Monday, February 24, 2025

နှလုံးသားမှာ ဘုရားတည်ပါ.. Food for Thought 762 ဒေါက်တာသိန်းလွင်

May be a graphic of 2 people and text 

 

 

ဒီနေ့နှလုံးသားမှာဘုရားတည်ပါဆိုတဲ့ယောဆရာတော်ဘုရားကြီးတဲ့ လမ်းညွှန်အဆုံးအမစကားနှင့် တရုပ်ပညာ ရှိကြီးလာအိုဇီ၊ အိန္ဒိယ ခေါင်းဆောင်ကြီးမဟာတမ္မဂန္ဒီတို့ရဲ့ အဆိုအမိန့်များနှင့်မြတ်စွာဘုရားက ကာလာမ အ မျိုးအနွယ်များကို လမ်းပြခဲ့တဲ့ လမ်းညွှန်မှုများကို ဆက်စပ်ပြီး ကိုယ်တိုင် သိအောင်လေ့ကျင့်အားထုတ်မှုက အရေးကြီးကြောင်းကို Food for Thought 762 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


နှလုံးသားမှာ ဘုရားတည်ပါ..

အိမ်ဦးခန်းမှာ ဘုရားတည်ထားတဲ့ရည်ရွယ်ချက်ကနှလုံးသားထဲ ပြောင်းထည့်ဖို့ပါ။ကျောင်းဦးခန်းမှာ တည် ထားတဲ့ဘုရားကလည်းအဓိကရည်ရွယ်ချက်ကတော့ နှလုံးသားထဲ ပြောင်းထည့်ဖို့ပါပဲ..

ဒါကြောင့် သာသနာနဲ့တွေ့တုန်း ဘုရားတရားနဲ့ နေရတုန်းမိမိနှလုံးသားထဲမှာ ဘုရားတည်ပါ။မိမိစိတ်ကို ရတနာစိတ်ဖြစ်အောင် ပြောင်းပေးပါ။မိမိရဲ့နှလုံးသားကို ရတနာနှလုံးသားဖြစ်အောင် ပြောင်းပေးပါ။

"နမောတဿ"ဆိုတာ ပါးစပ်ကနေ အသံထွက်သွားပြီးရောဆိုတဲ့သဘောနဲ့ ဘယ်တော့မှ မဆိုပါနဲ့။နှလုံး သားထဲရောက်အောင် လေးလေးနက်နက် အာရုံပြုပြီးနှလုံးသားထဲမှာ ကျန်ရစ်အောင် လုပ်ရမယ်။ အဲဒါ ဘုရားတည်တာပေါ့..

ဂုဏ်တော်တွေရွတ် ပွားများတဲ့အခါမှာလည်း နှလုံးသားထဲရောက်သည်အထိလေးလေးနက်နက် အာရုံပြုပြီးမှ ဆိုရတယ်။အဲသလို နှလုံးသားထဲရောက်သွားရင် ဘုရားတည်တာပဲ။

မြေကြီးပေါ်မှာတည်ထားတဲ့ဘုရားကလည်း အာရုံမပြုရင်ဘုရားက ကိုယ့်ကို ဘာလုပ်ပေးမှာမှတ်လို့။အိမ်ဦး ခန်းမှာတည်ထားတဲ့ဘုရားကလည်း ကိုယ့်စိတ်ထဲ အာရုံမပြုရင် ဘာလုပ်ပေးမှာမှတ်လို့..ကိုယ့်နှလုံးသားထဲ မှာ ဘုရားတည်ပေးမှဘုရားရဲ့စွမ်းအားဆိုတာ ရမှာပေါ့။အဲတော့မှ ကိုယ့်နှလုံးသားဟာ အဖိုးတန်နှလုံးသားရတနာ နှလုံးသား ဖြစ်မှာပေါ့..

မြေကြီးမှာ ဘုရားတည်တာဟာအရင်းအနှီးလည်း အများကြီးစိုက်ရတယ်။ငွေလည်းအများကြီး စိုက်ရတယ်။ကိရိယာတန်ဆာပလာတွေ လည်း အများကြီးရှာဖွေစုဆောင်းရတယ်။

နှလုံးသားမှာ ဘုရားတည်တာကကိရိယာတန်ဆာပလာတွေလည်း ဘာမှ မလိုဘူး။အရင်းအနှီးလည်း ဘာမှ မလိုဘူး။

• တစ်ကယ့်ယုံကြည်တဲ့ သဒ္ဒါတရားလိုတယ်။
• စွမ်းအားကို ထက်မြက်အောင် ကြည့်နိုင်သိနိုင်တဲ့ပညာ လိုတယ်။
• အာရုံကို ထိထိမိမိ ပြတ်ပြတ်သားသား ပုံဖော်ပေးနိုင်တဲ့ သတိလိုတယ်။
• အဲဒီ သဒ္ဒါ ပညာ သတိလောက် အရင်းအနှီးစိုက်ရင်နှလုံးသားမှာ ဘုရားတည်လို့ ဖြစ်ပါတယ်..

(တိပိဋကဓရ ယောဆရာတော်ဘုရားကြီး)

မြတ်စွာဘုရားက ကာလာမသုတ္တံမှာ ယုံကြည်မှုအလေးအကျင့်နှင့်ပတ်သက်လာရင် ပြုအပ်တဲ့အရာ (၁၀) ခုနှင့် ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်လို့ အမှန်တကယ်အကျိုးရှိပြီးချမ်းသာကိုဖြစ်စေပါက ထိုယုံကြည်မှုအလေ့ အကျင့်ကို လက်ခံကျင့်သုံးရန်နှင့် ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်လို့ အမှန်တကယ်အကျိုးမရှိဆင်းရဲကိုသာ ဖြစ်စေပါကထိုယုံကြည်မှုအလေ့အကျင့် တို့ကိုရှောင်ရှားရန် အောက်ပါအတိုင်း အချုပ်အားဖြင့် လမ်းညွှန်ခဲ့ပါ တယ်။

ဗုဒ္ဓဘုရားက ကာလာမပုဏ္ဏားတို့ အားအကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည်ဟု အချက် (၁၀) ချက်ကို မြတ်ဗုဒ္ဓကညွှန်ပြ တော်မူခဲ့လေသည်။

အို ကာလာမ ရွာသားတို့ …

(၁) တစ်ဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလစကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆) အခြားအခြားသောလူတို့၊ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆိုရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကက ဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီ မှန်ပြီ အကျိုးရှိပြီဟု အပြီး သတ် မမှတ်ယူကြကုန်နှင့်။

ဤတရားတို့ကား အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း။ ထိုတရား တို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်းငှာ၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သင်တို့သည် “ မိမိတို့ကိုယ်တိုင် ” သိသောအခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏။

ဤတရားတို့ကား ကုသိုလ်တရား၊ အပြစ်မရှိသော တရား၊ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည်၊ ချမ်းသာခြင်းငှာ ဖြစ်သည်ဟု “မိမိကိုယ်တိုင် ” သိသောအခါ၌မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံနေကုန်ရာ၏။

မိမိယုံကြည်မှု၊ စဥ်းစားတွေးခေါ်မှု၊ ပြောဆိုမှု၊ လေ့ကျင့်မှု၊ အလေ့အထ၊ ကိုယ်ပိုင်စရိုက်လက္ခဏာတန်ဖိုးထား မှုများ၊ ကံကြမ္မာတို့ဟာ ဆက်နွယ်နေကြတဲ့အကြောင်း၊ မိမိနှလုံးသားမှာ စစ်စစ်မှန်မှန်ယုံကြည်ပြီး ကိုယ်တိုင် ကျင့်ကြံအားထုတ်ရန် လိုအပ်ကြောင်းကို တရုပ်ပညာရှင်ကြီး လာအိုဇီနှင့်အိန္ဒိယခေါင်းဆောင်ကြီးမဟာ တမ္မ ဂန္ဒီတို့ကလည်း အသီးသီးအောက်ပါအတိုင်းအလေးအနက် လမ်းပြခဲ့ကြပါတယ်။

• သင့်ယုံကြည်မှုတွေကိုသတိဖြင့်စောင့် ကြည့်ပါ။ အဘယ်ကြောင့် ဆိုသော် သင့်ယုံကြည်မှုတွေက သင့်အတွေး စိတ်ကူးတွေကိုဖြစ်စေလို့ပါ။ သင့်အတွေး စဥ်းစားမှုတွေကို သတိဖြင့်စောင့်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က သင်ပြောတဲ့စကားတွေ ဖြစ်လာကြလို့ပါ။ သင်ပြောမဲ့စကား တွေ ကိုလည်းသတိဖြင့်စောင့် ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က သင် လုပ်တဲ့အပြုအမူတွေ ဖြစ် လာလို့ပါ။ သင်လုပ်မဲ့အပြုအမူတွေကို လည်း သတိဖြင့် စောင့် ကြည့်ပါ။အဘယ်ကြောင့် ဆိုသော် သူတို့ကအလေ့အကျင့်တွေဖြစ်လာလို့ပါ။ သင်လုပ်တဲ့ အလေ့အကျင့်တွေကိလည်းသတိဖြင့်စောင့် ကြည့် ပါ၊။ အဘယ်ကြောင့်ဆိုသော် သူတို့က သင်လုပ်တဲ့အလေ့ အကျင့်တွေဖြစ်လာကြလို့ပါ။ သင် လုပ်တဲ့အလေ့အထ တွေကိုလည်းသတိဖြင့်စောင့် ကြည့်ပါ။ အဘယ်ကြောင့် ဆိုသော် သူတို့ကသင်ရဲ့ကို ယ်ပိုင်စရိုက်လက္ခဏာ တန်ဖိုး ထားမှု တွေဖြစ် လာလို့ပါ။ သင်စရိုက်လက္ခဏာတန်ဖိုး ထားမှုတွေ ကိုလည်းသတိဖြင့်စောင့် ကြည့်ပါ။ အဘယ် ကြောင့် ဆိုသော် သူတို့ကသင့်ကံ ကြမ္မာကိုဖြစ်စေတဲ့ အတွက်ပါ။ (လာအိုဇီ။ မဟာတမ္မဂန္ဒီ) (မှတ်ချက်။ ။ ဂန္ဒီက ယုံကြည်မှုကစပါတယ်။ လာအိုဇီကတော့ အတွေးစိတ်ကူးကနေ စပါတယ်။)

မိတ်ဆွေများ နှလုံးသားမှာ ဘုရားတည်နိုင်အောင် ကျင့် ကြံအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်

 

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

 

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...