Monday, February 24, 2025

ကိုယ်သာနာ၍ စိတ်မနာအောင့်ကျင့်ပါ Food for Thought 767 ဒေါက်တာသိန်းလွင်

 No photo description available.

တရားရှုမှတ်တဲ့အခါမှာ ကိုယ်သာနာပြီးစိတ်မနာအောင် လေ့ကျင့်ရှုမှတ်တဲ့နည်းကအလွန်တန်ဖိုးကြီးလှ ပါတယ်။ ဒါကြောင့် စိတ်မနာအောင်ဘယ်လိုစိတ်ထားရမယ်ဆိုတာကို Food for Thought 767 အဖြစ် မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


“ကိုယ်သာနာ၍ စိတ်မနာအောင့်ကျင့်ပါ”

အခါတစ်ပါး မြတ်စွာဘုရားသည် •••
ဘဂ္ဂတိုင်း၊သုသုမာရဂိရမြို့၏အနီး သားငှက်တို့ကို ဘေးမဲ့ပေးရာတော၌ သီတင်းသုံးတော်မူ၏။ ထိုအခါ သုသုမာရဂိရ မြို့သား အသက်အရွယ် အလွန်အိုမင်းနေသော နကုလပိတာ မည်သောသူဋ္ဌေးကြီးသည်
မြတ်စွာဘုရားထံ ရောက်လာလေ၏။

သူဋ္ဌေးကြီးသည် မြတ်စွာဘုရားနှင့် အကျွမ်းဝင်သူတို့တွင် (အကျွမ်းအဝင်ဆုံး ဧတဒဂ်) ဂုဏ်ထူးရထားသူဖြစ် ၏။ အမြဲမပြတ် မြတ်စွာဘုရားထံသို့ သွားရောက်ဖူးမျှော်လေ့ရှိ၏။

ယခုအချိန်မှာ အသက်အရွယ်က အလွန်ကြီး၍ အားအင်ကနည်းပါးလာသဖြင့် ရောဂါဝေဒနာဖိစီးလာ၏။ ကျန်းမာတယ်ဟူ၌ မရှိတော့ပေ။ နောင်အခါမြတ်စွာဘုရားထံ သွားရောက်ဖူးမျှော်နှိုင်တော့မည်မဟုတ်ပေ။
သွားနှိုင်တုံး ယခုတခေါက်တော့ ကြိုးစားပြီးသွားမည်။မိမိအတွက် အရှည်အကျိုးများမည့် တရား တပုဒ်ကို တောင်းယူနာကြားခဲ့မည်ဟု ကြံစည်ကာ မြတ်စွာဘုရားထံ ရောက်လာခြင်း ဖြစ်ပေသည်။

သူဋ္ဌေးကြီးသည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးလျှင် တရားဟောဖို့ရာလျှောက်ထားလေ၏။

"မြတ်စွာဘုရား၊ တပည့်တော်သည်ပစ္ဆိမ= နောက်ဆုံးအရွယ်သို့ရောက်၍ အလွန်အိုမင်းသွားပါပြီဘုရား၊ တစ်ခဏမျှ ကျန်းမာတယ်လို့ မရှိတော့ပါ။ ရောဂါဝေဒနာများ၏ နှိပ်စက်ခြင်းကိုသာ ခံစားနေရပါသည်။ နောက်တခေါက် မြတ်စွာဘုရားထံရောက်ဖို့မလွယ်တော့ပါဘုရား၊ သို့ဖြစ်ပါသောကြာင့် တပြည့်တော် အတွက် အရှည်အကျိုးများမည့် အဆုံးအမတရားတော်တပုဒ်ကို ဟောကြားတော်မူပါဘုရား"ဟုလျှောက် ထားလေသည်။

မြတ်စွာဘုရားက •••
"အသက်အရွယ်ကြီး၍ ကျန်းမာသည်ဟူ၍မရှိတော့ပါဟု သူဋ္ဌေးကြီးလျှောက်ထားခြင်းသည် မှန်ပေသည်။ သို့ပါသော်လည်း ရောဂါဝေဒနာမရှိ၊ အမြဲတမ်းကျန်းမာနေတဲ့ ပုဂ္ဂိုလ်ဟူ၍မရှိပေ။ အားလုံး ရောဂါဝေဒနာ ရှိနေကြသောသူများသာ ဖြစ်ကြသည်။ ရောဂါဝေဒနာမရှိဟုပြောသောသူသည် မသိလို့သာ ပြောခြင်းဖြစ် သည်။ မိုက်မဲတွေဝေလို့သာ ပြောခြင်းဖြစ်သည်။" ဟု မိန့်ကြားတော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားက "သူဋ္ဌေးကြီး ကိုယ်သာနာ၍ စိတ်မနာစေနဲ့၊ စိတ်မနာအောင်ကျင့်" ဟု သူဋ္ဌေး ကြီးနှင့် အသင့်တော်ဆုံးတရားကို ဟောကြားတော်မူလိုက်ပါသည်။

သူဋ္ဌေးကြီးသည် •••
သူနှင့်အသင့်တော်ဆုံးတရားကိုနာကြားရ၍ မြတ်စွာဘုရားကို အထူးရိုသေမြတ်နိုးစွာဖြင့် ရှိခိုးဦးချပြီး လက်အုပ်ချီကာ မြတ်စွာဘုရားကို လက်ယာရစ် လှည့်လည် အရိုအသေပြုလျှက် မြတ်စွာဘုရားထံမှ ထွက်လာခဲ့လေသည်။ သူဋ္ဌေးကြီးသည်မြတ်စွာဘုရားထံသို့သွားရောက်ဖူးမျှော်တိုင်း အရှင် သာရိပုတ္တ ရာထံသို့လည်း သွားရောက် ဖူးမြင်လေ့ရှိသည်။ ယနေ့လည်း အရှင်သာရိပုတ္တရာကို သွားရောက်ဖူးမြင် လေ၏။

အရှင်သာရိပုတ္တရာက •••
"သူဋ္ဌေးကြီး မျက်နှာဣနြအဆင်းများတယ်ကြည်လင်ပါလား၊မြတ်စွာဘုရားက တရားများ ဟော လိုက်ပါ ရဲ့လား" ဟုမေးတော်မူရာ "တပည့်တော်ကဲ့သို့သောသူကို ဘယ်မှာတရားမဟောဘဲ ရှိပါမည်နည်း၊ ဟော လိုက်ပါသည်ဘုရား" ဟုလျှောက်ထားလေသည်။

အရှင်သာရိပုတ္တရာက "ဘာတရားများ မြတ်စွာဘုရားဟောကြားလိုက်ပါသလဲ" ဟုမေးတော်မူရာ "ကိုယ် သာနာ၍ စိတ်မနာစေနဲ့၊ စိတ်မနာအောင်ကျင့် ဟုဟောကြားတော်မူလိုက်ပါသည်" ဟု လျှောက်ထားလေ၏။

အရှင်သာရိပုတ္တရာသည် ပညာအရာမှာ ••• အတော်ဆုံး(ဧတဒဂ်) ဆုကို ရထားသောပုဂ္ဂိုလ် ဖြစ်၏။ ထို့ ကြောင့်သူဋ္ဌေးကြီး လျှောက်ထားသောစကားကို ကြားသည်နှင့်တစ်ပြိုင်နက် ကိုယ်လည်းနာ စိတ်လည်းနာ၊ ကိုယ်သာနာ၍ စိတ်မနာဖြစ်ပုံတို့ကို ကွဲပြားစုံလင်စွာ သိဖို့ရာလိုအပ်ကြောင်းသိလိုက်သည်။

"သူဋ္ဌေးကြီး မြတ်စွာဘုရားအား ဘယ်လိုကျင့်ရင် ကိုယ်လည်းနာ စိတ်လည်းနာ၊ဘယ်လိုကျင့်ရင်ကိုယ်သာ နာ စိတ်မနာ၍စိတ်မနာဖြစ်ပုံများကိုပြန်လည်လျှေက်ထားခဲ့ပါသလား" ဟုမေးမြန်းလိုက်သည်။

"မလျှောက်ခဲ့မိပါဘုရား •••
ဘယ်လိုကျင့်ရင် ကိုယ်လည်းနာ စိတ်လည်းနာ၊ဘယ်လိုကျင့်ရင် ကိုယ်သာနာ၍ စိတ်မနာဖြစ်ပုံများကိုအရှင်ဘုရားဟောပြမှသာ တပည့်တော်သိရပါမည်၊ နောက်တခေါက်တပည့်တော်လာရောက်ရန်လည်းမလွယ်တော့ပါဘုရား ဟောပြောတော်မူရန် လျှောက်ထားတောင်းပန်ပါသည်ဘုရား"ဟု လျှောက်ထား လေ၏။

အရှင်သာရိပုတ္တရာက •••
အတ္တဒိဋ္ဌိနစ်ဆယ် အကျယ်ပြကာ (ရုပ်)ကိုယ်နှင့်အသိ(နာမ်)ကို အတ္တ(ငါ)ဟု တစ်ပေါင်းထည်းပြု ကာ စွဲလမ်းနေပါက ကိုယ်လည်းနာ စိတ်လည်းနာ ဖြစ်သည်။

ဥပမာ ••• တောအရပ်သို့ သွားရောက်၍ အလုပ်လုပ်သောသူသည် လက်ဖဝါးခြေဖဝါးစသည်တို့၌ ဆူးစူး သော အခါ ဆူးကိုကော်ထုတ်ဖို့ရာ ချိတ်၊ အပ်များမရှိသဖြင့် ဆူးတစ်ချောင်းကို ရှာဖွေ၍ ပထမစူးနေသောဆူးကိုကော်ထုတ်၏။ ပထမဆူး မထွက်ပါဘဲဒုတိယဆူး အသားထဲတွင် ကျိုးကျန်နေပြန်၏။ထိုသူသည် ဆူးနှစ်ချောင်း အစူးခံရ၍ ဆင်းရဲဒုက္ခနှစ်မျိုးခံရသကဲ့သို့ ထို့အတူ ရုပ်နှင့်နာမ်ကွဲပြားအောင် မရှုမှတ်နှိင် သောသူသည် ကိုယ်လည်းနာစိတ်လည်းနာဟူသော ဆင်းရဲဒုက္ခနှစ်မျိုး ခံရပေသည်။

ရုပ်ကိုယ်က တခြား၊ သိတဲ့နာမ်ကတခြားဟူ၍ကွဲပြားအောင် ရှုမှတ်နှိုင်ပါက ကိုယ်သာနာ၍ စိတ်မနာဖြစ်ပေသည်ဟု ဟောကြားတော်မူလိုက်ပါသည်။

❝ ဆောင်ပုဒ် ❞

ရုပ်နာမ်ကိုပင်၊ ငါကောင်ထင်၊
စွဲလျှင်ကိုယ်စိတ်နာ။

ရုပ်နာမ်ပေါ်ဆဲ၊ ရှုမှတ်ခွဲ၊
ကိုယ်ဘဲနာပါ၊ စိတ်မနာ။

မိတ်ဆွေများ ကိုယ်သာနာပြီးစိတ်မနာအောင် စိတ်ကိုပြုပြင်နိုင်ပြီး တရားဘာဝနာများကို ပွားများ အား ထုတ်နိုင်ကြပါစေ။ ဆူးနှစ်ချောင်းစူးမှုမှကင်းဝေးကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်



No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...