Monday, February 24, 2025

ဝင်လေထွက်လေရှု့မှတ်ခြင်းရဲ့ အကျိုး Food for Thought 755 ဒေါက်တာသိန်းလွင်

 May be an image of 1 person and practicing yoga

ဒီနေ့ “ဝင်လေထွက်လေရှု့မှတ်ခြင်းရဲ့ အကျိုး” ကို Food for Thought 755 အဖြစ်မျှဝေလိုက်ပါတယ်။


ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ဝင်လေထွက်လေရှု့မှတ်ခြင်းရဲ့ အကျိုး

လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) လောက်ကဖြစ်ရပ်လေးတစ်ခုကို ပြန်မှတ်မိနေပါသေးတယ်။ အဲဒီအချိန်က ရန်ကုန်မှာ ရှိတဲ့ရာမာခရစ်ရှာနာတရားခန်းမမှာ ဆရာကြီးဦးဂိုအင်ကာတရားဟောပြောပွဲရှိတဲ့အတွက် ဆရာကြီးရဲ့တရား စာအုပ် ဖတ်ဘူးတော့ ဆရာကြီးဟောတဲ့တရားပွဲကိုသွားရောက်တရားနာဖြစ်ပါတယ်။
တရားပွဲမှာ ဘာတွေဟောခဲ့သလဲဆိုတာ သေသေချာချာမမှတ်မိတော့ပါဘူး။ ဒါပေမဲ့ တရားဟောပြီးတဲ့အခါ တရားဓမ္မနဲ့ပတ်သက်လို့ မေးခွန်းတွေမေးခွင့်ပေးတဲ့အခါမှာ ကျွန်တော်က ဆရာကြီးဦးဂိုအင်ကာကိုမေးခဲ့တဲ့မေး ခွန်းနဲ့ ဆရာကြီးပြန်‌ဖြေခဲ့တာကိုမှတ်မိနေပါတယ်။

ကျွန်တော်မေးခဲ့တဲ့မေးခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဆရာကြီးခင်ဗျာ။ ထိုင်ပြီးဝင်လေထွက်လေကို ရှုမှတ်ပြီးအချိန် သုံးတာနဲ့ လမ်းဘေးမှာ ပစ်ထားတဲ့ခွေးသေကောင်ပုတ်က အနဲ့တွေထွက်နေတဲ့အတွက် ပတ် ဝန်းကျင်မှာ ခွေးသေကောင်ပုတ်အနံ့တွေထွက်နေတာကို အပုတ်နံ့တွေကင်းသွားအောင် မြေမှာခွေးသေ ကောင် ပုတ်ကိုတူမြှပ်လိုက်တဲ့လုပ်ရပ် ဘယ်လုပ်ရပ်က ပိုမြတ်ပါသလဲလို့မေးခဲ့ပါတယ်။

အဲဒီလိုမေးခဲ့စဥ်က ဝင်လေထွက်လေကိုရှုမှတ်ခြင်းက ဘာအကျိုးများတယ်ဆိုတာ အသိလည်း မရှိ။ လက်တွေ့ လည်း မလေ့ကျင့်ဘူးသေးတဲ့အချိန်ဖြစ်ပါတယ်။

မေးတဲ့မေးခွန်းကိုဆရာကြီးက အောက်ပါအတိုင်းပြန်ဖြေပါတယ်။

ပတ်ဝန်းကျင်မှာအပုတ်နံ့တွေထွက်နေတဲ့ခွေး သေ ကောင်ပုတ်ကို မြေမှာတူမြှပ်ပြီးပတ်ဝန်ကျင်ကိုအပုတ်နံ့ကင်းအောင် လုပ်တဲ့လုပ်ရပ်ကလည်းကောင်းမြတ် တဲ့အလုပ်ဖြစ်ပါတယ်။ ဝင်လေထွက်လေကို ရှုမှတ်တဲ့အလုပ်ကတော့ ဝင်လေထွက်လေက နှာသီးဖျားကိုတိုးထိ ပြီး ဝင်လိုက်ထွက်လိုက်ဖြစ်နေတာကို သတိဖြင့် စောင့် ကြည့်တဲ့အခါ ဖြစ်ပြီးပျက်နေတဲ့သဘောကို မြင်သိလာ ပါတယ်။ အပျက်ကိုမြင်တိုင်းမြင်တိုင်း ရုပ်နာမ်တွေကိုခိုင်မြဲတယ်လို့ ယူဆထားမှုကပျက်ပျယ်သွားစေပါတယ်။ ပြီးတော့ စိတ်ကို ညစ်န္မမ်စေတဲ့လောဘစိတ်၊ ‌ဒေါသစိတ်၊ တွေဝေနေတဲ့မောဟာစိတ်တွေမဝင် အောင်တားဆီး ထားပြီးဖြစ်စေပါတယ်။ ခွေးသေကောင်ပုတ်နံ့က ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမရှိအောင် မြေမှာတူး မြှပ် လိုက်သလို ဖြစ်ပါတယ်။ မိမိမှာ မကောင်းစိတ်တွေ ကင်းအောင် လေ့ကျင့်မှုဖြစ်ပါတယ်။

ဝင်လေထွက်လေကို စောင့်ကြည့်မှတ်နေတဲ့အခါ ဝင်လာတဲ့လေကနှာသီးဝကိုထိပြီး ပျက်သွားသလို သိလိုက်တဲ့ စိတ် ကလည်း ထိသိမှုတစ်ခုပြီးတစ်ခု ဖြစ်နေပါတယ်။ ရုပ်နာမ်တွေဟာတစ်ခုဖြစ်လိုက်တစ်ခုပျက်လိုက်နဲ့ ဖြစ် ပျက်နေတဲ့အစဥ်ကြီးပါလားလို့ နားလည်သ‌ဘောပေါက်လာစေပါတယ်။ရုပ်နာမ်သဘောကို ပိုနားလည် စေတဲ့ အတွက် “ငါ-သူ”ဆိုတဲ့အစွဲတွေမှကင်းလာစေပါတယ်။
အမှားစွဲတွေကင်းလာပြီးအမှန်ကိုသိမြင်စေပါတယ်။ ဝင်လေထွက်လေကို ဖြစ်တိုင်းမပြတ်အောင် ရှုမှတ်နေရင် ဖြစ်ပျက်သဘော၊ မမြဲတဲ့သဘော၊ ဖြစ်ပျက်အစဥ်ကြောင့် ဆင်းရဲတဲ့ဒုက္ခသဘော၊ ကိုယ်မပိုင် တဲ့သဘောအနိတ္တ သဘောတို့ကို နားလည်လာစေပါတယ်။ လို့ ဆရာကြီးက ကျွန်တော်မေးတဲ့မေးခွန်းကို‌ဖြေခဲ့ပါတယ်။

အဲဒီအဖြေကို နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ ဦးဂိုအင်ကာတရားစခမ်းနဲ့မိုးကုတ်တရားစခမ်းတွေမှာဝင်ပြီး တရားနာခြင်း၊ ကိုယ်တိုင်တရားအားထုတ်ခြင်းအလုပ်ကို လုပ်တဲ့အခါမှာတော့ ဆရာကြီးဦးဂိုအင်ကာ‌ဖြေလိုက် တဲ့ သဘောကို ကိုယ်တိုင်လက်တွေ့လေ့ကျင့်ရင်းနားလည်လာခဲ့ပါတယ်။ ဥပမာအားဖြင့်မိုးကုတ်တရားစခမ်းမှာ တရားဝင်စဥ်က မိုးကုတ်ဆရာတော်ကြီးဟောခဲ့တဲ့တရာခွေမှ အောက်ပါတရားကို ပိုအလေးအနက်သဘော ပေါက် စေ ပါတယ်။

ဝင်လေထွက်လေလေးကို ရှု့မှတ်နေရင်းဒိဋ္ဌိသုံးမျိုး လုံးကွာနေပါတယ်။ဒိဋ္ဌိကိုအထူးခွာနေစရာမလိုတော့ပါဘူး။

ဒိဋ္ဌိခွာပြီး ရှု့နေတဲ့ဝိပဿနာဟာအားကြီးတဲ့ ဝိပဿ နာဖြစ်ပြီးနိဗ္ဗာန်ထိ ပို့ဆောင်ပါတယ်။

ဝင်လေထွက်လေရှု့ရင်း ဒိဋ္ဌိ ဘယ်လိုခွာသလည်း ၊ဘယ်လိုကွာနေသလည်းမေးခဲ့သည်ရှိသော်… ဝင်လာတဲ့လေ ကလေးသည်နှာသီးဖျားကိုတိုးထိပြီးပျက်သွားပါတယ်။ပြန်ထွက်သွားတဲ့လေကလေးလည်းနှာသီးဖျားကိုတိုး ထိ ပြီးပျက်သွားပါတယ်ထိုကဲ့သို့အပျက်ကိုမြင်တိုင်းမြင်တိုင်းရုပ်နာမ်တွေကို ခိုင်တယ်မြဲတယ်လို့ယူထားတဲ့ သဿ တဒိဋ္ဌိစင်ပါတယ်။

ဝင်လေထွက်လေ နဲ့နှာခေါင်းကရုပ် သိနေတဲ့စိတ်ကလေးကနာမ်ရုပ်နာမ် ပဲလို့သိရင်။ရုပ်နာမ်အပေါ်မှာ ငါ သူတစ် ပါးယောကျ်ားမိန်းမ ပုဂ္ဂိုလ်သတ္တဝါလို့ယူထားတဲ့သက္ကာယဒိဋ္ဌိ စင်ပါတယ်။

ဝင်လေလေးဟာ ဝင်လာပြီးပျက်သွားပေမဲ့ထွက်လေကလေးက အစားထိုးပြီး ဖြစ်လာတာကိုသိရင် အပြတ် ယူ တဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း စင်ပါတယ်။

ရုပ်နာမ်တွေဟာ တစ်ခုဖြစ်လိုက် တစ်ခုပျက်လိုက်တစ်ခုအစားထိုးလိုက်နဲ့ဓမ္မအစဉ်တွေတန်းနေတာပါလား၊ရုပ် နာမ်အကြောင်းအကျိုးတွေအစဉ်တန်းနေတာပါလား လို့အကြောင်းအကျိုးအပေါ် ဉာဏ်ရှင်းပြန်တော့ဝီစိကိစ္ဆာ စင်ပါတယ်။

ဒါကြောင့် ဝင်လေထွက်လေရှု့မှတ်ခြင်းရဲ့အကျိုးကျေးဇူးများလှပါတယ်။တရားထိုင်တဲ့အခါ။ဘာရှု့ရမှန်းမသိဘူး လို့ မငြီးပါနဲ့အမေမွေးကထဲက သေတဲ့အထိမိမိနဲ့အတူရှိနေတဲ့ ဝင်လေထွက်လေလေးကိုသာသတိကပ်၍ရှု့ မှတ် နေပါ။ သွား ရပ် ထိုင် လျှောင်းအရိယာပုဒ်တိုင်းမှာ ရှု့မှတ်လို့ရပါတယ်။

ကျန်တာတွေမရှု့ရတော့ဘူးလား လို့မေးရင်မိမိခန္ဓာမှာဘာပေါ်ပေါ်ရှု့လို့ရပါတယ်။အဖြစ်ကိုမြင်တိုင်း မြင်တိုင်း ဥစ္ဆေဒဒိဋ္ဌိစင်ပြီး၊အပျက်ကို့မြင်တိုင်း သဿတ ဒိဋ္ဌိစင်ပါတယ်။

ဘာမှမပေါ်ရင် ဝင်လေထွက်လေလေးပဲမှတ်နေပါမိမိခန္ဓာကိုယ်ပေါ်ကပြလာရင် ပြတဲ့နေရာလေးကိုဉာဏ်က လေးနဲ့ ကြည့်လိုက်ပါ။ရှေ့ကပေါ်လာတာက အရှု့ခံပါနောက်ကသိပေးလိုက်တာက ရှု့တဲ့ဉာဏ်ပါ။နောက်က အရှု့ဉာဏ်လေးနဲ့သိပေးလိုက်တိုင်းရှေ့ကပေါ်နေတဲ့ရုပ်နာမ်က ပျက်သွားပါတယ်။ (မိုးကုတ်ဆရာတော် ဘုရားကြီး)

တရားဘာဝနာပွားရန်ဆရာကြီးဦးဂိုအင်ကာရဲ့အမှာစကားကို တင်ပြရင်းဒီနေ့မျှဝေချက်ကိုအဆုံးသတ်ချင်ပါတယ်။

၁။ နေ့စဥ်မနက်ပိုင်းနှင်ညနေပိုင်းမှာ တရားရှုမှတ်မှုကို မပျက်ကွက်ပါစေနဲ့။

၂။ ဖြစ်နိုင်တဲ့အခါတိုင်း အပါတ်စဥ်စုပေါင်းတရားရှုမှတ်တဲ့အစီအစဥ်မှာပါဝင်ပါ။ အားဖြည့်နေသူများအချင်းချင်း အတူတူတရားမှတ်ခြင်းဖြင့် အားပိုကောင်းရန်ဖြစ်ပါ တယ်။

၃။ တစ်နှစ်မှာတစ်ကြိမ် (၁၀) ရက်တရားစခန်းမှာတရားအားထုတ်ပါ။ တရားဓမ္မအားကောင်းဖို့အတွက် လိုအပ် ချက်ဖြစ်ပါတယ်။

၄။သင့်ပတ်ဝန်းကျင်မှာတွေ့လာတဲ့အခက်အခဲတွေကိုရဲဝံ့စွာအပြုံးမပျက်မိမိကိုယ်မိမိယုံကြည်မှုရှိစွာရင်ဆိုင်ပါ။

၅။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟာစိတ်ဆိုတဲ့မကောင်းတဲ့စိတ်များကင်းအောင် စောင့် ထိန်းပါ။

၆။ မေတ္တာတရား၊ ဂရုဏာတရား၊ များကိုပွားများပါ။ အထူးသဖြင့် ဓမ္မကိုမသိနာမလည်သေးသူများနှင့် မပျော် မရွှင် ဘဝကိုရုန်းကန်နေရသူများအတွက် ပွားများပါ။

မိတ်ဆွေများလည်းဝင်လေထွက်လေကိုရှုမှတ်တဲ့အလုပ်ကို အချိန်ပေးလေ့ကျင့်နိုင်ပြီး ရုပ်နာမ်သဘော၊ မမြဲတဲ့ဖြစ်ပျက်သဘော၊ မမြဲတဲ့အတွက် ဆင်းရဲခြင်းဒုက္ခသဘောနှင့် သူသဘာဝအတိုင်းဖြစ်ပျက်နေ တဲ့ အနိစ္စသဘောတို့ကို နားလည်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...