Monday, February 24, 2025

ကျောင်းသားများရဲ့စာအမှားပြင်တဲ့အခါ မင်နီသုံးတဲ့အလေ့အကျင့် Food for Thought 765 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့” ကျောင်းသားများရဲ့စာအမှားပြင်တဲ့အခါ မင်နီသုံးတဲ့အလေ့အကျင့်” ကိုမသုံးသင့်တော့တဲ့အကြောင်း ကျောင်းသားများနှင့်ဆရာများအကျိုးကိုရှေ့ရှုပြီး Food for Thought 765 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ကျောင်းသားများရဲ့စာအမှားပြင်တဲ့အခါ မင်နီသုံးတဲ့အလေ့အကျင့်

တစ်ခါကမူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမအသစ်တစ်ဦးကို စတင်ငှါးလိုက်ပါတယ်။ ဆရာမအသစ်မှာ ကျောင်းသားတွေကိုစာသင်ပေးဖို့အတွက် စိတ်တွေလှုပ်ရှားနေပါတယ်။ တစ်နေ့မှာကျောင်းဝရံတာမှာ လမ်း လျောက်သွားရင်း စာသင်ခန်းတစ်ခုကိုဖြတ်လျောက်သွားလိုက်ပါတယ်။ အဲဒီအတန်းထဲမှာဆရာမကြီး တစ် ယောက်ကကျောင်းသူကျောင်းသားများရဲ့ အိမ်စာလေ့ကျင့်ခန်းတွေကို ပြုပြင်ပေး နေတာကိုတွေ့လိုက် ပါတယ်။ ဆရာမကြီးက ကျောင်းသားတွေရဲ့အိမ်စာလေ့ကျင့်ခန်းတွေကို ပြုပြင်ပေးတဲ့အခါမှာ အခြားဆရာ တွေလိုမင်အနီ ရောင်ကိုမသုံးဘဲ အစိမ်းနုရောင်ကိုသုံးနေတာကို မြင်တွေ့ လိုက်ပါတယ်။

အဲဒီတော့ အသစ်ခန့်လိုက်တဲ့ဆရာမလေးက စူးစမ်းသိလိုတဲ့အတွက် ဆရာမကြီးထံချဥ်းကပ်ပြီးအောက်ပါ အတိုင်း မေးလိုက်ပါတယ်။ “ဆရာကြီးရှင် ဆရာမကြီးက ကျောင်းသားတွေရဲ့အိမ်စာလေ့ကျင့် ခန်းတွေကို ပြုပြင်ပေးတဲ့အခါမှာ ဘာကြောင့် အခြားဆရာတွေလို မင်အနီရောင်ကိုမသုံးတာလဲ။ “ လို့မေးလိုက်ပါတယ်။

ဒီတော့ဆရာမကြီးကပြုံးပြီး အောက်ပါအတိုင်းပြန်ဖြေလိုက်ပါတယ်။ “အမှားတွေဆိုတာ ငြိမ်ငြိမ် သက်သက် ပြုပြင်ပေးရန် လိုအပ်ပါတယ်။ အနီရောင်ဆိုတာ မီးရဲ့အရောင်ဖြစ်ပါတယ်။ အနီရောင်တွေ့လိုက်တာနဲ့ ကျောင်း သားတွေအတွက် ထိပ်လန့်စရာကြောက်စရာဖြစ်စေနိုင်ပါတယ်။ သူတို့ပြုလုပ်မိတဲ့အမှားတွေအတွက် စိတ်မ ကောင်းဖြစ်စေပါတယ်။ မှားတာကိုမင်အနီရောင်ဖြင့် အောက်ဘက်မှ မျဥ်းသားလိုက်ခြင်း၊ ကြက်‌ခြေ ခတ်လိုက်ခြင်းက ဘာနဲ့တူသလဲဆိုရင် လက်ညှိုးငေါက်ငေါက်ထိုးပြီးအပြစ်တင်ပြောဆိုနေတာနဲ့ တူပါတယ်။ အဲဒီလိုမဟုတ်ဘဲ အစိမ်းနုအရောင်သုံးပြီးအမှားတွေကိုပြုပြင်ပေးတာကတော့ ဖူးသစ်စအပွင့်လေးနဲ့တူပြီး ကျောင်းသားတွေကို မှန်အောင်ကြိုစားလုပ်ရင်မှန်လာမှာဖြစ်ကြောင်း မျှော်လင့်ချက်ပေးတာနဲ့တူပါတယ်။ အဲဒီ လိုကျောင်းသားတွေရဲ့အမှားတွေကို အစိမ်းနုရောင်မင်သုံးပြီးပြုပြင်ပေးခြင်းက ညင်ညင်သာသာ ထိတွေ့ လျက် ချိုချိုသာသာပြောပြီးပြုပြင်ပေးတာနဲ့တူပါတယ်။ အဲဒီလိုပြုပြင်ပေးတာက သူတို့ကို တိုးတက်အောင်မြင်ဖွံ့ ဖြိုးလာစေပြီးလေ့လာသင်ယူလာအောင် ဆရာအနေဖြင့် အလေးထားဂရုစိုက်ကြောင်းပြသရာရောက်ပါတယ်။

ဆရာမကြီးကစိတ်ရှည်စွာ ရှင်းပြတော့ အသစ်ခန့်ထားတဲ့ဆရာမလေးက ဆရာမကြီးရဲ့ချဥ်းကပ်ပုံကို အလွန်သ ဘော ကျသွားပြီး ပို ပြီးဆက်လက်ရှင်းပြပေးပါရန်မေတ္တာရပ်ခံပါတယ်။ ဒါကြောင့်ဆရာမကြီးက အောက်ပါ အတိုင်းဆက်လက်ရှင်းပြပါတယ်။

ကျောင်းသားတွေရဲ့အမှားတွေကို ပြုပြင်ပေးတဲ့နေရာမှာ မှန်ကန်တဲ့အရောင်ကိုသုံးဖို့သာအရေးကြီးတာမဟုတ်ပါ ဘူး။ ကျောင်းသားရဲ့စိတ်ထဲမှာ သူတို့ကိုယ်သူတို့ ယုံ ကြည်တဲ့စိတ်ဖြစ်လာဖို့နဲ့ စာသင်ယူလေ့လာနေတဲ့ပတ်ဝန်း ကျင်ဟာ သူတို့အတွက် ဘေးကင်းလုံခြုံ စိတ်ချရ တယ်ဆိုတဲ့စိတ်ခံစားမှုပေးရန် ကူညီဖို့ကလည်း အရေးကြီး ပါတယ်။ ဆရာတွေအနေဖြင့် ကျောင်းသားများပြုလုပ်မိတဲ့အမှားတွေကို ညင်ညင်သာသာပြုပြင်ပေးတဲ့အခါ ကျောင်းသားတွေအနေဖြင့် သူတို့ပြုမိတဲ့အမှားများကနေသင်ယူနိုင်ကြောင်း သူတို့ကိုမျှော်လင့်ချက်ပေးနေ ခြင်း ဖြစ်ပါတယ်။ သစ်ပင်ငယ်လေးတစ်ပင်ဟာ ဆက်လက်ရှင်သန်အားကောင်းလာဖို့အတွက် ရေ၊နေ၊လေနဲ့အား ကောင်းတဲ့အာဟာရ ဆိုတဲ့ အပင်ရှင်သန်ကြီးထွားရေးအတွက် အားပေးတဲ့အနေအထားတွေရှိရန် လိုအပ်သလို ပင် ကျောင်းသားတွေမှာလည်း သူတို့ကိုသူတို့ယုံကြည်မှုရှိလာဖို့အတွက်အပြုသဘောဆောင်တဲ့ အားပေးမှုလို အပ်ပါတယ် လို့ဆက်လက်ရှင်းပြလိုက်ပါတယ်။

ဒီတော့ အသစ်ခန့်လိုက်တဲ့ဆရာမလေးအနေဖြင့်ဆရာမကြီးရဲ့ချဥ်းကပ်နည်းက ဘယ်လိုအရောင်ကိုသုံးပြီး ကျောင်းသားတွေရဲ့အမှားတွေကို ပြုပြင်ပေးမလဲဆိုတာထက် အများကြီး ပိုကျယ်ပြန့် လေးနက်တာကိုသ ဘောပေါက်သွားပါတယ်။

ကျောင်းသားတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆရာများအနေဖြင့် အချိန်ပေးလေ့ကျင့်ပေးရန် လိုအပ်ကြောင်းနှင့် လေ့ကျင့် ပျိုးထောင်ပေးတဲ့အခါမှာ လည်းစိတ်ရှည်သည်းခံနိုင်မှုများစွာလိုအပ်ကြောင်းသဘောပေါက် နားလည် သွားပါတယ်။ အထူးသဖြင့် အဲဒီလို အချိန်ယူပြီးစိတ်ရှည်ရှည်ထားလေ့ကျင့်ပြုပြင်ပေးဖို့မှာ ကျောင်းသားများ အမှား ပြုလုပ်မိတာကိုပြုပြင်တဲ့အခါမှာ ပိုလိုအပ်ကြောင်းသဘောပေါက်နားလည်သွားပါတယ်။ အဲဒီလိုစိတ် ရှည် သည်းခံပြီး ချဥ်းကပ်တဲ့နည်းက ကျောင်းသားအနေဖြင့် အမှားတခုကိုထပ်တလဲလဲ လုပ်နေရင်တောင် ကျင့် သုံး သင့် ပါတယ်။ ကျောင်းသား အနေဖြင့် တစ်ကြိမ်ကြိုးစားအားထုတ်ပြုပြင်လိုက်တိုင်း ကျောင်းသားကြိုးစား လုပ် ဆောင်မှုကိုအသိအမှတ် ပြုအားပေးစကားပြောသင့်ပါတယ်။ ဘာနဲ့ဥပမာတူသလဲဆိုရင် ကလေးတွေကို လမ်း လျှောက်သင်စအချိန်မှာ မကြာခဏလဲကျတတ်ကြပါတယ်။ လဲကျသွားတိုင်း ပြန်ထလမ်းလျှေက်တဲ့အခါ အား ပေး တိုက်တွန်းသလိုမျိုး အားပေးသင့်ပါတယ်။

ဆရာမကြီးရဲ့အမှားပြုပြင်ပေးတဲ့နည်းလမ်းကကျောင်းသားတွေစိတ်မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုများဖြစ်လာ အောင်အားပေးပါတယ်။ ကျောင်းသားများကို ပိုပြီးထိထိမိမိ တိကျစွာကူညီနိုင်တဲ့ဆရာမတစ်ယောက်ဖြစ်လာ အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ကျောင်းသားများကို ကောင်းစွာသင်ယူပြီးဖွံ့ဖြိုးတိုးတက်အောင် ကြင်ကြင်နာနာ စိတ်ရှည်စွာလေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်းဆရာမလေးကသဘောပေါက်သွားပါတော့တယ်။ ကျောင်းသားများအနေဖြင့် အမှားတစ်ခုကိုထပ်တလဲလဲမှားနေရင်တောင် စိတ်ရှည်သည်းခံပြီးကြင်ကြင်နာနာ သိမ်မွေ့စွာပြုပြင်ပေးရန် လိုအပ်ကြောင်း နားလည်သဘောပေါက်သွားပါတော့တယ်။

ကျောင်းသားတွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ စိတ်မရှည်ဘဲ အော်ဟောက်ခြင်းတို့ဟာကျောင်းသား များ စိတ်မှာ မလုံခြုံမှု ဘေးမကင်းမှုဆိုတဲ့မကောင်းတဲ့စိတ်ခံစားမှုတွေသာဖြစ်စေကြောင်း၊ စကားကို တည်တည် ငြိမ် ငြိမ်ညင်သာစွာပြောဆိုပြုပြင်ပေးခြင်းကမူကျောင်းသားများကို ကောင်းစွာသင်ယူတိုးတက်နိုင်အောင်အထောက် အကူဖြစ်စေကြောင်း သိနားလည်သွားပါတယ်။
ကျောင်းသားများရဲ့အိမ်စာလေ့ကျင့်ခန်းများကို စစ်ဆေးပြပြင်ပေးတဲ့အခါမှာ အစဥ်အလာအရမင်အနီရောင်ကို သုံးကြပါတယ်။ အဲဒီလိုအနီရောင်သုံးခြင်းက ကျောင်းသားများအပေါ်စိတ်ပိုင်းဆိုင်ရာအနှုတ်လက္ခဏာ ဆောင် တဲ့သက်ရောက်မှုမျာရှိစေတဲ့အတွက် အဲဒီ ကျင့်သုံးမှုကိုရပ်တံ့ရန် လိုအပ်ပါကြောင်းပညာရှင်များက အလေး အနက်အကြံပြုထားပါတယ်။ အောက်ဘက်မှာ အကြောင်းပြချက်များကိုဖော်ပြထားပါတယ်။

၁။ အနှုတ်လက္ခဏာဆောင်တဲ့ဆက်နွယ်မှုများရှိနေခြင်း -အနီရောင်မင်ဟာအ စဥ်အလာအရ အမှားများ၊ ကျရှုံးမှုများနှင့်သာဆက်စပ်နေပါတယ်။ ဒါကြောင့်မင်အနီရောင်ကိုမြင်လိုက်ရင် ကျောင်းစားများစိတ်မှာ စိုးရိမ်ပူပန်မှုဖြစ်စေပြီး သင်ယူမှုလုပ်ရန် အားမပေးတဲ့အတွက်ဖြစ်ပါတယ်။ (တစ်ခါကကျောင်းသူလေးတစ် ယောက်ဟာ သူ့အိမ်စာလေ့ကျင့် ခန်းမှာ ဆရာမက ခြစ်ပေးလိုက်တဲ့အနီရောင် ကျက်ခြေခပ်ကြီးကို မီးမှုန််မှုန် အောက်မှာ ခံဖျက်နဲ့ ဖျက်ရင်းမျက်ရည်တွေကျနေတာမျိုးတွေ့ဘူးပါတယ်။) ဆရာတွေဆိုတာ အပြုသဘော ဆောင်တဲ့သင်ယူမှုပတ်ဝန်းကျင်ကိုထူထောင်ပေးလိုကြပါတယ်။

၂။ အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်ပေးမှုကိုအလေးထားခြင်း- အမှားတွေကိုပြုပြင်ပေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်ပေးပြီးအားကောင်းတာကိုအလေးထားထောက်ပြရန်နှင့် တိုးတက် မှုကို ဖြစ်စေတဲ့သဘောထားမှတ်ချက်များသာပေးသင့်ကြောင့် ပညာရှင်အများက လက်ခံလာကြပါတယ်။ ဥပမာ အစိမ်းနုရောင်ကို သုံးခြင်းကအပြုသဘောမျှော်လင့်ချက် ကိုပေးနိုင်ကြောင်းထောက်ပြကြပါတယ်။

၃။သင်ယူသူဗဟိုပြုချဥ်းကပ်နည်းမျာသုံးခြင်း- ခေတ်မှီပညာရေးအလေ့အကျင့်များက ကျောင်းသားများသင် ယူ မှုလုပ်ငန်းမှာ တက်ကြွစွာပါဝင်ခြင်းနှင့် အခြေအနေကိုမိမိတို့ကိုယ်တိုင် ပါဝင်စစ်ဆေးတဲ့စနစ်ကိုအားပေး လာပါ တယ်။ ဆရာများအနေဖြင့် ပေးတဲ့သဘောထားမှတ်ချက်ကို ကျောင်းသားများနားလည်ပြီးအပြုသဘော ဆောင် ရန် အနီရောင်မှအပ ကျန်အရောင်အမျိုမျိုး ကိုသုံးနိုင်ပါတယ်။ သုံးတဲ့အရောင်တွေက ပေးတဲ့သဘော ထား မှတ် ချက်မှာအပြုသဘောဆောင်ပြီး ပြုပြင်ရန် ကျောင်းသားများနားလည်စေတဲ့အရောင်များဖြစ်ရန် လို အပ်ပါတယ်။

၄။ အမှားပြုပြင်ပေးရာတွင်ဆရာ့သဘောထားမှတ်ချက်နှင့် ပတ်သက်ပြီးသုတေသနလေ့လာတွေ့ရှိချက်များ-ဆရာတွေပေးတဲ့သဘောထားမှတ်ချက်မျာက ကျောင်းသားများအပေါ်များစွာသက်ရောက်မှုရှိစေပြီး သင်ယူ လိုစိတ်မြင့်မားလာမှုနဲ့ သင်ယူမှုရလဒ်ကောင်းများထွက်လာဖို့အတွက် အလွန်အရေးကြီးပါတယ်။ အနီရောင် ကဲ့သို့ကြမ်းတမ်းစူးရှတဲ့အရောင်အစားနူညံ့သိမ်မွေ့တဲ့အစိမ်းနုရောင်လိုအရောင်များကိုသုံးခြင်းက ပိုအားပေးတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးရာမှာ အထောက်အကူဖြစ်စေကြောင်းထောက်ပြထားပါတယ်။

မိတ်ဆွေဆရာဆရာမများ နှင့် ‌ကျောင်သားများ စိတ်အေးချမ်းသာရှိကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...