Monday, February 24, 2025

ဒေါသကို ကိုင်တွယ်ဖြေရှင်းရန် ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက် ၈ ချက် Food for Thought 745 ဒေါက်တာသိန်းလွင်

No photo description available. 

 

 

ဒီနေ့” ဒေါသကို ကိုင်တွယ်ဖြေရှင်းရန် ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက် ၈ ချက်” အကြောင်းကို Food for Thought 745 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ဒေါသကို ကိုင်တွယ်ဖြေရှင်းရန် ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက် ၈ ချက်

ကျွန်ုပ်တို့သည် ဒေါသကို ဖော်ထုတ်ပြသရမည်ဟု ယနေ့ခေတ်တွင် လမ်းညွှန်ထားကြပါသည်။ သို့သော် ဗုဒ္ဓမြတ် စွာက ထိုသို့မဟောကြားပါ။ ဒေါသအလျှောက် ပြုမူခြင်းဖြင့် နောင်တွင် အလွယ်တကူ ဒေါသထွက်မိလာပြီး ထိုသံသရာသည် မဆုံးနိုင်တော့ပါ။ ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့ကို တိတ်တိတ်နေရန် သို့မဟုတ် ကျွန်ုပ်တို့ စိတ်ခံ စားချက်များ အလွန်အကျွံ ဖော်ထုတ်ရန်လည်း မဟောကြားပါ။ သို့သော် ယင်းတို့ကို ဆန်းစစ်လေ့လာပြီး မှားယွင်း သော အတွေးအခေါ်ကို နားလည်သဘောပေါက်လာစေရန် အကြံပြုထားပါသည်။
မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတို့အကြောင်း ဗုဒ္ဓဘာသာဝင်တို့က အလွန်ပြောကြသော်လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားကဲ့သို့ ဆရာတော်ကြီးများက မကြာခဏ ဒေါသထွက်သည်ကို ဝန်ခံသောအခါ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်များ ရှိပါဦးမည်လား။ ဒေါသထွက်ခြင်းမှာ လုံးဝပုံမှန် ဖြစ်သည်ဟု သိပ္ပံပညာက ဆိုပါသည်။ စိတ်ပညာရှင်များက ကျွန်ုပ်တို့ဒေါသကို ထုတ်ဖော်လိုက်ရန် အကြံပြုထားပြန်သည်။ ဘာသာတရား အချို့ကတွင် သင့်တော်သော ဒေါသထွက်မှုပင် ရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓဘာသာမှာမူ ဒေါသသည် ဘယ်တော့မှ အကျိုး မပြုကြောင်း ရှင်းပြထားပါသည်။
၈ ရာစုနှစ်က ဗုဒ္ဓဘာသာ ပညာရှင် ရှန်တီဒေဝက ဒေါသဟူသည် ကျွန်ုပ်တို့ ကြိုးစားဖန်တီးထားသော ကောင်း ခြင်းများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် အစွန်းအရောက်ဆုံး အပျက်သဘော အားတစ်ခု ဖြစ်သည်ဟု ဖော်ပြပါသည်။ ထိုအချက်ကို စဉ်းစားကြည့်ပါ။ ခဏတာ ဒေါသ ထွက်ခြင်းနှင့် သေနတ်တစ်လက် ရှိခြင်းတို့ ပေါင်းစပ်သောအခါ လွတ်လပ်မှုရှိနေသူ တစ်ယောက်၏ ဘဝကို တစ်သက်တစ်ကျွန်း ထောင်နန်းစံသွား ရသည် အထိ လုံးဝပြောင်းလဲပစ်နိုင်ပါသည်။ ပိုပြီး အတွေ့များသည့် နမူနာတစ်ခုမှာ ဆယ်စုနှစ်ပေါင်းများစွာ တည် ဆောက်ခဲ့သော ပေါင်းသင်းဆက်ဆံရေးနှင့် ယုံကြည်မှုကို ဒေါသက ဖျက်စီးပုံ ဖြစ်ပါသည်။ အဆုံးစွန် အားဖြင့် ဒေါသဟူသည် ကမ္ဘာကြီး၏ ဗုံးများ၊ လက် နက်များ၊ ဓားများ အားလုံးထက်ပို၍ပင် အန္တရာယ် များပါ သည်။

ဒေါသဟူသည် စိတ်၏ ပျော်ရွှင်မှု အခြေအနေ မဟုတ်ကြောင်း ကျွန်ုပ်တို့ သိထားသော်လည်း ထိုအတွက် ဘာဆောင်ရွက်နိုင်မည်နည်း။ ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့၏ စိတ်ကို ပြုပြင်ပြောင်းလဲပေးမည့် ရိုးရှင်းသော နည်းလမ်းများစွာ ပေးထားပါသည်။ သတိပြုရန်မှာ တန်ခိုးမှော်အစွမ်းတော့ မဟုတ်ပါ။ ဒေါသနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဆိုင်ရာ လမ်းညွှန်ချက် ၈ ချက်မှာအောက်ပါတို့ဖြစ်ပါသည်။

၁။ ဘဝသံသရာ၏နှစ်လိုဖွယ်မကောင်းခြင်း

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ဗုဒ္ဓ၏ တရားဉီးတွင် ဘဝ၏ နှစ်လိုဖွယ်မကောင်းခြင်းကို အတိအလင်း ဟော ကြားပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့ဘဝသည် ဘယ်တော့မှ စိတ်ကျေနပ်ဖွယ် ကောင်းမည်မဟုတ်ပါ။

ကျွန်ုပ်တို့ မွေးဖွားလာပြီး သေဆုံးကြရသည်။ ကြားကာလတွင် ဝမ်းသာသောအချိန်နှင့် ဝမ်းနည်းသောအချိန်များ ရှိသည်။ မည်သို့မျှ မခံစားရသော အချိန်များလည်း ရှိချင်ရှိပါမည်။ ဤသည်မှာ ဗုဒ္ဓဘာသာက ‘‘သံသရာ’’ ဟုခေါ်သည့် အဆုံးမသတ်နိုင်သော စက်ဝန်းဖြစ်ပါသည်။ ဤလောကသို့ ရောက်လာသူတိုင်း ဘဝသည် ပျော်စရာ ကောင်းပြီး အဆက်မပြတ် ပျော်ရွှင်နေကြောင်း၊ လိုချင်သည့်အရာအားလုံး အမြဲရနေကြောင်း မပြော ကြပါ။ သံသရာတွင် ကျွန်ုပ်တို့၏ အခြေအနေကို နားလည်လာသောအခါ အခြားသူများကိုလည်း နားလည် လာစေ ပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့အားလုံး တူညီပါသည်။ အခြေအနေများ၊ အခြားသူများ သို့မဟုတ် မိမိကိုယ်ကို ဒေါသ ထွက်ခြင်းသည် ဘာကိုမျှ အကျိုးမရှိပါ။ အခြားသူများက ကျွန်ုပ်တို့ မနှစ်သက်တာကို ပြောဆို လုပ်ကိုင်နိုင် ပါသည်။ သူတို့ဘဝသည်လည်း အဆင်ပြေသည်မဟုတ်ပါ။

ဤသို့ တွေးလိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ရှုမြင်မှုကို အခြေခံကျကျ ပြောင်းလဲလိုက်ပါသည်။ ကျွန်ုပ်တို့ အားလုံး သည် ကျွန်ုပ်တို့စကြဝဠာ၏ ဗဟိုချက် ဖြစ်နေလျှင်ပင် အရာအားလုံး ကျွန်ုပ်တို့ ဖြစ်ချင်သလို အတိအကျ ဖြစ်ရမည်ဟု တပ်အပ် မပြောနိုင်ပါ။

၂။ သည်းခံခြင်းဖြင့် တည်ငြိမ်သူဖြစ်ကြောင်းပြပါ။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ယင်းတို့၏ ဆန့်ကျင်ဘက်ဖြင့် ကျော်လွှားလျှင် အကောင်းဆုံး ဖြစ်ပါသည်။ မီးကိုမီးနှင့်တိုက်လျှင် မရပါ။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့၏ စိတ်သည် ဆန့်ကျင်ဘက် စိတ်ခံစားချက် နှစ်မျိုးကို တစ်ပြိုင်နက် ဆုပ်ကိုင်၍ မရသည့်အတွက် ဖြစ်ပါသည်။

တစ်စုံတစ်ယောက်ကို အော် ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုသူကို သည်းခံနိုင်မည် မဟုတ်ပါ။ ထိုသို့ပြုလုပ်လျှင် အဆင်မပြေပါ။ သည်းခံခြင်းသည် အခြားသူများကို မိမိအား နင်းခြေခွင့်ပေးပြီး သူတို့လိုချင်တာ ပေးလိုက်ခြင်းကဲ့သို့ အားနည်း သည့် လက္ခဏာဟု အတော်များများက ထင်ကြပါသည်။ သို့သော် အမှန်တရားက များစွာခြားနားပါသည်။ ကျွန်ုပ် တို့ စိတ်အနှောင့် အယှက် ဖြစ်သောအခါ အော်ငေါက်ပစ်ရန် အလွန်လွယ်ကူပါသည်။ ထို့ပြင် စိတ်တည် ငြိမ်ပြီး ကျွန်ုပ်တို့ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် မည်မျှ ခက်ခဲပါသနည်း။ ကိုယ့်စိတ်ခံစားချက်အတိုင်းလုပ် လိုက် ခြင်းသည် ကျွန်ုပ်တို့ကို သူရဲကောင်းများ မဖြစ်စေပါ။ အားနည်းစေပါသည်။ ထို့ကြောင့် နောက်တစ်ခါ သင်ဒေါသတကြီး အော်ဟစ်မိတော့မည်ဆိုလျှင် သည်းခံခြင်း လက်နက်ကို ဆွဲထုတ်ပြီး သင့်ကိုယ်ပိုင် ဒေါသကို သာ တိုက်ထုတ်ပစ်လိုက်ပါ။

မည်သို့ တိုက်ထုတ်ကြမလဲ။ ကျွန်ုပ်တို့ တင်းကျပ်နေသောအခါ နက်ရှိုင်းသော ဝင်လေထွက်လေ ရှူရှိုက်မှုကို ကြိုးစားကြည့်နိုင်ပါသည်။ ဤသည်မှာ ဒေါသထွက်ချိန်တွင် အသက် ပြင်းပြင်း၊ မြန်မြန် ရှူမိခြင်းအတွက် တိုက်ရိုက် ဖြေဆေး ဖြစ်သည်။ နောက်ပိုင်းတွင် နောင်တရစေမည့် အရာကို မပြောမိအောင် တစ်မှ ၁၀၀ အထိ ဖြေးဖြေးချင်း ရေတွက်နိုင်ပါသည်။ သို့မဟုတ် တဲ့တိုးရင်ဆိုင်နေရပါက အခြေအနေ ဆိုးရွားမသွားမီ ထိုအခြေ အနေမှ မိမိကိုယ်ကို ရှောင်ထွက်ချင်ရှောင်ထွက်ပါမည်။ အခြေအနေ တစ်ခုနှင့်တစ်ခု မတူညီသည့်အတွက် သင့်အတွက် အလုပ်အဖြစ်ဆုံး အရာကိုသိအောင်လေ့လာထားပြီး ဉာဏ်ရှိသလို အသုံးချရန် လိုပါသည်။

၃။ လက်တွေ့ကျပါ။ အခြေအနေကို လေ့လာဆန်းစစ်ပါ။

ကျွန်ုပ်တို့ ဒေါသထွက်သောအခါ ဒေါသမီးသည် အကာအကွယ်ပေးမည့်အရာ တစ်ခုကဲ့သို့ ရောက်လာပါသည်။ ဥပမာ ကျွန်ုပ်တို့ အကျိုးစီးပွားကို စောင့်ရှောက်သော မိတ်ဆွေကောင်းအဖြစ် တိုက်ပွဲတွင် ကူညီသူကဲ့သို့ ဖြစ်ပါသည်။ ဤသို့ အမြင်မှားမှုကြောင့် ကျွန်ုပ်တို့သည် ဒေါသထွက်ခြင်းမှာ မှန်ကန်သည်ဟု ထင်လာပါသည်။ သို့သော် သေချာလေ့လာပါက ဒေါသသည် မိတ်ဆွေမဟုတ်ဘဲ ရန်သူသာ ဖြစ်ပါသည်။

ဒေါသကြောင့် စိတ်ဖိစီးမှု၊ စိတ်ပျက်မှု၊ အိပ်ရေးပျက်မှုနှင့် အစားအသောက်ပျက်မှုတို့ ဖြစ်စေပါသည်။ တစ်စုံတစ်ယောက်ကို ဆက်လက်ဒေါသဖြစ်နေလျှင် အခြားသူများက ဖျောက်ဖျက်မရသည့် အထင်အမြင်တစ်ခု ဖြစ်သွားပါသည်။ ဒေါသကြီးသူအနီးတွင် မည်သူမျှ ဆက်၍လက်တွဲလိုမည် မဟုတ်သည့် အချက်ကိုတော့ သိထားကြရပါမည်။

တစ်ခုခု စွပ်စွဲခံရပြီး စိတ်ထဲတွင် ခုခံပြောဆိုချင်စိတ် ဖြစ်လာသောအခါ ခဏရပ်ပြီး အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်ပါသည်။ ထိုစွပ်စွဲချက် မှန်သလား၊ မှားသလား ဟူ၍ ရွေးစရာနှစ်ချက် ရှိပါသည်။ မှန်လျှင် ဘာကြောင့် ဒေါသထွက်နေမည်နည်း။ ရင့်ကျက်သော အရွယ်ရောက်ပြီးသူများအဖြစ် ကျွန်ုပ်တို့ ဝန်ခံပြီး ထိုမှနေ၍ သင်ယူကာ ဘဝကို ရှေ့ဆက်လျှောက်လှမ်း ရပါမည်။ မမှန်လျှင်ရော ဘာကြောင့် ဒေါသထွက်ဉီးမည်နည်း။ ထိုသူက အမှားကျူးလွန်ပါသည်။ ကျွန်ုပ်တို့ ဘဝတွင် အမှား မပြုလုပ်မိသူ မရှိဘူးဟု ထင်နေပါသလား။

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...