Monday, February 24, 2025

သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေတဲ့နည်းလမ်း (၄)မျိုး Food for Thought 769

 No photo description available.
ဒီနေ့ “သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေတဲ့နည်းလမ်း (၄)မျိုး” အကြောင်းကို Food for Thought 769 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်



သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေတဲ့နည်းလမ်း (၄)မျိုး

ကလေးကို သင်ပြောလိုက်တဲ့စကားက ကလေးမှာမိမိကိုယ်မိမိယုံကြည်မှုအားကောင်းလာစေနိုင်သလို မိမိစွမ်း ဆောင်နိုင်မှုနဲ့ပတ်သက်ပြီး သံသယစိတ်လည်းဝင်သွားစေနိုင်ပါတယ်။

အဓိကအချက်များ

• မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှု အားကောင်းတဲ့အခါ ဘဝမှကြုံတွေ့လာတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ အသစ် အဆန်းတွေကို လုပ်ရဲစေပါတယ်။ မိမိကိုယ်မိမိပိုယုံကြည်မှု ရှိလာစေပါတယ်။

• မိမိတို့သားသမီးကိုချစ်ခင်တဲ့မိဘတွေအနေဖြင့် မရည်ရွယ်ဘဲလျက် ကလေးတို့ရဲ့ မိမိကိုယ်မိမိလေးစား တန်ဖိုးထားမှု၊ယုံကြည်မှုကို ထိခိုက်စေတာမျိုးတွေပြုလုပ်မိတတ်ကြပါတယ်။

• ကလေးနှင့် ဆက်သွယ်ပြောဆိုရာမှာအပြုသဘောဆောင်တဲ့အပြောအဆိုမျိုးပြုလုပ်လေလေ ကလေး တွေ မှာ သူတို့ကိုသူတို့ ယုံကြည်တဲ့စိတ်တွေ ပိုအားကောင်းခိုင်မာလာစေပါတယ်။

ကလေးတွေမှာ ကြံ့ခိုင်အားကောင်းတဲ့မိမိကိုယ်မိမိယုံကြည်မှုဟာ အရေးကြီးပါတယ်။ မိမိကိုမိမိ ယုံ ကြည်မှု အားကောင်းရင် ဘဝမှတွေ့ရမဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ အသစ် အဆန်းတွေကို လုပ်ရဲ စေပါတယ်။ မိမိကိုယ်မိမိပိုယုံကြည်မှု ရှိလာစေပါတယ်။ မိမိကိုယ်မိမိယုံကြည် မှုက မိမိကိုယ် မိမိရှုမြင် မှုအပေါ်များစွာလွှမ်းမိုးစေပြီးလုပ်ဆောင်တဲ့အပြုအမူများနှင့်ဆုံးဖြတ်ချက်များချမှတ် ရာမှာလည်း များစွာအကျိုး သက်ရောက်စေပါတယ်။

မိမိတို့သားသမီးကိုချစ်ခင်တဲ့မိဘတွေအနေဖြင့် မရည်ရွယ်ဘဲလျက် ကလေးတို့ရဲ့ မိမိကိုယ်မိမိလေးစား တန်ဖိုး ထားမှု၊ယုံကြည်မှုကို ထိခိုက်စေတာမျိုးတွေပြုလုပ်မိတတ်ကြပါတယ်။ ကျွန်ုပ်တို့ဟာလူသားတွေသာ ဖြစ်ကြပါ တယ်။ လူသားများဖြစ်တာနဲ့အညီတစ်ခါတစ်ရံမှာ မဆင်ခြင်ဘဲ ပြောမိ ပြုမူလုပ်ဆောင်မှုများ ပြုလုပ်မိ တတ်ကြ ပါတယ်။

အဲဒီလိုအမှတ်မထင် ပြောမှားဆိုမှာ လုပ်ဆောင်မှုမှားခြင်းတို့မှမိဘများအကဲဖြတ်မှားမှုများကြောင့် ဖြစ်လာ တတ်ပါတယ်။ မိဘတွေမှာ မိမိတို့သားသမီးအပေါ် ကောင်းစေလိုတဲ့ဦးတည်ချက်ရှိကြပေမဲ့အဲဒီလို ပြောမှား ဆိုမှားမိမှုများက ကလေးများရဲ့ မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှုကို အပျက်သဘော သက်ရောက် မှုများဖြစ်လာစေတတ်ပါတယ်။

အထူးသတိထားရန်အချက်

ဒီတင်ပြချက်ဟာမိမိတို့ကိုယ်တိုင် တိုးတက်နေအောင်သင်ယူချင်တဲ့မိဘများအတွက်ဖြစ်ပါတယ်။

ကလေးများမှာမိမိကိုယ်မိမိလေးစားတန်ဖိုးထားယုံကြည်မှုကို ထိခိုက်စေတဲ့

မိဘတို့ရဲ့အပြုအမူ (၄)မျိုး

၁။ မာမာထန်ထန်ပြစ်တင်ဝေဖန်ခြင်း

မိဘကပြစ်တင်ဝေဖန်ခံရတဲ့ကလေးတွေမှာ စိတ်လှုပ်ရှားခံစားမှုအပိုင်းမှာ များစွာထိခိုက်စေပါတယ်။ အထူး သဖြင့် ဝေဖန်မှုကမာမာထန်ထန် ပြုလုပ်ခံရတဲ့အခါမှာ ပိုဆိုးပါတယ်။ နှိမ်ချတဲ့သဘောနဲ့ဝေဖန်ခံရတဲ့အခါ ကလေးတွေစိတ်မှာများစွာထိခိုက်စေပါတယ်။ မိဘတွေကလည်း သူတို့အပူတွေ၊ စိတ်သောကရောက်မှု တွေ နဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။ အဲဒီလို အနေအထားကြောင့် သူတို့မှာရှိနေတဲ့မကျေမလည်စိတ်ခံစားမှုတွေ၊ မပြေလည်မှုတွေကို ထွက်ပေါက်အနေဖြင့် သားသမီးများအပေါ် ပုံချနေတာမျိုးလည်းဖြစ်နေတတ်ပါတယ်။ အဲဒီလိုမိဘတွေက ကလေးတွေအပေါ် ပြစ်တင်ဝေဖန်လိုက်မှုများက ကလေးတွေရဲ့ မိမိကိုယ်မိမိယုံကြည် လေး စားတန်ဖိးထားမှုကို များစွာထိခိုက်စေပါတယ်။ ကလေးတွေမှာဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းနှင့် စိတ်ထဲမှာ ဒေါသထွက်တဲ့အထိခံစားရနိုင်ပါတယ်။ အဲဒီလိုပြစ်တင်ဝေဖန်မှုများက ကလေးများတွင် မိမိတို့အစွမ်းအစများ အပေါ်တွင်ယုံကြည်မှုပျက်လာစေပါတယ်။ ဥပမာ ကလေးကမတော်တဆ စားပွဲပေါ်တင်ထားတဲ့ခွက်ကို ဝင်တိုက်မိပြီးခွက်က အောက်ကျကွဲသွားတာကို “နင်လုပ်လိုက်ရင် အမြဲဒီလိုဖြစ်နေတာပဲ” လို့ ပြောတာမျိုး ဖြစ်ပါတယ်။ တကယ်တော့အစဥ်သဖြင့်အဲဒီလိုဖြစ်နေတာမဟုတ်ပါ။ ဒါပေမဲ့အမြဲဖြစ်နေတယ်လို့ ပြောပြီး အပြစ်တင် တာမျိုးပြုလုပ်တတ်ကြပါတယ်။

၂။ လိုအပ်တာထက် လွန်ကဲစွာအကာအကွယ်ပေးနေခြင်း

ကလေးတွေကို သူတို့ကြုံတွေ့ရင်ဆိုင်ရမဲ့အခက်အခဲတွေ။ စိန်ခေါ်မှုတွေမဖြစ်အောင် လိုအပ်တာထက် အကာ အကွယ်နေခြင်းကလည်း ကလေးတွေမှာ အခက်အခဲကြုံတဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုမရှိဖြစ်လာ တတ်ပါ တယ်။ မိမိမှာ ကိုယ်တိုင်လုပ်ကိုင်ကျော်လွှားနိုင်စွမ်းမရှိဘူးလို့ ခံစားလာရစေပါတယ်။ တစ်ချို့မိဘတွေက သူတို့သားသမီးတွေဘဝမှာ အခက်အခဲမရှိအောင် ကလေးလုပ်စရာတွေကို မိဘက အားလုံးလိုလို လုပ်ဆောင်ပေး နေတတ်ကြပါတယ်။ အဲဒီလို လုပ်ဆောင်ပေးတဲ့မိဘတွေရှိနေသလို တစ်ချို့မိဘများကလည်းကလေးတွေကို အလွန်အမင်း ထိန်းချုပ်တားမြစ်တတ်ကြပါတယ်။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ဆိုပြီးတားမြစ်ပိတ်ပင် တတ်ကြ ပါတယ်။အလွန်အမင်းအကာ အကွယ်ပေးနေခြင်းက ကလေးများတွင်စူးစမ်းလေ့လာသင်ယူခွင့်၊ လုပ်မိတဲ့အမှား များ မှပြန်လည်ပြုပြင်ခွင့်များမရှိအောင် ကန့်သတ်ထားရာရောက်ပါတယ်။ အဲဒီအခွင့်အလမ်းများမှာ အမှန် တကယ်တော့ ကလေးများကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အခွင့်အလမ်းများဖြစ်ကြပါတယ်။
လိုအပ်တာထက် အကာအကွယ်ပေးနေခြင်းက ကလေးများမှာ သူတို့ကြုံတွေ့ရမဲ့အခက်အခဲပြဿနာများကို ရင်မဆိုင်ရဲတဲ့အတွက် စိတ်ပူပန်မှု၊ စိတ်သောကရောက်မှု၊ စိတ်မှာလုံခြုံမှုအမျိုးမျိုးဖြစ်လာစေတတ်ပါတယ်။ လိုအပ်တာထက်အကာအကွယ်ပေးနေရင် ကလေးတွေမှာ လူကြီးအပေါ်မှာသာမှိခိုလိုတဲ့စိတ်သာဖြစ်နေပြီး၊ ကိုယ့် အားကိုယ်ကို လုပ်ဆောင်ရဲတဲ့စိတ်တွေကင်းလာစေနိုင်ပါတယ်။ အဲဒီလိုစိတ်နေစိတ်ထားရှိတဲ့ ကလေးတွေ ဟာ လူကြီးဘဝရောက်တဲ့အခါ ကိုယ့်အားကိုယ်ကိုးမလုပ်နိုင်တဲ့အတွက်အခက်အခဲများစွာကြုံရပါတယ်။ ဥပမာ ရန်ကုန်ကျောင်းကြီးတစ်ကျောင်းမှာကြုံဘူးတာလေးမျှဝေချင်ပါတယ်။ အဲဒီကျောင်းမှာ ကလေးတွေကို လိုက်ပို့တဲ့မိဘတွေကကျောင်းကားတွေမှာ ကလေးအမည်ကို ကားအမိုးပေါ်မှာ စာတန်းထိုးထားတတ်ပါတယ်။ ထိုးထားတဲ့စာတန်းမှာ ကလေးအမည်က ကောင်းထက်ပြည့်စုံပါ။ (အမည်မှန်မဟုတ်ပါ။ မူလအမည်သဘောပါအောင် ပြောင်းထားတဲ့အမည်သာဖြစ်ပါတယ်)။ ကောင်းမယ်။ထက်မယ်။ ပြည့်စုံ မယ်ဆိုတဲ့ရည်ရွယ်ချက်တွေပါ။ အဲဒီကလေးကကျောင်းကားပေါ်မှဆင်းတဲ့အခါ မိခင်ကကလေးကျောပိုးအိပ်ကို ကျောင်းဝအထိလိုက်ပို့ပေးပါတယ်။ ကျောင်းအဝရောက်တော့ ကျောပိုးအိပ်ကို ကျောင်းတံခါးစောင့် လက်ထဲ ထည့်ပြီး အတန်းထဲအရောက် လိုက်ပို့ခိုင်းတဲ့အစီအစဥ်ပြုလုပ်ထားပါတယ်။ အဲဒီလို လိုတာထက် လုပ်ဆောင် ပေးနေတဲ့အတွက် အဲဒီကလေးဟာ သူ့အမည်အတိုင်း ကောင်းထက်ပြည့်စုံမလားဆိုတာကတော့ အတော် စိတ်ဝင်စားစရာကောင်းလှပါတယ်။

မိဘများအနေဖြင့် ကလေးတွေမှာ ဘေးမဖြစ်အောင်လိုအပ်တဲ့ကာကွယ်ပေးမှုရှိမှုနဲ့ ကလေးတွေကိုယ်တိုင် စိန် ခေါ် တဲ့အနေအထားများကို ရင်ဆိုင်လုပ်ကိုင်ခွင့်တို့ကို ဟန်ချက်ညီအောင် ထိန်းပေးဖို့လိုအပ်ပါတယ်။ ဒါမှာသာ ကလေးတွေမှာမိမိကိုယ်တိုင်လုပ်ကိုင်ရင်းမိမိကိုယ်မိမိယုံကြည်တဲ့စိတ်များဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ်အား ကိုယ်ကိုးလုပ်တတ်အောင်လေ့ကျင့်ပေးမှုမှာ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုတိုးတက်လာ စေပါတယ်။ ကြုံ လာတဲ့ပြဿနာအခက်အခဲကို‌ဖြေရှင်းတတ်တဲ့ကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။ လိုအပ် တာထက် အ ကာအကွယ်ပေးထားမှုကြောင့် ဖြစ်လာမဲ့အပျက်သဘောသက်ရောက်မှုများလည်း ကင်းလာစေပါ တယ်။

၃။ အပြစ်ရှိတယ်လို့ကလေးစိတ်မှာခံစားမှုရှိလာအောင် ပြုလုပ်ခြင်း

မိဘများကသားသမီးများကို ဘဝသင်ခန်းစာများကိုသင်ပေးတယ်လို့ပြောတတ်ကြပါတယ်။ ဒါပေမဲ့ သင်ပေး တဲ့အခါ လိုချင်တဲ့အနေအထားမရောက်လာရင် ကလေးမှာအပြစ်ရှိတယ်လို့စိတ်မှာခံစားလာရအောင် ဖိအား ပေးတာမျိုး၊ ကလေးတွေကိုထိန်းချုပ်နိုင်အောင် ကျင့်သုံးတာမျိုးမှာမပြုလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ဆောင် ခြင်းက မိဘနှင့်သားသမီးရင်းနှီးမှုပျက်စေပြီးကင်းကွာသွားစေတတ်ပါတယ်။ ဥပမာကလေးကစာရေးတဲ့အခါ အမှားတွေပါတာကို မိခင်ကစောင့် ကြည့်နေပြီး “မှားမှာပေါ့ စာမှာစိတ်မှမဝင်စားတာ၊ တစ်ချိန်လုံးကစားချင်နေ တော့ စာရေးတဲ့အခါ အမှားတွေများတာပေါ့” လို့ အပြစ်တင်ပါတယ်။ တကယ်တော့ ကလေးကြိုးစားပြီးမှန် အောင်ရေးပေမဲ့မိခင်ကစောင့် ကြည့်နေပြီး တစ်ခုလေးမှားတိုင်း “ဟောမှားပြန်ပြီ”လို့အပြစ်တင်နေတာခံရတဲ့အတွက် စိတ်မသက်မသာခံစားရပြီး ဆုတ်နစ်တဲ့သဘောဖြစ်လာပြီး ရေးတဲ့အခါ ပိုမှားနေခြင်းဖြစ်ပါတယ်။

၄။ ထေ့လုံးငေါ့လုံးစကားတွေသုံးပြီးပြောဆိုတတ်ခြင်း

စကားပြောဆိုတဲ့အခါထေ့လုံးငေါ့လုံးတွေသုံးပြီးပြောခြင်းဟာ စိတ်ထဲမှာအမှန်ဖြစ်စေချင်တာမဟုတ်သော်လည်း ဆန့်ကျင်ဘက်သက်ရောက်မှုများဖြစ်လာစေတတ်ပါတယ်။ ပြောတဲ့လေသံပြောတဲ့ဟန်ကြောင့် အဲဒီလိုဖြစ်လာ တတ်ပါတယ်။ ထေ့လုံးငေါ့လုံးစကားလုံးများကြောင့် ကလေးတွေမှာစိတ်ထိခိုက်စေပါတယ်။ အဲဒီစကားလုံးနဲ့ ပြောဆိုတဲ့လေးသံတိုကြောင့် ကလေးမှာအရှက်ရစေပါတယ်။ ကလေးကိုချိုးနှိမ်သလိုဖြစ်စေပါတယ်။ ဥပမာ “လက်ရေးကလှလိုက်တာ ကြောင်ခြစ်ထားသလားအောင်းမေ့ရတယ်” စတာမျိုးထေ့လုံငေါ့လုံးသုံးပြီးပြော ခြင်း ဖြစ်ပါတယ်။ “လှလိုက်တာ”ဆိုတာကောင်းတဲ့စကားဖြစ်ပေမဲ့ ပြောတဲ့လေသံနှင့် နောက်ဆက်တွဲပြောလိုက် တဲ့ ”ကြောင်ခြစ်ထားသလားအောင်း မေ့ရတယ်” ဆိုတဲ့စကားကြောင့် ကောင်းတဲ့စကားဟာ မကောင်းတဲ့အဓိပ္ပါယ် သက်ရောက်သွားစေပါတယ်။

မိတ်ဆွေများကလေးများမှာမိမိကိုယ်မိမိယုံကြည်မှု ပျက်စေတာမျိုးတွေ ရှောင်ရှားနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...