ဒီနေ့
ကလေးတွေကိုအကောင်အထည်မဲ့တာတွေကို နားလည်အောင်သင်ပေးတဲ့အခါ ” ပြောလည်းပြော၊
ပြလည်းပြ၊ (ပြောပြ) မြင်သာတဲ့နမူနာပေးသင်ပေးတဲ့နည်းလမ်း”
သုံးသင့်ကြောင်းကို Food for Thought 773 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ပြောလည်းပြော၊ ပြလည်းပြ၊ (ပြောပြ) မြင်သာတဲ့နမူနာပေးသင်ပေးတဲ့နည်းလမ်း
ဒီနေ့
မြတ်စွာဘုရားကသားတော်ရာဟုလာကို
မှန်တဲ့စကားကိုသာပြောရန်ဆုံးမတဲ့နည်းလမ်းကိုမျှဝေချင်ပါတယ်။
ငယ်တဲ့ကလေးတွေကို ပြောလည်းပြော၊ ပြလည်းပြ၊
မြင်သာတဲ့နမူနာပေးသင်ပေးတဲ့နည်းလမ်းဖြစ်တဲ့အတွက် ကလေးများကို
ပြုပြင်လေ့ကျင့် ပေးရာမှာ အလွန် သင့်
မြတ်တဲ့နည်းလမ်းအဖြစ်မျှဝေခြင်းဖြစ်ပါတယ်။
မြတ်စွာဘုရားက သားလေးရာဟုလာကို မှန်တာကိုပြောရန်သင်ပြပေးတဲ့ ပြောပြတဲ့နည်းလမ်း
မြတ်စွာဘုရားက
သားတော်ရာဟုလာကို မှန်တာကိုသာပြောဆိုရန်အရေးကြီးကြောင်းကို ပြောပြနေတာ
ကိုကြားနေစဥ် မြင်သာတဲ့ နမူနာပြပြီးသင်ပေးတာ အသက်ငယ်သေးတဲ့ကလေးတွေကို
သင်ပေးရာမှာ အလွန်အတုယူသင့်တဲ့နမူနာကောင်းတစ်ခုဖြစ်ပါတယ်။
မြန်မာစကားမှာ”ပြောြတယ်”ဆိုတာ ရှိပါတယ်။ ပြောပြ တယ်ဆိုတာ ပြောလည်းပြောတယ်၊
ပြောနေတဲ့အကြောင်း အရာကို မျက်စိဖြင့်လည်းမြင်သာအောင် ပြသ ပေးတာကို
ဆိုလိုခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားသုံးခဲ့တဲ့အဆင့်
(၄)ဆင့်ပါတဲ့ပြောပြသင်ကြား ပေးတဲ့ နည်းအဆင့်တွေကို
အောက်ဘက်ပုံတွင်ဖါ်ပြထားပါတယ်။ ဒီနည်းက မျက်စိဖြင့် တိုက်ရိုက်မမြင်သာတာကို
မြင်နိုင်တာနဲ့ပြပြီး သင်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။
မြတ်စွာဘုရားက
ရေခွက်ထဲမှာ ရေအနည်းငယ်သာချန်ထားပြီးသားတော်ကို ပြရင်း “သားတော်
ဒီခွက်ထဲမှာ ရေအနည်းငယ်သာကျန်တာကိုတွေ့မြင်ပါသလား”လို့မေးပါတယ်။
သားတော်ရာဟုလာကမြင်ပါတယ်ဘုရားလို့ပြောပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သားတော်
သင်ဟာသိလျက် မမှန်ချွတ်ယွင်းတဲ့စကားကိုပြောရင် အရှက်မရှိသူဖြစ်ပြီး အကျင့်
သီလဟာဒီရေကျန်လိုပင်နည်းပါးနေလိမ့်မယ်” လို့ မိန့်မှာပါတယ်။
ထို့နောက်မြတ်စွာဘုရားက
ရေခွက်ထဲမှာရှိနေတဲ့ရေအနည်းငယ်ကို ကုန်အောင်သွန်ပစ်လိုက်ပါတယ်။ ပြီးတော့
“သားတော် အခု
ရေခွက်ထဲမှာရှိနေတဲ့ရေအနည်းငယ်ကိုသွန်ပစ်လိုက်တာတွေ့မြင်ပါသလား”လို့
မေးပါတယ်။ သားတော်ရာဟုလာကမြင်ကြောင်း ပြန်ဖြေတဲ့အခါ မြတ်စွာဘုရားက “သားတော်
လိမ်လည်ပြီးမဟုတ် မမှန် ပြောတဲ့နေရာမှာအရှက်မရှိသူကို
ကောင်းမြတ်တဲ့အကျင်သီလကစွန့်ပစ်လိုက်တာ ဒီခွက်ထဲမှာ ရေတွေမှမကျန်
တော့သလိုပင်ဖြစ်ပေတယ်”လို့မိန့်မှာပါတယ်။
ထို့နောက်မြတ်စွာဘုရားကရေခွက်ကို
မှောက်လျက်ထားလိုက်ရင်း “သားတော် ရေခွက်မှောက်ထားတာကိုမြင်ပါ
သလား”လို့မေးပါတယ်။ သားတော်ရာဟုလာကမြင်ကြောင်းပြန်ဖြေတဲ့အခါ
မြတ်စွာဘုရားက” သားတော် လိမ်လည်ပြီးမဟုတ်မမှန်
ပြောဆိုတဲ့နေရာမှာအရှက်မရှိသူအားကောင်းမြတ်တဲ့အကျင့် သီလက အခုခွက်လိုပင်
မှောက်လျက် ထားပြီးဖြစ်သလိုဖြစ်ပေတယ်။ အကျင့် သီလဘာမှမကျန်တော့ကြောင်း
ဆက်လက်မိန့်မှာပါတယ်။ ခွက်ထဲမှာ ဘာမှမရှိတော့ကြောင်းနှင့်
အချဉ်းနှီးသာဖြစ်တော့ကြောင်းမိန့်မှာပါတယ်။ ခွက်မှာကပ်နေတဲ့ရေပင် မကျန်
တော့ကြောင်းမြတ်စွာဘုရားကမိန့်မှာပါတယ်လိမ်ညာပြောတာမျိုးမပြလုပ်ရန်မြတ်စွာဘုရားကသားတော်
ရာဟုလာကိုဆုံးမတဲ့နည်းဖြစ်ပါတယ်။
ကလေးတွေ
လိမ်ညာတာက သူတို့လုပ်မိတာအတွက်အပြစ်ပေးအရေးယူခံရမှာကြောက်တဲ့စိတ်ကြောင့်
ဖြစ် တတ်ပါတယ်။ ပြုလုပ်မိတဲ့အမှားကိုမှန်စွာပြောရင်
မှန်တာပြောတဲ့အတွက်အသိအမှတ်ပြုပေးဖို့နှင့် ဘာကြောင့် မှားသွားသလဲဆို တာ
ပြန်လည်သုံးသပ်ရန် လိုအပ်ပါတယ်။ မှားသွားတာမျိုးနောက်တစ်ခါမဖြစ်အောင်
ဘယ်လို လုပ်သင့်ကြောင်း ကလေးနှင့် ပြောဆိုဆွေးနွေးသင့် ပါတယ်။ အဲဒီလို
လေ့ကျင့်ပေးရင်အမှားဆိုတာ ပြုမိ တတ်ကြကြောင်း၊
အမှားမှသင်ခန်းစာယူနိုင်ကြောင်း ကလေးတွေနားလည်ပြီးနောက်မမှားအောင် ဘယ်လို
ပြုလုပ်ရန် လိုအပ် ကြောင်းသိနားလည်လာစေပါတယ်။ အဲဒီလိုလေ့ကျင့်ပေးမယ်ဆိုရင်
ကလေးတွေဟာ မိမိတို့ ပြုလုပ်မိ တဲ့အမှားကို အမှန်အတိုင်းပြောရဲမှာဖြစ်ပါတယ်။
မိမိလုပ်မိတာကိုအမှန်အတိုင်းပြောတာနဲ့ပတ်သက်လို့
စျင်ဆရာကြီးထံမှာ လာရောက်လေ့လာနေတဲ့လူငယ် လေး တစ်ယောက်ရဲ့
ဖြစ်ရပ်ကိုသတိရမိပါတယ်။ စျင်ဆရာကြီးကအလွန်နှစ်သက်သဘောကျတဲ့ဖန်ခွက်
တစ်ခုရှိပါ တယ်။ တစ်နေ့မှာ အဲဒီဖန်ခွက်ကို ကလေးက
ပြေးရင်းမတော်တဆဝင်တိုက်မိပြီး ဖန်ခွက်က ကျကွဲသွားပါတယ်။ ဒီတော့ ကလေးက
သူ့ဆရာစျင်ဆရာကြီးထံသွားပြီး “လူတွေဆိုတာ မွေးဖွားလာပြီးရင်
ဘာဖြစ်ကုန်ပါသလဲ” လို့ သွားမေးပါတယ်။ ဒီတော့ စျင်ဆရာကြီးက
နောက်ဆုံးသေဆုံးခြင်းနဲ့ ရင်ဆိုင်ရ ကြောင်းပြန်ဖြေပါတယ်။ ဒီတော့ ကလေးက
စျင်ဆရာကြီးရဲ့ ဖန်ခွက်လည်းသေသွားပြီဖြစ်ကြောင်း၊ သူအမှတ်မထင် ပြေးရင်း
တိုက်မိတဲ့အတွက် ဖန်ခွက်ကျကြွပြီးသေသွားပြီဖြစ်ကြောင်း အမှန်ကို
တင်ပြလိုက်တော့ စျင်ဆရာကြီးက အော်ဟုတ်လားလို သာ ပြောလိုက်ပါသတဲ့။
မိဘဆရာများအနေဖြင့်
ကလေးငယ်တွေကိုအကောင်အထည်မဲ့တာတွေကိုသင်ပေးတဲ့အရာမြင်သာတဲ့နမူနာ များပြပြီး
ပြလည်းပြ၊ ပြောလည်းပြောတဲ့နည်းကို သုံးပြီး ကလေးတွေစိတ်မှာ
ပိုထင်သာမြင်သာဖြစ်ပြီးစွဲမြဲ အောင် သင်ပေးနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment