Monday, February 24, 2025

မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်ရန်လမ်းပြချက် (၁၂)ချက် Food for Thought 770

 No photo description available.

ဒီနေ့ ” မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်ရန်လမ်းပြချက် (၁၂)ချက်” ကို Food for Thought 770 အဖြစ်မျှဝေလိုက်ပါတယ်။ 

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်ရန်လမ်းပြချက် (၁၂)ချက်

ကလေးတွေဟာမွေးလာကတည်းကစပြီးကျွမ်းကျင်မှုအသစ်များကို မနားမနေလေ့လာသင်ယူနေတတ် ကြ ပါ တယ်။ အဲဒီလို ဆည်းပူးလေ့လာရင်း ကျွမ်းကျင်မှုများတတ်လာတာနဲ့အမျှ ငါလုပ်ဆောင်နိုင်တယ်ဆိုတဲ့ မိမိကိုယ် မိမိ ယုံကြည့်မှုများလည်းဖြစ်လာကြပါတယ်။

ကလေးတွေအသက်ကြီးလာတဲ့အခါ အဲဒီမိမိကိုယ်မိမိယုံကြည်မှုကပင် အခြားသောကျွမ်းကျင်မှုများကဲ့သို့ အရေး ကြီးလာပါတယ်။ ကလေးတွေဆိုတာ သူတို့စွမ်းဆောင်နိုင်တာကို ယုံကြည်မှုရှိရန် လိုအပ်ပါတယ်။ တစ်ခုခုကို လုပ်ဆောင်တဲ့အခါမှာ မအောင်မြင်ခဲ့ရင်လည်း အဲဒီလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်တယ် ဆိုတာ သိနေဖို့ လိုအပ်ပါတယ်။ လုပ်စရာတွေကို ကျွမ်းကျင်စွာလုပ်ဆောင်တတ်မှုနဲ့ လုပ်ရင်းကိုင်ရင်းမအောင်မြင်လို့ လဲကျသွား တဲ့အခါ ချက်ခြင်းပြန်လည်ထပြီး အောင်မြင်လာအောင် ဆက်လက် လုပ်ဆောင်တတ်မှုမှတစ်ဆင့် ကလေးတွေ ဟာမိမိကိုယ်မိမိယုံကြည်မှုများကို တည်ဆောက်လာနိုင်တာဖြစ်ပါတယ်။

အောက်ဘက်မှာ ကလေးတွေကျွမ်းကျင်မှုများကိုလေ့ကျင့်ရာတွင် အကောင်းဆုံးလေ့ကျင့်နိုင်ရန် လိုအပ်တဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရရှိလာအောင် တည်ဆောက်နိုင်ရန် အရေးကြီးတဲ့အချက် (၁၂) ချက်ကိုတင်ပြ ထားပါ တယ်။

၁။ လူကြီးမိဘကိုယ်တိုင်က မိမိကိုယ်မိမိယုံကြည်မှုရှိစွာလုပ်ကိုင်ကြောင်းစံနမူနာပြပါ။

မိဘများအနေဖြင့် အလုပ်အသစ်တစ်ခုခုကိုပြုလုပ်တဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုအပြည့်အဝမရှိတဲ့အခါမျိုး လည်းရှိနိုင်ပါတယ်။ အဲဒီအချိန်မျိုးမှာ အကောင်းဆုံးလုပ်ဆောင်နိုင်စေရန် ကြိုတင်ပြင်ဆင်မှုများကို အလေးထား ပြီးလုပ်ဆောင်ပြခြင်းကလည်း နမူနာကောင်းပြသရာရောက်ပါတယ်။ အကောင်းဆုံးပြင်ဆင်တယ်ဆိုတာ လုံးဝပြီးပြည့်စုံအောင်လုပ်ခြင်းမဟုတ်ပါ။ သင့်မှာစိတ်ပူပန်မှုရှိတာကို လက်ခံအသိအမှတ်ပြုပါ။ ဒါပေမဲ့အဲဒီ စိတ်ပူပန်နေမှုအပေါ် အလေးထားမနေပါနဲ့။ သင့်အနေဖြင့် အကောင်းဆုံးလုပ်နိုင်တာတွေကိုအပေါ်အလေးထား ပြင်ဆင်ပါ။

၂။ ကြိုးစားလုပ်ကိုင်ရင်းအမှားတွေလုပ်မိတာအတွက် စိတ်မပျက်ပါနဲ့။

လူတိုင်းအမှားဆိုတာလုပ်မိတတ်ကြောင်းနဲ့ အဲဒီအတွက်စိတ်မပျက်ဘဲ သင်ခန်းစာယူဖို့ လိုအပ်ကြောင်း ကလေးတွေသိပါစေ။ ပြုမိတဲ့အမှားမှသင်ခန်းစာယူနိုင်ခြင်းကအရေးကြီးကြောင်း “ငါအမှားလုပ်မိလေခြင်း” ဆိုပြီး စိတ်မကောင်း ဖြစ်နေတာမျိုးမဖြစ်အောင် ကလေးတွေကိုပြောပြပါ။ နမူနာကောင်းပြပါ။ မိမိကိုမိမိယုံ ကြည်သူတွေဟာကျရှုံးမှာကြောက်တဲ့စိတ်ကို မမွေးကြပါ။ အဲဒီလိုမမွေးတာ သူတို့အနေဖြင့် မမှားဘူးဆိုတာ အသေအချာသိနေလို့မဟုတ်ပါ။ လုပ်မိတဲ့အမှားမှသင်ခန်းစာယူးပြီး မှန်အောင် လုပ်ဆောင်နိုင်ကြောင်းသိနေ တဲ့အတွက်ဖြစ်ပါတယ်။

၃။ ကလေးတွေကိုအသစ်အဆန်းများပြုလုပ်ကြည့်ရန် တိုက်တွန်းအားပေးပါ။

ကလေးတွေဟာ သူတို့ကောင်းစွာလုပ်တတ်နေတဲ့အရာတွေမှာသာသူတို့အင်အားအားလုံးကို အချိန်ပြည့်သုံးနေမဲ့ အစား လုပ်နေကျတွေနဲ့ မတူတဲ့အသစ်အဆန်းတွေကို စမ်းလုပ်ကြည့်သင့်ပါတယ်။ ကျွမ်းကျင်မှုအသစ်များ ရရှိလာခြင်းဖြင့် ကလေးများဟာသူတို့ကြုံတွေ့လာတာကို လုပ်ကိုင်နိုင်စွမ်းရှိတယ်လို့မိမိကိုယ်မိမိယုံကြည့်မှုများ ဖြစ်လာစေပါတယ်။

၄။ ကလေးတွေကိုအမှား လုပ်ခွင့်၊ လုပ်ရင်ကိုင်ရင်းအမှား ပြုလုပ်ခွင့်ပေးပါ။

မိဘတွေအနေဖြင့် မိမိသားသမီးအမှားမလုပ်မိစေရန် ကာကွယ်ပေးချင်တာသဘာဝကျပါတယ်။ ဒါပေမဲ့စမ်း သ ပ်လုပ်ကိုင်ကြည့်ရင်းမှားတာမှ မှန်အောင်လုပ်နိုင်တာဟာသယာဝဖြစ်စဥ်ဖြစ်ပါတယ်။ ဦးတည်ချက်ရောက် အောင်သွားရင်းမှား လုပ်မိတာက အဲဒီအမှားကနေသင်ယူစေပြီး ဘယ်လို ပြုပြင်အားစိုက်ထုတ်လိုက်ရင် ဦး တည်ချက်ရောက်နိုင်တယ်ဆိုတဲ့ပို ထက်သန်တဲ့စိတ်မျိုးကလေးတွေမှာဖြစ်လာစေတတ်ပါတယ်။ အဲဒီစိတ် မျိုး ရှိလာတဲ့အခါ ကလေးတို့ဟာ လူကြီးဖြစ်လာတဲ့အခါမှာ လည်း ဘဝကိုရင်ဆိုင်တဲ့အခါ အများကြီးအကျိုးပြု စေမှာဖြစ်ပါတယ်။

၅။ဇွဲရှိမှုကိုချီးကျူးအသိအမှတ်ပြုပါ။

ပထမအဆင်မပြေမှုကြောင့် လက်မြှောက်အရှုံးမပေးဖို့အတွက်သင်ယူရန်မှာ အရေးကြီးတဲ့ တတ်ကျွမ်းမှုဆိုင်ရာ ကျွမ်းကျင်မှုဖြစ်ပါတယ်။ မိမိကိုယ်မိမိယုံကြည်မှုနှင့် မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုဆိုတာ လုပ်သမျှ အောင် မြင်နေခြင်းကိုဆိုလိုခြင်းမဟုတ်ပါ။ အဲဒီစွမ်းရည်တွေဆိုတာ ကြိုးစားလုပ်ကိုင်တဲ့နေရာမှာ ကြံ့ခိုင်ပြီးအကောင်း ဆုံး အခြေအနေမဟုတ်တဲ့အခါတွေမှာ စိတ်ဓာတ်လုံးဝမကျဘဲ ဆက်လက်ပြီးဇွဲရှိရှိ ကြိုးစားအားထုတ်နိုင်ခြင်း ကိုရည်ညွှန်းခြင်းပင်ဖြစ်ပါတယ်။ အဲဒါကိုကလေးတို့သိနားလည်အောင်ပြောပြထားပါ။

၆။ ကလေးတို့အနေဖြင့် သူတို့စိတ်အားအထက်သန်ဆုံး၊ စိတ်အဝင်စားဆုံးကိုသိအောင်ကူညီပါ။

ကလေးတွေဆိုတာသူတို့စိတ်ဝင်စားတာကိုစူးစမ်းရှာဖွေရင်း ကိုယ်ပိုင်လက္ခဏာဆိုတာ ဖြစ်လာပါတယ်။ အဲဒီ ကိုယ်ပိုင်လက္ခဏာက မိမိကိုယ်မိမိယုံကြည်မှုတည်ဆောက်ရာမှာအရေးကြီးပါတယ်။ ကလေးတို့အနေဖြင့် သူတို့ရဲ့အားကောင်းတဲ့စွမ်းဆောင်နိုင်ရည်နဲ့စိတ်ဝင်စားမှုတို့ကိုသိလာခြင်းဟာ သူတို့ရဲ့ မိမိကိုယ်မိမိယုံကြည် လေးစားတန်ဖိုးထားမှုကိုတည်ဆောက်ရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။

၇။ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။

ရည်မှန်းချက်များကိုချမှတ်ရာမှာ ရည်မှန်းချက်အသေးအကြီးများထားပြီးအဲဒီရည်မှန်းချက်များပေါက်မြောက် အောင်မြင်လာခြင်းကကလေးများကို စိတ်အားထက်သန်အားကောင်းလာစေပါတယ်။ ကလေးတို့မှာဖြစ်ချင်တဲ့ ရည်မှန်းချက်များနှင့်စိတ်ကူးအိပ်မက်များကိုလုပ်ဆောင်နိုင်တဲ့ဦးတည်ချက်များအဖြစ်ပြောင်းလာအောင် ဖန် တီးရာမှာ လိုအပ်တဲ့အကူအညီပေးပါ။ ပြီတော့ ရေရှည်ဦးတည်ရည်မှန်းချက်များကို သဘာဝကျပြီး လုပ်ဆောင် ရန်လွယ်ကူစေတဲ့လုပ်ငန်းငယ်များဖြစ်လာအောင် ဖန်တီးတာကိုလည်းလေ့ကျင့်ပေးပါ။ အဲဒီလိုကူညီပေးခြင်းဖြင့် ကလေးတို့ဟာသူတို့အမှန်တကယ်စိတ်ဝင်စားတာကို သိပြီး အဲဒီ လိုလားမှုများကို ရအောင်လုပ်ဆောင်ရာမှာ လို အပ်တဲ့ကျွမ်းကျင်မှုများကိုလည်း ရရှိလာစေမှာဖြစ်ပါတယ်။

၈။ ကြိုးစားအားထုတ်မှုအတွက်အသိအမှတ်ပြုပါ။

ကလေးများစွမ်းဆောင်နိုင်မှုများအတွက်ချီးကျူးခြင်းမှာ ကောင်းမြတ်ပါတယ်။ သို့သော်လည်း ကြိုးစားအား ထုတ် မှုကို အလေးထားအသိအမှတ်ပြုဖို့ကလည်းအရေးကြီးပါတယ်။ ရလာတဲ့ရလဒ်ကဘယ်လိုပင်ရှိနေပါစေ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းကလည်း နောက်ထပ်ကြိုးစားချင်စိတ်ဖြစ်အောင် များစွာအထောက် အကူပြုပါတယ်။ ကျွမ်းကျင်မှုအသစ်များကို လေ့လာလက်တွေ့အားထုတ်ရာတွင် အချိန် ယူတတ်ပါတယ်။ ဒါ ကြောင့် ရလဒ်ကောင်းမှာ လေ့ကျင့်စတွင်ချက်ခြင်း ဖြစ်မလာတတ်ပါ။ မိဘအနေဖြင့် ကလေးရဲ့ကြိုးစားအား ထုတ်မှုကို တန်ဖိုးထားကြောင်းကလေးတွေသိပါစေ။ ဥပမာတတောက်တောက်ပြေးတဲ့အရွယ်ကလေးအနေဖြင့် ဖြတ်ဆက်များနှင့် ကစားနေတဲ့အချိန်မှာဖြစ်စေ၊ ဆယ်ကျော်သက်အရွယ်ကလေးအနေဖြင့် ဂီတာအတီးသင်နေ တဲ့အခါမှာဖြစ်စေ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးရန် လိုအပ်ပါတယ်။

၉။ အသက်အရွယ်နှင့် ကိုက်ညီတဲ့အိမ်မှုအလုပ်တွေကို လုပ်ရန်တာဝန်ပေးပါ။

အိမ်မှုလုပ်ငန်းတွေလုပ်ခိုင်းရင်အစပိုင်းမှာကလေးတွေက မကျေမနပ်ပြောလာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့အသက် အရွယ်အလိုက်ထိုက်သင့်တဲ့အလုပ်များကို လုပ်နိုင်တဲ့အပေါ်မှာ တန်ဖိုးထားမယ်ဆိုရင် ကလေးတွေက အဲဒီအ လုပ် တွေကို လေးလေးစားစားလုပ်ပြီးမိသားစုတွင်း ပိုအားကောင်းတဲ့ဆက်သွယ်မှုများဖြစ်လာစေပါတယ်။ ဥပ မာ ကစားစရာတွေပြန်သိမ်းတဲ့လုပ်ငန်း၊ ပုဂံတွေဆေးပြီးသူ့နေရာမှာသူပြန်သိမ်းတဲ့လုပ်ငန်း၊ ငယ်တဲ့ကလေး ကို ကစားနေတဲ့နေရာမှ ပြန်ခေါ်တဲ့လုပ်ငန်း၊ အိမ်စာတွေမှန်မှန် လုပ်တဲ့လုပ်ငန်း၊ နှင့်အိမ်မှုလုပ်ငန်းများမှာဝိုင်းပြီး တာ ဝန်ယူလုပ်ဆောင်တဲ့တာဝန်တွေပေးခြင်းတို့မှာအလွန်တန်ဖိုးကြီးတဲ့အကျိုးတွေကိုဖြစ်စေပါတယ်။ အဲဒီလို အိမ်မှု လုပ်ငန်းတွေဝိုင်းတာဝန်ယူလုပ်ဆောင်တာကိုမိသားစု ကတန်ဖိုးထားတဲ့အခါ ထိုလုပ်ငန်းများလုပ်ဆောင် ခြင်းမှာ အလွန် ကောင်းတဲ့အကျိုးသက်ရောက်မှုများကိုဖြစ်လာစေပါတယ်။

၁၀။ ပြီးပြည့်စုံမှုမဖြစ်သည်ကို လက်ခံပေးခြင်း

ပြီးပြည့်စုံမှုရှိရန်လိုလားခြင်းဟာ သဘာဝမကျကြောင်း လူကြီးများအနေဖြင့် သိထားကြပါတယ်။ ကလေး ငယ် တွေအနေဖြင့် လည်း ထို အချက်ကို နားလည်လာစေရန် အသိပေးဖို့ လိုအပ်ပါတယ်။ ရုပ်မြင်သံကြား အစီအစဥ်၊ မဂ္ဂဇင်းစာစောင်၊ လူထုဆက်သွယ်ရေး ပစ္စည်းများတွင်လူတွေကြည့်လိုက်ပါက အလွန်ပျော်နေကြပြီး အောင်မြင် နေကြပါတယ်။ အစဥ်သဖြင့် ပြီးပြည့်စုံနေသလို ဝတ်ဆင်ထားကြပါတယ်။ အဲဒီမြင်ကွင်းတွေဟာ အမှန်အား ဖြင့် အနှောက်အယှက်ပေးနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြီးပြည့်စုံမှုမရှိခြင်းဆိုတာ လူတွေရဲ့ သဘာဝဖြစ်ကြောင်းနဲ့အဲဒီလိုဖြစ်နေခြင်းကအိုကေကြောင်း ကလေးတွေကိုပြောပြထားရန် လိုအပ်ပါတယ်။

၁၁။ ကလေးများအောင်မြင်မှုရရှိခံစားရအောင်အခြေအနေဖန်တီးပေးပါ။

စိန်ခေါ်မှုတွေဆိုတာကလေးတွေအတွက်ကောင်းပါတယ်။ အလားတူပင်အောင်မြင်မှုကိုရရှိခံစားစေနိုင်တဲ့အခွင့် အလမ်းဆိုတာမျိုးလည်းဖန်တီးပေးရင်ကောင်းပါတယ်။ ကလေးတွေစိတ်မှာ သက်သောင့် သက်သာဖြစ်စေမဲ့ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ပါစေ။ အဲဒီမှာ အောင်မြင်လာပြီး ပိုစိန်ခေါ်တဲ့လုပ်ငန်းများကို လုပ်ဆောင်လို တဲ့စိတ်များဖြစ်ပေါ်လာစေပါတယ်။

၁၂။ မိဘက ကလေးတွေကိုချစ်ခင်မြတ်နိုးကြောင်းပြပါ။

ဘယ်လိုအနေအထားမှာမဆို မိဘက ချစ်ခင်ကြောင်းကလေးသိအောင် ပြသပါ။ ကစားရာမှာ အောင်တာ၊ ရှုံးတာ၊ ကျောင်းစာမှာအဆင့်ကောင်းတာ၊ အဆင့်နိမ့်တာ ဘယ်လို အနေအထားဖြစ်ပါစေ မိဘကချစ်ခင် ကြောင်းပြပါ။ သူတို့လုပ်ရပ်တစ်ခုခုကြောင့်မိဘစိတ်မှာ မကျမနပ်ဖြစ်ရင်တောင် မကျေမနပ်ဖြစ်တာက ချစ်ခင်မြတ်နိုး မှုရှိတာ ကိုတော့ပျက်ပြယ်သွားအောင် မဖြစ်စေသင့်ပါဘူး။ ဘယ်အခြေအနေမှာဆို ကလေး ကိုမိဘကချစ်ခင်တန်ဖိုထား ကြောင်းသိပါစေ။ အဲဒီလိုသိနေရင် ကလေးတွေမှာစိတ်ခံစားမှုကောင်းနေမှာ ဖြစ်ပါတယ်။

မိတ်ဆွေများ မိမိကိုယ်မိမိယုံကြည်တဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်ပျိုးထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...