီးစရာဆိုရင် ဒေါသ၊ အသိ ဉာဏ်ကင်းမဲ့လို့ရှိရင် မောဟဖြစ်တတ်တယ်။ ဒါကြောင့် အကုသိုလ်မဖြစ်ရအောင် သတိဆိုတာနဲ့ ဆို့ပိတ်ပြီး အသိပညာနဲ့ ဖယ်ရှားပစ်နေမယ်ဆိုရင် ဣန္ဒြေကို လုံအောင်လုပ်တာဖြစ်ပါတယ်။ အစာအာဟာရ စားတဲ့အခါမှာ လည်း ဆင်ခြင်တုံတရားနဲ့စားဖို့ လိုအပ်တယ်၊ ကြိုက်လို့ စားတာလား၊ စားသင့်လို့ စားတာလား ဆိုတဲ့နှစ်ခုအနက် ခန္ဓာကိုယ်ကြီး တည်တံ့ဖို့၊ အသက်ရှည်ဖို့နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ မှန်ကန်တဲ့ ရည် ရွယ်ချက်ကိုသိပြီးတော့ အ တိုင်း အတာနဲ့ စားရပါမယ်။

စိတ်အညစ်အကြေးကို ဖယ်ရှားတဲ့အခါမှာ ကိလေသာနဲ့ အကုသိုလ်ဖြစ်စေတဲ့ နီဝရဏတရား ငါးပါးကို နိုးနိုး ကြားကြား၊ ကြိုးကြိုးစားစားနဲ့ ဖယ်ရှားနေရမယ်၊ မေ့မေ့လျော့လျော့မနေရဘူး၊ လုပ်ချင်တဲ့အခါလုပ်၊ မလုပ် ချင်တဲ့အခါနေဆိုတာမျိုး မဟုတ်ဘဲ လုပ်ရမယ်။ အဲဒီနီဝရဏတွေဟာ စိတ် ပူပန်ဆင်းရဲစေတတ်ပြီး ပညာဉာဏ် တွေကို အားပျော့သွားစေတယ်၊ မှုန်ဝါးသွားစေတယ်၊ မှုန်ဝါး သွားတဲ့အသိဉာဏ်နဲ့ ဘယ်လိုမှ မှန်မှန်ကန်ကန်မမြင် နိုင်တော့ဘူး၊ သဘာဝကို မမြင်နိုင်ဘူး၊ ဒါကြောင့်မို့ အသိဉာဏ်ကို မှုန်ဝါးအားပျော့သွားစေနိုင်တဲ့ ဒီစိတ်ရဲ့အညစ် အကြေးတွေကို ဖယ်ရှားပစ်ရန်လိုအပ်ပါတယ်။

နီဝရဏတရားငါးပါး

စိတ်ရဲ့ အညစ်အကြေးတွေ ခြုံငုံနေတဲ့ နီဝရဏတရားငါးပါးမှာ ပါဝင်တာတွေက

• အဘိဇ္စျာဆိုတဲ့ အာရုံတစ်ခုခု ကြောင့် လိုချင်တပ်မက်စိတ်ဖြစ်ပေါ်တတ်တဲ့ တဏှာလောဘ ဖြစ် လာတာမျိုး၊

• ဗျာပါဒ ဆိုတဲ့လူတွေက ကောင်း တာနဲ့တွေ့ရင် လောဘဖြစ်သလို မကောင်းတာနဲ့တွေ့ရင် ဒေါသဖြစ်တာမျိုး၊

• ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်စိတ်၊ ထိုင်းမှိုင်း၊ စိတ်ဓာတ်တွေ ကျနေတာမျိုး၊

• ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ အာရုံတစ်ခုတည်းမှာစိတ်ကိုစုစည်းမရတာ၊ စိတ်တွေ လွင့်ပျံ့နေတာ၊ တွေးပြီးတော့ စိတ်ပူနေတာ၊ စိတ်မကောင်းဖြစ်နေတာမျိုးနဲ့

• ဝိစိကိစ္ဆာဆိုတဲ့ ကုသိုလ်တရားနဲ့ပတ်သက်ပြီး သို့လော သို့လော တွေး တောတာ၊ သံသယဖြစ်နေတာနဲ့ အမှားအမှန်ကို မသိတာမျိုးတို့ပဲဖြစ်ပါတယ်။

တူညီတဲ့ ဖယ်ရှား နည်းကတော့ အဲဒီအကြောင်းအရာနဲ့စပ်လျဉ်းပြီးဟောပြောပေးနိုင်မယ့် ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းရှိရမယ်၊ သင့်တင့်လျောက်ပတ်တဲ့ တရားစကားကို နာယူမှတ်သားဖို့ လည်းလိုပါတယ် ။ တစ်ခုချင်းအလိုက် ဖယ်ရှားရမယ့် နည်းလမ်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) အဘိဇ္စျာဆိုတဲ့တဏှာဟာ မျက်စိနဲ့ အာရုံတစ်ခုခု မြင်လိုက်လို့ရှိရင် အဲဒီအာရုံပေါ်မှာ တွေးနေ တတ်တယ် လေ၊ ကိုယ်ကြိုက်တာလေးမြင်လိုက်တယ်ဆိုရင် လှလိုက်တာ၊ လိုချင်လိုက်တာဆိုပြီး စိတ်ကတောင် မဟုတ် တော့ဘဲ နှုတ်ကတောင် ထုတ်ပြောမိလာတယ်။ နောက်ဆုံးတော့ ရအောင်ကြိုးစားတယ်။ ဒါကြောင့် အာရုံတစ်ခု မှာ ငြိလိုက်ရင် အဲဒီအာရုံကို လိုချင်တဲ့လောဘ အတွေးကို မဖြစ်စေနဲ့၊ သတ္တဝါအပေါ် တွယ်တာမှုကို အသုဘ ဘာဝနာနဲ့ ဖယ်ရှားပစ်ရမယ်။

(၂) ဗျာပါဒဆိုတဲ့ ကောင်းတာနဲ့တွေ့ရင် လောဘဖြစ်သလို မကောင်းတာနဲ့တွေ့ရင် ဒေါသဖြစ်လာခဲ့ရင် ကြည်လင် အေးမြတဲ့စိတ်၊ ခွင့်လွှတ်သည်းခံပြီး အကျိုးစီးပွားကို လိုလားတဲ့စိတ်နဲ့ နေနိုင် အောင် ကြိုးစားရမယ်။ ဗျာပါဒ ဆိုတဲ့ ဒေါသကို ဖယ်ရှားနိုင်ဖို့ မေတ္တာရဲ့အာရုံနိမိတ်ယူပြီး ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ် (လိင်တူသူ) အပေါ် မေတ္တာ ဘာဝနာပွားရမယ်။ မေတ္တာရဲ့ အကျိုး ကျေးဇူးကို ဆင်ခြင်စဉ်းစားသလို ဒေါသရဲ့အပြစ်ကို ဆင်ခြင်စဉ်းစားခြင်း ဖြင့်လည်း ဗျာပါဒဆိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားနိုင်ပါတယ်။

(၃) ထိန မိဒ္ဓဆိုတာ အိပ်ချင်စိတ်၊ ထိုင်းမှိုင်း၊စိတ်ဓာတ်တွေ ကျနေတာမျိုးဖြစ်နေရင် အသိဉာဏ်လည်း လျော့ကျ သွားတယ်၊ အိပ်ချင်လာပြီဆိုရင် ကြေးမုံပြင်ကြီး မှုန်ဝါးလာသလိုမျိုး ပီပီပြင်ပြင် မမြင်တာမျိုးမဖြစ်ရအောင် ပီပီပြင်ပြင်မြင်နိုင်ဖို့ရာ စိတ်ထဲမှာ အလင်းရောင်ကို တည်ဆောက်ရမယ်၊ အမှောင်ထဲမှာနေရင် အိပ်ချင်တယ်၊ ကြောက်တဲ့သူဆိုရင်လည်း ကြောက်တယ်၊ အလင်းရောင်ကို နှလုံးသွင်းထားနိုင်ရင် အကြောက်ပြေမယ်၊ စိတ်မှာ ရှင်းလင်းလာမယ်။

(၄) ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတဲ့ အာရုံတစ်ခုတည်းမှာ စိတ်ကို စုစည်းမရတာ၊ စိတ်တွေ လွင့်ပျံ့နေတာ၊ တွေးပြီးတော့ စိတ်ပူနေတာ၊ စိတ်မကောင်းဖြစ်နေတာမျိုးဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီး ပစ်တတ်လို့ စာဖတ်တာမျိုးနဲ့ သိချင်တာတွေ စူးစမ်းခြင်းဖြင့် ဗဟုသုတရှာမှီးရမယ်။ မေးခွန်း မေးဖို့ စဉ်းစားရမှာဖြစ်လို့ မေးခွန်းမေးတတ်တဲ့ အလေ့အထလုပ်ရမယ်။ ဆုံးမတဲ့အချက်အလက်တွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တာတွေကို ကျွမ်းကျင် လိမ္မာအောင် လုပ်ရမယ်။ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေထံ ဆည်းကပ်ပြီး ဗဟုသုတရှာမှီး တာ ကနေ စိတ်ငြိမ်းချမ်းမှုရစေပါတယ်။

(၅) ဝိစိကိစ္ဆာဆိုတာ ကုသိုလ်တရားနဲ့ ပတ်သက်ပြီး သို့လော သို့လော တွေးတောတာ၊ သံသယ ဖြစ်နေတာနဲ့ အမှားအမှန်ကို မသိတာတို့အပေါ် ဗဟုသုတဆည်းပူးရမယ်၊ မေးမြန်းတတ်ရမယ်၊ အဆင့်မြင့်တဲ့ မေးခွန်းထုတ် နိုင်ရမယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွမ်းကျင်လိမ္မာမှုရှိရမယ်။ အရာရာဆုံးဖြတ် နိုင်ရ မယ်၊ ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့် ရှိရမယ်။

နီဝရဏတရားတွေကို မြတ်စွာဘုရားက ဥပမာနဲ့ ဟောထားတယ်၊ အဘိဇ္စျာလောဘဟာ ကြွေးနဲ့တူတယ်တဲ့၊ မဆပ်နိုင်သေးသမျှ ကြွေးရှင်ရှေ့ရောက်ရင် ကြွေးတင်နေတဲ့သူဟာ ပြားပြားဝပ်နေရတယ်၊ ကျေနပ်အောင် လုပ်ပေးရတယ်။ ဒီကြွေးရှိနေ သမျှ ကာလပတ်လုံး စိတ်မအေးနိုင်ဘူး။ သူများကြွေးတွေ မရှိတော့ဘူးဆိုမှ လက်မထောင်နိုင်မှာဖြစ်လို့ အဲဒါတွေကို စိတ်ထဲကနေ ဖယ်ရှားပစ်ပြီး ကြွေးကင်းတဲ့လူလို ခံစားရလိမ့်မယ်၊ ဒါမှမဟုတ်လို့ အဲဒါတွေရှိနေရင် ကြွေးတင်နေတဲ့ပုဂ္ဂိုလ်လိုအရာရာမှာ အရှုံးပေးနေရတယ်။

အဘိဇ္ဇျာလောဘ = ကျွေးတင်မှု = စိတ်မအေး။ ကျွေးကျေတော့ = စိတ်အေး

ဗျာပါဒကတော့ ရောဂါနဲ့တူတယ်။ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စားမဝင် အိပ်မပျော်ဖြစ်နေသလိုမျိုး စိတ်ဆိုးဒေါသထွက်နေတဲ့သူဟာလည်း ထိုနည်းအတိုင်းပဲဖြစ်နေမယ်။ ရောဂါပျောက်လို့ ကျန်းမာလာတဲ့ပုဂ္ဂိုလ် တစ်ယောက်လို ခံစားပျော်ရွှင်နိုင်ဖို့ ဗျာပါဒဆိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားပစ်နိုင်အောင် ကြိုးစားပါ။

ဗျာပါဒ =ရောဂါသည် = စားမဝင်အိပ်မပျော်။ ရောဂါပျောက် =စာဝင်အိပ်ပျော်

ကိုယ်စိတ်ထိုင်းမှိုင်းခြင်းဆိုတဲ့ ထိနမိဒ္ဓကတော့ ထောင်ကြီးနဲ့တူတယ်။ ထောင်ကျနေတဲ့ လူတစ်ယောက်ဟာ ဘာပွဲလမ်းသဘင်မှ ပါဝင်ခွင့်မရှိတာမျိုး၊ သံသရာကြီးထဲမှာ အလွန်ကိုအိပ်ချင်နေတဲ့ အိပ်မောကျနေတဲ့လူဟာ ကောင်းတာကိုလည်း မသိနိုင်တော့လို့ သစ္စာတရားနာခွင့်ရမှာ မဟုတ်ဘူး။

ထိမိဒ္ဓ = ထောင် =မလွတ်လပ်။ ထောင်မှလွတ် =လွတ်လပ်

ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတာ စိတ်လေနေခြင်း၊ သံသယဝင်နေခြင်းကြောင့် ကျွန်ဘဝနဲ့တူပြီး ဘာမှမလွတ်လပ်၊ အရှင် သခင်တွေ ခိုင်းတာပဲလုပ်ရတယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်တဲ့ဘဝဖြစ်လို့ ဘာမှဆုံးဖြတ်ခွင့် မရှိဘူး။ ဒါတွေ လွှမ်း မိုးနေရင် ဘာတရားရဲ့အရသာကိုမှ ခံစားနိုင်မှုမရှိတာမျိုးပေါ့။ ကျွန်ဘဝက လွတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုင်လာတဲ့ ပုဂ္ဂိုလ်မှသာ ကိုယ့်ဟာကို ရွေးချယ်လာနိုင်ပြီးတော့ ကောင်းနိုး ရာရာလေးသိရှိလာနိုင်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာရမယ်။

ဥဒ္ဓစ္စ ကုက္ကုစ္စ = ကျွန်ဘဝနဲ့တူ= ဘာမှမလွတ်လပ်။ ကျွန်ဘဝမှလွတ်=လွတ် လပ်လာ

ဝိစိကိစ္ဆာဟာ ကန္တာရခရီးကြီးနဲ့ တူတယ်။ လူဆိုးဓားပြတွေ အလွန်များတဲ့ကန္တာရ ခရီးကြီးထဲ သွားရသလို ကိုယ့် မှာပါတဲ့ ရတနာတွေကို အလုခံရမှာ ကြောက်နေရသလို အမြဲတမ်းသံသယနဲ့ ဘယ်နားမှာများ တွေ့မတုံးဆိုပြီး စိတ်စနိုးစနောင့်ဖြစ်နေလိမ့်မယ်။ ဝိစိကိစ္ဆာ ဖယ်ရှားပစ်လိုက်လို့ရှိရင် ကုသိုလ်ကောင်းမှုထဲမှာ စိတ်ဟာအေးချမ်း သွားလိမ့်မယ်ဆိုပြီး မြတ်စွာဘုရားက ဟောကြားခဲ့တယ်လို့ ဆရာတော်ကြီးရဲ့ တရားတော်မှာ နာယူခဲ့ရဖူးပါ တယ်။

ဝိစိကိစ္ဆာ = ကန္တာရခရီးကြီး -စိုးရိမ်ကြောက်လန့် ။ ခရီးပြီးဆုံး = စိတ်အေးချမ်းသာ

ဒါကြောင့် ကြွေးနဲ့တူတဲ့ အဘိဇ္စျာတဏှာ လောဘ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန မိဒ္ဓ၊ ကျွန်ဘဝနဲ့ တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရနဲ့ တူတဲ့ ဝိစိကိစ္ဆာ စတဲ့စိတ်ရဲ့အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားနေ မှသာ သစ္စာလေးပါးကို မြင်နိုင်မှာ၊ နိဗ္ဗာန်ကို မြင်နိုင်မှာဖြစ်တယ်။

မိတ်ဆွေများစိတ်ကိုဖြူစင်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...