ဒီနေ့
ကလေးတွေကိုလေ့ကျင့်ပျိုးထောင်တဲ့အခါ”
ပူဖောင်းလေးအထက်သို့ပျံတက်နေသလိုကလေးတွေဆိုတာ--“ ကို Food for Thought 771
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ပူဖောင်းလေးအထက်သို့ပျံတက်နေသလိုကလေးတွေဆိုတာ
ဟေလီယံဓာတ်ငွေ့ထည့်ထားတဲ့ပူဖောင်းလေးတွေကို
မြင်တွေ့ဘူးကြမှာပါ။ ဟေလီယံသတ္တိကြောင့် ပူဖောင်း လေးတွေက
ပျံတက်နေတဲ့အတွက် သူတို့ကိုမိုးပျံပူးဖောင်းလို့တောင် လူတွေကခေါ်ကြပါတယ်။
ဒါကြောင့် အဲ ဒီပူဖောင်းလေးတွေရောင်သူတွေက ပူးဖောင်းလေးတွေကို
ကြိုးနဲ့ချီပြီး ကြိုးတွေကို စုပြီး လက်ဖြင့် သေချာဆုပ် ကိုင်ထားကြပါတယ်။
အဲဒီလို လုပ်မထားရင်လွတ်ထွက်ကုန်ပြီး အထက်သို့ တက်သွားခါ ရောင်းဖို့ ပြင်
ထားတဲ့ ပူဖောင်းတွေအားလုံးဆုံးရှုံးသွားနိုင်တဲ့အတွက်ဖြစ်ပါတယ်။
ပူပေါင်းလေးတွေမှာအတွင်းမှာထည့်ထားတဲ့ဟေလီယံသတ္တိကြောင့်
အထက်သို့ ထောင်မတ်နေအောင် တက်နေ ပါတယ်။ အဲဒီသဘောအတိုင်းပင်
ကလေးတွေဆိုတာလည်း သူတို့မှာပင်ကိုယ်ကပါရှိလာတဲ့ မျက်စိ၊ နား၊ လျာ၊ ခြေလက်၊
နှခေါင်း၊ စတာတွေကြောင့် မြင်တာကြားတာထိတွေ့တာတွေကို စိတ်ဝင်စားကြပါတယ်။
မြင်တာ ကြားတာတွေကိုစိတ်ဝင်စားတဲ့အတွက် ပိုသိချင်ကြပါတယ်။ ဒါကြောင့်
ကလေးတွေဆိုတာ စူးစမ်းလိုတဲ့စိတ် အားကြီးကြပါတယ်။ ဟေလီယံသတ္တိကြောင့်
ပူဖောင်းလေးတွေက ကောင်းကင်သို့ ထိုးတက်နေသလိုပင် ဖြစ်ပါ တယ်။ မြင်တာကို
ကိုင်ကြည့်လိုကြပါတယ်။ ကလေးငယ်တွေဆိုရင် သူတို့လျာကို အသုံးပြုပြီးအရသာကို
ခံစားကြည့်တတ်ကြပါတယ်။ ပစ္စည်းတွေကိုကောက်ပြီးပါးစပ်ထဲထည့်ကြည့်တာ အဲဒီ
သဘောပင်ဖြစ်ပါတယ်။
အဲဒီလိုသဘောရှိတာက
ကလေးတိုင်းမှာတွေ့မြင်နိုင်ပါတယ်။ အဲဒီလိုသဘောရှိတာကို ဟိုဟာမလုပ်နဲ့၊
ဒီဟာ မလုပ်နဲ့လို့ အတင်းလိုက်ထိန်းချုပ်ထားမယ်ဆိုရင်
သိချင်တဲ့စူးစမ်းစိတ်ကို ချိုးသတ်နေသလိုဖြစ်ပါတယ်။
အဲဒီလိုလုပ်တာကဘာနဲ့တူသလဲဆိုရင် ဟီလီယံဓာတ်ကိုပူပေါင်းထဲထည့်ပြီး
ပူးပေါင်းကိုအထက်သို့မတက်နိုင် အောင်
အတင်းဆုပ်ကိုင်ဖမ်းထားတာနဲ့တူနေမှာဖြစ်ပါတယ်။ ဒါကတော့
အတင်းထိန်းချုပ်တဲ့သဘောက ကလေး တွေရဲ့ပင်ကိုယ်သဘာဝနှင့် ဆန့်ကျင်နေတဲ့အတွက်
အတင်းထိန်းချုပ်တာမျိုးမလုပ်သင့်ကြောင်း ဆွေးနွေးခြင်းဖြစ် ပါတယ်။
အတင်းထိန်းချုပ်တာမျိုးက
ကလေးတို့ပင်ကိုယ်သဘာဝနှင့်ဆန့်ကျင်နေတဲ့အတွက်မလုပ်သင့်ပါ။ တစ်ဘက်မှာ လည်း
စူးစမ်းလိုတဲ့သဘောရှိတဲ့အတွက် အစစ အရာရာ အထိန်းအကွပ်မရှိ
စူးစမ်းခွင့်ပေးလိုက်ရင်လည်း ချင့်ချိန် အားမကောင်းသေးတဲ့အရွယ်ကလေးတွေအတွက်
ဘေးအန္တရာယ်များဖြစ်လာစေနိုင်ပါတယ်။ ဥပမာ လျှပ်စစ် မီးခလုပ်အပေါက်ကို
စူးစမ်းသိလိုတဲ့အတွက်
အပေါက်ထဲလက်ထိုးကြည့်ခြင်းပြုလုပ်မယ်ဆိုရင်ဓာတ်လိုက်ပြီး
အသက်ပင်ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါကြောင့်
အထိန်းအကွပ်မဲ့လွှတ်ပေးတဲ့လွတ်လပ်ခွင့်မျိုးလည်းမပေး သင့် ပါဘူး။
ဟေလီယံဓာတ်ထည့်ထားတဲ့ပူဖောင်းကို ကြိုးနဲ့သာချီမထားဘူးဆိုရင် အားလုံးက
ကောင်းကင်ထက် တက်ပြီးပျောက်ဆုံးကုန်မှာဖြစ်ပါတယ်။ အလားတူပင် ကလေးတွေကို
အထိန်းအကွပ်မထားဘဲ လွတ်လပ်စွာ စူးစမ်းခွင့်
လုပ်ဆောင်ခွင့်တွေပေးနေမယ်ဆိုရင် ကလေးတွေဟာ
အမျိုးမျိုးသောဘေးအန္တရာယ်များတွေ့ကြုံလာ နိုင်ပါတယ်။ ဒီနေရာမှာ
တကဲ့ဖြစ်ရပ်လေးတစ်ခုကိုမျှဝေချင်ပါတယ်။ ကျွန်တော်မြေးလေးကို
စွမ်းဆောင်နိုင်သူ များအားဂုဏ်ပြုတဲ့ပွဲကိုခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ
ဂုဏ်ပြုတဲ့လူတွေရဲ့ဓာတ်ပုံတွေကို ပြထားပြီးအမြင့်ဆုံးဂုဏ်
ပြုခံရသူရဲ့ဓာတ်ပုံကို စလိုက်မီးတွေထွန်းပြီး ပြထားတာ
အလင်းအားများလွန်းတဲ့အတွက် အပူငွေ့တွေတောင် ပြန့်ထွက်နေပါတယ်။ ဒါကြောင့်
“အဲဒီမီးသီးကို မကိုင်လိုက်နဲ့နော်”လို့ မြေးလေးကိုသတိပေး လိုက်ပါတယ်။
အဲဒီလိုသတိပေးလိုက်တော့မှ မြေးလေးက ပိုစိတ်ဝင်စားသွားတယ်ထင်ပါတယ်။
အလစ်မှာမီးသီးကို သူ့လက်ညှိုး လေးနဲ့ သွားတို့ကြည့်လိုက်တာ
အားဆိုပြီးပူလို့ အော်တော့မှ သူ့ လက်ညှိုးကိုကြည့် လိုက်တော့အနီကွက် ဖြစ်နေ
တာကို တွေ့လိုက်ရပါတယ်။ အဲဒါနဲ့ ဂုဏ်ပြုတဲ့အဖွဲ့မှာ ဆေးတောင်းပြီး
ဆေးထည့်ပေးလိုက်ရပါတယ်။
မျက်မှောက်ခေတ်က
ကလေးတွေအတွက်ဘေးဖြစ်စေနိုင်တာတွေပိုတောင်များပြားလာပါတယ်။ အထိန်းအကွပ်
သာမထားဘဲစိတ်ကြိုက်လွတ်လပ်စွာစူးစမ်းခွင့်ပေးမယ်ဆိုရင်
ဟောလီယံဓာတ်ငွေ့ထည့်ထားတဲ့ပူပေါင်းကို ဆူး တွေပတ်ချာလည်မှာရှိနေတဲ့နေရာမှာ
လွှတ်လိုက်သလိုဖြစ်မှာသေချာလှပါတယ်။ အခုခေတ်မှာဆိုရင်အွန်လိုင်းက လည်း
လူတွေအပေါ်များစွာလွှမ်းမိုးမှုရှိလာပါတယ်။
ကောင်းတာတွေအများကြီးရှိသလိုဆိုးတာတွေလည်းအများ ကြီးရှိနေပါတယ်။
အတွင်းကအားကောင်းလေလေ ဆူးနဲ့ထိုးမိဖို့အလားအလာက အားကောင်းလေလေ ဖြစ်ပါ တယ်။
အဲဒီလိုသာဆိုရင် အတွင်းမှာရှိ နေတဲ့ အားကြောင့် ပူပေါင်းလေးဟာ
သက်တမ်းမရှည်နိုင်တော့ ပါဘူး။ ချက်ခြင်း ပေါက်ကွဲသွားမှာဖြစ်ပါတယ်။
ကလေးတွေကိုစူးစမ်းလေ့လာခွင့်ကို
အထိန်းအကွပ်မရှိပေးရင်ဘေးများနိုင်သလို ထိန်းချုပ်ထားလွန်းရင်လည်း
အစွမ်းအစ မထွက်သူများဖြစ်လာစေနိုင်ပါတယ်။ ဥပမာ အားဖြင့် ဆင်လေးတွေငယ်စဥ်က
ခြေ ထောက် မှာ သံကြိုးခိုင်ခိုင်ဖြင့်
ချီထားပြီးတိုင်ငုတ်ခိုင်ခိုင်မှာချီထားတော့ ရုန်းမထွက်နိုင်ဖြစ်ပါတယ်။
အဲဒီအနေအထား ကို ငယ်စဥ်ကတည်းက အချိန်တော်တော်ကြာနေလာတဲ့အခါ
ဆင်တို့စိတ်ထဲမှာ ရုန်းထွက်လို့မရဘူးဆိုတဲ့စိတ်ကစွဲ သွားပါတယ်။ ဒါကြောင့်
ဆင်တွေကြီးလာတဲ့အခါ ထူးခပ်ထားတဲ့ကြိုးသေးသေးလေးရှိနေရင် ရုန်းမထွက်နိုင်ဘူး
ဆိုတဲ့ငယ်စဥ်ကတည်းကရခဲ့တဲ့အသိကြောင့်ရုန်းမထွက်ကြတော့ပါဘူး။
အတွေးအံသေသွားပါတော့တယ်။
အဲဒီလိုဖြစ်ရပ်တစ်ခုလည်းရှိခဲ့ပါတယ်။
လင်ယုန်ငှက်တွေဆိုတာ လေပြင်းမုန်တိုင်းကိုမကြောက် အထက်သို့
ပျံတက်တတ်တဲ့အစွမ်းရှိတဲ့ငှက်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့
ကြက်တွေနဲ့ငယ်စဥ်ကတည်းကအတူနေ ကြက်အလေ့ အကျင့် ရသွားတဲ့လင်းယုန်ငှက်ကတော့
ကြက်လို မြေမှာခြေဖြင့်ယက်ပြီးအစာရှာစားပါတော့တယ်။ အဲဒီဖြစ်ရပ် လေးကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
တစ်ခါက မုဆိုးတစ်ယောက်ဟာ
သစ်ပင်ကြီးတစ်ပင်အထက်အသိုက်ထဲမှ လင်းယုန်ဥကြီးတစ်လုံးရလာပါတယ်။
အိမ်မှာရှိတဲ့ကြက်မဝပ်နေတဲ့ဝပ်ကျဥ်းထဲမှာ ကြက်ဥတွေနဲ့အတူ
ထည့်ထားလိုက်ပါတယ်။ အချိန်တန်တော့ လင်းယုန်ငှက် ပေါက်လာပါတယ်။
အဲဒီလင်းယုန်ငှက်က ကြက်တွေနဲ့အတူကြီးပြင်းလာရတဲ့အတွက် ကြက်အ ကျင့်
တွေ့ရလာပါတယ်။ အစာကို ခြေဖြင့်မြေမှာယက်ပြီးရှာစားပါတယ်။ တစ်နေ့မှာ
ကောင်းကင်မှာလှပစွာပျံ နေတဲ့လင်းယုန်ငှက်ကြီးတစ်ကောင်ကိုမြင်တော့
“အိုးလှလိုက်တာ ကောင်းကင်မှာ ပျံနေတာ၊ အဲဒါဘာငှက်လဲ”လို့
ကြက်အဖော်တွေကိုမေးကြည့်တော့ အဲဒါ လင်းယုန်ခေါ်ကြောင်း။
တို့ကကြက်တွေသာဖြစ်လို သူ့လိုမပျံ နိုင်ကြောင်း
ကြက်အဖော်တွေကပြန်ဖြေပါသတဲ့။ ဒီတော့ လင်းယုန်ငှက်လေးဟာ
“အော်ဟုတ်လား”ဆိုပြီး
ကြက်တွေနဲ့သာအတူနေရင်းကြက်အလေ့အကျင့်များဖြင့်နေသွားပါသတဲ့။
ဒါကြောင့်
ကလေးတွေကိုစိန်ခေါ်တဲ့လုပ်ငန်းတွေလုပ်ခွင့်ပေးရန် လိုအပ်သလို
ဘေးဖြစ်စေနိုင်တာမျိုးဖြစ်ရင် လည်း အကျိုးအကြာင်းပြလျက်တားမြစ်ရန်
လိုအပ်ပါတယ်။ကလေးတွေသွားနေတဲ့နေရာတိုင်းကို လည်း မိဘတွေက
လိုက်မကြည့်နေနိုင်ပါ။ အဲဒီလိုအခြေအနေကိုဖန်တီးပေးနိုင်ရန်မိဘနှင့်
သားသမီးကြားမှာ အား ကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးရှိရန် လိုအပ်ပါတယ်။
ကလေးတွေအနေဖြင့် သူတို့မှာဖြစ်နေတာတွေ ကိုမိဘကို
မှန်ကန်ပွင့်လင်းစွာထုတ်ပြောနိုင်ရန်လိုအပ်ပါတယ်။ ဒါမှာသာ မိဘအနေဖြင့်
ကလေးစဥ်းစားလာ နိုင် အောင်လိုအပ်သလိုကူညီလမ်းပြပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်သာယာတဲ့စောင်းသံထွက်လာစေရန် မလျော့ မတင်းစောင်ကြိုညှင်းသလို
ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပါတယ်။
မိတ်ဆွေများ ကလေးများကို မလျော့မတင်းစောင်ကြိုးညှင်းသလို လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment