
ဒီနေ့ “အထင်၊ အမြင်နှင့်အစွဲနှင့်အဂတိလိုက်စားမှုအကြောင်းကို Food for Thought 690 အဖြစ်မျှဝေ လိုက် ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
အထင်အမြင်အစွဲနှင့်အဂတိတရားများ
အထင်အမြင်နှင့်အစွဲ (Perception နှင့် Bias) နှင့်အဂတိတရားများ
စိတ်အညစ်အကြေးကို
ဖယ်ရှားတဲ့အခါမှာ အခြားသူတွေအပေါ်မှာ လွယ်လွယ်နဲ့ အထင်အမြင်
မမှားတတ်စေဖို့ အတွက်လည်း မိမိကိုယ်ကို ပြုစုပျိုးထောင်ထားရပါမယ်။
ဘာလို့လဲဆိုတော့ လူတွေ မှာ Perception နဲ့ Bias ဆို တာရှိပါတယ်။
အကြောင်းအရာတစ်ခုခုကို တွေ့မြင်ကြားသိလိုက် ရတာနဲ့ပဲ မိမိရဲ့အထင်နဲ့အမြင်
(Perceptions) ကို အခြေခံပြီး မိမိရဲ့ရှိရင်းအစွဲ (Biases) တွေနဲ့
ပေါင်းလိုက်ပြီးတော့ Correspondent Inferences လို့ခေါ်တဲ့ လိုသ
လိုကောက်ချက်ဆွဲတတ်ပါတယ်။ ကိစ္စရပ်တိုင်းမှာ တစ်ခါတည်းနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့
အတွင်းအကြောင်း Internal Cause ကြောင့်ဖြစ်မယ် ဆိုပြီး ကောက်ချက်တန်းမချ
သင့်ဘဲ ပြင်ပအကြောင်းများExternal Factor ကြောင့် ဖြစ်
နိုင်သေးတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်း စားဖို့ လိုအပ်ပါတယ်။
ဥပမာအားဖြင့်
အချိန်နောက်ကျပြီး ရောက်လာရုံလေးနဲ့တော့ ဒီလူဟာ တော်တော်အချိန်
မလေးစားတတ်သူလို့ တန်းပြီးကောက်ချက် မချသေးဘဲ ပြင်ပက
အကြောင်းတရားတွေဖြစ်တဲ့လမ်းမှာ ယာဉ်ကြောပိတ်နေတာလား၊ ကားပျက်နေတာလား
စသည်ဖြင့် အရင်စဉ်းစားပါ၊ အဲဒါကြောင့် မဟုတ်ဘူးဆိုရင်တောင်မှ အခြားသော
ချိန်းဆို မှုမျိုးမှာရော သူနောက်ကျတတ်လေ့ရှိလားပေါ့၊ ခဏခဏနောက်ကျတတ်တာလား၊
ကျန်တဲ့သူတွေရော ဒီလိုပဲ နောက်ကျတတ်လား စသည်ဖြင့် ဘက်ပေါင်းစုံက
စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တာပေါ့။
အထင်အမြင်မှားလွယ်တဲ့အစွဲ Perceptional Biases ၇ ချက်ရှိပါတယ်-
(၁)
ပင်ကိုရှိရင်း အကြောင်းခြင်းရာကြောင့်လို့ ယူဆချက်အမှား (Fundamental
Attribution Error) ကြောင့် ပြင် ပသက်ရောက်မှုကို လုံးဝထည့်သွင်းမစဉ်းစားဘဲ
လူတစ်ဦးတစ်ယောက်ရဲ့ အတွင်းပင်ကိုဗီဇကြောင့်လို့ မှား ယွင်း စွာ
ကောက်ချက်ချခြင်းမျိုးကို အလုပ်ခွင်ထဲမှာရော၊ အင်တာဗျူးနဲ့
လူစိစစ်ရွေးချယ်ရာမှာရော မကြာခဏတွေ့ ရှိနေရပါတယ်။
ပြင်ပအကြောင်းခြင်းရာကိုပါ ထည့်သွင်းစဉ်းစားနေရင် ရှုပ်ထွေးခက်ခဲ
မှာစိုးရိမ်ပြီး ဦးနှောက်ကို အပင်ပန်းမခံချင်လို့ ဖြစ်ရတာပါ။
(၂)
ကိုယ်ရောင်ကိုယ်ဝါရဲ့ သက်ရောက်မှု (Halo Effect) မှာ
သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Horn Effect ဆိုတာရှိ ပါ သေးတယ်။ Negative Horn
Effect ကို Devil Effect လို့လည်း ခေါ်နိုင်ပါ တယ်။ ဘယ်လိုလဲဆိုတော့
မိမိစိတ်နဲ့ အကြိုက်မတွေ့သူတစ်ယောက် အလုပ်ခွင်မှာ တစ်ခုခု
အမှားလုပ်မိတာလေးနဲ့ပဲ ဒီလူအလုပ်လုပ်တာ ပုံကိုမလာ ဘူးဆိုတာမျိုးပါ၊
အရင်တစ်ခေါက် သူဘယ်လောက်တော်နေနေပေါ့။ အဲဒါနဲ့ဆန့်ကျင် ဘက် Positive Horn
Effect ကို Halo Error လို့လည်းခေါ်ပါတယ်။
မိမိကြိုက်တဲ့သူများတစ်ခုလောက်လေး ကောင်းအောင်လုပ်ပြနိုင်တာနဲ့ကို
သူ့လောက်တော်တဲ့၊ တတ်တဲ့သူ မရှိတော့ သလိုမျိုး အကဲဖြတ်တတ်တာမျိုးဖြစ်ပါတယ်။
(၃)
သူတော်ချင်းသတင်းလွေ့လွေ့ဖြစ်မှု (Similar to Me Effect) မှာ
သူနဲ့အကြိုက်ဝါသနာတူတဲ့ သူကို မနှစ်ခြိုက် တာမျိုးလည်း ရှိတတ်ပေမယ့်
အဲဒါမျိုးက တော်တော်တော့ရှားပါတယ်။
(၄)
လိုချင်တာကိုသာ ကြိုရွေးထားမှု (Selective Perception) နဲ့
ဆက်နွှယ်တဲ့အကောင်းဆုံး ဥပမာတစ်ခုကတော့ ၁၉၂၀ပြည့်နှစ်မှာ
ကားထုတ်လုပ်သူတွေထဲမှာ ဆရာ့ဆရာကြီး ဟင်နရီဖို့ဒ် မှားခဲ့တဲ့အမှားပါ။
ဒီလောက်Visionary ကောင်းတဲ့သူမျိုး ဘယ်လိုဖြစ်ရတာလဲပေါ့။ သူက
ပုံစံသစ်ကားအမျိုးအစား ထုတ်လုပ်နေတဲ့ Production Line ကို ပိတ်ပစ်လိုက်ပြီး
လက်ရှိလူကြိုက်များဆဲဖြစ်နေတဲ့ မိုဒယ်မှာပဲ ပုံအောမယ်ပေါ့။ ဒါပေမဲ့
အဲဒီအချိန်မှာ လူတွေ ဟာ ပိုက်ဆံပိုရှိလာသလို ပိုကောင်းတဲ့
ဇိမ်ခံကားစီးနိုင်ဖို့အတွက် အချိန်ပေးပြီး စောင့်
ဆိုင်းနိုင်တယ်ဆိုတဲ့အပေါ် သူကြိုတင်မစဉ်းစားနိုင်ခဲ့တာကြောင့် သူအများကြီး
ကြိုထုတ်လုပ်ထားမိတဲ့ အမည်းရောင်ပုံစံဟောင်းကားတွေ ဈေးကွက်မှာ
အရောင်းထိုင်းပြီး ပုပ်ကုန်သိုးကုန်လို ဖြစ်ခဲ့ရတယ်လေ။ ဒါကြောင့်
ဟိုးခပ်ဝေးဝေး Look Beyond အထိ မြင်အောင်ကြည့်တတ်ဖို့လည်း လိုအပ်တာပေါ့။
(၅)
ပထမဆုံး အကဲဖြတ်ထားမှုအပေါ် ကိုင်စွဲထားတဲ့ အမှား (First Impression
Error) နဲ့ ဆက်နွှယ်တဲ့ သုတေ သနပြုမှုတစ်ခုအရ လူတွေ့အင်တာဗျူးမတိုင်မီ
ဖိုင်ထဲမှာပါတဲ့အချက်အလက်အရ ကြိုပြီးအကဲဖြတ်ထား လိုက် တာမျိုးမှာ
ကောင်းတယ်လို့ ထင်ထားတဲ့သူနဲ့ လူတွေ့စစ်ဆေးချိန်မှာ
ပိုပြီးအဆင်ပြေချောမွေ့တယ်၊ ညံ့ တယ်လို့ ထင်ထားတဲ့သူတွေကို ဗျူးတဲ့အခါ
မကျကျအောင်ကို ချပစ်တတ်ကြတာမျိုးအထိ တွေ့ရှိခဲ့ပါတယ်။
(၆)
ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိမှု (Self-fulfilling Prophesies) မှာ
Pygmalion Effect ဆိုတာရှိပြီး Rosenthal Effect လို့လည်း ခေါ်တယ်။
တော်တယ်လို့ ကြိုမျှော်လင့်ထားတဲ့ သူရဲ့စွမ်းဆောင်ရည်ကို
ကောင်းမယ်လို့သာအကဲ ဖြတ်တတ်လေ့ရှိပြီး အဲဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Golem
Effect အရ မတော်ဘူးလို့ ထင်ထားတဲ့သူဆိုရင် ဘယ်လို ပဲလုပ်ပြနိုင်နိုင်
မကောင်းဘူးပေါ့။ သုတေသနပြုမှုတစ်ခုမှာ အမှတ်တစ်ရာအပြည့်ရထားတဲ့
အတော်ဆုံးသူတွေ ရော၊ အလယ်အလတ်နဲ့ ခပ်ညံ့ညံ့လူတွေရောအားလုံးကို
ရောသမမွှေပြီးအုပ်စုသုံးစု ဖွဲ့ပေးလိုက်တယ်။ ပြီး တော့ မှ အမှတ်ပေးရမယ့်
နည်းပြတွေကို ဒီအုပ်စုက The Best၊ ဒါကတော့ အလယ်အလတ်၊ ဒါကတော့ အညံ့ တွေ ဆို
ပြီး အကဲဖြတ်ခိုင်းလိုက်ပါတယ်၊ အကောင်းဆုံး တွေဆိုတဲ့အုပ်စုပဲ
အမှတ်အများဆုံးရသွားတာမျိုး တွေ့ရှိခဲ့ပါ တယ်။
(၇)
ပုံသေကားကျမှတ်ယူတတ်မှု (Stereotypes) ကြောင့် အဆိုးနဲ့အကောင်း ရလဒ်နှစ်ခု
ထွက်တတ်ပါတယ်။ အ ကောင်းထင်ထားရင် Stereotype ကြောင့် ကောင်းမှာဖြစ်သလို၊
အဆိုးထင်ထားလို့ကတော့ အဆိုးပဲဖြစ်မှာပါ။ လူတိုင်းမှာ
အဲဒီလိုပြဿနာမျိုးရှိနိုင်တယ်ဆိုတာ သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်။ လူတွေဟာ
ယေဘုယျ အားဖြင့် ပျင်းတတ်ကြတော့ ဦးနှောက်ကို အားသိပ်စိုက်မထုတ်လိုကြဘူးလေ။
သေချာစဉ်းစားတွေးခေါ် ဆုံး ဖြတ်ရမယ့်အစား ခပ်ပေါ့ပေါ့၊
ခပ်လွယ်လွယ်တွေးပြီး ကောက်ချက်ချတတ်လို့ပဲ ဖြစ်ပါတယ်။
အဂတိတရားလေးပါး
စိတ်အညစ်အကြေးကို
ဖယ်ရှားတဲ့အထဲမှာ မိမိရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်၊ လုပ်ကိုင်ဆောင်ရွက်မှု
တွေဟာ အဂတိ တရားလေးပါး ကင်းစင်နေဖို့လည်း လိုအပ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ သိင်္ဂါလ လုလင်ကို မဟာကရုဏာ တော်မြတ်နဲ့
ရှောင်ကြဉ်ရမယ့် ကမ္မကိလေသတရားလေးပါးကို ပြညွှန်တော်မူခဲ့ပြီး အဂတိ
တရားလေးပါးကို မ လိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့ပါတယ်။
အဲဒီ
အဂတိတရားလေးပါးကတော့ (၁) ဆန္ဒာ ဂတိ (၂) ဒေါသဂတိ (၃) မောဟဂတိ (၄) ဘယာ
ဂတိတို့ပဲ ဖြစ်ပါ တယ်။ ပုထုဇဉ်ဖြစ်ကြတဲ့ လူသားတွေအနေနဲ့ ကိစ္စရပ်တစ်ခု၊
အကြောင်းခြင်းရာတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးနဲ့စပ်လျဉ်းပြီး
ဆုံးဖြတ်ဆောင်ရွက်ရမယ့် အချိန်မှာ အဂတိတရားလေးပါး (Corrupted Bias) လို့
ခေါ်တဲ့ ညစ်နွမ်းမှုရှိနေတဲ့ အစွဲတွေကို ရှောင်ရှားနိုင်မှသာ
လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောဆို၊ လုပ်ကိုင်ရ တဲ့အခါ
မှန်ကန်စွာပြုမူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်-
(၁)
ဆန္ဒာဂတိ (ချစ်ခင်လို့ မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊ မပြုသင့်တာကို
ပြုတာမျိုး)။ ဆွေမျိုး တော်စပ်လို့ ဖြစ်ဖြစ်၊ ရင်းနှီးခင်မင်လို့ဖြစ်ဖြစ်၊
ချစ်ခင်အောင် လိုက်လျောခံရလို့ဖြစ်ဖြစ်၊ တံစိုး လက်ဆောင် လာဘ်လာဘယူ
ပြီးဖြစ်ဖြစ် မိမိရဲ့ တာဝန်ဝတ္တရား၊ ကိုယ်ကျင့်တရားတို့ကနေ
တိမ်းစောင်းချွတ်ချော်ပြီး မပြုသင့်၊ မပြုအပ်တာကို ပြုတာမျိုးဖြစ်ပါတယ်။
(၂)
ဒေါသ ဂတိ (စိတ်ဆိုးလို့ မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊ မပြုသင့်တာကို
ပြုတာမျိုး)။ မုန်းတီး တာရယ်၊ ရန်ငြိုးထားတာရယ်၊ အာဃာတထားတာရယ်
စတဲ့အရာတွေအပေါ် အခြေခံပြီး မိမိပြုလုပ်ရမယ့်အရာကို သမာ သမတ်မရှိဘဲ
လျော်ညီစွာ ကျင့်ရမယ့်တရားထုံးတမ်းကနေ တိမ်းစောင်းချွတ်ချော်သွားတာမျိုး
ဖြစ်ပါတယ်။
(၃) မောဟဂတိ
(ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေတာကြောင့် မလိုက်သင့်တဲ့ဘက်ကို လိုက်တာ၊
မပြုသင့် တာကို ပြုတာမျိုး) ။ အမှန် နှင့်အမှား၊ အကောင်းနှင့် အဆိုး၊
အကျိုးနှင့် အပြစ်၊ သမ္မာနှင့် မိစ္ဆာ၊ ဓမ္မနှင့် အဓမ္မတို့ ကို
ခွဲခြမ်းဝေဖန် စိစစ်ဉာဏ်ကင်းမဲ့တာကြောင့် တာဝန်ဝတ္တရားနဲ့အညီ ဖြောင့်မတ်စွာ
မဆောင်ရွက်တာမျိုးဖြစ် ပါတယ်။
(၄)
ဘယာဂတိ (ကြောက်ရွံ့လို့ မလိုက်သင့်တဲ့ဘက် ကိုလိုက်တာ၊ မပြုသင့်တာကိုပြုတာ)
။ အကြောက်တရားရဲ့ ဖိစီးနှိပ်စက်မှုကြောင့် လူ့အားမာန်၊
လူ့သတ္တိကင်းမဲ့စွာနဲ့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ်
ခြိမ်းခြောက် အကျပ်ကိုင်နေတဲ့ အဓမ္မဝါဒီအင်အားစုတို့ရဲ့ အလိုကျ
အမှန်တရားကနေ ကင်းကွာဆန့်ကျင်ပြီး ဆောင်ရွက်တာ မျိုးဖြစ်ပါတယ်။
အဂတိတရားလိုက်စားရင်ဖြစ်နိုင်တဲ့အကျိုးအပြစ်
အဂတိတရားလိုက်စားတာနဲ့
ပတ်သက်တဲ့ အကျိုးအပြစ်ကတော့ “အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူ ဟာ
လဆုတ်အခါ လမင်းရဲ့ အရောင်အဝါဟာ တစ်နေ့တခြားလျော့ပါးဆုတ်ယုတ် တာမျိုးလို
စည်းစိမ်ဥစ္စာနဲ့ တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့ဟာ
လျော့ပါးဆုတ်ယုတ်တတ်ပါတယ်။
အဂတိတရားလေးပါးကို
မလိုက်စားမပြု ကျင့်သူဟာ လဆန်းအချိန်အခါမှာ လမင်းရဲ့အရောင် အဝါဟာ တစ်နေ့
တခြားထွန်းလင်း တောက်ပသလိုမျိုး ကျက်သရေ၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတို့ဟာ
တစ်နေ့တခြား ကျော်ကြား တိုးတက်ပေါ်လွင် ထင်ရှားမှာဖြစ်တယ်” လို့
ဗုဒ္ဓဘာသာရေးအဆုံးအမတွေမှာ ဖော်ပြထားပါတယ်။
မိတ်ဆွေများ
ဆုံးဖြတ်ချက်များ ဘက်လိုက်မှုကင်းကင်း ကောင်းစွာချနိုင်ပါစေ။
အဂတိတရားများကင်း နိုင်ကြ ပါစေ။ လဆန်းချိန်ခါ
လမင်းအရောင်အဝါထွန်းလင်းတောက်ပသလို ထွန်းလင်းတောက်ပကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment