ကလေးကိုဆုံးမရာတွင် မှားယွင်းနေသောအချက်များ
ဒီနေ့ ” ကလေးကိုဆုံးမရာတွင် မှားယွင်းနေသောအချက်များ” အကြောင်းကို Food for Thought 729 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးတစ်ယောက်ကို
ပြုစုစောင့်ရှောက်ရတာမလွယ်သလို ကလေးကိုဆုံးမဖို့ကြိုးစားရတာလည်း မလွယ်ပါ
ဘူး။ ကလေးတစ်ယောက်အပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ဆုံးမပေးတဲ့သူ
တော်ရင်တော်သလို ကလေးကလည်း တော်တဲ့ကလေး၊
လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ကလေးကိုထိန်းကျောင်းတဲ့သူတွေကိုယ်တိုင် ကိုယ်က မတော်ရင်တော့
လူဆိုးကလေးတွေပဲ ဖြစ်လာမှာပါ။ အဲဒါကြောင့် ကလေးက အနာဂတ်အတွက်
အရေးကြီးပါတယ်။ အဲလိုပါပဲ ကလေးကိုဆုံးမပေးမယ့်၊
ထိန်းကျောင်းပေးမယ့်လူကြီးကလည်း အခရာပါပဲ။ ကလေးကို ဆုံးမပေးတဲ့နေရာမှာ
မှားယွင်းနေတဲ့အချက်လေးတွေကို သိစေချင်တဲ့စိတ်လေးနဲ့ ဒီဆောင်းပါးလေး ကို
ဖော်ပြပေးလိုက်ရပါတယ်။
၁)စိတ်မရှည်ခြင်း၊အော်ငေါက်ခြင်း
ကလေးဆိုတဲ့အတိုင်း
မသိတာတွေအများကြီးရှိမှာပါ၊ မတတ်သေးတာလည်းအများကြီးရှိမှာပါ။ တစ်ချို့သော
လူကြီးတွေက လူကြီးချင်း စိတ်အခန့်မသင့်တဲ့အချိန်မျိုးမှာဖြစ်ဖြစ်၊
တစ်ခုခုစိတ်အနှောင့်အယှက် ဖြစ်နေ ချိန်ဖြစ်ဖြစ်၊ ကလေးကို စိတ်မရှည်တာမျိုး၊
ကလေးကိုမဲတာမျိုးတွေလုပ်တတ်ကြပါတယ်။ အဲလိုမျိုး ကလေးကို တခုခုကြောင့်
စိတ်ထိခိုက်စေခြင်းက ကလေးက သူ့ကိုယ်သူယုံကြည်မှုမရှိတော့တာမျိုး၊
အချိန်ပြည့် လူကြီးကို ကြောက်လန့်နေတာမျိုးဖြစ်နေတတ်ပါတယ်။
အဲလိုအခြေအနေမျိုးကို တစ်ချို့သောလူကြီးတွေက ကလေးက လူကြီးကိုကြောက်တာသည်
ဂုဏ်ယူစရာကိစ္စတစ်ခုလို ပြောဆိုနေတာမျိုးတွေ့ဖူးပါတယ်။ တကယ်တော့ အဲဒါက
မှားယွင်းပါတယ်။ အမြဲတစေ ကြောက်လန့်နေတဲ့ကလေးက ဘယ်နေရာမှာမှ
ထူးချွန်တဲ့ကလေးတစ်ယောက်
မဖြစ်လာနိုင်ပါဘူး။ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုနောက်ကျစေနိုင်ပါတယ်။
ကြောက်စိတ်ကြောင့် အစစအရာရာ
တုံံ့ဆိုင်းနေပြီးအကောင်းဆုံးဖွံ့ဖြိုးဖို့ဖြစ်လာရန်အလွန်ခက်ခဲသွားပါတော့တယ်။
၂)တခုခုဆိုမရှင်းပြဘဲတားမြစ်ခြင်း
တစ်ချို့သော
လူကြီးတွေရှိပါတယ်။ ကလေးက တခုခုလုပ်တယ်ဆိုရင် မလုပ်နဲ့…..လို့သာ
တားမြစ်တတ်ပါတယ်။ အဲလိုတားမြစ်တဲ့အခါ ဘာကြောင့်မလုပ်သင့်တယ်ဆိုတာတော့
မရှင်းပြတတ်ပါဘူး။မရှင်းပြတဲ့အ တွက် ကလေးက
ဘာကြောင့်မလုပ်ခိုင်းတာလဲဆိုတာကို မသိပါဘူး။ အဲဒါကြောင့်
သူစိတ်ဝင်စားတဲ့အရာကို မိဘ လစ်တာနဲ့ထပ်လုပ်ချင်စိတ်နဲ့လုပ်တတ်ကြပါတယ်။
ဥပမာ၊ ရေနွေးကို ကိုင်ချင်တယ်ဆိုရင် “အဲဒါကို မကိုင် ရဘူးနော်၊
ပူလိမ့်မယ်သားရဲ့။ သားလက်ပူသွားရင် သားလက်မှာအနာကြီးဖြစ်လာတတ်တယ်။
အဲဒါကြောင့် မကိုင်ခိုင်းတာနော်” အဲလိုမျိုးရှင်းပြသင့်ပါတယ်။
ထိုကဲ့သို့ရှင်းပြခြင်းအားဖြင့် ကလေးက ဘာကြောင့် အမေ
မကိုင်ခိုင်းရတာလဲဆိုတဲ့အကြောင်းရင်းကို နားလည်သွားပြီး
နောက်ထပ်မိဘမမြင်ကွယ်ရာမှာလည်း ကိုင်ဖို့ မကြိုးစားတော့ပါဘူး။
(ကလေးချင်းကတော့ မတူညီနိုင်တဲ့အတွက် စိတ်ရှည်စွာရှင်းပြတတ်ဖို့လိုပါတယ်။
သင်ရှင်းပြတာကကလေးနားလည်လွယ်လောက်တဲ့စကားမျိုးဖြစ်ဖို့အရေးကြီးပါတယ်နော်)
၃)ရိုင်းပြတဲ့စကားလုံးမျိုးနဲ့ဆူပူအော်ဟစ်ခြင်း
တစ်ချို့မိဘတွေက
ကလေးကို ဆူပူရုံတင်မက အော်ဟစ်ပြီး လက်လွတ်စပယ်ဆဲဆိုတတ်ကြပါသေးတယ်။ အဲဒါက
လုံးဝမှားယွင်းပါတယ်။ ကလေးတွေက မိဘမရှိတဲ့အခါမျိူးဖြစ်ဖြစ်၊
ကလေးချင်းဆော့ကစားရာ မှာပဲ ဖြစ်ဖြစ် ကြားဖူးနားဝရှိနေကျဖြစ်တဲ့
ထိုစကားမျိုးကို ကလေးက ဒေါသထွက်ရာမှာ ပြန်လည်အသုံးချပြီးပြော ဆိုတတ်ပါတယ်။
အဲဒါကို အကောင်းထင်သွားတတ်ပါတယ်။ မကောင်းတဲ့စကားလုံးမျိုးကို ကြားရဖန်များ
တာထက် မိဘကိုယ်တိုင်က သားသမီးကို ထိုစကားမျိုးပြောနေတဲ့အတွက် ကလေးစိတ်ထဲမှာ
ကောင်းတယ်လို့ ထင်မြင်သွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ဆုံးမတဲ့နေရာမှာ
မလုပ်ရဘူး….လို့ အမိန့်ဆန်ဆန်
တားမြစ်ပြီးဒေါသအလျောက်အော်ဟစ်ဆဲဆိုတာမျိုးကလုံးဝမလုပ်သင့်ပါဘူး။
၄)အလိုလိုက်ချင်တဲ့နေရာတိုင်းမှာအလိုလိုက်တတ်ပြီး၊ဘာမဟုတ်တာလေးတွေကျမှအကြီးအကျယ်ဆူပူတတ် ခြင်း
တစ်ချို့မိဘတွေကျတော့
ဆုံးမသင့်တဲ့နေရာမျိုးမှာ မဆုံးမပါဘူး။ သူတို့ရဲ့စိတ်ခံစားမှုအလိုက်
ကလေးအပေါ် ပြုမူတတ်တာမျိုးပါ။ ဥပမာ။ မိဘက စိတ်ပျော်နေတယ်ဆိုပါတော့။ ကလေးက
တားမြစ်သင့်တာတွေကို လုပ်နေရင်တောင် “ နောက်မလုပ်နဲ့နော်….”
ဆိုတာမျိုးနဲ့တင်ပြီးသွားတာမျိုးပါ။ အပြင်းအထန်တား မြစ်ရမယ့်
ကိစ္စမျိုးဆိုရင် တားမြစ်ရမှာပါပဲ။ ဒါပေမယ့် အဲလိုမဟုတ်ဘဲ
သူတို့စိတ်ပျော်ရွှင်နေတဲ့အချိန်မို့ ဘာမှအလေးထား မဆုံးမတော့ဘဲ
နေလိုက်တတ်ပါတယ်။ ဒါပေမယ့် မိဘဖြစ်သူရဲ့စိတ်က အနှောင့်အယှက် တစ်ခုခု
ဖြစ်နေတဲ့ အချိန်မျိုးမှာ ကလေးက စာအုပ်တွေမှာ ပုံတွေလိုက်ဆွဲတယ်ဆိုပါတော့
“အဲဒီ့စာအုပ်မှာပုံမဆွဲရဘူးလို့ မှာထား တယ်မလား။ ဘာလို့ လိုက်ဆွဲနေတာလဲ”
ဆိုပြီး အော်ဟစ်ကာ ပြင်းထန်စွာ အပြစ်ပေးတော့တာပါပဲ။ ထိုကဲ့သို့
အပြုအမူမျိုးက မှားယွင်းနေပါတယ်။ ကိုယ်စိတ်ပျော်ရွှင်နေလဲ ကလေးကို
တားမြစ်သင့်တာဆုံးမ သင့်တာ ဆုံးမရမှာဖြစ်သလို၊
ကိုယ့်စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်မျိုးမှာလည်း ကလေးကိုဆုံးမစရာကြုံ
လာတဲ့ အခါကလေးကိုမဲပြီးအပြစ်တင်တာမျိုးကလုံးဝမလုပ်သင့်ပါဘူး။
၅)မိမိသတ်မှတ်ပေးထားသောစည်းကမ်းကိုမိမိကိုယ်တိုင်ဖျက်ခြင်း
တစ်ချို့မိဘတွေက
သကြားလုံး၊ ဂျယ်လီမစားရဘူး…စသည်ဖြင့် သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့မိဘ
ကိုယ်တိုင်က ကလေးအတွက် သကြားလုံး၊ဂျယ်လီစား ဖို့ဝယ်လာပေးတာမျိုးလုပ်တာက
မှားယွင်းပါတယ်။ ကိုယ်တိုင်ကလေးကိုသတ်မှတ်ပေးထားတဲ့ စည်းကမ်းဆိုရင်
ကိုယ်တိုင်ကပါ မဖောက်ဖျက်ရမယ့်အပြင် ကလေး
ကိုဖောက်ဖျက်ဖို့တိုက်တွန်းတတ်သူတွေ(ဥပမာ။အဖိုးအဖွားဦးလေးအဒေါ်စသည်ဖြင့်ပါ)ကိုပါတားမြစ်ရမှာပါ။
၆)ဆုံးမချိန်မရွေးချယ်တတ်ခြင်း
တစ်ချို့မိဘတွေက
ကလေးကို လူတွေကြားထဲ၊ ကလေးရဲ့အပေါင်းအသင်းကြားထဲမှာ ဆူပူတာမျိုး လုပ်တတ်
ကြပါတယ်။ အဲဒါက ကလေးအတွက် အရှက်ရစရာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးကို
ချက်ချင်းဆူပူ စရာမလိုတဲ့ကိစ္စမျိုးမှာ
ကလေးနဲ့နှစ်ကိုယ်ကြားဆုံးမပေးတာမျိုး၊ ဒါမှမဟုတ် “သား….ခဏလာခဲ့ပါအုံး”
ဆိုပြီး ကွယ်ရာမှာ ဆုံးမတာမျိုးလုပ်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ လူရှေ့မရှောင်၊
သူရှေ့မရှောင် ဆူပူခြင်းဟာ ကလေးက သင်ဆုံးမတာကို နားဝင်မှာမဟုတ်ဘဲ၊
ရှက်ရွံ့ခြင်းနဲ့အတူ အရွဲ့ပြန်တိုက်တာမျိုးပါ ဖြစ်လာနိုင်ပါ တယ်။
မိတ်ဆွေများ -အထက်ပါအချက်လေးတွေကို မိဘတွေကိုယ်တိုင်လိုက်နာကြည့်ပြီး မိမိတို့ရဲ့သားသမီးတွေကို နည်းလမ်း တကျဆုံးမနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment