Monday, February 24, 2025

ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ ပြောဆိုဆက်သွယ်ခြင်း Food for Thought 721 ဒေါက်တာသိန်းလွင်

No photo description available.
ဒီနေ့ “ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ ပြောဆိုဆက်သွယ်ခြင်း” ဟာ ကလေးတွေမှာ မိမိကိုယ်မိမိ အားကို လုပ်ဆောင်နိုင်စွမ်းများတိုးတက်လာရေးအတွက် အရေးကြီးကြောင်းကို Food for Thought 721 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 


ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ ပြောဆိုဆက်သွယ်ခြင်း

ကြင်ကြင်နာနာ ခိုင်ခိုင်မာမာပြောဆိုခြင်းသည် အစွန်းရောက်မှုများမဖြစ်အောင်ရှောင်နိုင်စေပါသည်။

ကလေး၏စိတ်ခံစားမှုကိုအသိအမှတ်ပြုပါ။ နာလည်ကြောင်းပြပါ။ ဖြစ်နိုင်ပါက ကလေးကို ရွေးချယ် စရာပေးပါ။

၁။ ဥပမာသားကသွားမတိုက်ချင်ဘူးဆိုတာဖေဖေသိပါတယ်။ဖေဖေတို့အတူတူသွား တိုက်ကြရ အောင်။

၂။ သားကကစားချင်သေးတယ်ဆိုတာမေမေသိပါတယ်။ ဒါပေမဲ့အခု အိပ်ချိန်ရောက်ပြီ။ သား က မအိပ်ခင်ပုံပြင်နားထောင်ချင်တာတစ်ခုလား၊နှစ်ခုလား။

အပြု သဘောဆောင်သောစည်းကမ်း၏အခြေခံဖောင်ဒေးရှင်းမှာ ကြင်ကြင်နာနာ နှင့် ခိုင်ခိုင်မာမာ ရှိမှုတို့ကိုတစ်ပြိုင်နက်တည်း ယှဉ်တွဲကျင့်သုံးရန် ဖြစ်ပါသည်။ နွေးထွေးချစ်ခင်မှုလိုအပ်သလို လိုက်နာရန် ဘောင်သတ်မှတ်ပေးမှုလည်း လိုအပ်ပါသည်။ တစ်ချို့ မိဘများကကြင်နာကြပါ သည်။ သို့သော် ခိုင်ခိုင်မာမာမရှိကြပါဘူး။ ထိုလိုအပ်ချက်နှစ်ခုတွင် မိဘအများစုသည် တစ်ဘက် ဘက် မှာကပ်နေတတ်ကြပါသည်။ တစ်ချိုု့မိဘများကသိပ်ကြင်နာကြပါသည်။ နောက် ပိုင်းမှာ တော့ ကလေးက သူရချင်တာမှန်သမျှရပိုင်ခွင့်သဘောမျိုးအထိတောင်းဆိုလာတတ်ပါ သည်။ နောက်ဆုံး သူတို့ကိုယ်တိုင်မတတ်နိုင်တော့ပါဘူး။ တစ်ချို့ကတော့အလွန်ခိုင်ခိုင်မာမာ ရှိကြပါ သည်။ နောက် ဆုံးသူတို့ကိုယ်တိုင်ခိုင်မာလွန်းပြီး နောက်ပိုင်းနိုင်လိုမင်းထက်ပြုသူ၊ အာဏာပြ လွန်းသူ အဖြစ် ဆက်လက်မရပ်တည်နိုင်တော့ပါ။

မိဘနှစ်ပါးအနက်တစ်ယောက်ကကြင်နာပြီးတစ်ယောက်က ခိုင်ခိုင်မာမာ ဆက်ဆံနေရင် ဆန့်ကျင်သောအယူအဆရှိသည့် လူနှစ်ယောက် ဘာကြောင့် အိမ်ထောင်ပြုဖြစ်ကြသည်ဆိုသော အချက်မှာ အံ့အားသင့်စရာကောင်းပါသည်။ တစ်ယောက်ကအနည်းငယ်အလျော့ပေးလိုစိတ် ရှိ ပါသည်။ နောက်တစ်ယောက်ကတော့ အနည်းငယ်တင်းကျပ်လိုပါသည်။ အလျော့ပေးလိုတတ် သည့်မိဘအနေဖြင့် ပိုတင်းကျပ်သည့် သူ့ဇနီး/ခင်ပွန်းကြောင့်သူက ပိုအလျော့ပေးသင့်တယ်လို့ ယူ ဆလာပါသည်။ တင်းကျပ်သူကလည်း အလျော့ပေးလွန်းသည့် ခင်ပွန်း/ဇနီးကြောင့် ပိုတင်းကျပ် ရန်လိုတယ်လို့ ယူဆလာတတ်ပါသည်။ ဤသို့ဖြင့်ဇနီးမောင်နှံနှစ်ယောက်တို့သည် အယူအဆချင်း တဖြည်းဖြည်းပိုဝေးကွာလာစေပါသည်။ နောက်ဆုံးသူကမှန်သည် ငါကမှန်သည်ဟု စကားများ ရန်ဖြစ်လာသည့်အနေအထားသို့ရောက်ရှိလာစေပါတော့သည်။ တကယ်တော့ထို ဇနီး မောင်နှံနှစ် ယောက်လုံးမှားနေကြပါသည်။ အမှန်လိုအပ်သည်မှာကြင်ကြင်နာနာ ခိုင်ခိုင်မာမာ ဖြစ်မှုကို တစ်ချိန် တည်းတစ်ပြိုင်နက်တည်းပူးတွဲကျင့်သုံးရန်လိုအပ်ပါသည်။

ကြင်ကြင်နာနာနှင့် ခိုင်ခိုင်မာမာသဘောထားမှုကိုယှဉ်တွဲကျင့်သုံးရန်မှာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် တစ်ဘက်သက်သို့ယုံတတ်သောမိဘများအတွက် ပို ခက်ခဲစေတတ်ပါသည်။

ကြင်ကြင်နာနာ နှင့် ခိုင်ခိုင်မာမာ သဘောတရားနှစ်ခုယှဉ်တွဲသုံးရန်အရေးကြီးပုံ
ကြင်ကြင်နာနာ နှင့် ခိုင်ခိုင်မာမာ သဘောတရားနှစ်ခုယှဉ်တွဲသုံးရန်အတွက်အကောင်းဆုံးနမူနာမှာ “မေမေကတော့သမီးကိုချစ်သော်လည်း သမီးပြောတာကိုတော့ မလိုက်လျောနိုင်ဘူး” ဆိုသော ပြော ဆိုနည်းဖြစ်ပါသည်။အခြားနမူနာတွေကတော့အောက်ပါအတိုင်းဖြစ်ပါသည်။

“သားကကစားတာကိုမရပ်ချင်သေးဘူးဆိုတာဖေဖေသိသော်လည်း (ကလေးခံစားချက်ကိုမှန်ကန် ကြောင်းအသိအမှတ်ပြုခြင်း) အခုအချိန်ကတော့အိမ်ပြန်ရန်လိုပါတယ်။”

“သမီးက အိမ်စာတွေလုပ်တာထက် ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ချင်မယ်ဆိုတာ မေမေ သိ သော်လည်းအခုအချိန်မှာ အိမ်စာတွေကိုအရင်ပြီးအောင် လုပ်ဖို့လိုပါတယ်။”

“သားကသွားမတိုက်ချင်ဘူးဆိုတာဖေဖေသိသော်လည်းဖေဖေတို့နှစ်ယောက်အတူတူသွားတိုက်ကြ မယ်။ ဘယ်သူအရင်ပြီးသလဲ ပြိုင်ကြမလား။ (လမ်းကြောင်းပြောင်းလိုက်ခြင်းဖြစ်ပါသည်။)”

“သားက အိမ်ရှေ့မြက်ခင်ကိုရိတ်တဲ့အလုပ်ကိုမလုပ်ချင်ကြောင်းသိသော်လည်း ဖေဖေတို့သဘော တူညီထားတာကဘာလဲ။ (ကြင်ကြင်နာနာနှင့် အေးဆေးစွာပြန်ဖြေမည့်အဖြေကိုစောင့်ပါသည်။ သဘောတူထားသည့်အတိုင်းလုပ်မှာလား။)”

“သားကအိပ်ယာမဝင်ချင်သေးမှန်းမေမေသိပေမဲ့အခုအချိန်က အိပ်ချိန်ရောက်နေပါပြီ။ ညဝတ် အင်္ကျီကိုဝတ်ပြီးတာနှင့်ပုံပြင်တစ်ခုလား။နှစ်ခုလားလို့မေးပါသည်။(ရွေးချယ်စရာပေးပါသည်။)”

“သားကဗီဒီယိုဂိမ်းကစားတာကိုဆက်လက်ကစားချင်တာမေမေသိပေမဲ့ သတ်မှတ်ထားချိန်ရောက် နေပါပြီ။အခုပိတ်လိုက်မလား။ သို့မဟုတ် မေမေဘီဒိုထဲထည့်လိုက်ရမလား။ (သားရွေးချယ်သည့် အတိုင်းဆက်လက်လုပ်ဆောင်ပေးမှာဖြစ်ပါသည်။)”

ကြင်ကြင်နာနာလုပ်ဆောင်မှုဆိုသည်မှာအစဉ်အမြဲသဘောကောင်းပြခြင်းမဟုတ်ပါ

မိခင်ငှက်မကြီးသာ သူ့သားသမီးများကို လေမှာပျံတတ်အောင်အသိုက်မှတွန်းထုတ်ရန် အချိန်ကို ဗီဇစိတ်ဖြင့်အလိုလိုသိပါသည်။ မိဘများအနေဖြင့်ထိုထက်ပိုမသိဘူးဆိုပါကငှက်မိခင်ကြီး လောက် တောင်မကြင်နာတတ်သူများဖြစ်ပါလိမ့်မယ်။ ငှက်ငယ်လေးတွေသာစကားပြောတတ်မည် ဆိုပါက “မေမေ သားသမီးအသိုက်ကနေမခွါချင် သေးပါဘူး” လို့ပြောနိုင်ပါသည်။ “သားသမီးကို အသိုက်မှ နေပြီးအောက်သို့တွန်းမချလိုက်ပါနှင့်။ အဲဒီလိုလုပ်တာမတရားပါဘူး။ စိတ်ပုတ်ရာ ရောက်ပါတယ်” လို့ပြောနိုင်ပါသည်။ သို့သော်မိခင် ငှက်မကြီးက ငှက်ကလေးတွေကိုအသိုက်မှ အောက်သို့ကျသွား အောင် တွန်းမချပါက ငှက်ကလေးတွေသည် ဘယ်တော့မှ လေမှာပျံသန်းတတ်တော့မှ မဟုတ် ကြပါ။ အောက်ပါပုံကိုလေ့လာကြည့်ပါ။

ငှက်ကလေးကိုသစ်ပင်ပေါ်မှအောက်သို့တွန်းချတာကငှက်ကလေးအတောင်တွေခပ်ပြီးစတင်ပျံတတ်အောင်လေ့ကျင့်ပေးတာဖြစ်ပါသည်။ ငှက်ကလေးက မပျံတတ်သေးတော့ အပင်ပေါ်မှအောက် သို့ကျလာပါသည်။ ဒါကြောင့် အောက်သို့ကျလာတဲ့အခါ ငှက်ကလေးစိတ်မှာအလွန်ကြောက် ပါသည်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မိဘများအနေဖြင့် အားပေးကူညီရမဲ့အချိန်ဖြစ်ပါသည်။ အဲဒီ အချိန်မျိုးမှာ အပြစ်တင်နေရင် ကလေးတွေဆိုတာ အားငယ်ပြီးမိမိကိုယ်မိမိယုံကြည်တဲ့ စိတ်တွေ ဖြစ်မလာနိုင်တော့ပါ။ ငှက်ကလေးဟာ အောက်ဘက်သို့ဆက်ကျလာတဲ့အခါ ကိုယ့်အားကိုယ်ကိုး ကြိုးစားအားထုတ်ပြီး အတောင်တွေကိုအားအင်အပြည့်ဖြင့်ခပ်လိုက်တဲ့အခါမှာတော့ အထက်ဘက် သို့ ပျံတက်သွားနိုင်ပါတော့သည်။

ထို့ကြောင့် ကြင်ကြင်နာနာပြုလုပ်ခြင်းဆိုသည်မှာအစဉ်သဖြင့် သဘောကောင်း နေခြင်းမဟုတ်ပါ။ ကလေးအလိုကို လိုသည်ထက်လိုက်ပြီး လိုအပ်တာတွေအားလုံးမိဘက လုပ်ဆောင်ပေးခြင်းဖြင့် ကလေးကြီးလာသောအခါ သူ့ဘာသာလုပ်ဆောင်ရမည့်အလုပ်များကို မလုပ်ဆောင်တတ် အောင် ပြုလုပ်ပေးရာရောက်စေပါသည်။ လိုအပ်တာတွေကိုမိဘကအာလုံးလုပ်ဆောင်ပေးခြင်းမှာ မကြင်မ နာဒုက္ခရောက်အောင်တမင်လုပ်ဆောင်ပေးနေသလိုဖြစ်စေပါသည်။

ကြင်နာမှုလုံးဝမပါဘဲ ခိုင်ခိုင်မာမာ လုပ်ဆောင်မှုများကြောင့် လုပ်မိသည့်အမှားများကိုတော့ မိဘ အများကပိုသိကြပါသည်။ သို့သော်ကြင်နာမှုအသွင်ဆောင်နေသည့် လုပ်ရပ်များကြောင့် ဖြစ်စေ သည့် အမှားများကိုတော့ လူအများကမသိကြပါဘူး။ ထိုလုပ်ဆောင်ချက်များမှာ အောက်ပါတို့ဖြစ် ပါသည်။

• ကျေနပ်အောင် အတင်းလိုက်လျောလုပ်ဆောင်ခြင်း၊

• ကလေးခံစားရမှာကိုမိဘကဝင်ကယ်တင်ပေးခြင်း၊

• လိုသည်ထက်ပိုပြီးအကာအကွယ်ပေးနေခြင်း၊

• လိုအပ်သည်ထက် ကလေးကို လုပ်ဆောင်ပေးနေခြင်း (သူလုပ်နိုင်သည်များကိုမိဘက လုပ်ဆောင်ပေးနေခြင်း)

• ချစ်လို့ဆိုပြီးအသေးအဖွဲများကအစလိုက်စီစဉ်လုပ်ဆောင်ပေးနေခြင်း၊

• ရွေးချယ်စရာတွေအလွန်များစွာပေးခြင်း၊

• ကလေးများဘေးဒုက္ခအသအချာမရောက်အောင်စီစဉ်ပေးခြင်း၊

ဖော်ပြပါလုပ်ရပ်များအားလုံးသည် ကလေးမှာလုပ်ကိုင်စွမ်းရည်များကျဆင်းစေပါသည်။ မလုပ် တတ်မကိုင်တတ်ဖြစ်စေပါသည်။ ကလေးတွေမှာ ဘေးအန္တရယ်ကင်းအောင် အသေအချာလုပ် ပေးမှုသည်အမှားဖြစ်ကြောင်း အောက်ပါကလေးနှင့် လိပ်ပြာလေးဖြစ်ရပ်က သက်သေထူနေပါ သည်။

လိပ်ပြာလေးတစ်ကောင်သည် သူ့ဥအိမ်လေးထဲမှ အတင်းရုန်းကန်ထွက်နေသည်ကိုတွေ့ရသော ကလေးငယ်တစ်ယောက်က လိပ်ပြာလေးကို သနားသွားပါသည်။ ထို့ကြောင့် လိပ်ပြာလေး အ တင်းရုန်းကန်နေမှုမှကယ်တင်ရန် ကလေးကဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် ဥအိမ် အပေါက် လေးကို ကျယ်သွားအောင် ခွဲပေးလိုက်ပါသည်။ ထိုအခါ လိပ်ပြာလေးသည် သူ့အတောင် တွေကို ဖြန့်ပြီးလေထဲပျံတက်သွားသည်ကိုတွေ့လိုက်ရသောကလေးမှာအလွန် စိတ်လှုပ်ရှား တက်ကြွသွား ပါသည်။ ခဏအကြာမှ လိပ်ပြာလေးက လေထဲမှမြေကြီးပေါ်ပြုတ်ကျပြီး မြေပြင်မှာ ယက်ကန် ယက်ကန်းချာလည်လည်ရင်း ခဏအကြာမှာသေသွားပါသည်။ ဘာကြောင့် လည်းဆိုတော့လိပ် ပြာလေးမှာ လေထဲဆက်လက်ပျံနိုင်လောက်အောင် ကြွက်သားဆိုင်တွေက မသန်မာသေးတဲ့အ တွက်ဖြစ်ပါသည်။ ကိုယ်တိုင်အားထုတ်ပြီးဥအိမ်မှထွက်နိုင်အောင် အင်အား စိုက်ထုတ်မှုများလာ သည့်အချိန်မှသာ သူ့မှာရှိသောကြွက်သားဆိုင်များသန်မာခွင့် ပြည့်ပြည့်၀၀ ရမှာဖြစ်ပါသည်။ ကလေးကသနားသည့်အတွက် အပေါက်လေးကျယ်အောင် ကူညီဖောက်ပေး လိုက်သောအခါ သူ့အင်အားအပြည့်မသုံးရဘဲ ဥအိမ်ထဲမှုတိုးထွက်ပြီး လေထဲပျံတက်သွားနိုင်ခဲ့ပါသည်။ သို့သော် လေထဲမှကြာကြာမပျံနိုင်တော့ပါ။ ထို့ကြောင့်ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ပါသည်။

လိပ်ပြာလေးကိုသနားသည့်အတွက်ကူညီလိုက်သောကလေးငယ်လိုပင်မိဘများသည်လည်းသူတို့သားသမီးများကို အခက်အခဲတွေမရုန်းရအောင်ကူညီလိုကြပါသည်။ သူတို့ကလေးတွေဆိုတာ သူတို့ကိုယ်တိုင်စွမ်းအားထုတ်ပြီးရုန်းကန်ရန် လိုကြောင်းသဘောမပေါက်ကြပါ။ စိတ်ပျက်စရာ တွေကိုရင်ဆိုင်ကျော်လွှားရန်လိုအပ်ပါသည်။ ကြုံလာသောပြဿနာကိုရင်ဆိုင်ကျော်လွှားဖြေရှင်း နိုင်ရန်လိုအပ်ပါသည်။ ကလေးတွေမှာဆိုရင် သူတို့စိတ်လှုပ်ရှားခံစားမှုဆိုင်ရာကြွက်သားဆိုင်တွေ လည်း သန်မာလာရန်လိုအပ်ပါသည်။ ပိုရုန်းကန်ရမှုများအတွက်အဆင်သင့်ဖြစ်အောင် ပြင်ဆင် ထားဖို့လည်းလိုအပ်ပါသည်။
မိဘတွေဆိုသည်မှာ ကလေးတွေဘေးဒုက္ခရောက်အောင်တော့မလုပ်သင့်ပါဘူး။ သို့သော်လည်း လိုအပ်သောအထောက်အကူပေးရင်း သူတို့ခံစားသင့်သည့် ဒုက္ခကိုတော့ခံစားစေသင့်ပါသည်။ ထိုသို့ ကူညီပေးမှုသည် အကောင်းဆုံးကူညီပေးမှုဖြစ်ပါသည်။

ဥပမာကလေးတစ်ယောက်သည်သူလိုချင်သောကစားစရာအရုပ်မရသည့် အတွက်ကလေးစိတ် တွင် မသက်မသာဖြစ်ပါသည်။ ထိုအတွေ့အကြုံကို ခံစားစေခြင်းဖြင့် ကလေးတွင်ကြံ့ခိုင်မှုဆိုသော ကြွက်သားဆိုင်များအားကောင်းလာစေပါသည်။ ကလေးအနေဖြင့် ဘဝမှာကြုံတွေ့ရသည့် အတက် အဆင်းများကိုခံနိုင်စွမ်းရှိလာစေပါသည်။ ဤနည်းဖြင့် ကလေးသည် လုပ်ကိုင်နိုင်စွမ်းများ တက်လာ ပါသည်။ မိမိကိုယ်မိမိယုံကြည်မှုများလည်းတိုးတက်လာပါသည်။ မိဘအပိုင်းက အထောက်အပံ့ ပေးမှုကတော့ ကလေးမှာဖြစ်နေသောစိတ်ခံစားမှုမှာမှန်ကန်ကြောင်း အသိအ မှတ်ပြုပေးခြင်းဖြစ် ပါသည်။ သို့သော် လည်းကလေးကို လိုက်ပြီးကယ်တင်နေခြင်းတော့မလုပ်ရပါ။ သို့မဟုတ် အရှည် အဝေးပြောပြနေခြင်းမျိုးလည်းရှောင်ရှားရန်လိုအပ်ပါသည်။

တစ်ချိန်တည်းမှာပင် မိဘတစ်ချို့ကကလေးမှာ အခက်အခဲတွေတွေ့ကြုံခံစားနေရသောအချိန်မှာ အပြစ်တင်ခြင်း၊ ငါဒီလိုပြောသားပဲ၊ နားမှမထောင်တာကိုး ဆိုပြီးအပြစ်ထပ်တင်ကြပါသည်။ အရှက်ထပ်ရအောင်ပြုလုပ်ပါသည်။ “တော်တော့ ငိုမနေနဲ့။ နင်ဟာလေ ဘာမှသုံးမရတဲ့ကြွက်စုတ် တစ်ကောင်လိုပဲ။ နင်လိုချင်တာတွေ အားလုံးဘယ်ရနိုင်မလဲ။ နင်က နင်လိုတာတွေအားလုံးကို ငါက ဖြည့်ပေးနိုင်မယ်ထင်နေသလား။ ငါက ငွေတွေအလိုလိုရနေတာမဟုတ်ဘူး”စသဖြင့် စိတ်ပျက်နေ သော ကလေးကို နှိမ်ခြင်း၊ အပြစ်တင်ခြင်း၊ အမျိုးမျိုးပြုလုပ်ပါသည်။

အထက်ပါအတိုင်းအပြစ်တင်ချိုးနှိမ်မည့်အစားအထောက်အကူပြုသောစကားဖြင့် ကူညီပေးသင့်ပါ သည်။ “အခုလိုသမီးခံစားနေရတာသမီးအတွက်အလွန်စိတ်ပျက်စရာဖြစ်နေတာကိုမေမေနားလည် ပါတယ်။ မေမေတို့လည်းလိုချင်တာမရတဲ့အခါ စိတ်ပျက်တာပါပဲ။” လို့ပြောပေးနိုင်ပါသည်။ တစ်ချို့ မိဘများကကလေးမှာဖြစ်နေသောစိတ်ခံစားမှုကို ဟုတ်မှန်ကြောင်းအသိအမှတ်ပြုမှုကိုအကြာကြီး ဆက်ခါဆက်ခါ ပြောပေးနေတတ်ပါသည်။ ထိုသို့ပြောပေးခြင်းဖြင့် ကလေးတွင်စိတ်သက်သာ ရာ ရစေလိမ့်မည်ဟုထင်နေတတ်ကြပါသည်။
ကလေးစိတ်မှာဖြစ်နေသောစိတ်ခံစားမှုများကိုအသိအမှတ်ပြုပြီး ထိုခံစားနေရမှုများမှ ပြန်လည် သက်သာလာရန်လိုအပ်ပါသည်။ ဥပမာ အောက်ပါအတိုင်းအထောက်အကူပေးသောစကားမျိုး ပြောပေးနိုင်ပါသည်။”သမီးကပိုကောင်းသောရမှတ်တွေမရသည့်အတွက် စိတ်ပျက်နေတာ မေမေ တွေ့ရပါတယ်။” လို့ပြောပြီး ကလေးကိုယ်တိုင်သူ့အခြေအနေကို ပြန်လည်သုံးသပ်ရန် အချိန် ရောက်လာပါသည်။ ကယ်တင်းခြင်း၊ ဟောပြောပို့ချနေခြင်းများဆက်လက်မလုပ်ပါနှင့်။ ကလေး အားလက်ရှိအခြေအနေမှ သူလိုချင်သောအခြေအနေရောက်လာအောင် ဘာလုပ်နိုင်မလဲ ဆိုတာ စဉ်းစားရန်အချိန်ပေးလိုက်ပါ။

ခိုင်ခိုင်မာမာသဘေားထားခြင်းမပါသည် ကြင်နာမှုသည် လိုတာထက်အလိုလိုက်ဆောင်ရွက်ပေး ခြင်း သာဖြစ်ပါသည်။

အပြုသဘောဆောင်သောစည်းကမ်းကိုကျင့်သုံးသူများသည် အပြစ်ပေးအရေးယူခြင်းကို မပြုလုပ် ကြပါဘူး။ သို့သော်လည်းကလေးများကို လိုသည်ထက် ပိုအလိုက်တာမျိုးမဖြစ်စေရန် ခိုင်ခိုင်မာမာ သဘောထားရန်မှာလိုအပ်ကြောင်းကိုမူမေ့နေတတ်ကြပါသည်။ လိုအပ်သည်ထက် လွန်ကဲစွာ အလို လိုက်မှုသည် ကလေးများအတွက် မကောင်းပါ။ အဘယ်ကြောင့် ဆိုသော် ထိုအခြေ အနေကိုတွေ့ ထိခံစားရသောကလေးအနေဖြင့် “မိဘက ချစ်ခင်ခြင်းဆိုသည်မှာ သူလိုအပ်တာတွေ အားလုံးကို အသင့် လုပ်ဆောင်ပေးခြင်း”ဟု သဘောပေါက်နားလည်သွားစေပါသည်။

ကလေးတွေဆိုတာ လက်တွေ့လုပ်ဆောင်မှုအတွေ့အကြုံများ၊ အခက်အခဲကျော်လွှားရင်း စိတ်ပင် ပန်းခံစားရမှုများမှ သင်ယူဖွံ့ဖြိုးနိုင်ကြောင်းမိမိကလေးအပေါ်တွင်ယုံကြည်ရန်လိုအပ်ပါ သည်။ကြင် နာမှုသက်သက်သည်ရေတိုသာသက်သာစေပါသည်။အစဉ်ကောင်းသောသဘောမရှိပါ။ ကြင်ကြင် နာနာ နှင့် ခိုင်ခိုင်မာမာ နှစ်ရပ်ယှဉ်တွဲလိုက်သောအခါမှသာ ကလေးများအတွက် ဘ၀ တွက်တာလို အပ်သောကျွမ်းကျင်မှုများဖွံဖြိုးတိုးတက်စေမှုကိုအားပေးသောပတ်ဝန်းကျင်ကိုဖြစ်ပေါ်လာစေပါ သည်။ ဘဝအတွက်လိုအပ်သောကျွမ်းကျင်မှုဆိုသည် အတောင်များပေါက်လာပြီး ကောင်းစွာပျံ သန်းနိုင်ကြမှာဖြစ်ပါသည်။

မိတ်ဆွေများကလေးများတွင် ကိုယ်အားကိုယ်ကို လုပ်ဆောင်နိုင်စွမ်းများဖြစ်လာအောင် ကြင်ကြင် နာနာ ခိုင်ခိုင်မာမာလေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...