Monday, February 24, 2025

အချိန်ကိုထိရောက်စွာစီမံခန့်ခွဲခြင်းရဲ့အကျိုးကျေးဇူးများ Food for Thought 715 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့ "အချိန်ကိုထိရောက်စွာစီမံခန့်ခွဲခြင်းရဲ့အကျိုးကျေးဇူးများ" အကြောင်းကို Food for Thought 715 အဖြစ်မျှဝေချင်ပါတယ်။ လူဖြစ်ခိုက်အချိန်လေးမှာ အချိန်ကိုအကောင်းဆုံးအကျိုးအရှိဆုံးအသုံးချနိုင်စေရန် မျှဝေခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


"အချိန်ကိုထိရောက်စွာစီမံခန့်ခွဲခြင်းရဲ့အကျိုးကျေးဇူးများ"

လူတိုင်းတစ်နေ့မှာ အချိန် (၂၄)နာရီရတာအတူတူသာဖြစ်ကြပါတယ်။ ဒါပေမဲ့တစ်ချို့ လူတွေက ဘဝတစ် သက်တာမှာ အလုပ်တွေများစွာ လုပ်နိုင်ပြီး လူတွေအကျိုးကိုများစွာပြုနိုင်ကြပါတယ်။ တစ်ချို့ လူတွေက တော့ ဘဝတစ်သက်တာမှာ အလုပ်ကိုနည်းနည်းသာလုပ်နိုင်ပြီး အများအကျိုးပြုတဲ့အလုပ်တွေများများမ လုပ်ဆောင်နိုင်ကြပါဘူး။ အလုပ်တွေကိုများများလုပ်နိုင်ပြီးအများအကျိုးပြုတဲ့အလုပ်တွေကိုများများပြုလုပ်နိုင်သူတွေကတော့အချိန် ကို စနစ်တကျအကျိုးရှိစွာအသုံးချသူများဖြစ်ကြပါတယ်။ ဒီနေရာမှာ စာရေး ဆရာကြီး Orison Swett Marden ရေးခဲ့တဲ့ Pushing to the Front ဆိုတဲ့စာအုပ်လေးထဲမှာ သူ့ကို စာတွေအများကြီးဘယ် လိုရေးနိုင်တာလဲ လို့မေးတဲ့အခါ သူ့အဖြေလေးကသိပ်သဘောကျစရာကောင်းလှပါတယ်။ သူက “ကျွန် တော်က တစ်ခါရေးရင်နည်းနည်းပဲ ရေးပါတယ်။ ဒါပေမဲ့နေ့တိုင်းရေးပါတယ်။ “လို့ဖြေလိုက်ပါတယ်။ တစ် ခါရေးရင်နည်းနည်းပဲရေးတယ်ဆိုတော့ များများဖြစ်လာအောင် ဘယ်လိုရေးသလဲဆိုတာ စဥ်းစားစရာ ဖြစ် ပါတယ်။ နောက်ဆက်‌ဖြေလိုက် တော့မှ နေ့တိုင်းရေးပါတယ်ဆိုတဲ့အချက်က အချိန်ကိုအကောင်းဆုံး သုံး ပါတယ်ဆိုတာကိုပြလိုက်တာဖြစ်ပါတယ်။ အဲဒီစာအုပ်လေးကို ဆရာကြီးမင်းယုဝေက ကျွန်တော်ကို ပေး ဖတ်တာဖြစ်ပါတယ်။ သူတို့ကျောင်းတက်စဥ်က ဖတ်ခဲ့ရတဲ့စာအုပ်၊ သိပ်တန်ဖိုးရှိတယ်လို့ပြောပြီး ကျွန် တော့ကိုပေးဖတ်ခဲ့တာပါ။ အဲဒီအမေးအဖြေကိုသဘောကျလွန်းလို့ ကျွန်တော့်စာရေးတဲ့လုပ်ငန်းမှာ လက် တွေ့ကျင့် သုံးတာ ကျွန်တော်လည်းစာအုပ်တွေတော်တော်များများရေးသားနိုင်ခဲ့ပါတယ်။ တကယ်လက်တွေ့ လုပ်ရင်ဖြစ်ပါတယ်ဆိုတာကို ပြောချင်တဲ့အတွက် ဖော်ပြခြင်းသာဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့စာအုပ်လေးကို လည်း “ရှေ့သို့တက်လှမ်း ဘဝအောင်ပန်း” လို ဘာသာပြန်ဆိုခဲ့ပါတယ်။ အဲဒီစာ အုပ်ကိုတော့ ပျဥ်းမနား ကိုနီသင်း ကျေးဇူးဖြင့် စာအုပ်အဖြစ်ထုတ်ဝေနိုင်ခဲ့ပါတယ်။

အချိန်ကို စီမံခန့်ခွဲခြင်းဟာ သင့်မှာရှိတဲ့ အချိန်ပေါ်အခြေခံကာ သင်လုပ်‌ဆောင်ရမယ့် အလုပ်တွေကို ကျွမ်းကျင်စွာ စီစဥ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုကျွမ်းကျင်စွာ စီစဥ်တတ်ခြင်းက သင်နေ့စဥ်လုပ်ဆောင်ရမယ့် အလုပ်တွေကို အချိန်မီ ပြီးမြောက်ဖို့အတွက် ဘယ်အလုပ်ကို ဦးစားပေးပြီးလုပ်ဆောင်ရမလဲဆိုတာကို စဥ်းစားတဲ့အခါမှာ အထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းကနေ ရလာမယ့်အကျိုးကျေးဇူးများကိုမျှဝေပေးလိုက်ပါတယ်။

၁။စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ခြင်း။

ကိုယ့်ရဲ့အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းက စိတ်ဖိစီးမှုပမာဏများကို လျှော့ချပေးနိုင်ပါတယ်။ သင့် တစ်နေ့တာမှာ လုပ်ဆောင်ရမယ့်အလုပ်တွေကို အချိန်ဇယားဆွဲထားနိုင်တာကြောင့် ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ကြုံတွေ့လာရမယ့် ပြဿနာတွေကနေ ရရှိလာမယ့် စိတ်ဖိစီးမှုများကို လျှော့ချပေး နိုင်ပါတယ်။ ဥပမာ- သင်ဟာ ရုံးဝန်ထမ်းတစ်ယောက်ဆိုရင် မနက်ကို ဘယ်နှစ်နာရီမှာထမယ်၊ ဘယ်အချိန်မှာ မနက်စာ စားမယ်၊ ဘယ်အချိန်မှာ ရုံးကိုသွားမယ်ဆိုတာကို သေချာစီစဥ်ထားဖို့လိုပါတယ်။ ဒီလိုစီစဥ် မထားပါက သင့်အနေနဲ့ အိပ်ရာထနောက်ကျတဲ့နေ့မျိုးမှာ ရုံးကိုအချိန်မီရောက်ဖို့အတွက် အလျင်စလို လုပ်ရတာမျိုးတွေရှိလာပြီးစိတ်ဖိစီးမှုတွေရစေနိုင်ပါတယ်။

၂။လုပ်နိုင်စွမ်းအားများတိုးတက်လာခြင်း။

သင့်ရဲ့အချိန်ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲတတ်လာပြီဆိုရင် သင်လုပ်ဆောင်ရမယ့် အလုပ်များ၊ ပရော ဂျက်များကို လျင်မြန်စွာ ပြီးမြောက်လာပြီး သင့်ရဲ့လုပ်ဆောင်မှုတွေ တိုးတက်လာနိုင်ပါတယ်။ သင့်ရဲ့ အလုပ်ကို အချိန်တိုအတွင်း ပြီးမြောက်အောင်လုပ်ဆောင်ထားနိုင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အချိန် အတွင်းမပြီးမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ သင့်လုပ်ဖို့ စီစဥ်ထားတဲ့အရာတွေကို ပြက္ခဒိန်မှာ ရေးမှတ်ထားခြင်း၊ ဖုန်းရဲ့ Note ထဲမှာ ရေးမှတ် ထားခြင်းဟာ သင့်လုပ်ရမယ့်အရာတွေကို မမေ့လျော့စေဘဲ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပြီးမြောက်နိုင်မှာဖြစ်ပါတယ်။

၃။ကောင်းမွန်တဲ့ဂုဏ်သတင်းရရှိခြင်း။

သင်ဟာ အလုပ်ကိုသတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါက သင်ရဲ့လုပ်ဖော် ကိုင် ဖက်များကြားမှာ သင်ဟာ နာမည်ကောင်းရနိုင်ပါတယ်။ အလုပ်ရှင်မှလည်း သင့်ကိုအားကိုးပြီး အလေးပေးမှုတွေ ရနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိခြင်းဟာ အသက်မွေး ဝမ်းကြောင်းဆိုင်ရာ တိုးတက်မှု၊ ဝင်ငွေအလားအလာ တိုးမြှင့်မှုနဲ့ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုများကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

၄။အားလပ်ချိန်အတွက်ခွန်အားများပိုမိုရရှိခြင်း။

ထိ‌ရောက်တဲ့အချိန်စီမံခန့်ခွဲမှုဗျူဟာများဟာ အလုပ်တစ်ခုကို ဘယ်အချိန်မှာ ပြီးမြောက်မယ်ဆိုတာ သိစေနိုင်တာ ကြောင့်မို့ သင့်တစ်နေ့တာအတွက် လုပ်ရမယ့်အလုပ်အားလုံးကို ပြီးမြောက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကို လျှော့ချ ပေးနိုင်ပါတယ်။ လုပ်ရမယ့်အလုပ်များ အချိန်မီပြီးတဲ့အခါ သင့်အတွက် အနားယူမယ့်အချိန်များကို စီစဥ်နိုင်မှာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်များ ပိုမိုရရှိခြင်းဟာ သင့်ရဲ့အလုပ်နဲ့ ဘဝရဲ့ဟန်ချက်ညီမှုကိုတိုးတက်စေနိုင်ပါတယ်။

၅။အာရုံစူးစိုက်မှုကိုမြှင့်တက်စေခြင်း။

အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲခြင်းဟာ အလုပ်လုပ်နေစဥ်မှာ သင့်ရဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေနိုင် ပါတယ်။ သင့်ဟာ အလုပ်တစ်ခုလုပ်တဲ့အချိန်မှာ ဘယ်အချိန်မှာ ပြီးမြောက်အောင်လုပ်မယ်ဆိုတာ အချိန် သတ်မှတ်ထားပါ။ ဒီလိုသတ်မှတ်ထားခြင်းက သင်ဟာ အဲဒီအလုပ်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးမြောက်ဖို့ရာအတွက်စိတ်မလေဘဲအာရုံစူးစိုက်ပြီးလုပ်ပါလိမ့်မယ်။

၆။ဆုံးဖြတ်ချက်ချရာမှာမြန်ဆန်ခြင်း။

သင့်ရဲ့အချိန်ကို စီမံခန့်ခွဲခြင်းနဲ့ သင်လုပ်ရမယ့်အရာကို အချိန်ဇယားဆွဲထားခြင်း‌ကြောင့် သင့်ဘဝရဲ့ တခြားကဏ္ဍများမှာ ဆုံးဖြတ်ချက်ချခြင်းစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ အချိန်ကို သေချာစီမံခန့်ခွဲထား ခြင်းကြောင့် သင်လုပ်ရမယ့်အရာတွေကို အချိန်မီ စီစဥ်ထားနိုင်ပါလိမ့်မယ်။ အဲဒီလိုစီမံထားတဲ့အတွက် ကြောင့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း လွယ်ကူမြန်ဆန်စွာ ပြုလုပ်လာနိုင်ပါလိမ့်မယ်။ ကြိုတင် ဆုံးဖြတ်ချက်ချထားတဲ့ အတွက်ကြောင့် ဘယ်အရာကို ဦးစားပေးလုပ်ဖို့လိုလဲ၊ ဘယ်အရာကို နောက်မှ လုပ်လို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး စဥ်းစားတဲ့အခါမှာ သင့်ကို အထောက်အကူပေးပါလိမ့်မယ်။

၇။ကိုယ်ရည်ရွယ်ထားတဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိခြင်း။

အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲခြင်းဟာ သင်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့ရာအတွက် များစွာအထောက်အကူပေးပါတယ်။ ဘယ်အချိန်ကာလ၊ ဘယ်နှစ်နှစ်အတွင်းမှာ ဘယ်အဆင့်ထိရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားမယ်ဆိုရင် သင်လိုရာပန်းတိုင်ကို သင်သတ်မှတ်ထားတဲ့အချိန်အတွင်း ရနိုင်မှာ ဖြစ်ပါတယ်။

၈။ယုံကြည်မှုပိုရှိလာခြင်း။

အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲတဲ့ အလေ့အထကြောင့် သင့်ကိုယ်သင် ယုံကြည်မှုတွေ ပိုရှိလာနိုင်ပါတယ်။ တစ်‌နေ့တာလုပ်ရမယ့် အလုပ်တာဝန်တွေကို အချိန်ဇယားဆွဲပြီး ပြုလုပ်တာကြောင့် အချိန်မီ ပြီးမြောက် နိုင်ပါတယ်။ အချိန်မီပြီးမြောက်တဲ့အခါမှာ သင့်ကိုယ်သင်လည်း စိတ်ကျေနပ်မှု ရရှိနိုင်ပြီး သင့်ရဲ့လုပ်နိုင်စွမ်းကိုယုံကြည်မှုပိုမိုရှိလာနိုင်ပါတယ်။

၉။စည်းစနစ်တကျလုပ်ဆောင်လာနိုင်ခြင်း။

အချိန်ကိုစီမံခန့်ခွဲပြီးလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ အချိန်ဇယား ဒါမှမဟုတ် အစီအစဥ်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းကြောင့် သင်ကိုယ်တိုင် စည်းစနစ်တကျ လုပ်ဆောင်တဲ့အပိုင်းမှာ တိုးတက်လာနိုင်ပါတယ်။ အချိန်သတ်မှတ်ပြီးလုပ်တဲ့အတွက်ကြောင့် အချိန်ဆွဲနေတာမျိုး၊ အလုပ်နဲ့ မသက်ဆိုင်တာကို လုပ်နေ တာမျိုးတွေကိုရှောင်ရှားလာနိုင်ပါလိမ့်မယ်။

၁၀။လုပ်ငန်းခွင်မှာပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း။

အချိန်ကိုစီမံခန့်ခွဲခြင်းက လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန် အောင် တည်ဆောက်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အလုပ်တွေကိုဆောင်ရွက်တဲ့အခါမှာ အချိန်ဇယားဆွဲပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်းပြီးအောင် လုပ်ဆောင်တဲ့အတွက် သင့်ရဲ့ကောင်း မွန်တဲ့အကျင့်ကို လုပ်ဖော် ကိုင်ဖက်များကလည်း အတုယူပြီး လုပ်ဆောင်လာနိုင်ပါတယ်။ လုပ်ငန်း ခွင်မှာရှိတဲ့ ဝန်ထမ်းတိုင်းက အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲပြီး ဝန်ထမ်းအချင်းချင်းကြား ကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုမှုကို ထိန်းသိမ်းထား မယ်ဆိုရင် လုပ်ငန်းခွင်ပဋိပက္ခဖြစ်မှုများလည်း နည်းပါးလာ နိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲအသုံးချမယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတချို့ကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

မိတ်ဆွေများအချိန်ကို အကျိုးရှိစွာ အသုံးချခြင်းက ဘဝမှာတိုး တက်အောင်မြင်မှုတွေရအောင် လုပ် ဆောင်နိုင်တဲ့သူတွေဖြစ်လာပြီးအများအကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိ
န်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...