Monday, February 24, 2025

ကလေးတွေဘာကြောင့်လိမ်ညာပြောနေကြသလဲ။ Food for Thought 774 လ

 No photo description available.

ဒီနေ့ ” ကလေးတွေဘာကြောင့်လိမ်ညာပြောနေကြသလဲ။” ဆိုတာကို Food for Thought 774 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ကလေးတွေဘာကြောင့်လိမ်ညာပြောနေကြသလဲ။

လိမ်ညာပြောခြင်းဟာစဥ်းစားလိုက်တိုင်းအပျက်သဘောဆောင်ပါတယ်။ လိမ်ညာခြင်းဆိုတဲ့စကားလုံးက စိတ်လှုပ်ရှားခံစားမှုများစွာကိုဖြစ်စေပြီး အဲဒီစိတ်လှုပ်ရှားခံစားမှုတိုင်းက မကောင်းပါဘူး။ ကလေးတွေဘာ ကြောင့်လိမ်ညာပြောနေတယ်ဆိုတာက ပိုတောင်ရှုပ်ထွေးပါသေးတယ်။

လိမ်ညာပြောခြင်းကို အပြုသဘောပြုပြင်ပေးရန်အားထုတ်ခြင်းနှင့်အတူ ဘာကြောင့် ကလေးတွေလိမ်ညာပြောဆိုနေကြောင်းကိုလည်းသိနားလည်အောင်လေ့လာသင့်ပါတယ်။ လိမ်ညာပြောဆိုခြင်းက ကလေးဖွံ့ဖြိုတိုးတက် မှုတွင်အစိတ်အပိုင်းတစ်ခုအနေဖြင့်ပင်ပါနေပါတယ်။ လိမ်ညာပြောဆိုခြင်းကို စူးစမ်းလေ့လာမှု၊ လက်တွေ့စမ်း သပ်လုပ်ဆောင်မှုလို့ စဥ်းစားကြည့်ပါ။ တစ်ချို့ဖြစ်ရပ်များတွင်လိမ်ညာပြောဆိုခြင်းဟာဥာဏ်ရှိခြင်းအသွင် လက္ခဏာ ပင်ဆောင်နေပါတယ်။လူကြီးတိုင်းကသူတို့သားသမီးများလိမ်ညာပြောတာကို အားမပေးလိုကြပါဘူး။ လိမ်ညာနေတာမျိုးကိုလစ်လျူလည်းရှုမထားလိုကြပါဘူး။ ကလေးတွေလိမ်ညာပြောတာတွေ့တိုင်းလည်းအပြစ် ပေး နေခြင်းကလည်းအထောက်အကူမဖြစ်ပါဘူး။ အဲဒီလိုဆိုရင် လိမ်ညာပြောတာကို ဘယ်လို ကိုင်တွယ်သင့် ပါသလဲ။

ပထမဆုံးအဆင့်အနေဖြင့် ကလေးတွေဘာကြောင့်လိမ်ညာပြောနေကြောင်းသိနားလည်အောင်ပြုလုပ်ရန် လိုပါ တယ်။အဲဒီလို ဘာကြောင့်လိမ်ညာပြောနေကြောင်းသိမှ အပြုသဘောဆောင်တဲ့အဖြေကိုစဥ်းစားနိုင်မှာဖြစ်ပါ တယ်။ ပြီးတော့မှ ရိုးသားစွာပြောဆိုရန် လိုအပ်ကြောင်းကလေးကိုအသိပေးပြောပြရန် လိုအပ်မှာဖြစ်ပါတယ်။ အဲဒီလိုအပြုသဘောဆောင်တဲ့ချဥ်းကပ်နည်းကို ကျင့်သုံးရင် မိဘတွေအနေနဲ့လည်း တန်ဖိုးမဖြတ်နိုင်တဲ့ကလေး တွေအတွက် အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုပါတယ်။

အောက်ဘက်မှာကလေးတွေညိမ်ညာပြောစေတဲ့အကြောင်းများနှင့် အဲဒီလိုလိမ်ညာပြောနေမှုကိုအပြုသဘော ချစ်ခင်စွာဘယ်လိုပြုပြင်ပေးနိုင်ကြောင်းနည်းလမ်းများကိုဖော်ပြထားပါတယ်။

၁။ ကလေးတွေကသူတို့အမှန်ပြောရင်သူတို့ကိုမိဘတွေကယုံမှာမဟုတ်ဘူးလို့ထင်နေကြပါတယ်။

ကလေးတွေဆိုတာမဖြစ်နိုင်တဲ့စိတ်ကူးယဥ်ဇာတ်လမ်းများကိုပြောတတ်ကြပါတယ်။ အဲဒီဇာတ်လမ်းတွေက မဖြစ်နိုင်ကြောင်း မိဘတွေကကလေးတွေကိုအသိပေးကြပါတယ်။ ကလေးတွေပြောပြနေတာတိုင်းကို သံသယ ဖြစ်နေမယ်၊ သို့မဟုတ်သူတို့ပြောပြချက်များအပေါ်အစဥ်သဖြင့် စိန်ခေါ်မှုရှိနေမယ်ဆိုရင် လူကြီးတွေက သူတို့ကိုမယုံကြည်ကြဘူးလို့ နားလည်သွားကြပါတယ်။ ဒါကြောင့်အရေးကြီးတဲ့အမှန်တစ်ခုခုကိုပြောစရာရှိ လာ တဲ့အခါ ပွင့်လင်းစွာပြောဆိုခြင်းမရှိတော့ဘဲ ဖုံးကွယ်ထားတတ်ကြပါတယ်။

၂။ မိဘများအနေဖြင့် ကလေးတွေအမှန်ကိုပြောလာရန် ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးမထားခြင်း

ကလေးတွေမှာမှားတာတစ်ခုခုလုပ်မိတဲ့အခါ၊ သို့မဟုတ်သူတို့မှာ လူကြီးတွေအမြင်နဲ့မတူတဲ့သဘောထားရှိတဲ့ အခါ၊ သို့မဟုတ် သူတို့ကိုလူကြီးမိဘများက အကဲဖြတ်တာမျိုးမဖြစ်စေရန်၊ မိဘများဘက်မှာတန်ပြန်တုံ့ ပြန်မှု များကိုကြောက်နေတဲ့အခါ၊ လိမ်ညာပြောဆိုခြင်းကိုပြုလုပ်လာတတ်ပါတယ်။ အဲဒီလိုအ‌ခြေအနေမှာ လိမ်ညာ ခြင်းဟာ ကြုံလာမဲ့စိန်ခေါ်တဲ့အနေအထားကို ကျော်လွန်ရန် ကျင့်သုံးတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုအတွင်း ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနဲ့ အခြားသူများနေရာမှဝင်ကြည့်မြင်တတ်မှု၊မျှဝေခံစားမှု တို့ကိုတည်ဆောက်ထားတဲ့အခါ ကလေးတွေက အမှန်ပြောရန်ဘေးကင်လုံခြုံတယ်လို့ခံစားရပြီးအမှန်ကို ပြော ပြကြပါတယ်။

အဲဒီလိုပတ်ဝန်းကျင်ဆိုတာ တည်ငြိမ်အေးချမ်းပါတယ်။ စိတ်ရှည်သည်းခံမှုရှိရပါတယ်။ မိဘတွေက ကလေး တွေပြောတဲ့အပေါ်မှာ တန်ပြန်နေမယ်ဆိုရင် ကလေးတွေကအမှန်ကိုထုတ်ပြောရန်ကြောက်နေမှာဖြစ်ပါတယ်။ ဟန်ချက်ညီအောင်ဖန်တီးထားတဲ့ပတ်ဝန်းကျင်ကမူကား ကလေးများကိုအမှန်ပြောလာအောင်အားပေးပါတယ်။ ဒါကြောင့်မိဘများအနေဖြင့် ကလေးများအမှန်ပြောဆိုမှုကိုအားပေးတဲ့ညင်သာမှု၊ စိတ်ရှည်သည်းခံမှု၊ နားလည် ပေးမှုများရှိအောင် ကြိုးစားရန် လိုအပ်ပါတယ်။

၃။ ကလေးတွေက သူတို့အစစ်အမှန်ပြောဆိုခြင်းက သူတို့ကိုချစ်စရာကောင်းအောင် လုပ်ပေးလိမ့်မယ်လို့ မယုံကြပါဘူး။

တစ်ချို့လိမ်ညာပြောဆိုမှုများက သူတို့အပေါ်အထင်အမြင်ကောင်းစေလိုတဲ့အတွက် လုပ်ဆောင်နေတာဖြစ်ပါ တယ်။ ဥပမာ လူအများကြိုက်နှစ်သက်နေတဲ့သီချင်းကို သူလည်းနှစ်သက်ပါတယ်လို့ ဟန်ဆောင်ပြောတာမျိုး၊ သူတို့မနှစ်သက်တဲ့အားကစားကိုနှစ်သက်ပါတယ်လို့ ပြောတာမျိုးလုပ်တတ်ကြပါတယ်။ ကလေးတိုင်းက သူတို့ ကိုချစ်ခင်ရင်သဘောကျပါတယ်။ သူတို့အရှိအတိုင်း ချစ်ခင်ရင်သဘောကျကြပါတယ်။ ဒါပေမဲ့ကလေးတွေမှာ မိမိကိုယ်မိမိယုံကြည်မှုရှိဖို့ရုန်းကန်နေကြရပါတယ်။ သူတို့ပင်ကိုယ်သဘာဝအတိုင်း လူတွေကသူတို့အပေါ်ချစ် ကြ လိမ့်မယ်လို့ ယုံကြည်နိုင်ဖို့ ခက်ခဲနေတတ်ကြပါတယ်။

မိဘတွေကတော့ မိမိတို့သားသမီးများကိုသူတို့အရှိအတိုင်းချစ်ခင်ကြပါတယ်။ အဲဒီလိုသူတို့အရှိအတိုင်းချစ်ခင်ကြောင်းကလေးတွေသိအောင်ပြသနိုင်တဲ့အခွင့်အလမ်းကိုရှာရန် လိုအပ်ပါတယ်။ ခံစားမှုနှင့်ပတ်သက်လာရင် အမျိုးမျိုးရှိကြကြောင်း ကလေးတွေနားလည်အောင်ပြောပြပါ။ အဲဒါမှ ကလေးတွေအနေဖြင့် လိမ်ညာနေစရာ မလိုဘဲ၊အခြားလူတွေသဘောကျလာအောင် ကွန့်ညွန့်နေစရာမလိုအပ်ဘဲ သူတို့အကြောင်းအမှန်ကို ပြောရန် ဘေးကင်းလုံခြုံကြောင်းသိနားလည်လာ မှာ ဖြစ်ပါတယ်။

၄။ ကလေးတွေဟာစိတ်ဒါဏ်ရာရမှုကြောင့် သူတို့ရဲ့ပင်ကိုယ်အစစ်အမှန်နှင့် ကင်းကွာနေကြပါတယ်။

တစ်ခါတစ်ရံမှာကလေးတွေလိမ်ညာပြောနေတာက အမှန်ကို မိမိကိုယ်မိမိဝန်ခံရန်အသင့်မ‌ဖြစ်သေးတဲ့အတွက် လိမ်ညာနေကြတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာစိတ်ထဲမှာအလွန်နာကျင်စေပါတယ်။ အဲဒီလိုအနေအထားမှာ သူတို့ရဲ့ပင်ကိုယ်အမှန်တရားအတွက် လက်ခံလာရန်အချိန်ပေးဖို့လိုအပ်ပါတယ်။ အမှန်ကို ပြောလာတဲ့အခါ ဘေး ကင်းကြောင်းအသေအချာပြောပြပေးရန် လိုအပ်ပါတယ်။ တကယ်လို့ ဖြစ်နေတဲ့အမှန်တရားမှာ စိတ်ဒါဏ်ရာရ တာနဲ့ပတ်သက်နေတယ်ဆိုရင် တတ်သိကျွမ်းကျင်သူပညာရှင်များထံမှာအကူအညီရယူသင့်ပါတယ်။

၅။ အမှန်ကိုပြောပြလိုက်ရင်ဖြစ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်များကိုကြောက်နေခြင်း

အမှန်ကိုပြောလိုက်ရင် အပြစ်ပေးခံရမှာကိုကြောက်နေခြင်း၊ တစ်ဦးတစ်ယောက်ကို နာကျင်စေမှာကိုစိုးရိမ်ခြင်း များရှိ နေတတ်ပါတယ်။ ဒါကြောင့် အမှန်ကိုပြောလာရန်အတွက် အမှန်ကိုပြောလာပါကအဲဒီလိုမှားမိတာကိုဝန်ခံ တဲ့အတွက် အသိအမှတ်ပြုပါ။ မိဘများအနေဖြင့်မိမိတို့ငယ်စဥ်က မိမိတို့လုပ်ခဲ့တဲ့မှားတာအတွက်ဝန်ခံပြောပြခဲ့ တဲ့ နမူနာကို ပြောပြပါ။ အရင်ဆုံးကလေးတွေကို ဘယ်လိုအနေအထားမှာမဆိုမိဘတွေကချစ်ခင်ကြောင်းအရင် ပြောပြပါ။ ထို့နောက်မှ မှားလုပ်ဆောင်မိမှုအတွက် နောက်ဆက်တွဲအကျိုးဆက်အကြောင်း ဆက်လက်ပြောပါ။ အဲဒီလိုဘေးကင်းတဲ့ပတ်ဝန်းကျင်မှာဆိုရင်ကလေးတွေက မိဘတွေအနေဖြင့် သူတို့ကိုအစဥ်ချစ်ခင်ကြောင်းသိ နားလည်ကြမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရန်မိဘမျာအနေဖြင့် လည်းရိုသားမှန်ကန်မှုရှိရန် လိုအပ်ပါတယ်။

၆။ ကလေးတွေမှာမှန်ကန်တဲ့အပြန်အလှန်ပြောဆိုမှုအတွက် ပြောဆိုနိုင်တဲ့ကျွမ်းကျင်မှုလက်နှက်ကိရိယာများမရှိကြပါဘူး။

အပြန်အလှန်ပြောဆိုခြင်းဆိုတာ သင်ယူရတဲ့ကျွမ်းကျင်မှုဖြစ်ပါတယ်။ ကလေးတွေဆိုတာ ကလေးငယ်တွေပြော သလိုသာပြောနေသေးတဲ့အခါဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေအနေဖြင့် ရိုးသားဖောင့်မှန်စွာအပြန်အလှန် ပြောဆိုနိုင်တဲ့ပြောဆိုခြင်းကျွမ်းကျင်မှုများရှိလာအောင်လေ့ကျင့်ပေးပါ။ အဲဒီလိုလေ့ကျင့်ပေးတဲ့အခါ ကလေး တွေ ပြောတာကို ကောင်းစွာနားထောင်ခြင်း၊ အဖွင့်မေးခွန်းများမေးပေးခြင်း၊ နှင့် “မေမေဖေဖေသာဆိုရင်--“ ဆိုတဲ့ စကားပြောတဲ့နည်းကိုသင်ပေးပါ။ လိမ်ညာပြောတာမှအမှန်ကိုရှာဖွေဖော်ထုတ်ရတဲ့ကစားနည်းများကို ကလေး နှင့် အတူကစားပေးပါ။ ကလေးတွေပိုရင့်ကျက်လာဖို့အတွက် လိုအပ်တဲ့အပြန်အလှန်ပြောဆိုနည်းများ ကိုလက် တွေ့ ပြောဆိုရင်းလေ့ကျင့် သင်ကြားပေးပါ။

၇။ ကလေးတွေဆိုတာ သူတို့မိဘတွေအလိမ်အညာပြောတာကိုတွေ့နေခဲ့ရင် အဲဒီလိုပြောတာအိုကေတယ် လို့ထင်နေကြပါတယ်။

ကလေးတွေလိုပင်မိဘအများစုကလည်းတစ်ခါတစ်ရံမှာ လိမ်ညာပြောတတ်ကြပါတယ်။ အဲဒီလိုပြောတာက မိမိကိုယ်မိမိကာကွယ်ရန်ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မျက်နှာအဖတ်ဆယ်ရန်ဖြစ်ပါတယ်။ ဘယ်လိုအ ကြောင်းကြောင့်ပင်ဖြစ်ပါစေ လိမ်ညာပြောတာမျိုးတွေရှိနေပါတယ်။ ခြုံပြောလိုက်ရင် ကိုယ်ခန္ဓာကသာ ကြီး နေပြီး ကလေးလိုပြုမူလိမ်ညာပြောဆိုနေခြင်းဖြစ်ပါတယ်။ မိဘအနေနဲ့အဲဒီလိုလိမ်ညာပြောတာကို ကလေးတွေ တွေ့ သွားရင် လိမ်ညာပြောမိတဲ့အတွက် ကလေးတွေကိုတောင်းပန်ရန် လိုအပ်ပါတယ်။ နောင်မှာမလိမ်မညာ တော့ပဲ အမှန်ကိုသာပြောတော့မဲ့အကြောင်းကတိပေးရန်လိုအပ်ပါတယ်။ မိဘတွေအနေနဲ့မိမိတို့အတွင်းဘက်မှာ ရှိနေတဲ့ လိမ်ညာပြောတတ်တဲ့ကလေးစိတ်ကို မလိမ်မညာရန်သင်ပေးမှုက မိဘအတွက်ရော အပြင်မှ ကလေး တွေအ တွက်ပါကောင်းကျိုး ဖြစ်စေပါတယ်။

၈။ ကလေးတွေကရှက်နေတတ်ကြပါတယ်။

တစ်ခါတစ်ရံမှာကလေးတွေက မမှန်တာပြောပြီးတောင်ဂုဏ်ယူလိုကြပါတယ်။ ဥပမာစာဖြေရာမှာအဆင့်မ ကောင်းခြင်း၊ သူငယ်ချင်းအသိုင်းအဝိုင်းကလက်မခံခြင်း၊ ကျောင်းကစားပွဲမှာ ပါဝင်ခွင့်မရခြင်းများဖြစ်လာ တဲ့အခါ အမှန်ကိုပြောလိုက်ရင်မိဘစိတ်ပျက်မှာကိုသိတဲ့အတွက် အလွယ်တကူလိမ်ညာပြောလိုက်တတ်ကြ ပါတယ်။ ဒါကြောင့်မိဘများအနေဖြင့် ကလေးအနေနဲ့ အထက်ပါအ‌ခြေအနေများကြုံလာတာကိုအမှန်အတိုင်း ပြောပြတဲ့အတွက် မိများက ဂုဏ်ယူကြောင်း ပြောပါ။

၉။ လိမ်ညာပြောခြင်းမှကလေးတို့မမျှဝေချင်တဲ့ပြဿနာအတွက် ကိုင်တွယ်‌ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။

ကလေးတို့ဟာ စိတ်ပျက်အားငယ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဖြစ်နေတာကိုမမျှဝေချင်ပါ။ အမှန်မပြောချင်ပါ။ ကြီးကြီးသေးသေးလိမ်ညာလိုက်ခြင်းက မမျှဝေချင်တဲ့အတွက် လုပ်ဆောင်လိုက်တာဖြစ် ပါတယ်။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် ဘယ်လိုလူမျိုးဖြစ်ကြောင်းစိတ်ထဲမှာ ရောထွေးနေတတ်ကြပါတယ်။ လိမ်ညာပြောတာက မမြင်မသိစေချင်တာကိုဖုံးကွယ်ထားတာလည်းဖြစ်နိုင်ပါတယ်။ လိမ်ညာလိုက်ခြင်းက အ‌ခြေအနေကိုကလေးအနေဖြင့် ထိန်းချုပ်နိုင်တဲ့သဘောလည်းဖြစ်စေပါတယ်။ လိမ်ညာမှုအတွက်ကလေးစိတ် ထဲမှာ ဘယ်လိုပင်ထင်နေပါစေ လိမ်ညာခြင်းက နောက်ပိုင်းမှာ ပိုကြီးလေးတဲ့စိန်ခေါ်မှုတွေကိုဖြစ်လာစေပါတယ်။

ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးရခြင်းဆိုတဲ့အလုပ်ဟာအကောင်းဆုံးလုပ်ဆောင်ခွင့်ရတဲ့အလုပ်ဖြစ်သလိုအခက်ခဲဆုံးအလုပ်လည်းဖြစ်ပါတယ်။ အခြေအနေတွေကအမျိုမျိုးဖြစ်နေပါတယ်။ မတူတဲ့အခြေအနေတွေ အ တွက် လုပ်ကိုင်ချဥ်းကပ်နည်းကလည်းအမျိုးမျိုးလိုအပ်နေပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူများထံမှ လေ့လာ သင်ယူရန်များစွာလိုအပ်ပါတယ်။ ဒါကြောင့် လေ့လာသင်ယူးခြင်းဟာအဓိပါ။ လေ့လာသင်ယူမှုများလေလေ ပိုကျွမ်းကျင် စွမ်းဆောင်နိုင်သူတွေဖြစ်လာကြမှာဖြစ်ပါတယ်။

မိတ်ဆွေများ ကလေးများကိုအမှန်ပြောလာအောင် လေ့ကျင့် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...