Monday, February 24, 2025

ကလေးလေးတွေ ဉီးနှောက်ဖွံ့ဖြိုးဖို့ Food for Thought 725 ဒေါက်တာသိန်းလွင်

 May be an image of text

ဒီနေ့ကလေးတွေဦးနှောက်ဖွံ့ဖြိုးဖို့လူကြီးမိဘများလုပ်ပေးနိုင်တာတွေအကြောင်းကို Food for Thought 725 အဖြစ်မျှဝေလိုက်ပါတယ်။


ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 



ကလေးလေးတွေ ဉီးနှောက်ဖွံ့ဖြိုးဖို့

''တူတူရေ ဝါး'' ဆိုပြီးတော့ ဆော့လိုက်တာလေးက ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်တယ်လို့ ပြောလိုက် ရင် ဖေဖေ၊ မေမေတို့ ယုံနိုင်ပါ့မလား.....။

သားသား၊ မီးမီး တို့ရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ အတွက် မွေးဖွားပြီး ပထမဆုံး (၅-နှစ်) ဟာ သိပ် အရေးကြီးတယ်ဆိုတာ သိပ္ပံ ပညာရှင်တွေရဲ့ လေ့လာ ဆန်းစစ်မှုတွေကြောင့် သိရှိခဲ့ကြရပါပြီ။ အထူးသဖြင့် သူတို့လေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု အတွက်ပေါ့။

လူသားတွေရဲံဦးနှောက်က နူရုန်းပေါင်း ၈၆ ဘီလီယံဖြင့်ဖွဲ့စည်းထားပါတယ်။ ဥာဏ်ရည်အတွက်အရေးပါတဲ့ cerebral cortex မှာတော့ နူရုန်းပေါင်း ၁၆ ဘီလီယံဖြင့်ပါဝင်ဖွဲ့စည်းထားပါတယ်။ cerebral cortex က တော့ဦးနှောက်ရဲ့အဆင့်မြင့်တဲ့ဖြစ်စဥ်တွေလုပ်ဆောင်ဖို့တာဝန်ရှိပါတယ်။ ဘာသာစကား၊ ကျိုးကြောင်းစဥ်းမှု၊ မှတ်မိမှု၊ စဥ်းစားတွေးတောမှု၊ သင်ယူမှု၊ ဆုံးဖြတ်ချက်များချမှတ်မှု၊ စိတ်လှုပ်ရှားခံစားမှုကိုထိန်းသိမ်းမှု၊ ဥာဏ်ရည်နှင့်ကိုယ်ရည်ကိုသွေးဆိုင်ရာများကို ထိန်းပေးတဲ့လုပ်ငန်းစဥ်များကိုပြုလုပ်ပေးရတဲ့အပိုင်း ဖြစ်ပါ တယ်။

အစောပိုင်းနှစ်အနည်းငယ်တွင် (၁) စက္ကန့်တိုင်းမှာ နူရယ်ဆက်သွယ်မှုပေါင်း (၁)သန်းကျော်ဖြစ်နေပါတယ်။ အဲဒီလို ဆက်သွယ်မှုတွေမြန်ဆန်စွာဖြစ်နေတဲ့အချိန် ကုန်သွားတဲ့အခါ နူရယ်ဆက်သွယ်မှုများလျော့ကျ လာ ပါတယ်။ ဘာကြောင့် လျော့ကျလာသလဲဆိုရင် မသုံးတဲ့နပ်ဆဲလ်တွေကို သဘာဝအားဖြင့် ဖယ်ထုတ်ပြစ်တဲ့ အတွက်ဖြစ်ပါတယ်။ မသုံးတဲ့နပ်ဆဲလ်တွေကိုဖယ်ထုတ်လိုက်တဲ့အခါ ဦးနှောက်တွင်းလုပ်ငန်းများဆက် သွယ်လုပ်ဆောင်လည်ပတ်ပုံက ပိုထိရောက်လာပါတယ်။

ကွန်‌တော် တို့ရဲ့ ဦးနှောက်တွေဟာ မွေးကာစ အစောပိုင်းကာလတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအများဆုံးနဲ့ အမြန် ဆုံးဖြစ်ပြီး တစ်ခြား ဘယ်အချိန်ထက်မဆိုကို ပိုပါတယ်။ တစ်စက္ကန့် တိုင်းမှာ အာရုံကြောဆက်သွယ်မှု သန်း ပေါင်းများစွာ အထိ ဖန်တီး ပြုလုပ်နိုင်တဲ့ အရွယ်ဟာ မွေးပြီး (၅-နှစ်) အတွင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်နိုင်ဖို့ ဖေဖေ၊မေမေတို့ရဲ့ အကူအညီတော့ လိုအပ်ပါတယ်။ သားသား၊မီးမီးတို့ ကျန်းမာဖွံ့ဖြိုးဥာဏ် ရည် ထက်မြက်ဖို့ အောက်ဖော်ပြပါအချက် ၅ ချက်က သိပ်အရေးကြီးပါတယ်။

၁။ မိဘနဲ့ကလေး ချစ်ခင်ကြင်နာစွာထိတွေ့ဆက်ဆံမှုရှိခြင်း
၂။ ကလေးနဲ့ ချစ်ချစ်ခင်ခင်စကားပြောပေးခြင်း
၃။ ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပေးခြင်း
၄။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အိမ်မျိုး ဖန်တီးပေးခြင်း (စား၊ နား၊ကစား၊ အိပ်)
၅။ ကလေးအတွက် ကောင်းမွန်တဲ့ အသိုက်အဝန်းရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအချက် အားလုံးက သားသားမီးမီးတို့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အတွက် အရေးပါပြီး ကိုယ့်ရင်သွေးရဲ့ အစွမ်း အစတွေကို အကောင်းဆုံး ဖော်ထုတ်ပေးစေနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဖေဖေမေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ.....။

ပညာရှင်တွေကတော့ ဒါကို Serve & Return လို့ ခေါ်ပါတယ်။ကိုယ်ဖြစ်စေချင်တာကို ကိုယ်ကလုပ်ပြပေး လိုက်ဖို့ပါပဲ။လုပ်ပြတာကို ပါးစပ်ကပါ ပြောပြဖို့လိုအပ်ပါတယ်။ လုပ်ပြတော့မြင်ရပါတယ်။ ပြောပြတော့ ကြားခွင့်ရပါတယ်။ မြင်တာကြားတာနှစ်ရပ်ပေါင်းတေ့ ပိုနားလည်မှုဖြစ်လာစေပါတယ်။ ဒီအခါ ရလဒ် ပြန်ထွက်ပေါ်လာမှာပါ။ ဒီအတွက် အလွယ်ဆုံးနည်းကတော့ သားသားမီးမီးတွေနဲ့ ချစ်ခင်စွာ ထိတွေ့ဆက် ဆံမှု များများလုပ်၊ ချစ်ချစ်ခင်စကားလည်းပြော၊ ကလေးနှင့် ပျော်ပျော်ရွှင်ရွှင်ဆော့ကစားတာလည်းအ တူ တူ ဆော့ကစားပေးတာပါပဲ။

ဥပမာအားဖြင့် ပုံတူ ကူး ကစားတဲ့နည်း တွေက သူတို့ရဲ့ မှန်းဆစိတ်ကူးမှုနဲ့ ကိုယ်ချင်းစာမှု တွေကို တိုးတက်စေပါတယ်။ ဥပမာ ဖေဖေက လက်ကိုလှုပ်ပြရင် သားသားကလည်းသား လက်ကို လှုပ်ပြတာလိုမျိုးပေါ့။အမည်ဖော်ပြတဲ့ကစား နည်း တွေက ဝေါဟာရကြွယ်ဝစေပြီး အာရုံစူးစိုက်မှု ကို ကောင်းစေပါတယ်။ အရုပ် လေးတွေ အရောင်လေး တွေ ကို ပြပြီး ဒါဘာလဲလို့ မေးတဲ့ပုံစံမျိုးပါ။ အရှေ့ မှာပြောခဲ့တဲ့ တူတူရေ ဝါး လို ကစားနည်းက မှတ်ဥာဏ် နဲ့ မိမိ ကိုယ်မိမိယုံကြည်မှုကိုအမှန်တကယ်တိုး တက် စေပါတယ်။

ငယ်တဲ့ကလေးတွေဆိုတာမိဘတွေနှင့်အပြန်အလှန်ဆက်သွယ်တဲ့အနေဖြင့် ဘူးမှုတ်ခြင်း၊ မျက်နှာအမူအရာ အမျိုးမျိုးပြုလုပ်ပြခြင်း၊ကိုယ်လက်အမူအရာအမျိုးမျိုးပြုလုပ်ခြင်းတို့ဖြင့် ပြကြပါတယ်။ အဲဒီအခါမှာ လူ ကြီးတွေကလည်း အမူအရာအသံတွေဖြင့် ပြန်လည်တုံ့ပြန်ကြရပါတယ်။ အဲဒီလိုဆီလျော်တဲ့တုံ့ပြန်မှု တွေ မရှိ ရင်ဖြစ်စေ၊ တုံ့ပြန်မှုမရှိရင်ဖြစ်စေဦးနှောက်တွင်း နပ်ဆဲလ်များအချင်းချင်းဆက်သယ်တည်ဆောက်မှုက မှော်မှန်းထားသလိုဖြစ်မလာပါဘူး။ အဲဒီလိုဖြစ်ခဲ့ရင်နောက်ပိုင်းသင်ယူးမှုလုပ်ငန်းနှင့်အပြုအမူပိုင်းတွေမှာ ထိခိုက်လာစေနိုင်ပါတယ်။

ဖေဖေ၊ မေမေတို့ ကိုယ့်သားသား၊ မီးမီးတွေနဲ့ စကားပြောတဲ့အခါတိုင်း ဆော့ကစားတဲ့ အခါတိုင်း ရယ်ရွှင် မြူးတူးအောင်၊ ပျော်အောင် ပြုလုပ်ပေးတဲ့ အခါတိုင်းဟာ မိဘနဲ့ကလေးကြားက ဆက်ဆံရေးကို အား ကောင်း ခိုင်မာ စေပြီး သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်သန်စွမ်းစေပါ တယ်။ ဒါတင် မကသေးပါဘူး။

ဒီလို ပြောဆို ဆက်ဆံ ဆော့ကစားပေးတာတွေဟာ သူတို့ကို အရေးပါတဲ့ ဘဝသင်ခန်းစာ အချို့ကိုပါ သင် ကြားပေးပြီးသား ဖြစ်စေပါတယ်။ မိတ်ဆွေဖွဲ့တာ စာမေးပွဲဖြေတာ အလုပ်လုပ်တတ်တာ တွေက နေစလို့ တစ်နေ့မှာ ကိုယ်ပိုင်မိသားစုလေး တည်ထောင်နိုင်စေတဲ့အထိပါပဲ။

ဒီလို ချစ်ခင်နွေးထွေးတဲ့ ဆက်ဆံပြောဆိုမှုတွေ မရှိရင် ဘာတွေ ဖြစ်လာနိုင်လဲ။

အဲဒီ့အခါမှာ သားသားမီးမီးတွေဟာ စိတ်မချမ်းမမြေ့ဖြစ်ရပြီး မိဘရဲ့ အာရုံစိုက်ခံရမှုကို ရဖို့ သူတို့နား လည် ထားတဲ့နည်းလမ်းတချို့နဲ့ ရအောင်ပြုလုပ်တတ်လာကြပါတယ်။နည်းလမ်းက မှန်သလား မှားသလား သူ တို့ မသိပါဘူး။ အော်တာဟစ်တာ ပစ္စည်းတွေပစ်ပေါက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်လာ တာတွေက သူတို့ကိုမိဘကအာရုံစိုက်လာစေလိုတဲ့အတွက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ အလုပ်များကြတာမှန်ပေမဲ့ သိထားသင့်တာတခုက ကလေးငယ်တွေရဲ့ ဦးနှောက် ဖွဲ့ စည်းပုံကိုက ထိတွေ့ဆက်ဆံမှုတွေကို စောင့်မျှော်နေတဲ့ ဖွဲ့စည်းပုံပါ။ ဒါမှသာ ဆက်လက်ဖွံ့ဖြိုးတိုး တက် နိုင်မှာ ဖြစ်ပါတယ်။ထိတွေ့ဆက်ဆံမှုကို မရတဲ့အခါ သူတို့တွေ စိတ်ရှုပ်ထွေးလာပြီး ဖိစီးမှု တွေ ကို ခံစား ကြရပါတယ်။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်နေတဲ့ ဒီ ပထမ ၅ နှစ်အတွင်းမှာ မိဘတွေဆီကနေ လုံ လောက်တဲ့ ထိတွေ့ပြောဆိုမှု ဆော့ကစားပေးမှုတွေ မရခဲ့ရင် .....။နောင် ကြီး ပြင်းလာတဲ့ကာလတစ်လျှောက်လုံး သူတို့လေးတွေဟာ တည်ငြိမ်မှုရှိဖို့ မိမိကိုယ်ကိုယ်နဲ့တစ်ပါး သူကို ယုံကြည်မှုရှိရှိဆက်ဆံနိုင်ဖို့စတဲ့ အရည်အချင်းတွေကို ခက်ခက်ခဲခဲသင်ယူနေရတာတွေမျိုး၊ သို့မဟုတ်မသင်ယူနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဖေဖေမေမေတို့ အလေးထားလုပ်ပေးဖို့က ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံး အချိန်ဟာ ပထမ ၅ နှစ်အတွင်းမှာပါ။

- ဘာလုပ်ရမလဲဆိုရင် ချစ်ချစ်ခင်ခင်ထိတွေ့ဆက်ဆံပါ။
- ချစ်ချစ်ခင်ခင်စကားပြောပေးပါ။
- အတူတူ ပျော်ပျော်ပါးပါး ဆော့ကစားကစားပေးပါ။

ဘယ်တော့လုပ်ရမလဲ ဘယ်လောက်လုပ်ရမလဲ စောလေကောင်းလေပါပဲ။ မကြာခဏ ပြုလုပ်ပေး လေ ကောင်းလေပါပဲ။ ဒါဆိုရင်တော့ ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးဟာ ကျန်းမာထက်မြက်ပြီး သွက်လက် ချက်ချာတဲ့ ကလေးလေး ဖြစ်လာမှာ အသေအချာပါပဲ။

မှတ်ချက်

နပ်ဆဲလ်တွေဟာ အလွန်းသေးငယ်ပြီး (အပ်ဖျားတစ်ထောက် လောက်နေ ရာ မှာပင် ဆဲလ်ပေါင်း (၁၀၀) လောက်ရှိပါတယ်)လှုံ့ဆော်မှုပေးတဲ့အခါ ဆဲအချင်းချင်း အမျိုးမျိုးအပြန် အလှန်ဆက် သွယ်ကြကြောင်းကို အောက်ပါပုံများတွင်တွေ့နိုင်ပါတယ်။

ကလေးတွေရဲ့ဦးနှောက်တွင်နပ်ဆဲလ်များအသက်အရွယ်အလိုက်ဆက်သွယ်ဖွဲ့စည်းနေတဲ့ပုံကို အောက် ဘက်မှာ ပုံ (၁) အဖြစ်ဖော်ပြထားပါတယ်။

ဟားဗတ်တက္ကသိုယ်မှ Jeff Lichtman ဦးဆောင်တဲ့အဖွဲ့က epilepsy ဝက်ရူးပျံရောဂါ ရှိသူဖြစ်ပြီးဆေးကိုခုခံ နေတဲ့သဘောရှိတဲ့ အသက် ၄၅ နှစ်ရှိတဲ့အမျိုး သမီးလူနာတစ်ယောက်ရဲ့ ဘယ်ဘက် ခြမ်း hippocampus ကို ဖယ်ထုတ်တဲ့အခါ အဲဒီဖယ်ထုတ်တဲ့အပိုင်းနဲ့ထပ်နေတဲ့ကောင်းတဲ့ဦးနှောက် အပိုင်း တစ်ရှူး အနည်းငယ်ကိုလည်း ဖယ်ထုတ်ရပါတယ်။ ဖြတ်ထုတ်ရတဲ့ ကောင်းတဲ့ဦးနှောက်အပိုင်းမှဆံပင်အရွယ်ရဲ့ အပုံတစ် ထောင်ပုံတစ်ပုံအ ရွယ် (နာနိုမီတာ ၃၀)ရအောင်ဖြတ်ပြီး ဆဲလ်တစ်ခုချင်းရဲ့အပြင်ဘက်အပိုင်းကိုသေချာ မြင်နိုင်အောင် ဆေးရည် ဖြင့်စိမ်ပြီး အီလက်ထရွန်မိုက်ကရိုစကုပ်ဖြင့် ကြည့်ပါတယ်။ အသေးစိတ်ကို လေ့လာ ကြည့်တဲ့ အခါမှာတော့ ပုံ (၂) မှာတွေ့မြင်ရတဲ့အတိုင်းတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အသက် (၅)နှစ်အောက်ကလေးတွေမှာနပ်ဆဲလ်များ ဆက် သွယ်မှုအားကောင်းပုံတို့ကို မြင်သာအောင် ပုံ (၃)ဖြင့်ဖော်ပြထားပါတယ်။

မိတ်ဆွေများသားသမီးများဦးနှောက်ဖွံ့ဖြိုးအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...