Monday, February 24, 2025

သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေမိတဲ့အပြုအမူ (၄)မျိုး Food for Thought 780

 No photo description available.


ဒီနေ့” သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေမိတဲ့အပြုအမူ (၄)မျိုး” အကြောင်းကို Food for Thought 780 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် 



သားသမီးများမှာ မိမိကိုယ်မိမိယုံကြည်တန်ဖိုးမှုကို ပျက်အောင်မိဘများလုပ်နေမိတဲ့အပြုအမူ (၄)မျိုး

ကလေးကို သင်ပြောလိုက်တဲ့စကားကကလေးမှာမိမိကိုယ်မိမိယုံကြည်မှုအားကောင်းလာစေနိုင်သလို မိမိစွမ်း ဆောင်နိုင်မှုနဲ့ပတ်သက်ပြီး သံသယစိတ်လည်းဝင်သွားစေနိုင်ပါတယ်။ ဘယ်မိဘမှ မိမိသားသမီးကို စိတ်အား ငယ်သွားအောင်တမင်သက်သက်လုပ်ဆောင်ခြင်းမဟုတ်ကြပါ။ မိမိပူပင်သောကများကြောင့် အမှတ်မထင် ပြောမိမှား၊ ဆိုမှားကြခြင်းသာဖြစ်ကြပါတယ်။
အဓိကအချက်များ

• မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှု အားကောင်းတဲ့အခါ ဘဝမှာကြုံတွေ့လာတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ အသစ်အဆန်းတွေကို လုပ်ရဲစေပါတယ်။ မိမိကိုယ်မိမိပိုယုံကြည်မှု ရှိလာစေပါတယ်။

• မိမိတို့သားသမီးကိုချစ်ခင်တဲ့မိဘတွေအနေဖြင့် မရည်ရွယ်ဘဲလျက် ကလေးတို့ရဲ့ မိမိကိုယ်မိမိလေးစား တန်ဖိုးထားမှု၊ယုံကြည်မှုကို ထိခိုက်စေတာမျိုးတွေပြုလုပ်မိတတ်ကြပါတယ်။

• ကလေးနှင့် ဆက်သွယ်ပြောဆိုရာမှာအပြုသဘောဆောင်တဲ့အပြောအဆိုမျိုးပြုလုပ်လေလေ ကလေး တွေ မှာ သူတို့ကိုသူတို့ ယုံကြည်တဲ့စိတ်တွေ ပိုအားကောင်းခိုင်မာလာစေပါတယ်။

ကလေးတွေမှာ ကြံ့ခိုင်အားကောင်းတဲ့မိမိကိုယ်မိမိယုံကြည်မှုဟာ အရေးကြီးပါတယ်။ မိမိကိုယ်မိမိ ယုံ ကြည်မှု အားကောင်းရင် ဘဝမှာတွေ့ရမဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ အသစ် အဆန်းတွေကို လုပ်ရဲ စေပါတယ်။ မိမိကိုယ်မိမိပိုယုံကြည်မှု ရှိလာစေပါတယ်။ မိမိကိုယ်မိမိယုံကြည်မှုက မိမိကိုယ် မိမိရှုမြင်မှု အပေါ်များစွာလွှမ်းမိုးစေပြီး လုပ်ဆောင်တဲ့အပြုအမူများနှင့်ဆုံးဖြတ်ချက်များချ မှတ်ရာမှာလည်း အပြုသဘော ဆောင်တဲ့အကျိုး သက်ရောက်မှုများစွာရှိစေပါတယ်။

မိမိတို့သားသမီးကိုချစ်ခင်တဲ့မိဘတွေအနေဖြင့် မရည်ရွယ်ဘဲလျက် ကလေးတို့ရဲ့ မိမိကိုယ်မိမိလေးစား တန်ဖိုး ထားမှု၊ယုံကြည်မှုကို ထိခိုက်စေတာမျိုးတွေပြုလုပ်မိတတ်ကြပါတယ်။ ကျွန်ုပ်တို့ဟာလူသားတွေသာ ဖြစ်ကြပါ တယ်။ လူသားများဖြစ်တာနဲ့အညီတစ်ခါတစ်ရံမှာ မဆင်ခြင်ဘဲ ပြောမိ ပြုမူလုပ်ဆောင်မှုများ ပြုလုပ်မိ တတ်ကြ ပါတယ်။

အဲဒီလိုအမှတ်မထင် ပြောမှားဆိုမှား လုပ်ဆောင်မှုမှားခြင်းတို့မှာ မိဘများအကဲဖြတ်မှားမှုများကြောင့် ဖြစ်လာ တတ်ပါတယ်။ မိဘတွေမှာ မိမိတို့သားသမီးအပေါ် ကောင်းစေလိုတဲ့ဦးတည်ချက်ရှိကြပေမဲ့ အဲဒီလိုပြောမှား ဆိုမှားမိမှုများက ကလေးများရဲ့ မိမိကိုယ်မိမိယုံကြည်လေးစားတန်ဖိုးထားမှုကို အပျက်သဘော သက်ရောက် မှုများဖြစ်လာစေတတ်ပါတယ်။

အထူးသတိထားရန်အချက်

ဒီတင်ပြချက်ဟာမိမိတို့ကိုယ်တိုင် တိုးတက်နေအောင်သင်ယူချင်တဲ့မိဘများအတွက်ဖြစ်ပါတယ်။

ကလေးများမှာမိမိကိုယ်မိမိလေးစားတန်ဖိုးထားယုံကြည်မှုကို ထိခိုက်စေတဲ့မိဘတို့ရဲ့အပြုအမူ (၄)မျိုး

၁။ မာမာထန်ထန်ပြစ်တင်ဝေဖန်ခြင်း

မိဘကပြစ်တင်ဝေဖန်ခံရတဲ့ကလေးတွေမှာ စိတ်လှုပ်ရှားခံစားမှုအပိုင်းမှာ များစွာထိခိုက်စေပါတယ်။ အထူး သဖြင့် ဝေဖန်မှုကမာမာထန်ထန် ပြုလုပ်ခံရတဲ့အခါမှာ ပိုဆိုးပါတယ်။ နှိမ်ချတဲ့သဘောနဲ့ဝေဖန်ခံရတဲ့အခါ ကလေးတွေစိတ်မှာများစွာထိခိုက်စေပါတယ်။ မိဘတွေကလည်း သူတို့အပူတွေ၊ စိတ်သောကရောက်မှု တွေ နဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။ အဲဒီလို အနေအထားကြောင့် သူတို့မှာရှိနေတဲ့မကျေမလည်စိတ်ခံစားမှုတွေ၊ မပြေလည်မှုတွေကို ထွက်ပေါက်အနေဖြင့် သားသမီးများအပေါ် ပုံချနေတာမျိုးလည်းဖြစ်နေတတ်ပါတယ်။ အဲဒီလိုမိဘတွေက ကလေးတွေအပေါ် ပြစ်တင်ဝေဖန်လိုက်မှုများက ကလေးတွေရဲ့ မိမိကိုယ်မိမိယုံကြည် လေး စားတန်ဖိးထားမှုကို များစွာထိခိုက်စေပါတယ်။ ကလေးတွေမှာဝမ်းနည်းခြင်း၊ မကျေနပ်ခြင်းနှင့် စိတ်ထဲမှာ ဒေါသထွက်တဲ့အထိခံစားရနိုင်ပါတယ်။ အဲဒီလိုပြစ်တင်ဝေဖန်မှုများက ကလေးများတွင် မိမိတို့အစွမ်းအစများ အပေါ်တွင်ယုံကြည်မှုပျက်လာစေပါတယ်။

၂။ လိုအပ်တာထက် လွန်ကဲစွာအကာအကွယ်ပေးနေခြင်း

ကလေးတွေကို သူတို့ကြုံတွေ့ရင်ဆိုင်ရမဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေမဖြစ်အောင် လိုအပ်တာထက် အကာ အကွယ်ပေးနေခြင်းကလည်း ကလေးတွေမှာ အခက်အခဲကြုံတဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုမရှိဖြစ်လာ တတ်ပါ တယ်။ မိမိမှာ ကိုယ်တိုင်လုပ်ကိုင်ကျော်လွှားနိုင်စွမ်းမရှိဘူးလို့ ခံစားလာရစေပါတယ်။ တစ်ချို့မိဘတွေက သူတို့ သားသီးတွေဘဝမှာ အခက်အခဲမရှိအောင် ကလေးလုပ်စရာတွေကို မိဘက အားလုံးလိုလို လုပ်ဆောင်ပေး နေတတ်ကြပါတယ်။ အဲဒီလို လုပ်ဆောင်ပေးတဲ့မိဘတွေရှိနေသလို တစ်ချို့မိဘများကလည်းကလေးတွေကို အလွန်အမင်း ထိန်းချုပ်တားမြစ်တတ်ကြပါတယ်။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ဆိုပြီးတားမြစ်ပိတ်ပင် တတ်ကြ ပါတယ်။အလွန်အမင်းအကာအကွယ်ပေးနေခြင်းက ကလေးများတွင်စူးစမ်းလေ့လာသင်ယူခွင့်၊ လုပ်မိတဲ့အမှား များ မှပြန်လည်ပြုပြင်ခွင့်များမရှိအောင် ကန့်သတ်ထားရာရောက်ပါတယ်။ အဲဒီအခွင့်အလမ်းများမှာ အမှန် တကယ်တော့ ကလေးများကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အခွင့်အလမ်းများဖြစ်ကြပါတယ်။
လိုအပ်တာထက် အကာအကွယ်ပေးနေခြင်းက ကလေးများမှာ သူတို့ကြုံတွေ့ရမဲ့အခက်အခဲပြဿနာများကို ရင်မဆိုင်ရဲတဲ့အတွက် စိတ်ပူပန်မှု၊ စိတ်သောကရောက်မှု၊ စိတ်မှာလုံခြုံမှုအမျိုးမျိုးဖြစ်လာစေတတ်ပါတယ်။ လိုအပ်တာထက်အကာအကွယ်ပေးနေရင် ကလေးတွေမှာ လူကြီးအပေါ်မှာသာမှိခိုလိုတဲ့စိတ်သာဖြစ်နေပြီး၊ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရဲတဲ့စိတ်တွေကင်းလာစေနိုင်ပါတယ်။ အဲဒီလိုစိတ်နေစိတ်ထားရှိတဲ့ ကလေးတွေ ဟာ လူကြီးဘဝရောက်တဲ့အခါ ကိုယ့်အားကိုယ်ကိုးမလုပ်နိုင်တဲ့အတွက်အခက်အခဲများစွာကြုံရပါတယ်။

မိဘများအနေဖြင့် ကလေးတွေမှာ ဘေးမဖြစ်အောင်လိုအပ်တဲ့ကာကွယ်ပေးမှုရှိမှုနဲ့ ကလေးတွေကိုယ်တိုင် စိန်ခေါ် တဲ့အနေအထားများကို ရင်ဆိုင်လုပ်ကိုင်ခွင့်တို့ကို ဟန်ချက်ညီအောင် ထိန်းပေးဖို့လိုအပ်ပါတယ်။ ဒါမှာသာ ကလေးတွေမှာမိမိကိုယ်တိုင်လုပ်ကိုင်ရင်းမိမိကိုယ်မိမိယုံကြည်တဲ့စိတ်များဖြစ်လာမှာဖြစ်ပါတယ်။ ကိုယ့်အား ကိုယ်ကိုးလုပ်တတ်အောင်လေ့ကျင့်ပေးမှုမှာ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုတိုးတက်လာ စေပါတယ်။ ကြုံ လာတဲ့ပြဿနာအခက်အခဲကို‌ဖြေရှင်းတတ်တဲ့ကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။ လိုအပ် တာထက်အ ကာအကွယ်ပေးထားမှုကြောင့် ဖြစ်လာမဲ့အပျက်သဘောသက်ရောက်မှုများလည်း ကင်းလာစေပါတယ်။

၃။ အပြစ်ရှိတယ်လို့ကလေးစိတ်မှာခံစားမှုရှိလာအောင် ပြုလုပ်ခြင်း

မိဘများကသားသမီးများကို ဘဝသင်ခန်းစာများကိုသင်ပေးတယ်လို့ပြောတတ်ကြပါတယ်။ ဒါပေမဲ့ သင်ပေး တဲ့အခါ လိုချင်တဲ့အနေအထားမရောက်လာရင် ကလေးမှာအပြစ်ရှိတယ်လို့စိတ်မှာခံစားလာရအောင် ဖိအား ပေးတာမျိုး၊ ကလေးတွေကိုထိန်းချုပ်နိုင်အောင် ကျင့်သုံးတာမျိုးမှာမပြုလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ဆောင် ခြင်းက မိဘနှင့်သားသမီးရင်းနှီးမှုပျက်စေပြီးကင်းကွာသွားစေတတ်ပါတယ်။

၄။ ထေ့လုံငေါ့လုံးစကားတွေသုံးပြီးပြောဆိုတတ်ခြင်း

စကားပြောဆိုတဲ့အခါထေ့လုံးငေါ့လုံးတွေသုံးပြီးပြောခြင်းဟာ စိတ်ထဲမှအမှန်ဖြစ်စေချင်တာမဟုတ်သော်လည်း ဆန့်ကျင်ဘက်သက်ရောက်မှုများဖြစ်လာစေတတ်ပါတယ်။ ပြောတဲ့လေသံပြောတဲ့ဟန်ကြောင့် အဲဒီလိုဖြစ်လာ တတ်ပါတယ်။ ထေ့လုံးငေါ့လုံးစကားလုံးများကြောင့် ကလေးတွေမှာစိတ်ထိခိုက်စေပါတယ်။ အဲဒီစကားလုံးနဲ့ ပြောဆိုတဲ့လေးသံတိုကြောင့် ကလေးမှာအရှက်ရစေပါတယ်။ ကလေးကိုချိုးနှိမ်သလိုဖြစ်စေပါတယ်။ စိတ် သောကအမျိုးမျိုးရောက်နေတဲ့မိဘများအနေဖြင့် ကလေးတွေစိတ်မှာ ထိခိုက်နာကျင်စေတဲ့စကားမျိုးတွေ၊ လေ သံမျိုးတွေ၊ မျက်နှာအမူအရာမျိုးတွေနဲ့ပြောမိတတ်ကြပါတယ်။ အဲဒီလိုပြောမိခြင်းက အကောင်းဖြစ်မလာဘဲ မိ ဘနှင့် ကလေးကြားမှာ အပျက်သဘောဆောင်တဲ့ဆက်သွယ်မှုမျိုးတွေကိုသာဖြစ်လာစေပါတယ်။ မိဘရောက လေးပါ ရင်နာစေပါတယ်။ လိုရာမရောက်ဘဲဆန့်ကျင်တဲ့အနေအထားမျိုးတွေသာဖြစ်လာစေတတ်တဲ့အတွက် အဲဒီလို မပြောမဆိုမိအောင်အထူးသတိထားရန် လိုအပ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင်မိဘများအနေဖြင့်သားသမီးများနှင့် ပြောဆိုဆက်ဆံတဲ့ပုံစံက ကလေးများတွင် မိမိ ကိုယ်မိမိတန်ဖိုးထားမှုဖြစ်စေဖို့အတွက်များစွာလွှမ်းမိုမှုရှိစေပါတယ်။ အပြုသဘောဖြင့် သိမ်မွေ့စွာပြော ဆို ဆက်ဆံလေလေကလေးများတွင်လည်းအလားတူအပြုအမူများဖြစ်လာအောင်နမူနာပြပေးနေရာလည်း ရောက် စေပါတယ်။ အဲဒီလိုဆက်ဆံပြောဆိုခြင်းကကလေးတွေမှာ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှု အားကောင်း လာအောင် လိုအပ်တဲ့အထောက်အကူပေးနေခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့်မိဘများအနေဖြင့် အားကောင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရပါမယ်။ သားသမီးများအားချစ်ချစ်ခင်ခင်ရှိရပါမယ်။ စိတ်အား တက်စေရန် တိုက်တွန်းအားပေးမှုများပြုလုပ်ရပါမယ်။အပြုသဘောဆောင်တဲ့အားပေးမှုများရှိရပါမယ်။ အဲဒီအနေအထား တွေမှာ ကလေးများတွင်မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုများဖြစ်လာအောင် လိုအပ်တဲ့ အနေအထားများ ဖြစ်ပါတယ်။

မိတ်ဆွေများသားသမီးများကို အကောင်းဆုံးလေ့ကျင့် ပျိုးထောင်ပေးနိုင်စေရန်အမှတ်မထင်ပြောဆိုမိမှုများ ကိုသတိဖြင့် ရှောင်ရှားနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...