
ဒီနေ့ကလေးတွေမှာကြံ့ခိုင်တဲ့စိတ်ရှိအောင်
ဘယ်လိုတည်ဆောက်ပေးမလဲဆိုတာကို Food For Thought 726 အဖြစ်မျှဝေလိုက်ပါတယ်။
ကြံ့ခိုင်တဲ့စိတ်ထားကိုအလွယ်မှတ်နိုင်အောင် 7Cs လို့အတိုကောက်ဖော်ပြထားပါ
တယ်။ အသေးစိတ်ကိုတော့ အောက်ဘက်ရှင်းလင်းချက်မှာပါပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးများတွင်ကြံ့ခိုင်မှုရှိအောင်တည်ဆောက်ပေးနိုင်တဲ့လက်တွေ့ကျတဲ့နည်းလမ်း (ရ) သွယ်
ကလေးအထူးကုဆရာဝန်ကြီးဖြစ်သူ
Kenneth Ginsberg ဟာကလေးတွေမှာ ကြံံ့ခိုင်မှုတည်ဆောက်ပေးမှုကို
အထူးပြုလေ့လာထားသူဖြစ်ပါတယ်။ ကလေးတွေကို
လောကအကြောင်းအတွေ့အကြုံများကိုပြည့်ဝစွာထိတွေ့ ခံစားနိုင်စေဖို့၊
နာကျင်မှုများနှင့်အတူပျော်ရွှင်မှုများကိုထိတွေ့ခံစားနိုင်ဖို့ဆိုရင်
ကလေးတွေမှာကြံ့ခိုင်မှုရှိရန် လိုအပ်ပါတယ်။ ဒေါက်တာ Kenneth Ginsberg
ကကလေးတွေမှာကြံ့ခိုင်မှုရှိအောင်လေ့ကျင့်ပေးတဲ့အခါမှာ C (ရ) လုံးပါတဲ့
ပုံစံကိုဖော် ထုတ်ခဲ့ပါတယ်။ အဲဒီပုံစံမှာ
ကလေးများကိုကြံ့ခိုင်သူများဖြစ်အောင် လက်တွေ့ကျကျ လေ့ကျင့်
ပျိုးထောင်ပေးနိုင်ရန် မိဘဆရာများ၊ရပ်ရွာလူမှုအဖွဲ့အစည်းမှလူများအနေဖြင့်
သုံးနိုင်ပါတယ်။
၁။ C1=Competence (ကျွမ်းကျင်လိမ္မာမှု၊ လုပ်ရည်ကိုင်ရည်ကောင်းမှု)
ကျွမ်းကျင်လိမ္မာမှုဆိုတာ
တွေ့လာတဲ့အခြေအနေများကို ထိရောက်စွာကိုင်တွယ်လုပ်ဆောင်နိုင်စွမ်းရည်ဖြစ်ပါ
တယ်။ “ငါကလုပ်ဆောင်နိုင်တယ်”ဆိုတဲ့စိတ်ခံစားမှုဖြစ်ပါတယ်။ ကလေးများမှာ
လိုအပ်တဲ့ကျွမ်းကျင်မှုများ တိုးတက်လာအောင် လေ့ကျင့်ပေးရင်
သူတို့စိတ်မှာကြုံလာတဲ့အခြေအနေနဲ့ပတ်သက်လို့ အကဲဖြတ်မှုပြုလုပ်တဲ့ အခါ၊
တာဝန်ရှိတဲ့ ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များပြုလုပ်တဲ့အခါ
မိမိကိုယ်မိမိယုံကြည်မှုရှိလာစေပါတယ်။ ကလေးများအနေဖြင့် ကောင်းစွာ
လုပ်ဆောင်နေမှုကို အလေးထားအသိ အမှတ်ပြုတဲ့အခါနှင့် သူတို့မှာ လိုအပ်တဲ့
ကျွမ်းကျင်မှုများတိုးတက်စေရန်အခွင့် အလမ်းများဖန်တီးပေးတဲ့အခါ
ကလေးတို့စိတ်မှာ မိမိကိုယ်မိမိယုံ ကြည်ပြီး
ကျွမ်းကျင်လိမ္မာတယ်လို့ခံစားတဲ့စိတ်ဖြစ်လာစေပါတယ်။ကလေးကအသစ်အဆန်းတစ်ခုခုကိုပြုလုပ်
လိုတဲ့အခါ လုပ်ခွင့်မပေးခြင်း၊ ဟန့်တားခြင်းများပြုလုပ်တဲ့အခါ ကလေးတွေ
မှာ ဖြစ်လာမဲ့တတ်သိလိမ္မာမှု ကိုအလေး မထားရာရောက်ပါတယ်။ ကလေးတွေဟာ
အသစ်အဆန်းတွေကို ပြုလုပ်ရန် စိတ်ဝင်စား ကြပါတယ်။ သူတို့အတွက်
ဘေးအန္တာရာယ်များစွာမဖြစ်နိုင်ဘူးဆို ရင် လုပ်ခွင့်ပေးခြင်းဖြင့်
လုပ်ရင်ကိုင်ရင်းမှားလုပ်ဆောင်မိမှု များမှ သူတို့ကိုယ်တိုင် မှန်အောင်
ဘယ်လို လုပ်ဆောင်ရကြောင်း၊ လဲ ကျနေရာမှ ဘယ်လိုပြန်ထယူရကြောင်း
သိနားလည်လာစေပါ တယ်။ သစ်ဆန်းတာကို လုပ်နိုင်တဲ့ ကျွမ်းကျင်လိမ္မာမှု
တိုးတက် စေပါတယ်။ လဲကျနေရာမှ
ပြန်ထနိုင်ခြင်းကလည်းကြံ့ခိုင်မှုပင်ဖြစ်ပါတယ်။
မိဘလူကြီးများအနေဖြင့် ဘယ်လိုကူညီပေးနိုင်ပါသလဲ။
•
ကလေးများအနေဖြင့် သူတို့မှာရှိတဲ့အားကောင်းမှုကိုအလေးထားလျက်
ပိုအားကောင်းအောင်တည် ဆောက်နိုင်ရန် တိုက်တွန်းအားပေးပါ။ ကလေးများအနေဖြင့်
ကြံ့ခိုင်လာတဲ့အခြေအနေတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းတဲ့အခါ သူတို့ကောင်းစွာ
လုပ်ဆောင်လိုက်ပြီး၊ စွမ်းဆောင်နိုင်တာက သူတို့ကိုဖြစ်စေ၊ အခြားလူတွေကို
ဖြစ်စေ ဘယ်လို ကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်နိုင်တာကို
မြင်အောင်ကြည့်ပြီး အဲဒီလုပ်ဆောင်ချက်ကို အသိအမှတ်ပြုပြောပါ။ ဥပမာ
“သမီးကအိမ်ကိုသန့်ရှင်းနေအောင် တံပျက်စည်း လှည်းထားတာ ပြောင်စင် နေတာပဲ။
ကြည့် ရတာစိတ်ချမ်းသာလိုက်တာ။ မေမေအတွက် သက်သာမှုကို
လည်းအများကြီးဖြစ်စေပါတယ်။ ဒါကြောင့်သေသေသပ်သပ်လုပ်ဖို့ဆိုရင် မေမေက
ဘယ်သူကို အား ကိုးနိုင်တယ်ဆိုတာသိသွားပြီး။ ကျေးဇူးတင် ပါတယ်” လို့
အသိအမှတ်ပြုပေးပါ။
• ဘေးကင်းတဲ့အမှားတွေကလေးတွေကို
လုပ်ခွင့်ပေးပါ။ ဒါမှ အမှားကနေအမှန် ပြန်ရောက်အောင် သူတို့ကိုယ်တိုင်
ပြန်လုပ်ဆောင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ တစ်ခုခု လုပ်တဲ့အခါ
ယိမ်းယိုင်တာ မျိုးမရှိအောင် တားဆီးကာကွယ်မှုများမပြုလုပ်ပါနဲ့။
အဲဒီလိုဆိုရင် ကလေးတွေအနေနဲ့အမှားဆိုတာ ကြုံရတဲ့သဘောရှိကြောင်း၊
အမှားကနေအမှန် ရောက်အောင် ပြန်လုပ်ဖို့ လိုအပ်ကြောင်းသိလာ မှာဖြစ် ပါတယ်။
•
အရှည်အဝေးပြောဆိုနေခြင်းဟာ ကလေးငယ်များအတွက်နားလည်ရန်အလွန်ရှုပ်ထွေးပြီး
ဆယ်ကျော် သက်များအတွက်ဆိုရင်နားထောင်နေရတာစိတ်ဖိစီးမှုများစွာဖြစ်စေပါတယ်။
အဲဒီလိုရှည်ရှည်ဝေးဝေး ပြောနေမဲ့ အစား လုပ်ရမဲ့လုပ်ငန်းကို
လုပ်ငန်းငယ်လေးများဖြစ်အောင် ခွဲလိုက်ပါ။ ဒါမှ မိဘက ဆိုလို တာကိုကလေးက
ကောင်းစွာနားလည်လာမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်လိုက်လို့ရလာတဲ့ သင်ခန်း
စာကို ကိုယ်ပိုင်သင်ယူ လိုက်တဲ့သင်ခန်းစာအဖြစ်စွဲမှတ်သွားစေပါတယ်။
၂။ C2 = Confidence မိမိကိုယ်မိမိယုံကြည်မှု
မိမိကိုယ်မိမိယုံကြည်မှုဆိုတာ
မိမိမှာရှိတဲ့စွမ်းရည်များအပေါ်ယုံကြည်တဲ့စိတ်ဖြစ်ပါတယ်။ သားသမီးတွက
သိပ်ထူးခြားတာပဲ၊ သိပ်တန်ဖိုးရှိတာပဲလို့ ပြောနေတာလောက်ဖြင့်
ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုတွေက တိုးတက်လာမှာမဟုတ်ပါ။ ကလေးတွေဆိုတာ
လက်တွေ့လုပ်ငန်းမှာ သူတို့ ဘယ် လောက်လုပ် ဆောင် နိုင် ကြောင်း
လက်တွေ့ပြသရင်းသာမိမိစွမ်းဆောင်နိုင်မှုတွေအပေါ် ယုံကြည်မှုတွေဖြစ်လာတာ
ဖြစ်ပါတယ်။ အဲဒီလိုကျွမ်းကျင်လိမ္မာမှုတွေတိုးတက်လာအောင် ကလေးတွေကိုမိဘတွေက
ကူညီထောက်ပံ့တဲ့အခါ ကလေး တွေဟာ လုပ်ငန်းအသစ်တွေ၊ စိန်ခေါ်တဲ့လုပ်ငန်း
တွေကို လုပ်ကိုင်ရဲလာပါတယ်။ အဲဒီလို လုပ်ငန်းအသစ်တွေ၊ စိန်ခေါ်တဲ့လုပ်ငန်း
တွေကို လုပ်ကိုင်ရင်း မိဘကလည်းအားပေးအသိအမှတ်ပြုတဲ့အခါ မိမိကိုယ်မိမိ ယုံ
ကြည်မှုကလေးတွေမှာတိုးတက်လာပါတယ်။ ဒီလိုနဲ့ ကလေးတွေဟာ မှန်ကန်
ကောင်းမွန်တဲ့ရွေးချယ်မှုတွေကို ပြုလုပ်နိုင်လာပါတော့တယ်။
မိဘတွေအနေဖြင့် ကလေးတွေကို ဘယ်ကူညီနိုင်ပါသလဲ။
•
ကလေးတို့ရဲ့စွမ်းဆောင်နိုင်မှုများကိုသာအလေးထားတာအပြင်
လူတစ်ယောက်ချင်းမှာရှိသင့်တဲ့အ ရည် အသွေးများဖြစ်တဲ့ မျှတမှု၊
ဂုဏ်သိက္ခာရှိမှု၊ ဇွဲထက်သန်စွာလုပ်ဆောင်တတ်မှု၊ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံ
တတ်မှုစတဲ့အရည်အသွေးတွေတိုးတက်လာရေးကို လည်းတိုက်တွန်းအားပေးပါ။
•
ကလေးတွေကိုရိုးသားစွာချီးကျူးအသိအမှတ်ပြုပါ။ချီးကျူးရာမှာ တိတိကျကျပြောဆို
ချီးကျူးပါ။ “သားက ပန်းချီဆွဲတာသိပ်တော်တာပဲ” လို့
ဝေေ၀ဝါးဝါးချီးကျူးတာမျိုုးမဟုတ်ပါ။ “သားကအဲဒီပန်းချီ ကားမှာ
သုံးထားတဲ့အရောင်တွေကိုဖေဖေသဘောကျတယ်။ အနီရောင်တောက်တောက်လေးနဲ့အပြာ ရောင်
ချယ်ထား တဲ့ငှက်လေးကို ကြည့်လိုက်ပါ။ သိပ်လှတာပဲ” လို့တိတိတကျကျ
ပြောဆိုချီးကျူးရင် ဘာ ကကောင်းတယ် ဆိုတာကိုပါ ကလေးကသိခွင့်ရစေတဲ့အတွက်
နောက်ပိုင်းတွင် ကလေးအပေါ်ပို အားကောင်းတဲ့လွှမ်းမိုး
သက်ရောက်မှုများရှိလာတာကိုတွေ့ရမှာဖြစ်ပါတယ်။
•
ကလေးတွေကိုသူတို့စွမ်းဆောင်အောင်နိုင်တာထက် အနည်းငယ်ပို စိန်ခေါ်ပြီး
သူတို့အားထုတ်ရင်
အောင်မြင်နိုင်တဲ့ဦးတည်မျှော်မှန်းချက်ပန်းတိုင်ထားခိုင်းပါ။
သူတို့စွမ်းရည်ကိုသုံးရင် အောင်မြင်ပြီး အောင်
မြင်မှုအမြင့်မားဆုံးရစေနိုင်တဲ့ စိန်ခေါ်မှုရှိတဲ့ လုပ်ငန်းမျိုး
လုပ်ဆောင်လာအောင် တိုက်တွန်းအားပေးပါ။
၃။ C3= Connection = ဆက်သွယ်မှုရှိနေခြင်း
ကလေးတစ်ယောက်ရဲ့ဘဝမှာအကာအကွယ်အပေးဆုံးအင်အားမှာ
အချိန်မရွေးအခြေအနေမရွေး မိဘကချစ်
ခင်ခြင်းကြောင်းသိနားလည်နေခြင်းပင်ဖြစ်ပါတယ်။ကလေးမှာရှိနေတဲ့အပြုသဘောဆောင်တဲ့စိတ်ခံစားမှုများနှင့်
အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုများကိုကလေးသိအောင် ပြောပြခြင်း၊
ကလေးနားလည်အောင် ပြောပြခြင်း၊ လိုအပ်တဲ့အသိအမှတ်ပြုခြင်းတို့ကို
ပြုလုပ်ပေးရင် ကလေးတွေဟာ မိဘကသူတို့ကိုနားလည်ကြောင်း၊ ချစ်ခင်
တန်ဖိုးထားကြောင်း သိနားလည်လာမှာဖြစ်ပါတယ်။
အဲဒီလိုစိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာဘေးကင်းတယ်လို့ ခံစားမှုကြောင့်
သူတို့မှာရှိတဲ့ခံစားမှုများကိုပွင့်လင်းစွာ ထုတ်ပြောရဲတဲ့အခြေ
အနေဖြစ်လာပြီး မိဘနှင့် သားသမီး ဖြစ်နေတဲ့စိတ်ခံစားမှုဆိုင်ရာပြဿနာများ
အတွက် ဝိုင်းအဖြေရှာနိုင်လာစေပါတယ်။ လူမှုရေးနှင့်ယဉ်ကျးမှု
အသင်းအဖွဲ့များ၊ ပညာရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊
အားကစားအသင်းအဖွဲ့ များ၊ ၊ ဆိုက တီးမှုတ်ဆိုင်ရာ အသင်းအဖွဲ့များစသဖြင့်
လူမှုရေးအသင်းအဖွဲ့များနှင့် ထိတွေ့ဆက်သွယ်မှုများရှိလာတဲ့အခါ
ကလေးတွေအနေဖြင့် ပတ်ဝန်းကျင် လော
ကနှင့်ဆက်သွယ်မှုရှိနေတဲ့ခံစားမှုရှိစေပြီး ကမ္ဘာလောကထဲမှာ ဘေးကင်းစွာ
နေထိုင်လာနိုင်စေပါတယ်။
မိဘများအနေဖြင့် ဘယ်လိုကူညီနိုင်ပါသလဲ။
•
ကလေးတွေမှာရှိတဲ့စိတ်လှုပ်ရှားခံစားမှုများကို
ပွင့်လင်းစွာထုတ်ပြောလာစေရန် တိုက်တွန်းအားပေးနား ထောင်ပါ။
မသက်မသာဖြစ်စေတဲ့စိတ်လှုပ်ရှားခံစားမှုများကို ဖိနှိပ်ချုပ်ချယ်ထားရန်
ကလေးတွေကို အားမ ပေးပါနဲ့။ မိနှိပ်ချုပ်ချယ်ထားစေရန်
တွန်းအားပေးတဲ့အခြေအနေတွေကိုမဖန်တီးပါနဲ့။
•
တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေပြေဆက်ဆံနိုင်မှုက အရေးကြီးတဲ့အတွက် အချင်းချင်း
ဆက်ဆံ တဲ့အခါ ဖြစ်လာတတ်တဲ့ပဋိပက္ခတွေကိုတိုက်ရိုက်ပြောပြီးဖြေရှင်းပါ။
ဖြစ်နေတဲ့ပြဋိပက္ခတွေကိုပြဿနာ အဖြစ် ဆက်လက်ကြီးထွားနေခွင့်
ပေးတာမျိုးမဟုတ်ဘဲ ဖြေရှင်းသွားနိုင်တဲ့နည်းလမ်းရှာပြီး ပြေလည် အောင်
ပြုလုပ်ပါ။
• ကလေးများကိုအခြားလူများနှင့်
ရင်းနှီးတဲ့အပြန်အလှန်ဆက်သွယ်မှုရှိအောင် ပြောဆိုနေထိုင်ရန် တိုက်
တွန်းအားပေးပါ။ မိဘများအနေဖြင့် ပတ်ဝန်းကျင်မှလူများနှင့်
ကောင်းမွန်တဲ့အပြန်အလှန်ဆက်ဆံ ရေးရှိအောင် နေထိုင်ပြောဆိုတဲ့နမူနာကို
ပြပေးပါ။
၄။ C4= Character =အကျင့် စာရိတ္တကောင်းခြင်း
အကျင့်စာရိတ္တကောင်းမှုနဲ့ပတ်သက်လို့မိသားစုတိုင်းမှာသူတို့ယူဆချက်စိတ်ကူးများရှိတတ်ကြပါတယ်။
ဘယ်လို အယူအဆစိတ်ကူးတွေပင်ရှိသည်ဖြစ်စေ ကလေးတွေအနေဖြင့် အခြေခံအားဖြင့်
ကောင်းတာနဲ့ ဆိုးတာကို ခွဲခြားသိရန် လိုအပ်ပါတယ်။ သူတို့အနေဖြင့်
လိုအပ်တဲ့ကျွမ်းကျင်မှုတွေဖွံ့ဖြိုးတိုး တက်လာလျက် လူမှုအသိုင်း အဝိုင်း၊
လူ့လောကကိုအကျိုးပြုသူများဖြစ်လာပြီး တည်ငြိမ်တဲ့လူကြီးတွေဖြစ်လာရန်
လိုအပ်ပါတယ်။ အဲဒီလို ဖြစ် လာအောင် လေ့ကျင့် ပေးတာ
အကျင့်စာရိတ္တပိုင်းကောင်းအောင်လေ့ကျင့် ပေးတာဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်
ပေးထားရင် ကလေးများအနေဖြင့် သူတို့လေးစားတဲ့တန်ဖိုးထားမှုတွေကို အခြခံပြီး
အခြားလူတွေ အပေါ် ထောက်ထားစာနာဂရုစိုက်လေးစားတဲ့စိတ်နေ သဘောထားများကို
ထားလာနိုင်စေပါတယ်။
မိဘများအနေဖြင့် ဘယ်လိုကူညီနိုင်ပါသလဲ။
•
ကလေးတို့ရဲ့အပြုအမူအကောင်း၊ အဆိုးနှစ်မျိုးလုံးက
ပတ်ဝန်းကျင်မှာရှိသူတွေအပေါ်အကျိုးသက် ရောက်မှုဖြစ်စေကြောင်း
ကလေးများနားလည်အောင် ပြောပြပါ။
• ကလေးများအနေဖြင့်
ဘယ်လိုပြုမူမယ်လို့ ရွေးချယ်တဲ့အခါ မှန်သလား၊မှားသလားဆိုတာကိုအ
ရင်စဉ်းစားရန် လိုအပ်ကြောင်း
အဲဒီလိုစဉ်းစားပြီးလုပ်တဲ့အလေ့အကျင့်ကိုပြုလုပ်ရန် တိုက်တွန်းအား ပေးပါ။
လတ်တလောကျေနပ်မှုရတာထက်ကျော်လွန်ပြီးစဉ်းစားတတ်အောင်၊ သို့မဟုတ် တစ်ကိုယ်
ကောင်းဆန်တဲ့စိတ် ဆန္ဒတွေကိုကျော်လွန်စဉ်းစားတတ်အောင်၊ မြင်တတ်အောင်
လေ့ကျင့် ပေးပါ။
• သင့်အနေဖြင့်
ဆုံးဖြတ်ချက်များချတဲ့အခါ (သို့မဟုတ်)
လုပ်ငန်းများကိုရွေးချယ်လုပ်ဆောင်တဲ့အခါ အခြားလူတွေရဲ့ လိုအပ်ချက်တွေက
ဘာတွေရှိတယ်ဆိုတာကိုဘယ်လိုထည့်သွင်းစဉ်းစားကြောင်း ကလေးတွေ
သိမြင်နားလည်အောင် ပြောပြပါ။
• ကလေးများအနေဖြင့် သူတို့တန်ဖိုးထားမှုများနှင့်ဖော်ထုတ်ပြောပြနိုင်စေရန် ကလေးများနှင့်အတူတူ အလုပ်လုပ်ပါ။
•
မိဘများအနေဖြင့် ကလေးတွေအတွက် စံနမူနာပြသူတွေဖြစ်ပါစေ။ ပြောလည်းပြော၊
ပြလည်းပြပါ။ သင်တို့ရဲ့ လုပ်ဆောင်ချက်များက သင်တို့ပြောတဲ့စကားတွေထက်
ကလေးတွေစိတ်မှာ ပိုစွဲမှတ် အကျိုး သက်ရောက်မှုဖြစ်စေပါတယ်။
၅။ C5= Contribution =အကျိုးပြုနိုင်မှု
ကလေးတွေအနေဖြင့်
ကမ္ဘာလောကမှာသူတို့ပါဝင်လာတဲ့အတွက် ကမ္ဘာလောကက ပိုကောင်မွန်တဲ့နေရာတစ်ခု
ဖြစ်လာတယ်ဆိုတာသဘောပေါက်ရင် အဲဒီလိုသဘောပေါက်မှုကအလွန်အင်အားကောင်းပါတယ်။
သူတို့အနေ ဖြင့် သူတို့နိုင်တဲ့အကျိုးပြုမှုတွေဖြင့် လောကကို
ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်နိုင်တယ်လို့သိနား လည်လာပြီးလောကကို
ပိုကောင်းအောင်ဆက်လက်လုပ်ချင်စိတ်တွေ ဖြစ်လာစေပါတယ်။ အများအတွက်
ကောင်းအောင်အကျိုးပြုနိုင်တယ်ဆိုတဲ့စိတ်ခံစားမှုမှာ
ကောင်းတဲ့စိတ်ခံစားမှုဖြစ်ပါတယ်။ အဲဒီလို အကျိုးပြုတဲ့ လုပ်ငန်း
လုပ်ဆောင်နိုင်ရန် တာဝန်ယူမှုနဲ့
တက်တက်ကြွကြွလုပ်ဆောင်နိုင်မှုကိုအခြေခံရပါတယ်။ သနားစရာ
ကောင်းတယ်ဆိုတဲ့စိတ်မျိုးနဲ့အကျိုးပြုတာမဟုတ်ပါဘူး။ အဲဒီလိုသဘော
ပေါက်နားလည်လာတဲ့အခါ ကလေးတွေအနေဖြင့်အများအကျိုုးရှိအောင် တာဝန်သိသိဖြင့်
လုပ်ဆောင်နိုင်လာစေသလို၊ သူတို့မှာ အကူအညီ လိုအပ်နေတဲ့အခါမှာလည်း
ရှက်နေတဲ့စိတ်မရှိတော့ဘဲ အကူအညီတောင်း ခံရယူနိုင်လာစေပါတယ်။ အခြား
လူတွေကအကူအညီ တောင်းခံလာတဲ့အခါ လည်း ပေးနိုင်တဲ့အကူအညီကို
ရက်ရောစွာပေးဆောင်လာ စေပါတယ်။ ဥပမာ အားဖြင့်
လမ်းဖြတ်ကူးတဲ့ကလေးတွေဘေးကင်းအောင် ကားကိုခဏရပ်ပြီး လမ်ဖြတ် ကူးရာမှာ
အကူအညီပေးတဲ့ကားမောင်းသူကို ကလေးတွေက သူတို့ဆွဲတတ်တဲ့ပန်းချီကားဖြင့်
အသိအမှတ်ပြုတဲ့ ပန်းချီးကားလေးတွေရေးပေးရင် ကားဆရာက
ဝမ်းသာကြည်နူးမှုဖြစ်စကြောင်း၊ ကားဆရာဝမ်းသာတဲ့အတွက် သူတို့မိသားစုအတွက်
ပိုကောင်းစေကြောင်း၊ နောက်ပိုင်းကားမောင်းတဲ့အခါ ကလေးတွေကိုဘေးကင်းအောင်ပို
ဂရုစိုက်စေကြောင်း စသဖြင့် ကောင်းတဲ့အကျိုးဆက်တွေများစွာဖြစ်စေကြောင်း
ကလေးတေသိနားလည်အောင် ပြောပြသင့်ပါတယ်။
မိဘများအနေဖြင့် ဘယ်လိုကူညီနိုင်ပါသလဲ။
•
ကလေးတို့အသက်အရွယ်နဲ့ လိုက်တဲ့စကားဖြင့်
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများစုမှာ ငွေကြေး၊ လွတ် လပ်မှုနဲ့လုံခြုံမှုများ
များများမရှိကြကြောင်း ကလေးနားလည်အောင် ပြောပြပါ။
• အခြားလူတွေအဆင်ပြေသက်သာအောင်ကူညီပေးနိုင်မှုဟာအရေးကြီးတဲ့ လူ့တန်ဖိုးဖြစ်ကြောင်း ပြော ပြပါ။
• သင့်အချိန်၊ အင်အား နှင့် ရင်းမြစ်များကိုသုံးပြီးရက်ရောစွာပေးကမ်းခြင်းများဖြင့် နမူနာကောင်းကိုပြပါ။
•
ကလေးများအနေဖြင့် သူတို့စွမ်းအားဖြင့်
အများအကျိုးပြုနိုင်တဲ့အခွင့်လမ်းများရရှိလာအောင် ဖန်တီးပေး ပါ။ ဥပမာ
လုပ်အားပေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခြင်း၊ ရပ်ရွာသန့်ရှင်းရေး
လုပ်ငန်းတွင်ပါဝင်
လုပ်ဆောင်ခြင်း၊ပတ်ဝန်းကျင်တွင်သစ်ပင်လေးများ၊ပန်းပင်လေးများအလှစိုက်ခြင်း၊
၆။ C6= Coping = အံဝင်အောင်နေနိုင်မှု၊ နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်မှု
ဖိစီးမှုများကိုနိုင်နိုင်နင်းနင်းထိထိရောက်ရောက်
ကိုင်တွယ်လုပ်ဆောင်နိုင်တဲ့ကလေးတွေဟာ သူတို့ဘဝမှာတွေ့
ကြုံလာတဲ့အခက်အခဲတွေ၊စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ရန်ပိုအဆင်သင့်
ဖြစ်ကြပါတယ်။ အသေး အဖွားအားနည်းမှုများနှင့်
ဘေးကျပ်နံကျပ်ဖြစ်မှုတွေကိုခွဲခြမ်းသိနိုင်တဲ့ ကလေးတွေဟာ
မလိုလားအပ်တဲ့စိတ်ပူ ပင် သောကရောက်ရမှုများကို ရှောင်ရှားနိုင် စေပါတယ်။
အဲဒီကလေးတွေအနေဖြင့် ဖြစ်လာတဲ့အခက်အ ခဲပြဿနာများကို အပြုသဘောဆောင်ပြီး
လိုက်လျောညီစွာကိုင်တွယ် နိုင်တဲ့နည်းလမ်းများကိုသုံးနိုင်ရင်
ဖြစ်လာတဲ့စိတ်ဖိစီးမှုများကိုပြုပြင် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ဘေးကျင်နံကျပ်ထဲကျရောက်နေတဲ့ အချိန် မျိုးမှာ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ပင်ပန်းမှုသက်သာအောင်
နည်းလမ်းများပြုလုပ်ခြင်း၊ အိပ်စက်အနားယူခြင်း နှင့်
ကောင်းစွာအစာကိုစားသောက်ခြင်းစတဲ့နည်းဗျူဟာများကိုသုံးပြီး
ရင်ဆိုင်နိုင်လာစေ ပါတယ်။
မိဘများအနေဖြင့် ဘယ်လိုကူညီနိုင်ပါသလဲ။
• ကလေးအနေဖြင့် လက်ရှိဖြစ်နေတဲ့စိတ်ခံစားမှုနဲ့ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့အခြေအနေနှစ်ရပ်မ တူ တာကိုကလေးတွေနားလည်အောင်ရှင်းပြပါ။
•
ပြဿနာဖြေရှင်းတဲ့အဆင့်လိုက် လုပ်ဆောင်နည်းကိုနမူနာပြပေးပါ။
အလုပ်တွေများနေတဲ့အချိန်မျိုးမှာ စိတ်လိုက်မာန်ပါ
တုံ့ပြန်တာမျိုးမပြုလုပ်မိစေရန် သတိထားပါ။
•
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အစားအသောက်ကို
အာဟာရဖြစ်အောင်စားခြင်း၊ လုံလောက်တဲ့အိပ်စက်အနားယူချိန်ရအောင် အိပ်ခြင်း၊
သက်သာမှုရရှိစေတဲ့နည်းတွေကို ကျင့်သုံးခြင်း ဖြင့် မိမိကိုယ်မိမိသက်သာအောင်
ဂရုစိုက်ရန်အရေးကြီးကြောင်း ပြောပြပါ။
ရ။ C7= Control = ထိန်းချုပ်နိုင်မှု
ကလေးတွေရဲ့
ဆုံးဖြတ်ချက်များဟာသူတို့ဘဝကို
တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိတဲ့အခါမှာ၊ သူတို့ဟာ
ထိန်းချုပ်နိုင်စွမ်းရှိလာတယ်လို့သတ်မှတ်ပါတယ်။ စိန်ခေါ်မှုတွေ့တွေ့တဲ့အခါ
လဲကျသွားပေမဲ့ ပြန်ထနိုင်အောင် ဘာတွေလုပ်ရကြောင်းသူတို့သိပါတယ်။ မိဘတွေကသာ
ဆုံးဖြတ်ချက်များအားလုံးကို ကလေးတွေအတွက် ပြုလုပ်ပေးနေရင် ကလေးတွေအနေဖြင့်
သူတို့မှာ ဖြစ်နေတာတွေက သူတို့ ကိုယ်တိုင်ရွေးချယ်မှုကြောင့်
ဖြစ်နေခြင်းမဟုတ်ကြောင်း နားလည်သွားစေပါတယ်။
သူတို့မှာဖြစ်နေတာကိုသူတို့ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ အခါ သူတို့လုပ်
ဆောင်ချက် မှာအရေးမပါဘူး လို့နားလည်သွားစေပါတယ်။ အဲဒီလိုကလေးတွေဟာ မတက်
ကြွတော့ပါဘူး။ သူတို့က ဘာကိုမှမထိန်းချုပ်နိုင်ဘူးလို့ နားလည်လာစေပါတယ်။
ဒါပေမဲ့ ကြံံ့ခိုင်အားကောင်းတဲ့ ကလေးတွေဟာသူတို့ကိုယ်တိုင်
ထိန်းချုပ်နိုင်စွမ်းရှိ တယ်လို့ မြင်လာပါတယ်။ သူတိ့ုက မတူခြားနားအောင်
ပြုလုပ်နိုင်စွမ်းရှိတယ်လို့ သိမြင်နားလည်လာပါတယ်။
မိဘများက ဘယ်လိုကူညီနိုင်ပါသလဲ။
•
ကလေးတွေအနေဖြင့် သူတို့ရဲ့
အောင်မြင်မှုအငယ်လေးတွေကိုသိမှတ်လာအောင်အားပေးပြောပြပါ။ ဒါမှသာ သူတို့ဟာ
အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ ခံစားလာရမှာဖြစ်ပါတယ်။
• ကလေးအနေဖြင့် တာဝန်ယူလုပ်ဆောင်မှုတွေကို အသိအမှတ်ပြုရင်း ပိုလွတ်လပ်မှုကိုလည်းပေးပါ။
• စည်းကမ်းဆိုတာ ကလေးတွေသိသင့်တာတွေကိုသိအောင်သင်ပေးတာဖြစ်ပါတယ်။ အပြစ်ပေးခြင်း၊ ထိန်း ချုပ်ခြင်းမဟုတ်ကြောင်းသတိရပါ။
မိတ်ဆွေများ
Resilience ဆိုတဲ့စကားလုံးမှာပါတဲ့အက္ခရာတစ်ခုချင်းက
ဆိုလိုတဲ့အဓိပ္ပါယ်ကိုလည်း လိုအပ်သလို အသုံးပြုနိုင်စေရန်
အောက်ဘက်မှာဖော်ပြလိုက်ပါတယ်။
R = Remember to respect yourself (မိမိကိုယ်မိမိလေးစားဖို့မမေ့ပါနှင့်)
E = Encourage to ask for help (အကူအညီလိုရင် တောင်းခံဖို့ အားပေးပါ)
S = Sleep when you are tired (ပင်ပန်းနေရင်အနားယူးအိပ်စက်ပါ)
I = Inside you is where it starts (စတဲ့နေရာဟ သင့်အတွင်းစိတ်မှာဖြစ်ပါတယ်။
L = Learn to identify and attend your needs (မိမိလိုအပ်ချက်ကိုသိအောင်လုပ်ပြီးဖြည့်ပါ)
I = I can do it (ငါလုပ်နိုင်တယ်)
E = Empowering yourself is a key (မိမိကိုယ်မိမိ စွမ်းအားဖြည့်ခြင်းကအခရာပါ)
N = No is a powerful word (ဟင့်အင်းဆိုတာ စွမ်းအားကောင်းတဲ့စကားလုံးပါ)
C = Core values are where resilience is forged (ပင်မတန်ဖိုးတွေအားလုံးဟာ ကြံ့ခိုင်မှုမှာ လာစုစည်းကြပါတယ်။
E = Enjoy life, you only get one (ရလာတဲ့ဘဝကို ပျော်ရွှင်စွာခံစားပါ)
မိတ်ဆွေများကလေးများတွင် ကြံ့ခိုင်တဲ့စိတ်အားကောင်းအောင် လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကလေးများတွင်ကြံ့ခိုင်မှုရှိအောင်တည်ဆောက်ပေးနိုင်တဲ့လက်တွေ့ကျတဲ့နည်းလမ်း (ရ) သွယ် Food For Thought 726 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment