
ဒီနေ့
မြတ်စွာဘုရားလမ်းညွှန်ပြခဲ့တဲ့ “ရတနာထိုက်တဲ့စကား (၄)ခွန်း” အကြောင်းကို
မိတ်ဆွေများ လိုက်နာစေရန် Food for Thought 732 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ရတနာထိုက်တဲ့စကား (၄)ခွန်း
၁။ မြင့်သူတွေကြားမှာနိမ့်အောင်နေပါ။
၂။ နိမ့်သူတွေကြားမှာမြင့်အောင်နေပါ။
၃။ မနေသူတွေကြားမှာ နေနိုင်အောင်နေပါ။
၄။ ပျော်မွေ့နေသူတွေကြားမှာ ပျော်မနေပါနဲ့။
၁။ မြင့်သူတွေကြားမှာနိမ့်အောင်နေပါ။
မြင့်သူတွေဆိုတာ
မာန်မာနတွေထောင်လွှားပြီးဘဝင်မြင့်နေသူတွေကိုဆိုလိုတာဖြစ်ပါတယ်။ သူများထက်
သာလွန်နေလို့လည်းမာန်မာနတက်တတ်သလို၊ သူများထက်နိမ့်ကျနေပြီးလည်း
ကိုယ်ထမင်းကိုယ်စားနေတာ ဘယ်သူကို
ကြောက်နေရမှာလည်းဆိုပြီးမာန်မာနတက်ကြပါတယ်။
မာန်မာန
ဘာကြောင့်တက်ကြပါသလဲဆိုရင်အသိဥာဏ်နည်းနေတဲ့အတွက်ဖြစ်ပါတယ်။
အဆံမအောင်တဲ့စပါးနှံ က အထက်သို့ထောင်မတ်နေတဲ့သဘောဖြစ်ပါတယ်။
အဆန်အောင်တဲ့စပါးနှံကတော့ ဘေးဘက်ကို ကိုင်းနေ တတ်ပါတယ်။ ကိုယ်ကို
ညွတ်ထားတဲ့သဘောဖြစ်ပါတယ်။
နောက်ဥပမာတစ်ခုမှာဖားတစ်ကောင်ဟာဆောင့်ကြောင့်ထိုင်နိုင်တတ်တာနဲ့မိမိကိုယ်မိမိ
ခြင်္သေ့လိုထင်နေပြီး ဘဝင် မြင်နေတာနဲ့တူပါတယ်။ ခဏအကြာမှာ
ကျီးလာထိုးသွားတော့မှ ပီညပ်ပီညပ်လို အော်ပြီးပါသွားသလို မျိုးဖြစ် နေပါတယ်။
အသိဥာဏ်နည်းရတဲ့အကြောင်းရင်းကတော့မိမိခန္ဓာရဲ့အနိစ္စ၊
ဒုက္ခ၊ အနတ္တ သဘောကိုမသိနားမလည်တဲ့အတွက် ဖြစ်ပါတယ်။ အဲဒီလိုအနိစ္စ၊ ဒုက္ခ၊
အနတ္တသဘောရှိတဲ့ခန္ဓာကြီးရှိနေပါလျက် ငါက သူများတွေထက်သာတယ်လို့
မာန်မာနတက်နေခြင်းမှာ အလွန်မိုက်မဲရာကျရာမှအပအခြားဘာမှမဖြစ်နိုင်ပါ။
မာန်မာန ထောင်လွှားခြင်းက မျက်မှောက်ကာလမှာ သူများမုန်းတီးမှုကိုဖြစ်စေပြီး တမလွန်ဘဝတွေမှာလည်း မကောင်းတဲ့အကျိုးကိုသာပေးတတ်ပါတယ်။
ဒါကြောင့်
အသိဥာဏ်နည်းပြီးမိမိခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကိုနားမလည်တဲ့အတွက်
မာန်မာနထောင် လွှား နေသူတွေကြားမှာ မာန်မာန မထောင်လွှားဘဲနေထိုင်ခြင်းမှာ
ကောင်းမြတ်တဲ့နေထိုင်နည်း ဖြစ်ကြောင်း မြတ်ဗုဒ္ဓလမ်းပြတဲ့စကားမှာ
ရတနာထိုက်တဲ့စကား ဖြစ်ပါတယ်။
၂။ နိမ့်သူတွေကြားမှာမြင့်အောင်နေပါ။
နိမ့်နေသူတွေဆိုတာ
အကျင့်သီလနိမ့်ကျနေသူတွေ၊
စိတ်ဓာတ်ပိုင်းနိမ့်ကျနေသူများကိုရည်ညွှန်းပါတယ်။ ကိုယ်ကျင့်သီလနိမ့်ကျပြီး
စိတ်ဓာတ်ပိုင်း အားနည်းနေသူတွေကြားမှာ ကိုယ်ကျင့် သီကအားကောင်းသူ၊
စိတ်ဓာတ်အားကောင်းသူများအဖြစ်အားထုတ်နေရန် မြတ်ဗုဒ္ဓကလမ်းပြခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ
အကျင့်သီလနိမ့်ကျနေသူတွေ၊
စိတ်ဓာတ်ပိုင်းနိမ့်ကျနေသူများကိုကြည့်ပြီးအများမိုးခါးရေ သောက်သလို
မိမိကလည်း မိုးခါးရေလိုက်သောက်နေတတ်ကြပါတယ်။ အဲဒီလိုနေထိုင်ခြင်းက သူများ
အကျင့် သီလနိမ့်ကျနေသူတွေ၊
စိတ်ဓာတ်ပိုင်းနိမ့်ကျနေမှုကိုအကြောင်းပြုပြီးမိမိမှာလည်း
အကျင့်သီလနိမ့်ကျမှု၊ စိတ် ဓာတ်ပိုင်းနိမ့်ကျမှုမျိုးဖြစ်နေပါတယ်။ အမှန်မှာ
သူများသီလပျက်မှု၊ စိတ်ထားမကောင်းမှုကိုကြည့်ပြီး မိမိမှာ အကျင့်သီလ
ကောင်းပြီးစိတ်ထားကောင်အောင် သတိဖြင့် မိမိကိုယ်မိမိ
စောင့်ထိန်းနေထိုင်ဖို့သာဖြစ်သင့်ပါ တယ်။
မြင်တွေ့နေရတဲ့ပတ်တန်းကျင်ဆိုးနေတာတွေကိုအကြောင်းပြုပြီး
မိမိကိုယ်တိုင်သီလမြဲအောင်၊စိတ်ထားကောင်း အောင်ကျင့်
ကြံနေထိုင်မှုကိုသာဖြစ်စေရန်မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့တာကလည်းရတန်ထိုက်တဲ့စကားဖြစ်ပါတယ်။
၃။ မနေသူတွေကြားမှာ နေနိုင်အောင်နေပါ။
လောကမှာ
လူအများက သတိလက်လွတ်နေတဲ့အလေ့အကျင့်ပါနေကြပါတယ်။ သူတော်ကောင်းတရားကို
လက်လွတ်နေကြပါတယ်။ သက်ရှိတွေအားလုံးအပေါ်မှာမေတ္တာဖြင့် နေတဲ့စိတ်၊
မေတ္တာထားတဲ့သတိတွေ ကင်းပြီးနေနေတတ်ကြပါတယ်။ အဲဒီလိုသတိကင်းကွာပြီး
မေတ္တာအားနည်းနေတဲ့သူတွေကြားမှာ သတိတရား
လက်ကိုင်ထားပြီးမေတ္တာတရားနှင့်အညီနေနိုင်အောင် ကျင့်
ကြံအားထုတ်ရန်မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်။ နှလုံးသွင်းမမှန်ကန်မှုက
အမြစ်တွယ်နေတဲ့လူတွေကြားမှာမေတ္တာတရားရှင်သန်အောင် သတိတရားဖြင့်နေ
ထိုင်ရန်အရေးကြီးလှကြောင်းလမ်းညွှန်ချက်မှာလည်း ရတနာထိုက်တဲ့စကားဖြစ်ပါတယ်။
၄။ ပျော်မွေ့နေသူတွေကြားမှာ ပျော်မနေပါနဲ့။
လောကမှာ လူအများက အာရုံတွေအမျိုးမျိုးနောက်သို့ လိုက်ပြီးပျော်နေကြပါ
တယ်။
ကောင်းတယ်ထင်ရင် ကြိုက်နေပြီး ရအောင် ပြုလုပ်ကြပါတယ်။
ကောင်းတယ်ထင်နေတာတွေထဲမှ ကြိုက်တာကိုကြိုက်သ လောက် ရှာဖွေသုံးနေတတ်ကြပါတယ်။
ရရင် သိမ်းဆည်းထားပါတယ်။ တွယ်တာမက်မောနေတတ်ကြပြန်ပါတယ်။ မ ကောင်းဘူးထင်ရန်
မုန်းတီးနေတတ်ကြပြန်ပါတယ်။ မလိုဒေါသ လိုလောဘနှင့် ဘဝမျိုးစုံမှာ
ကကြိုးစုံကနေကြ ပါတယ်။
အဲဒီလို အာရုံတွေနောက်
လိုက်ပြီး လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် အမျိုးမျိုးဖြစ်နေရတာကတော့
မိမိတို့ရဲ့ ခန္ဓာ ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို နာမလည်တဲ့အတွက်
ဖြစ်ပါတယ်။ ခန္ဓသဘောကိုနားလည်အောင် သတိ ဖြင့် နေရမဲ့အစား သတိလက်လွတ်ပြီး
နေနေကြတဲ့အတွက်ဖြစ်ပါတယ်။
ကာမဂုဏ်တွေကြောင့်
ဖြစ်တဲ့ချမ်းသာဟာကြောက်ထိုက်တဲ့ချမ်းသာဖြစ်တယ်။ မစင်နဲ့တူတဲ့ချမ်းသာဖြစ်
တယ်။ မပွားသင့်တဲ့ချမ်းသာဖြစ်ပါတယ် လို့မြတ်ဗုဒ္ဓ က
လမ်းညွှန်မှာကြားခဲ့ပါတယ်။
ဒါကြောင့်
ရတနာထိုက်တဲ့စကား (၄)ခွန်းကို လိုက်နာရန် တိုက်တွန်းရင်း
မမေ့အပ်တဲ့မြတ်ဗုဒ္ဓအဆုံးအမကို မင်းကွန်ဆရာတော်ဘုရာကြီး
ရေးခဲ့တဲ့သံဝေဂလင်္ကာ"တရားလက်မလွတ်ကြလေနဲ့ဆိုတဲ့လင်္ကာလေးဖြင့်
အဆုံးသတ်တင်ပြလိုက်ပါတယ်။
"မင်းကွန်းဆရာတော်ကြီး၏ သံဝေဂလင်္ကာ
ရုပ်နာမ်ဓမ္မ သင်္ခါရတို့
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တဖုံဆင်ကွဲ သူတနဲဖြင့်
ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ သေပိမ့်ငါဟု
သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင်
တစက်ကမျှ မရှိကြဘူး။
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ်ကြစေနှင့်။
(ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ)
မိတ်ဆွေများ မမေ့အပ်တဲ့ ဗုဒ္ဓသြဝါဒရတနာထိုက်တဲ့စကားတို့နှင့်အညီ ကျင့်ကြံပွားများနေနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ရတနာထိုက်တဲ့စကား (၄)ခွန်း Food for Thought 732 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment