ဒီနေ့ “ကလေးကို ရိုက်ပြီး မဆုံးမသင့်တဲ့ အကြောင်းရင်း (၇) ချက်” အကြောင်းကို Food for Thought 724 အဖြစ်မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးကို ရိုက်ပြီး မဆုံးမသင့်တဲ့ အကြောင်းရင်း (၇) ချက်
ကျွန်တော်တို့နိုင်ငံမှာတော့
ကလေးကို ရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့
ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက်
ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက
ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန်
အကောင်း အတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ
ကောင်းစေချင်လို့ ရိုက်နှက်ဆုံးမလိုက်တဲ့ မိဘ တွေရဲ့ အမှားတွေနဲ့
နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို
ပြော ပြပေးချင်ပါတယ်။
၁။ ဘယ်အရာမဆို လက်ပါရင် ပြီးတယ်ဆိုတဲ့ အတွေးများဝင်လာခြင်း
ကိုယ်က
စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး
ရိုက်နှက်ဆုံးမတယ်၊ နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို
မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့ အသိက ဝင်သွားတော့တာပါပဲ။
မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ စိတ်ထဲမှာ
ဒဏ်ရာဒဏ်ချက်အဖြစ်နဲ့ တစ်ဘဝလုံး စွဲကျန်ခဲ့တော့တာပါ။ ဒါကြောင့်
သူတို့ကိုယ်တိုင်မိဘနေရာရောက်လာ တဲ့အခါလည်း ကလေးတွေကို
ရိုက်ဆုံမတဲ့အလေ့အကျင့်ကိုသုံးလာပါတော့တယ်။
၂။ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကျစေခြင်း
ကိုယ်ချစ်တဲ့မိဘတောင်မှ
ကိုယ့်ကို မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်တာကို ဘယ်ကလေးကရော
စိတ်ဒဏ်ရာမဖြစ်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ပြုံးပြနေမလဲ။ ကိုယ်တိုင် ကလေးဘဝက
အရိုက်ခံခဲ့တုန်းကရော နည်းနည်းမှ ဝမ်းမနည်းခဲ့ဘူးလား ပြန်တွေးကြည့်ပါ။
နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး စိတ်ထိခိုက်ဖို့၊
စိတ်ဒဏ်ရာရနိုင်ဖို့ အရမ်းလွယ်ပါတယ်။ ဒီစိတ်ဒဏ်ရာကြောင့်ပဲ ကလေးရဲ့
စိတ်ထဲမှာ ငါ့မိဘ ငါ့ကို မချစ်လို့ ရိုက်တာဆိုတဲ့ အတွေးက
အမြဲတမ်းစိုးမိုးနေပြီး ဒီစိတ်နဲ့ပဲ မပျော်မရွှင်ကြီးပြင်းလာရမှာပါ။
ဒါကြောင့် ကလေးမှာမိမိကိုယ်မိမိလေးစားတန်ဖိုးထားတဲ့စိတ်ကျဆင်းလာစေပါတယ်။
၃။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးခြင်းကို ခံရခြင်း
ဟယ်
ဟိုကလေးကို သူ့အမေအဖေက ရိုက်နေပြန်ပြီ ကြည့်ပါဦး၊ ဘာအမှားလုပ်လဲမှ
မသိတာဆိုပြီး ရပ်ကွက် အိမ်နီးချင်းတွေ ပြောတဲ့ စကားသံဟာ မိဘတွေအတွက်တော့
ဂရုစိုက်ဖြစ်ချင်မှ စိုက်ဖြစ်မယ်ဆိုပေမဲ့ ကလေး အတွက်တော့ ဒါဟာ အရှက်ရစရာ
ကိစ္စပါပဲ။ ကလေးဟာ ပတ်ဝန်းကျင် လူများရဲ့အထင်အမြင်သေးတာကို ခံရပါတယ်။
မိဘကရိုက်တာကိုတွေ့တဲ့ပတ်ဝန်းကျင်က လူတွေက ကလေးကဆိုးတာကိုးအရိုက်ခံရမှာ
ပေါ့်လို့သာလွယ်လွယ် ကောက်ချက်ချမှာဖြစ်ပါတယ်။
၄။ ရိုက်နှက်ခြင်းမှ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုအဖြစ် အဆင့်တက်လာခြင်း
လူဆိုတာက
အကျင့်တစ်ခုရသွားပြီဆိုရင် အဒီထက် ပိုဆိုးတဲ့အမူအကျင့်တွေ
အမြဲလုပ်တတ်ပါတယ်။ ကလေးက အမှားတစ်ခုခုလုပ်မိလို့ လက်နဲ့ ရိုက်လိုက်တယ်။
ရိုက်တော့လည်း ကလေးက ဘာမှမထူးသွား တဲ့အပြင် ပိုပြီးတော့ အမှားတွေလုပ်လာတယ်။
အဲဒီလိုနဲ့ ရိုက်တဲ့အကြိမ်ရေ တိုးလာတယ်။ ဘယ်လောက်ရိုက် ရိုက် မထူးဆန်းတဲ့
အခြေအနေတစ်ခုမှာ လက်နဲ့တင်မဟုတ်တော့ဘဲ အရာဝတ္ထုတွေနဲ့ ရိုက်နှက်တာ၊ ချောင်
ပိတ်ပြီး နှိပ်စက်တာ၊ အစာမကျွေးဘဲ အငတ်ထားတာ၊ နာရီတွေနဲ့ချီအောင်
အပြစ်ပေးတဲ့အဆင့်ထိ ရောက်လာ နိုင်ပါတယ်။
၅။ ရိုက်မှ နားလည်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆ
လက်နဲ့
ရိုက်လိုက်ရင် ကလေးက လိမ္မာသွားမယ်၊ မိဘစကားပိုနားထောင်မယ်၊
အမှားမလုပ်တော့ဘူးဆိုတာ လုံးဝမှားနေတဲ့အယူအဆသက်သက်ပါပဲ။
ကိုယ်ထင်ထားတာထက်ကို လုံးဝဆန့်ကျင်ပြီးတော့ ကလေးက ဒီထက် ပိုဆိုးသွားဖို့ပဲ
ရှိမှာပါ။ ကိုယ်နဲံစိတ်မှာ ကောင်းသွားစေဖို့ ကိုယ်ကိုနာအောင်၊ စိတ်ကို
နာအောင် လုပ်ရ မယ်ဆိုတဲ့စိတ်ကူးလောက် အတိုင်အဖောက်မညီတဲ့စိတ်ကူးမရှိပါဘူး။
၆။ ကလေးတွေမှာ ဒေါသကြီးလာမယ်။
မိဘတွေတောင်
ဒေါသထွက်ပြီး ရိုက်သေးတာပဲ၊ အရိုက်ခံရတဲ့ ကလေးကရော ဒေါသမထွက်ဘူးလို့
ထင်ရင် တော့ လုံးဝမှားသွားမှာပါ။ ကလေးတွေမှာလည်း ဒေါသထွက်တတ်ပါတယ်။
ဒီဒေါသကို မျိုသိပ်လိုက်တာဖြစ်စေ၊ တခြားကလေးတွေကို အနိုင်ကျင့်ပြီး
ဒေါသဖြေလိုက်တာမျိုးပိုလုပ်တတ်ပြီး ကြီးလာရင်လည်း တစ်ခုခုဆို လက် ပါ တာ၊
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့
အပြုအမူတွေ ကျူးလွန်းတတ်ပါတယ်။
၇။ စိတ်ဒဏ်ရာအဖြစ် တစ်ဘဝလုံး ကျန်ရစ်နေခဲ့မယ်။
အသက်ကြီးလာလို့
ကိုယ့်ရဲ့ကလေးဘဝကို အမှတ်တမဲ့ ပြန်တွေးကြည့်လိုက်ရင် ပျော်စရာအချိန်တွေထက်
ဒီလို ရိုက်နှက် နှိပ်စက်ခံရတဲ့ အချိန်ကာလတွေ၊ အဲ့ဒီအချိန်မှာ
ဝမ်းနည်းငိုကြွေးခဲ့ရတာတွေကိုပဲ ပြန်တွေးမိပြီး ဒါတွေ က အရိပ်မည်းတစ်ခုလို
ကိုယ့်ဘဝနောက်နေ အမြဲကပ်ပါနေမှာပါ။
ဒီဆောင်းပါးကို
ဖတ်ကြည့်ပြီးတော့ မိဘတွေလည်း ကိုယ်လုပ်နေတဲ့အမှားတွေနဲ့ပတ်သက်ပြီး
ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်လဲဆိုတာ သိနိုင်မယ်လို့
မျှော်လင့်မိပါတယ်။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ၊
ဘဝအခက်အခဲတွေကတော့ အမြဲတမ်းကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို
သားသမီး တွေဆီ မပုံချလိုက်ဖို့နဲ့ ကလေးတွေ အမှားလုပ်မိတဲ့အခါ Positive
Encouragement အပြုသဘောဆောင်ခြင်းဖြစ် တဲ့ ချိုသာစွာပြောဖို့၊ အမှားကို
နားလည်ပြီး တာဝန်ယူတတ်ဖို့၊ ကိုယ်တိုင်ပြင်ဆင်တတ်ဖို့ လေ့ကျင့်ပေးဖို့ အထူး
လိုပါအပ်တယ်။
မိတ်ဆွေများကလေးများကို အပြုသဘောဆောင်တဲ့အားပေးတဲ့နည်းဖြင့် ကြင်ကြင်နာနာ ခိုင်ခိုင်မာမာ လေ့ကျင့် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment