
ဒီနေ့အတန်းတွင်းမှာ လိုက်နာရန်လေ့ကျင့်ပေးသင့်သောအလေ့အကျင့်ကောင်းများကို Food for Thought 711 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အတန်းတွင်းမှာလိုက်နာသင့်တဲ့အလေ့အကျင့်ကောင်းများ
ကျောင်းနှင့် စာသင်ခန်းတွေဆိုတာကလေးတွေတစ်နေ့တာမှာအချိန်အများဆုံးသုံးတဲ့နေရာ တွေဖြစ်ပါတယ်။ ကလေးများပညာသင်ယူရေးမှာအောင်မြင်ဖို့အတွက် အတန်းတွင်းမှာ လိုက်နာရမဲ့အလေ့အကျင့်ကောင်းများကို လိုက်နာဖို့မှာအရေးကြီးပါတယ်။ အတန်းတွင်းမှာ လိုက်နာသင့်တဲ့အလေ့အကျင့်ကောင်းတစ်ချို့ကိုအောက်ဘက်မှာဖော်ပြထားပါတယ်။
၂၁။ မျှဝေခြင်းဖြင့်စောင့်ရှောက်တဲ့အလေ့အကျင့်
သိပ်ငယ်သေးတဲ့ကလေးတွေကတော့ မိမိတို့အတွက်ကိုသာအလေးထားကြပါတယ်။ သူတို့ကို တဖြည်းဖြည်း သူတို့ပိုင်တဲ့ပစ္စည်းလေးတွေကို အခြားလူများနှင့်မျှဝေသုံးတတ် လာအောင် လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ လိုအပ်နေသူကို ကူညီတတ်အောင်လေ့ ကျင့် ပေးရန် လိုအပ်ပါတယ်။
၂၂။ စာသင်ခန်းမှာရှိတဲ့ပစ္စည်းတွေ ရိုရိုသေသေ သုံးတဲ့အလေ့အကျင့်
စာသင်ခန်းဆိုတာ ပညာရေးနှင့် ဘဝအတွက်အရေးကြီးတဲ့ကျွမ်းကျင်မှုများကို သင်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းနှင့်စာသင်ခန်းတွင်းမှာရှိတဲ့ပစ္စည်းတွေကို ရိုရိုသေ သေသုံးတဲ့အ လေ့အကျင့် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ မိမိပိုင်ပစ္စည်းကိုမပျက်စီးအောင် သုံးသလို ကျောင်းနှင့်စာသင်ခန်းထဲရှိပစ္စည်းတိုင်းကိုရိုရိုသေသေသုံးတတ်အောင်လေ့ ကျင့် ပေးရန် လိုအပ်ပါတယ်။
၂၃။ အခြားလူများကို အနိုင်ကျင့်တာမျိုးမလုပ်တဲ့အလေ့အကျင့်
အနိုင်ကျင့်မှုဟာ မျက်မှောက်လူမှုအဖွဲ့အစည်းတွင်ကြီးမားတဲ့ပြဿနာဖြစ်နေကြောင်း က လေးများသိနားလည်အောင်ပြောပြပါ။ အခြားလူတွေကို လေးစားပြီးအသိအမှတ်ပြု တတ် အောင်သင်ပေးရန် လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စတာနောက်တာတွေမပြု လုပ် ပါစေနဲ့။
၂၄။ အချိန်မှန်လုပ်တတ်ဖို့နှင့် လေးစားလိုက်နာတတ်တဲ့အလေ့အကျင့်
ကလေးများသူတို့လုပ်ဆောင်ရတဲ့လုပ်ငန်းများမှာအချိန်မှီလုပ်တတ်အောင်လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ မိဘဆရာလူကြီးများကို လေးစားပြီးသူတို့ပြောဆိုလမ်းညွှန်မှုများကို လိုက် နာတတ်အောင်လေ့ကျင့်ပေးသင့်ပါတယ်။
၂၅။ အတန်းတွင်းကျောင်းတွင်းမှာအမှိုက်မပစ်တဲ့အလေ့အကျင့်
အတန်းတွင်းမှာအမှိုက်ပစ်တဲ့အမိုက်ပုန်းများထားပေးထားပါတယ်။ ကလေးများအား အမှိုက်တွေကိုအမှိုက်ပုန်းမှာသာပစ်တဲအလေ့အကျင့်လေ့ကျင့်ပေးပါ။ အတန်းတွင်းမှာ အစားအသောက်စားသောက်တာကိုလည် တင်းကျပ်စွာပိတ်ပင်တားမြစ်ပါ။
၂၆။ သင်ကြားရေးလုပ်ငန်းတွေကိုအချိန်မှီပြီးအောင်လုပ်တဲ့အလေ့အကျင့်
ကလေးများကိုအိမ်စာနှင့် အခြား လုပ်ငန်းတွေကိုသတ်မှတ်ထားတဲ့အချိန်မှာပြီးအောင် လုပ်တဲအလေ့အကျင့်ကို လေ့ကျင့်ပေးပါ။ သတ်မှတ်ထားတဲ့အချိန်ကိုက်ပြီးစီးရေးမှာ အရေးကြီးတဲ့တန်ဖိုးဖြစ်ကြောင်းကလေးတွေသိပါစေ။
၂၇။ ကောင်းစွာနားထောင်တတ်တဲ့အလေ့အကျင့်
အတန်းထဲမှာသင်နေတာတွေကိုကောင်းစွာနားလည်အောင် ဂရုတစိုက်နားထောင်တဲ့အလေ့ အကျင့်ရှိရန် လိုအပ်ပါတယ်။ အတန်းထဲမှာ လူကိုယ်တိုင်ရှိနေတာနှင့်မလုံလောက်ပါ။ အာရုံ မပြားဘဲ သင်နေတာတွေကို စိတ်အာရုံစူးစိုက်ပြီးဂရုတစိုက်နားထောင်တဲ့အလေ့အကျင့်ရှိ လာအောင်လေ့ကျင့် ပေး ဖို့ လိုအပ်ပါတယ်။
၂၈။ အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်တတ်တဲ့အလေ့အကျင့်
တစ်ယောက်ချင်း အလုပ်လုပ်တာနှင်အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ခြင်းတို့မှာများစွာ ကွာ ခြားပါတယ်။ကလေးတွေဟာတစ်ယောက်ခြင်းကောင်းစွာလုပ်ဆောင်နိုင်ကြပေမဲ့အဖွဲ့ လိုက် ပူးပေါင်းလုပ်ဆောင်ရာမှာသူတို့အစွမ်းအစတွေထွက်လာအောင်မပြနိုင်တတ်ကြပါဘူး။ ဒါ ကြောင့် ကလေးများအနေဖြင့်အဖွဲ့လိုက်ပူးပေါင်းသင်ယူးလုပ်ဆောင်တတ်အောင်လေ့ကျင့် ပေးရန် လိုအပ်ပါတယ်။
၂၉။ ရုပ်ပိုင်းဆိုင်ရာရင်းမြစ်များကိုသုံးတတ်တဲ့အလေ့အကျင့်
မျက်မှောက်ခေတ်တွင်အစစအရာရာမှာ မှန်သားပြင်ပေါ်နှင့် အွန် လိုင်းတွေမှာရောက်နေ ကြပါတယ်။ မှန်သားပြင်ကြည့်တာနဲ့အွန်လိုင်းမှာကြည့်နေတာတွေကိုပုံမှန်ကြည့်နေတာမျိုး မဖြစ်အောင် တားမြစ်ရပါမယ်။ ကလေးတွေအားစာရွက်ပေါ်မှာရေးတဲ့အကျင့်၊ စာအုပ်တွေ၊ မဂ္ဂဇင်းတွေကိုသုံးတဲ့အလေ့အကျင့်ရအောင်ပြုလုပ်ပေးဖို့လိုပါတယ်။မှန်သားပြင်ကိုကြည့်တဲ့အလေ့အကျင့်နှင့် အွန်လိုင်းသုံးတဲ့အကျင့်ကို သတင်းအချက်အလက်များထပ်ဆောင်း လိုချင်တဲ့အခါမှာသာသုံးတတ်အောင်လေ့ကျင့်ပေးသင့်ပါတယ်။
၃၀။ နေ့စဥ်လေ့လာဆည်းပူးတဲ့အလေ့အကျင့်
နေ့စဥ်ပညာကိုလေ့လာဆည်းပူးတဲ့အလေ့အကျင့်ကိုလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ နေ့ စဥ်တစ်နေ့ကို (၂) နာရီလောက်လေ့လာဆည်းပူးပြီးပြန်လှန်လေ့ကျင့်ရန် လိုအပ်ပါတယ်။ လေ့လာဆည်းပူးရာမှာ (၁)လေ့လာဆည်းပူး၊ (၂)စဥ်းစား၊ (၃)လုပ်ဆောင်၊ နှင့် (၄)ပြန်လည် သုံးသပ်တဲ့အလေ့အကျင့်ရှိလာအောင်လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ အတိုကောက်အား ဖြင့် STAR (S= Study, T= Think, A= Act, R=Reflect) လို့အလွယ်မှတ်ထားနိုင်ပါတယ်။ အဲဒီလိုလေ့လာ ဆည်းပူးရင်ကလေးတွေအနေနဲ့သင်တာတွေကိုကောင်းစွာနားလည်လာ မှာဖြစ်ပါတယ်။
နိဂုံး
ကလေးများအနေဖြင့် လက်တွေလုပ်ဆောင်ရတဲ့သင်္ချာကဲ့သို့သော ဘာသာရပ်များကိုလေ့ လာ ရာတွင် အောက်ပါအလေ့အကျင့်များလည်းလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။
၁။ နေ့စဥ်လေ့ကျင့်စေခြင်း
နေ့စဥ် (၁)နာရီလောက် လေ့လာဆည်းပူးစေသင့်ပါတယ်။ အဲဒီလိုလေ့ကျင့်ပေးရင် သင်ထား တာတွေနှင့် တက်ကြွစွာထိတွေ့နေစေပါတယ်။ လက်တွေ့လုပ်ဆောင်ရတဲ့ဘာသာရပ်တွေ ကို လေ့လာတဲ့အခါမှာ နေ့စဥ်မှန်မှန်လေ့ကျင့်ပေးမှုကအခရာကျပါတယ်။ အဲဒီလိုလေ့လာ ရင် သင်ထားတာတွေကိုရေရှည်ကောင်းစွာမှတ်မိထိန်းထားနိုင်စေပါတယ်။
၂။ ပြန်လှန်နွှေးခြင်းနှင့်လေ့ကျင့်ခြင်း
အချိန်အနည်းငယ်ကြာတဲ့အချိန်မှာသင်ယူထားတာတွေကိုပြန်လှန်နွှေးရန်နှင့်လေ့ကျင့်ရန် လိုအပ်ပါတယ်။ အဲဒီလိုပြန်လှန်လေ့ကျင့်ရင် အမှားတွေဘာကြောင့် မှားခဲ့ကြောင်းသိ လာပြီးနောင်မှာ ထိုကဲ့သို့သောအမှားမျိုးမပြုလုပ်အောင် တားမြစ်စေပါတယ်။ လေ့လာ သင်ယူထားတာတွေကိုတစ်ပတ်မှာတစ်ကြိမ်ပြန်လှန်လေ့လာဖို့လိုအပ်ပါတယ်။
၃။ အဓိကကျတဲ့သဘောတရားအယူအဆများကို ပိုင်နိုင်အောင်လေ့ကျင့်ခြင်း
ပြန်လှန်လေ့ကျင့်တဲ့အခါမှာ မူလသင်စဥ်ကကဲ့သို့ အဆင့်တိုင်း သင်ယူနေရန်မလိုအပ်ပါ။ ပြဿာနာတိုင်းမှာထူးခြားသီးသန့်လက္ခဏာဆိုတာရှိပါတယ်။ အဲဒီထူခြားချက်ကိုထုတ်ပြီး မှတ်သားထားရန် လိုအပ်ပါတယ်။
၄။သံသယဖြစ်နေတာတွေကိုရှင်းလင်းအောင်ပြုလုပ်တဲ့အလေ့အကျင့်
မိမိမှာရှိနေတဲ့သံသယဖြစ်မှုတွေကို ရှင်းလင်းသွားအောင် ပြုလုပ်ဖို့ နှောင့်နှေးမနေပါနဲ့။ ကျောင်းသားတွေကဒီအချက်ကိုမေ့နေတတ်ကြပါတယ်။ ဒါကြောင့် သင်ယူသူတိုင်းမိမိ စိတ်မှာမရှင်းမလင်းဖြစ်နေတာကို ရှင်းလင်းသွားအောင် ပြုလုပ်ရန်နှောင့်နှေးမနေသင့်ပါ။ သံသယဖြစ်လာတဲ့အချိန်မှာ တတ်သိနားလည်သူအားမေးပြီးရှင်းလင်းထုတ်ပါ။
၅။ အနှောက်အယှက်ကင်းတဲ့ပတ်ဝန်းကျင်မှာ လေ့လာပါ။
သင်ယူလေ့လာတယ်ဆိုတာ အာရုံစူးစိုက်မှုလိုအပ်ပါတယ်။ ဒါကြောင့်နေ့စဥ် သင်ယူလေ့ လာတဲ့နေရာကိုရွေးတဲ့အခါမှာ အနှောက်အယှက်ကင်းတဲ့ပတ်ဝန်းကျင်ကိုရွေးသင့်ပါတယ်။
၆။ ပြန်လည်လေ့လာတဲ့အခါ စာရွက်၊ ကလစ်၊ ရောင်စုံတောင့်စတာတွေအသေအချာရှိနေ အောင်စီစဥ်ပါ။
စာမေးပွဲမတိုင်မှီ ပုံသေနည်းတွေ၊ သီအိုရမ်တွေနှင့်အထက်ပါ ပစ္စည်းတွေ အပြည့်အစုံရှိနေ အောင်အသေအချာစီစဥ်ပါ။
၇။ လက်တွေ့ကျတဲ့နမူနာများကိုသုံးတဲ့အလေ့အကျင့်
ကလေးတစ်ယောက်ဟာ သူလေ့လာထားတာကို ပတ်ဝန်းကျင်ဖြစ်ရပ်များနှင့် ဆက် စပ်စဥ်းစားနိုင်လာရင်သင်ထားတာကို နားလည်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကလေးများသင်ယူထားတာတွေကို လက်တွေဖြစ်ရပ်များနှင့်ဆက်စပ်စဥ်းစားရန်နှင့် သင်ထားတာတွေကို စိတ်ကူးပုံဖော်တဲ့အလေ့အကျင့်ပုံများရေးရန် လေ့ကျင့်ပေးပါ။
မိတ်ဆွေများကလေးမျာတွင်အတန်းထဲမှာ လိုက်နာသင့်တဲ့အလေ့အကျင့်ကောင်းများကို လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment