Monday, February 24, 2025

ဝိပဿနာ အကျိုး (၇)မျိုး Food for Thought 712 ဒေါက်တာသိန်းလွင်

 No photo description available.
ဒီနေ့ဝိပဿနာအကျိုး (၇)မျိုအကြောင်းကို Food for Thought 712 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ဝိပဿနာ အကျိုး (၇)မျိုး

ဝိပဿနာရှုမှတ်ခြင်းအားဖြင့် ဘာများရရှိပါသလဲလို့မြတ်ဗုဒ္ဓကိုမေးလျောက်တဲ့အခါ မြတ်ဗုဒ္ဓက “ ဘာမှမရ ပါဘူး။ ဒါပေမဲ့ဘာတွေလွန်မြောက်သွားသလဲဆိုတာတော့ ပြောပြချင်ပါတယ်။ ‌ဒေါသတွေ၊ စိတ်ပူပင်သော ကရောက်မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်မလုံမခြုံဖြစ်နေမှုတွေ၊ အသက်ကြီးအိုမင်းလာ ခြင်းနဲ့ သေခြင်း ကိုကြောက်တဲ့စိတ်တွေတော့ပျောက်ကွယ်ဆုံးရှုံးသွားပါတယ်” လိုမိန့်ခဲ့ပါတယ်။ (Buddha was asked: “What have you gained from meditation?” He replied: “Nothing.” “However”, Buddha said, “let me tell you what I lost: Anger, Anxiety, Depression, Insecurity, Fear of Old Age and Death.)

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (သုတ်၊ မဟာဝါ)
ဒီပါဠိတော်က သတိပဋ္ဌာန်အကျိုး(တနည်း) ဝိပဿနာအကျိုး ခုနစ်မျိုးကို ပြဆိုထားတဲ့ ပါဠိတော်များ ဖြစ်ပါ တယ်။ အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့
(၁) ။ သတ္တာနံဝိသုဒ္ဓိယာ = ကိလေသာစင်စေခြင်း။
(၂) ။ သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့ သောကတွေမှ လွန်မြောက်စေခြင်း။
(၃) ။ ပရိဒေဝါနံသမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။
(၄) ။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၅) ။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ = စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၆) ။ဉာယဿ အဓိဂမာယ = မဂ်ဉာဏ်ဖိုလ်ဉာဏ်များကိုရရှိစေခြင်း။
(၇) ။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
ဆိုတဲ့ အကျိုးတရား(၇)မျိုးဖြစ် ပါတယ်။

(၁)။ သတ္တာနံ ဝိသုဒ္ဓိယာ = သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရား အားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။

တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေ သာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာကိုသာအမှန်အ တိုင်း သိအောင်ရှုမှတ်နေတာဖြစ်ပါတယ်။ မျက်မှောက်အချိန်မှာဖြစ်နေတာကိုသာ ဖြစ်နေတဲ့အတိုင်းအပိုအလို မရှိဘဲကြည့်ရှုနေတာဖြစ်ပါတယ်။ လွန်သွား ပြီးတဲ့အတိတ်ကိုလည်းစိတ်ကမပြန်သွားပါဘူး။ မရောက်သေးတဲ့ အနာဂါတ်ကိုလည်း မကြံပါဘူး။ လက်ရှိ မိမိကိုယ်ခန္ဓာမှာြဖစ်ပျက်နေတာကိုသာရှုမှတ်နေတဲ့အခါ ဖြစ်ပျက်နေ မှုတွေက မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့ လိုချင်မှု လောဘ ကိလေသာတွေ၊ မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေ ကင်းစင် နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက တရားရှုမှတ်ခိုက်မှာ ခဏတာကိလေသာ တွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ အပြီးအပိုင် ရသွားပြီ ဆိုရင် တော့ ဆိုင်ရာ ကိလေသာများလည်း အပြီးအပိုင်ကင်းစင်းသွားမှာပါ။ ဒါကြောင့် ဝိပဿနာ (တနည်း) သတိပဋ္ဌာန် တရားရှု မှတ်ခြင်းဖြင့် ကိလေသာများစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်း ဖြစ် ပါတယ်။

(၂) ။ သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့သောကတရားတို့မှလွန်မြောက်ခြင်း

အားလုံးသောပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့ အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့ သောကတရားတွေ အနည်းနဲ့အများဆိုသလို ရှိနေတတ်ကြပါတယ်။ အဲဒီသောက တရား တွေဖြစ်လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာအလုပ်တရားကို ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်မြတ်စွာ ဘုရားကသတိပဌာန်တရာပွားများအားထုတ်ခြင်းဖြင့် စိတ်ပူပင်သော ကရောက်မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်မလုံမခြုံဖြစ်နေမှုတွေမှလွန်မြောက်စေကြောင်း မိန့်မှာခဲ့ခြင်းပင်ဖြစ်ပါတယ်။

(၃) ။ ပရိဒေဝါနံ သမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။

သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊ ဉာတိဗျသနဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊ဘောဂဗျသနဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ငိုကြွေး မြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။ အဲဒီတရားတွေ ဖြစ်လာတဲ့ အခါ ထိုတရားတွေမှ လွန်မြောက်စေနိုင်တာ ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူ များဟာ ထိုတရားများကြုံတွေ့လာခဲ့ရင်လည်း ထိုတရားတို့အပေါ်မှာ မှန်ကန်စွာနှလုံးသွင်း တတ်တာကြောင့် ထို တရားတွေမှ လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

(၄) ။ ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ = ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။

ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊ အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူများ တရား အားထုတ်လိုက်တာ ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသလို့မ ပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များ နောက်ဆုံးအဆင့်အနေနဲ့ တရားအားထုတ်လိုက်လို့ ရောဂါများသက် သာ ပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူးပါလိမ့် မယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရား သတိပဋ္ဌာန် တရားဟာ ထိုထိုသော ကိုယ်ဆင်းရဲ မှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။ (ဆရာကြီးဦးဂိုအင်ဂါမှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါဝေဒနာကိုကြာရှည်စွာခံစားခဲ့ရပါတယ်။အမျိုးမျိုးကုသပေမဲ့ရောဂါကိုဆက်လက်ခံစားနေရပါတယ်။ ဆရာ ကြီးဦးဘခင်ထံမှာတရားအားထုတ်တဲ့အခါ ထိုခံစားနေရတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ လုံးဝပျောက် ကင်း သွားခဲ့ပါတယ်။)

(၅) ။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒီအချက်က စိတ်ဆင်းရဲမှုမှ

လွန်မြောက်ခြင်း။ ဆိုပြီး စိတ်ဆင်းရဲမှု စေတ သိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု စိတ်ဆင်း ရဲမှုများ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော စိတ်ဆင်းရဲမှုများမှလည်း ဝိပဿနာ တရားကလွန် မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာဆိုရင် သတိဖြင့်စိတ်ကိုစောင့်ထိန်းတဲ့ တရားရှုမှတ်တဲ့နည်းတွေဖြင့် (Mindfulness-Based Stress Reduction) စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်း နေမှုစ တာတွေကို သက်သာအောင် ကုသပေးတဲ့လုပ်ငန်းတွေများစွာရှိလာပါတယ်။

(၆) ။ ဉာယဿ အဓိဂမာယ= မဂ်ဉာဏ် ဖိုလ်ဉာဏ်များကိုရနိုင်ခြင်း။

ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာ အလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင် အားထုတ်ကြ တာပါ။ ထိုမဂ်ချမ်းသာ ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါတယ်။ ဝိပ ဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

(၇) ။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ= နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။

ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာ ပဲ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။ ထိုနိဗ္ဗာန်ချမ်းသာကိုရစေနိုင် ရောက်စေနိုင် တာကတော့ ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။ ကျန်သော ဒါန သီလ သမထကုသိုလ်များ က အထောက်အပံ့ ပေးနိုင်ရုံသာ ပေးနိုင်တာပါ။ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါဘူး။ နိဗ္ဗာန်သွားရာ လမ်းကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။ တိုက်ရိုက်မပို့ဆောင်နိုင်ပေမယ့် ရောက်အောင် ရအောင် အထောက်အပံ့ လောက်တော့ပေးနိုင်ပါတယ်။ နိဗ္ဗာန်ကို မျက် မှောက်ပြုစေနိုင်တဲ့ ကုသိုလ်ဟာ ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။ ဒါကြောင့်အားလုံးသော ပုဂ္ဂိုလ်များလည်း ဝိပဿနာအလုပ်ကို အားထုတ်ရင်း ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါစေ။

စာဖတ်သူဓမ္မမိတ်ဆွေများအားလုံး ဝိပဿနာတရားကိုပွားများအားထုတ်နိုင်ပြီသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...