Monday, February 24, 2025

ကလေးတို့စိတ်အားတက်လာစေမဲ့အပြုသဘောဆောင်တဲ့အားပေးစကားများ Food for Thought 782

No photo description available.
ဒီနေ့” ကလေးတို့စိတ်အားတက်လာစေမဲ့အပြုသဘောဆောင်တဲ့အားပေးစကားများ” အကြောင်းကို Food for Thought 782 အဖြစ်မျှဝေလိုက်ပါတယ်။
 ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ကလေးတို့စိတ်အားတက်လာစေမဲ့အပြုသဘောဆောင်တဲ့အားပေးစကားများ
သင်အနေဖြင့် သင့်ကလေးနှင့်ပြောဆိုတဲ့အခါအပြုသဘောဆောင်တာကိုအလေးထားပြောပါသလား။ သို့မဟုတ် အပျက်သဘောဆောင်တာကိုလည်းမကြာခဏပြောမိတတ်ပါသလား။ ဒုတိယမေးခွန်းအတွက် သင့်အဖြေက ပြောမိပါတယ်ဆိုရင် အဲဒီလိုဖြစ်နေတာသင်တစ်ယောက်တည်း မဟုတ်ပါလို့ ပြောချင်ပါတယ်။ တကယ်တော့ သင့်အနေဖြင့် သင့်သားသမီးတွေကို တာဝန်သိတတ်သူ၊ ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်တတ်သူများဖြစ်လာ စေချင်မှာပါ။ သင့်သားသမီးတွေကိုကျောင်းမှာကောင်းစွာလေ့လာသင်ယူနိုင်သူတွေဖြစ်လောစေချင်မှာပါ။

ကလေးတွေကိုနေ့စဥ်နှင့်အမျှသူတို့အပြုအမူနှင့် စိတ်နေစိတ်ထားများကို ပြုပြင်ပေးနိုင်ရန် အပျက်သဘော ဆောင်တဲ့ပြောဆိုမိမှုများကို ပင်ကိုယ်စရိုက်အတိုင်းအလိုအလျောက် ပြုလုပ်မိတတ်ပါတယ်။ အဲဒီလို လုပ်ပြီးမှ အဲဒီလို အပျက်သဘောပြောမိတာတွေကမသင့်ကြောင်း ပြန်လည်သဘောပေါက်နားလာပါတယ်။ အဲဒီလို ပြန် နားလည်တယ်ဆိုရင် ဒီတင်ပြချက်မှာ သင့်အတွက်ဖြစ်ပါတယ်။

ကျွန်ုပ်ဟာကလေးတွေ၊ ဆယ်ကျော်သက်တွေတွေထောင်ပေါင်းများစွာနှင့် အလုပ်လုပ်ဘူးတဲ့အတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့သူဖြစ်ပါတယ်။ သူတို့လေးတွေကောင်းစွာဖွံ့ဖြိုးအောင်၊ ရင့်ကျက်လာအောင်၊ တာဝန်သိ တတ်သူများဖြစ်လာအောင်၊ ကိုယ်အားကိုယ်ကိုးလုပ်ဆောင်နိုင်သူများဖြစ်လာအောင်၊ သူတို့အစွမ်းအစများထွက် လာ ပြီးအောင်မြင်သူများဖြစ်လာအောင် ဘယ်လို ကူညီပေးနိုင်ကြောင်း နားလည်ထားပါတယ်။

လူကြီးမိဘများအနေဖြင့် လုပ်ပေးနိုင်တာတွေများစွာရှိတဲ့အနက်မိဘများက သားသမီးများကိုပြောတဲ့စကား တွေက သိပ်အရေးကြီးလှပါတယ်။ မိဘတွေကသားသမီးတွေကိုပြောတဲ့စကားတွေက သူတို့စိတ်ထဲမှာထပ်တ လဲလဲဖြစ်ပေါ်လာနေတတ်ပါတယ်။ မိဘတွေပြောတာကိုသားသမီးတွေကနားမထောင်နေကြဘူးလို့ ထင်ရပေမဲ့ မိဘတွေပြောလိုက်တဲ့စကားတွေက သူတို့စိတ်ထဲမှာထပ်တလဲလဲပေါ်နေတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေ ပြော တဲ့စကားတွေကအပြုသဘောဆောင်တဲ့စကားတွေဖြစ်ဖို့လိုပါတယ်။

အပြုသဘောဆောင်ပြီးစိတ်အားတက်စေမဲ့စကားတွေကိုများများပြောပေးခြင်းဖြင့် ပိုကြင်နာတတ်သူများ၊ တာဝန်ကျေသူများ၊ တာဝန်ယူတတ်သူများ၊ လူတွေကိုလေးစားစွာပြောဆိုဆက်ဆံတတ်သူများ၊ မိမိကိုယ် မိမိယုံကြည်သူများဖြစ်လာအောင် ကူညီလမ်းပြပေးရန်လွန်စွာအရေးကြီးလှပါတယ်။
အဲဒီလိုအပြုသဘောဆောင်ပြီးစိတ်အားတက်စေတဲ့စကားတွေကိုပြောပါများလေလေ အပျက်သဘောဆောင်တဲ့ စကား တွေကိုပြောစရာမလိုအပ်တော့ဘဲ ကလေးတွေကိုယ်တိုင်က ပြုပြင်လာတာကို အံ့အားသင့်ဖွယ်တွေ့ လာရ မှာဖြစ်ပါတယ်။ အဲဒီလိုအပြုသဘောဆောင်တဲ့အားတက်စရာစကားတွေကို ပြောပေးရင်မိဘနဲ့ကလေး ကြားမှာ အားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးကလည်း ဖြစ်လာမှာဖြစ်ပါတယ်။

သင့်ငယ်စဥ်ကသင့်မိဘတွေ၊ ဆရာတွေကပြောခဲ့တဲ့အပြုသဘောဆောင်ပြီးစိတ်အားတက်စရာစကားကို သင် ပြန်မှတ်မိပါသလား။ အဲဒီအပြုသဘောဆောင်ပြီးစိတ်အားတက်စရာစကားတွေက သင့် ဖြစ်နေတဲ့ဘူကြီးဘဝ ကိုရောက်အောင်အထောက်အကူပြုခဲ့တာကို ပြန်စဥ်းစားမိပါသလား။
တကယ်တော့ မိဘများအနေဖြင့် အချိန်ပြည့်အပြုသဘောဆောင်တဲ့အားတက်စရာစကားတွေကိုသာပြော မနေ ကြပါ။ အလုပ်တွေများ၊စိတ်ပူပင်သောကတွေကြောင့် အပျက်သဘောဆောင်တဲ့စကားတွေကိုလည်း သတိထား နေတဲ့ကြားကပင်ပြောမိကြပါတယ်။ မိဘနဲ့သားသမီးကြားမှာ ကောင်းမွန်တဲ့အပြန်အလှန်ဆက်ဆံရေးမျိုးရှိနေ အောင် “အပျက်သဘောမျိုး (၁) ကြိမ်ပြောမိတဲ့အခါအပြုသဘောပြောဆိုမှု (၅)ကြိမ်ရှိအောင် လေ့ကျင့်ရန် လမ်း ညွှန်ချက်များရှိပါတယ်။” အဲဒီလမ်းညွှန်ချက်မှာ မိဘနှင့်ကလေးကြားအားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးကို အံ့သြဖွယ်ကောင်းအောင်မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
အပြုသဘောဆောင်ပြီးစိတ်အားတက်စရာကောင်းတဲ့စကားတစ်ခွန်းဟာ စိတ်ခံစားမှုကောင်းစေပြီးလောက အပေါ် ရှုမြင်မှုကိုလည်း အပြုသဘောဆောင်တဲ့လွှမ်းမိုးသက်ရောက်မှုဖြစ်စေပါတယ်။ အပျက်သဘော ဆောင် တဲ့ စကားတစ်ခွန်းကလည်း စိတ်ဖိစီးမှုများကိုဖြစ်စေပြီးစိတ်ပူပင်သောကများကိုဖြစ်စေပါတယ်။
အခုမျှဝေမဲ့ ဆောင်းပါးမှာ အပြုသဘောဆောင်တဲ့အားတက်စရာစကား (၅၃) မျိုးပါဝင်ပါတယ်။ ဒီစကားတွေကို လေ့လာပြီးမိဘများအနေဖြင့် မိမိတို့သားသမီးများကို ပြောပေးရန် တိုက်တွန်းချင်ပါတယ်။

အပြုသဘောဆောင်တဲ့အားတက်စရာစကားတစ်ခွန်းက ပြောခံရသူရဲ့အသက်အရွယ်မရွေး ရေရှည် ကောင်းတဲ့ အကျိုးကိုဖြစ်စေနိုင်ပါတယ်။ အားတက်စေတဲ့စကားတွေက အပြောခံရသူမှာ မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှု ကိုတိုးတက်စေပြီးမိမိကိုယ်တိုင်တိုးတက်အောင် ပြုလုပ်မယ်ဆိုတဲ့ တိုးတက်ဖွံ့ဖြိုးမှုကိုဦးတည်တဲ့စိတ်နေ စိတ် ထားများလည်းဖြစ်လာစေပါတယ်။ စိတ်အားတက်စေတဲ့စကားကြောင့် ကလေးတွေဟာ ကျောင်းပညာ သင် ကြားရေးမှာလည်းပို ကောင်းတဲ့အောင်မြင်မှုများရစေနိုင်ပါတယ်။ အခြားလူတွေအပေါ်လည်းကြင်ကြင်နာနာ လေးလေးစားစားဆက်ဆံလာစေတတ်ပါတယ်။

ကလေးတွေကိုအားတက်အောင်ပြောပေးနိုင်တဲ့အပြသဘောဆောင်တဲ့စကား (၅၂)မျိုး

၁။ သားသမီးကမေမေဖေဖေတို့မိသားစုဝင် ဖြစ်လာတဲ့အတွက် ဝမ်းသာကျေးဇူးတင်ပါတယ်။
ကလေးတွေက အဲဒီစကားမျိုးကြားရတဲ့အခါ အထူးကျေနပ်ဝမ်းသာကြပါတယ်။

၂။ အဲဒါကိုသားသမီးကဘယ်လိုမြင်ပါသလဲ။
အဲဒီလို ကလေးတွေကိုမေးခြင်းက သူတို့အမြင်ကိုတန်ဖိုးထားကြောင်းပြတဲ့အတွက် ကလေးတွေစိတ်မှာ တန်ဖိုးထားခံရတယ်လို့ ခံစားရစေပါတယ်။

၃။ မေမေဖေဖေတော့ သားသမီးနဲ့အတူတူနေရတာ ပျော်ပါတယ်။
ကလေးတွေနဲ့ဆယ်ကျော်သက်တွေဟာမိဘကအဲဒီလို သူတို့ကိုနှစ်သက်ချစ်ခင်ကြောင်းသိတဲ့အခါ ပိုကောင်းစွာ ပြုမူနေထိုင်တတ်ကြပါတယ်။ မိဘကိုဆန့်ကျင်လုပ်တာမျိုးပြုလုပ်ရန်အလားအလာနည်းသွားစေပါတယ်။

၄။ မေမေဖေဖေတို့အားလုံးအမှားလုပ်မိတတ်ကြပါတယ်။
ကလေးကတစ်ခုခုအမှား လုပ်မိတဲ့အခါ ပြစ်တင်ဝေဖန်တာမျိုးမလုပ်ဘဲ မေမေဖေဖေတို့အားလုံးအမှားလုပ်မိ တတ်ကြပါတယ်။ လို့ပြောပေးရင် ကလေးစိတ်မှာ သက်သာပြီးအမှားမှအမှန်ဖြစ်အောင် ဘယ်လို ပြုပြင်မ လဲဆိုတာ စဥ်းစားလာစေအောင်အားပေးနိုင်ပါတယ်။

၅။ သားသမီးကမေမေဖေဖေအတွက်အထူးတန်ဖိုးထားရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။
အထက်ပါအတိုင်းအပြောခံရတဲ့ကလေးစိတ်မှချစ်ခင်တန်ဖိုးထားမှုခံရတဲ့အတွက်အလွန်ကျေနပ်သွားပါတယ်။

၆။ သားသမီးက အဲဒီလို ---- ပြောတာ လုပ်လိုက်တာကိုမေမေဖေဖေက သဘောကျပါတယ်။ အားရကျေနပ် ပါတယ်။
ဥပမာသားသမီးကထမင်းစားရန် ဝိုင်းကူညီပြင်ဆင်ပေးတဲ့အတွက်မေမေဖေဖေက ကျေးဇူးတင်ပါတယ်။

၇။ မေမေဖေဖေကသားသမီးကိုယုံပါတယ်။
မိဘကယုံကြည်ကြောင်းပြခံရတဲ့ကလေးတွေနှင့် ဆယ်ကျော်သက်တွေဟာ သူတို့ဟာပိုယုံကြည်ထိုက်ကြောင်း ပြတတ်ကြပါတယ်။

၈။ သားသမီးက ---လုပ်ရာမှ ပိုကျွမ်းကျင်ပြီး ပိုတော်လာတယ်။
သင်တို့ကလေးကတစ်နေရာရာမှာ လုပ်ကိုင်တာပိုကျွမ်းကျင်လာတာကိုတွေ့တဲ့အခါ အထက်ပါအတိုင်းအသိ အမှတ်ပြုလိုက်ပါက ကလေးတို့စိတ်မှာပိုအားတက်ပြီး ပိုကောင်းအောင် အားထုတ်လာတတ်ကြပါတယ်။

၉။ သားသမီးအတွက်ဒီနေ့ဟာ ကောင်းတဲ့နေ့ဖြစ်ပါစေ။
အဲဒီလိုပြောတာကတော့ အပြုသဘောဆောင်တဲ့သဘောထားမှတ်ချက်ပေးတာဖြစ်ပါတယ်။ ကလေးက ကျောင်းကိုသွားတဲ့အခါ မိဘက အထက်ပါအတိုင်းပြောနိုင်ပါတယ်။

၁၀။ ကလေးကတစ်ခုခု လုပ်ခွင့်တောင်းတဲ့အခါ မသင့်တဲ့အတွက် ချက်ခြင်း မလုပ်ရဘူးလို့ပြောလိုက်မဲ့အစား မေမေဖေဖေ ခဏစဥ်းစားပါရစေဦးလို့ပြောနိုင်ပါတယ်။
အဲဒီလိုခဏအချိန်ယူပြီးစဥ်းစားပါရစေ လို့ပြောခြင်းက ဟင့်အင်းဆိုပြီးချက်ခြင်း တားဆီးလိုက်တာထက် ပိုသင့်တဲ့နည်းလမ်းဖြစ်ပါတယ်။ ကလေးမေတ္တာရပ်ခံချက်က သိပ်ကျိုးကြောင်းမဆီလျော်တဲ့အခါ သုံးသင့် ပါတယ်။ ခဏကြာမှ ကျိုးကြောင်းညီစွာရှင်းပြီး တားမြစ်သင့်ပါတယ်။

၁၁။ ဒီမှာ ဘာဖြစ်နေတာလဲ။
အထက်ပါမေးခွန်းမျိုးမေးခြင်းက အပြစ်တင်လိုက်တာထက် သုံးသင့်တဲ့ပြောဆိုနည်းဖြစ်ပါတယ်။ ဥပမာ အခန်းထဲမှာထားတဲ့ပရိဘောဂတစ်ခုပျက်စီးနေတာတွေ့တဲ့အခါမျိုးမှာ အပြစ်ရှာတာမျိုးမပြောဘဲ အဲဒီလို ပြောသင့်ပါတယ်။

၁၂။ သားသမီးကြည့်ရတာအခက်အခဲရှိနေပုံပေါက်တယ်။ မေမေဖေဖေကိုသားသမီးပြောပြပါလား။
အဲဒီလို မေးခြင်းကကလေးတွေအနေဖြင့် သူတို့ အခက်အခဲကို ပြောပြလာရန် လမ်းဖွင့်ပေးတဲ့မေးနည်း ဖြစ်ပါတယ်။

၁၃။ ဝမ်းနည်းပါတယ်။
မိဘအနေဖြင့် အမှားလုပ်မိတဲ့အခါ အထက်ပါအတိုင်း ပြောသင့်ပါတယ်။ ရိုးသားပါ။ မိမိကိုမိမိနှိမ်ချပါ။ အဲဒီနည်းက ကလေးတွေကိုအမှားဆိုတာ လူတိုင်း လုပ်မိတတ်ကြောင်း၊ ရိုးသားစွာဝန်ခံရကြောင်း။ လုပ်မိတဲ့အမှားအတွက် တောင်းပန်ရန် လိုအပ်ကြောင်းနမူနာကောင်းပြပေးရာရောက်ပါတယ်။

၁၄။ အဲဒါက သားသမီးလေ့ကျင့်တဲ့အတွက်ရလာတဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။
ကလေးတွေနှင့်ဆယ်ကျော်သက်တွေဟာ သူတို့လုပ်ဆောင်တဲ့အလုပ်မှာ အားထုတ်လေ့ကျင့်တဲ့အတွက် တိုးတက်မှုရရှိလာတဲ့အခါ အဲဒီလိုအသိအမှတ်ပြုပြောရင် နှစ်သက်သဘောကျပြီးပိုအားထုတ်လာ တတ် ကြပါတယ်။

၁၅။ သားသမီးက ဘယ်လို ကြိုးစားအားထုတ်လုပ်နေတာလဲ။
အထက်ပါမေးခွန်းမျိုးကတော့ ကလေးအနေဖြင့် လိုချင်တဲ့ရလဒ်မရခင် လုပ်ဆောင်နေမှုကို သိရန်မေးတဲ့ မေး ခွန်းဖြစ်ပါတယ်။ အဲဒီလိုမေးပြီးကလေးလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တာကိုပြောရန်လမ်းဖွင့် လိုက်တဲ့သဘောဖြစ်ပါတယ်။

၁၆။ ဒီနေ့သားသမီးကျောင်းမှာ စိတ်ဝင်စားစရာဘာများဖြစ်ခဲ့သလဲ။
အထက်ပါမေးခွန်းကိုမေးကြည့်ခြင့်ဖြင့် ဒီနေ့ကျောင်းမှာ ဘယ်လိုနေသလဲ လို့မေးတာထက် ကလေးက ပြောပြ ချင်စိတ်ဖြစ်လာစေပါတယ်။

၁၇။ ဒီနေ့သားသမီး ကြိုးစားအားထုတ်လုပ်လိုက်ရတာ ဘာများရှိပါသလဲ။
ဒီမေးခွန်းကတော့ ကြိုးစားအားထုတ်မှုဆိုတာ အရေးကြီးကြောင်း၊ ရလဒ်ကောင်းရဖို့ထက်ပင် အားထုတ်မှုက အရေးကြီးကြောင်း ကလေးတွေသိလာစေပါတယ်။ ကြိုးစားမှုမရှိဘဲရလဒ်ကောင်းဆိုတာမရရှိနိုင်ကြောင်း သိလာစေပါတယ်၊

၁၈။ သားသမီးအဲဒါကိုကောင်းကောင်းလုပ်နိုင်မယ်ဆိုတာမေမေဖေဖေသေချာသိပါတယ်။
အဲဒီလိုယုံကြည်မှုရှိအောင်ပြောတဲ့စကားဟာ ကလေးတွေမှာမိမိကိုယ်မိမိယုံကြည်မှုတက်လာစေပါတယ်။ ကလေးကောင်းစွာလုပ်နိုင်မှာကို အထက်ပါအတိုင်းပြောပေးခြင်းဖြင့် ကလေးတွင်မိမိကိုယ်မိမိယုံ ကြည့်စိတ် များတက်လာစေပါတယ်။

၁၉။ သားသမီးကိုယ်တိုင်ဆုံးဖြတ်ပါ။
ကလေးတွေဆိုတာ သူတို့ကိုယ်တိုင်စဥ်းစားပြီးဆုံးဖြတ်ချက်များချရင်း ပို အားကောင်းတဲ့ဆုံးဖြတ်ချက်များ ချနိုင်စွမ်းရှိလာကြတာဖြစ်ပါတယ်။ မိဘကပေးနေတဲ့ညွှန်ကြားချက်ကိုလိုက်ပြီး ဆုံးဖြတ်ချက်ချနေခြင်းဖြင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းရည်တိုးတက်လာခြင်းမဟုတ်ပါ။ ဒါကြောင့်အထက်ပါအတိုင်းကလေးကိုဆုံး ဖြတ် ချက်ချခွင့်ပေးခြင်းမှာ ကလေးတွေကိုယ်တိုင်အားကောင်းတဲ့ဆုံးဖြတ်ချက်များချနိုင်အောင် မိဘများအနေဖြင့် လုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။

၂၀။ သားသမီးအနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ။
မိဘတွေကကလေးတွေကို အထက်ပါအတိုင်းမေးကြည့်မယ်ဆိုရင် ကလေးတွေအနေဖြင့ မိမိစိတ်ခံစားမှုကို ပိုသိနားလည်လာစေမှာဖြစ်ပါတယ်။

၂၁။ မေမေဖေဖေကတော့ သားသမီးပြောမှာကိုနားထောင်ဖို့အသင့်ပါပဲ။
မိဘများအနဖြင့် သားသမီးပြောတာကို ဝေဖန်နေခြင်းမျိုးမရှိဘဲ နားထောင်ပေးခြင်းဖြင့် ကလေးများက သူတို့စိတ်နှလုံးထဲမှာရှိတာကို ပိုပြောပြချင်လာကြပါတယ်။

၂၂။ မေမေဖေဖေကတော့သားသမီးကိုချစ်ပါတယ်။
ကလေးတွေနဲ့ဆယ်ကျော်သက်တွေဟာ မိဘက သူတို့ကို ဘယ်လိုအနေအထားမှာမဆို ချစ်ခင်တယ်ဆိုတာ ကိုသိနားလည်ဖို့ လိုအပ်ပါတယ်။

၂၃။သားသမီးကမေမေဖေဖေကိုပြုံးပျော်လာစေပါတယ်။
အဲဒီလိုပြောပေးခြင်းဖြင့် ကလေးတွေအတွက် စိတ်ခံစားချက်ကောင်းတဲ့နေ့ကိုဖြစ်လာစေပါတယ်။

၂၄။သားသမီးရဲ့သဘောထားအမြင်ကအရေးကြီးပါတယ်။
အဲဒီလိုပြောပေးရင် ကလေးတွေအနေဖြင့် သူတို့ဟာ မိဘတွေအတွက် အရေးပါတဲ့လူတွေဖြစ်ကြောင်းသိနား လည်လာစေပါတယ်။ အဲဒီလိုအရေးပါတဲ့လူဖြစ်တယ်လို့ခံစားလာရတာနဲ့အမျှ ပိုပြီးတာဝန်ရှိရှိ ပြုမူလုပ်ဆောင် လာကြမှာဖြစ်ပါတယ်။ ဒီလိုပြောဆိုပေးဖို့က မိဘတွေပြောပေးသင့်တဲ့အပြုသဘောဆောင်တဲ့ စကားတွေမှာ အလေးထားပါအောင်ထည့်ပေးရမဲ့စကားဖြစ်ပါတယ်။

၂၅။ သားသမီးကမှန်ပါတယ်။
မိဘအနေဖြင့် ကိုယ်တိုင်ကမှားနေပြီးသားသမီးကမှန်နေတဲ့အခါ မိမိအမှားကိုဝန်ခံသလို သားသမီးမှန်တာကို လည်း အသိအမှတ်ပြုပေးရန် လိုအပ်ပါတယ်။ အဲဒီလိုပြောတဲ့အတွက် သားသမီးတွေကမိဘတို့အပေါ် လေးစား မှုရှိလာစေပါတယ်။ ကလေးတွေကမိဘအပေါ် လေးစားမှုရှီအောင် အဲဒီနည်းလမ်းက အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

၂၆။ သားသမီးလုပ်တာကိုကြည့်ရတာ သားသမီးကပိုပြီး -----------လို့အသိအမှတ်ပြုပေးပါ။
အာရုံစိုက်လာတယ်၊ စုစည်းစနစ်ကျလာတယ်၊ ကြင်နာလာတယ်။တာဝန်ယူလုပ်ဆောင်တတ်တယ်၊ ကူညီ တတ်တယ်စတဲ့အပြုသဘောဆောင်တဲ့အကြောင်း အရာများထည့်ပြီးပြောပေးပါ။ ကလေးတွေမှာ ဘယ် လောက်ပင်သေးတဲ့အပြုသဘောပြောင်းလဲမှုကိုပင် တွေ့ ပါစေ အထက်ပါအတိုင်းအသိအမှတ်ပြုပြောပေးပါ။

၂၇။ မေမေဖေဖေတော့သားသားမီးမီးတို့နဲ့အတူ လုပ်ရတာ သိပ်ပြီးစိတ်လှုပ်ရှားတာပဲ။
အဲဒီလိုပြောပြီး အသိအမှတ်ပြုခြင်းမှာ မိဘအနေဖြင့် သားသမီးများနှင့်အတူတူအလုပ်လုပ်ရတာကိုအမှန် တကယ်စိတ်လှုပ်ရှားပျော်တယ်လို့ ကလေးတွေသိနားလည်စေပြီးစိတ်ထဲမှာကျေနပ်မှုကိုရစေပါတယ်။ မိ ဘတွေနှင့်အတူတူအလုပ်တွေကို ပိုလုပ်ချင်စိတ်တွေလည်းဖြစ်လာစေပါတယ်။

၂၈။ အဲဒါကသိပ်ကောင်းတဲ့မေးခွန်းပဲ။
ကလေးတွေရဲ့စူးစမ်းသိလိုတဲ့စိတ်ကြောင်းမေးလိုက်တဲ့မေးခွန်းကို အထက်ပါအတိုင်းအသိအမှတ်ပြုလိုက်ခြင်း ကြောင့် ကလေးစိတ်တွင် စူးစမ်းလေ့လာသင်ယူလိုတဲ့စိတ်ဖြစ်လာအောင်တွန်းအားပေးသလိုဖြစ်စေပါတယ်။

၂၉။ သားသမီးကိုယ်ပိုင်ဟန်နဲ့ လုပ်နေတာကိုမေမေဖေဖေကလက်ခံပါတယ်။
မိဘတွေဆိုတာသားသမီးများကို မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ချင်ကြပါတယ်။ အထက်ပါအတိုင်း ပြောဆိုအသိအမှတ်ပြုပေးခြင်းက ကလေးတွေမိမိကိုယ်မိမိယုံကြည်တဲ့ ကလေးတွေဖြစ်လာအောင်အားပေးလိုက်တာပင်ဖြစ်ပါတယ်။

၃၀။ သားသားမီးမီးက မေမေဖေဖေတို့မိသားစုမှာ အရေးကြီးတဲ့မိသားစုဝင်ဖြစ်ပါတယ်။
ကလေးတွေဆိုတာ မိသားစုတွင်တန်ဖိုးရှီသူဖြစ်တယ်ဆိုတာ ကို မကြာခဏကြားရရင် အလွန် ကျေနပ်နှစ်သက်မှု ဖြစ်ကြတယ်ဆိုတာကိုမိဘများမမေ့ပါနှင့်။

၃၁။မေမေဖေဖေကတော့ သားသားမီးမီးအပေါ် ယုံကြည်ပါတယ်။
သားသမီးတွေဆိုတာ သူတို့မိဘတွေက သူတို့အပေါ်ယုံကြည်တယ်ဆိုတာကိုသိချင်ကြပါတယ်။ မိဘတွေက သူတို့အကျင့်စရိုက်နဲ့ စွမ်းရည်များအပေါ်မှာယုံကြည်တယ်ဆိုတာကို ကြားချင်ကြပါတယ်။

၃၂။ သားသာမီးမီးက အဲဒီ----လုပ်ငန်း-မှာ ကြိုးစားလုပ်ဆောင်ခဲ့တာကိုတွေ့မြင်ရပါတယ်။
အထက်ပါစကားက စိန်ခေါ်မှုတွေဆိုတာ ရှောင်ပြေးစရာများမဟုတ်ကြပါ။ ရင်ဆိုင်ကျော်လွှားရမှာ သာ ဖြစ်ကြောင်း သိနားလည်လာစေပါတယ်။ အဲဒီမူကို ကလေးတွေနားလည်လာစေပါတယ်။

၃၃။ သားသားမီးမီး လုပ်သလိုမေမေဖေဖေတို့အားလုံးလုပ်ကြရအောင်။
အဲဒီလိုပြောလိုက်ခြင်းက မိဘတွေလုပ်တဲ့နည်းလမ်းကသာအစဥ်သဖြင့် လိုက်နာရမဲ့နည်းလမ်း (အကောင်းဆုံး နည်းလမ်း) မဟုတ်ဘူးဆိုတာ ကို ကလေးတွေသိနားလည်လာစေပါတယ်။

၃၄။ သားသားမီးမီးက ဘာကြောင့် အဲဒီလိုလုပ်တယ်ဆိုတာကိုမေမေဖေဖေတို့ကိုရှင်းပြနိုင်ပါသလား။
အဲဒီလိုမေးခြင်းမျိုးက ကလေးတွေအနေဖြင့် သူတို့ရွေးချယ်တဲ့နည်းလမ်းက ဘယ်လို နည်းလမ်းဖြစ်ကြောင်း ပြန်လည်ထင်ဟပ်စဥ်းစားသုံးသပ်နိုင်လာစေပါတယ်။

၃၅။ သားသားမီးမီးက အဲဒါကို ဘယ်လို လုပ်ရကြောင်းသင်ယူနေတာဖြစ်ပါတယ်။
သင်ယူတဲ့လုပ်ငန်းစဥ်ဆိုတာ အရေးအကြီးဆုံးဖြစ်ကြောင်းသားသမီးများကို သတိပေးလိုက်ခြင်းပင်ဖြစ် ပါတယ်။

၃၆။ အဲဒါကတော့သားသားမီးမီးရဲ့ ထောက်ထားစာနာမှုပြတဲ့စိတ်ထားဖြစ်ပါတယ်။
ကလေးရဲ့အပြုသဘောဆောင်တဲ့အပြုအမူကို အသိအမှတ်ပြုခြင်းပင်ဖြစ်ပါတယ်။ အဲဒီလို ကလေးတွေရဲ့ ထောက်ထားစာနာမှုနဲ့စိတ်နေသဘောထားကိုအသိအမှတ်ပြုခြင်းမှာ ကလေးတို့အတွက် အဲဒီလိုစိတ်ထား ထားရန်အလွန် အရေးကြီးတဲ့တိုက်တွန်းအားပေးချက်ပင်ဖြစ်ပါတယ်။

၃၇။ သားသားမီးမီးက အဲဒါကို ဘယ်လို လုပ်ရကြောင်းမေမေဖေဖေကိုသင်ပေးပါလား။
မိဘတွေအနေဖြင့် သူတို့ထံမှ လေ့လာသင်ယူစရာရှိနေကြောင်းသိတဲ့အခါ သူတို့ ကိုယ်သူတို့ယုံကြည်မှုများ တိုးတက်လာစေပါတယ်။

၃၈။ အဲဒီအချက်ကတော့ ကောင်းတဲ့အချက်ပဲ။
ကလေးတွေဟာဥာဏ်ရည်ဥာဏ်သွေးတိုးတက်ရင့်ကျက်လာတာနဲ့အမျှ မိဘတွေအနေဖြင့်အဲဒီလိုတိုးတက် ရင့်ကျက်လာမှာကိုသတိပြုမိအောင် ပြသပါ။ အထက်ပါကဲ့သို့ပြောပေးပါ။

၃၉။ သားသားမီးမီး လုပ်နိုင်တယ်ဆိုတာကို မေမေဖေဖေသိပါတယ်၊
အဲဒီလိုပြောတဲ့စကားမျိုးတွေက ကလေးများအနေဖြင့် သူတို့ကိုယ်သူတို့ယုံကြည်မှုများဖြစ်လာစေပါတယ်။

၄၀။ အဲဒါကိုသားသားမီးမီးဆိုရင် ဘယ်လို ထင်မြင်ယူဆသလဲ။
အဲဒီလိုမေးခွန်းမျိုးက ကလေးတွေနဲ့ဆယ်ကျော်သက်တွေကို ထင်ဟပ်စဥ်းစားစေပြီး ကြုံလာတဲ့ပြဿနာများ ကို‌ဖြေရှင်းနိုင်စေတဲ့စွမ်းရည်များ ပိုလျင်မြန်စွာတိုးတက်လာအောင် အားပေးပါတယ်။

၄၁။ အဲဒီအကြောင်း သားသားမီးမီးကပြောပြချင်ပါသလား။
အဲဒီလိုမေးလိုက်ခြင်းက ကလေးအပေါ် အတင်းဖိအားပေး ခိုင်းခြင်း၊ ဝန်ပိအောင် လုပ်ခိုင်းခြင်းများမ‌ဖြစ်စေဘဲ ကလေးကိုယ်တိုင်စိတ်ပါလက်ပါ လုပ်လာစေရန် တိုက်တွန်းအားပေးပါတယ်။ ဒီနည်းက အပြုသဘောဆောင်တဲ့ လက္ခဏာများထွက်လာအောင် မေးတဲ့နည်းဖြစ်ပါတယ်။

၄၂။ ဘယ်လိုစိန်ခေါ်မှုမျိုးကိုသားသားမီးမီးအနေဖြင့်တွေ့ကြုံရင်ဆိုင်ကျော်လွှားချင်ပါသလဲ။
လူတွေဆိုတာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားရင်းဖွံ့ဖြိုးတိုးတက်လာရတာဖြစ်ပါတယ်။ ဒီမေးခွန်းကိုမေး လိုက်ခြင်းဖြင့် စိန်ခေါ်မှုတွေကိုအပြုသဘောဆောင်တဲ့တိုးတက်ရေးအတွက်အခွင့်အလမ်းလို့ မြင်လာအောင် တိုက်တွန်း လိုက်တာဖြစ်ပါတယ်။

၄၃။ မေမေဖေဖေကတော့သားသားမီးမီးကို အလေးထားစောင့်ရှောက်ပါတယ်။
မေမေဖေဖေကတော့သားသားမီးမီးကိုချစ်ပါတယ်လို့ပြောရန်စိတ်ထဲမှာ အဆင်မပြေသေးရင်အခုလို စတင် ပြောနိုင်ပါတယ်။ မိဘက ကောင်းစွာစောင့်ရှောက်တယ်ဆိုတာကိုသိတဲ့ကလေးတွေက မိဘပြောတာကို ပို အလေးထားလိုက်နာလာကြပါတယ်။

၄၄။ ဒီပြဿနာကိုသားသားမီးမီးအနေဖြင့် ‌ကိုယ်တိုင်ဖြေရှင်းနိုင်မယ်ထင်ပါသလား။
မိဘတွေအနေဖြင့် ကလေးကြုံလာတဲ့အခက်အခဲပြဿနာကို ကလေးအတွက်‌ဖြေရှင်းပေးတာမျိုးမပြုလုပ်ဘဲ အထက်ပါအတိုင်းမေးပေးရန် လိုအပ်ပါတယ်။ အဲဒီအခါ ကလေးက ပြဿနာကို သူတို့ကိုယ်တိုင် ကြိုးစား‌ဖြေ ရှင်းလာစေပါတယ်။

၄၅။ သားသားမီးမီးက မေမေဖေဖေကို ခွင့်လွှတ်ပါ။
မိဘတွေအနေဖြင့်မိမိတို့ပြုမိတဲ့အမှားအတွက် တောင်းပန်တဲ့အပြင် ခွင့်လွှတ်ရန် ပါပြောပါ။ အဲဒီလိုပြောဆိုခြင်း က မိဘနှင့်သားသမီးကြားအားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေး‌ဖြစ်အောင်အထောက်အကူဖြစ်စေတဲ့နည်း လမ်းတစ်ခု ဖြစ်ပါတယ်။

၄၆။ သားသာမီးမီးကထပ်ပြောြပပါဦး။
အဲဒီလိုပြောခြင်းကကလေးတွေအနေဖြင့် သူတို့အတွေးအမြင်ခံစားမှုများကိုမိဘနှင့် ပိုမျှဝေပြောပြလာအောင် တိုက်တွန်းအားပေးပါတယ်။

၄၇။ အဲဒီလိုခံစားရတာ အိုကေပါတယ်။
ကလေးတွေကိုစိတ်မဆိုးရဘူး၊ ဒေါသမထွက်ရဘူး၊ ဝမ်းမနည်းရဘူး၊ စိတ်ပျက်မနေရဘူးလို့ ပြောမဲ့အစား သူတို့ မှာ ဖြစ်နေတဲ့ခံစားမှုအပေါ် ကိုယ်တိုင် ထောက်ထားခံစားပေးပါ။ အဲဒီလို ခံစားပေးတဲ့အခါ ကလေးအနေဖြင့် စိတ်မှာ သက်သာရာရလာစေပါတယ်။ထောက်ထားစာနာပေးသူရှိတယ်ဆိုပြီးစိတ်မှာသက်သာလာစေပါတယ်။ ပြီးတော့ အဲဒီလို ဖြစ်နေတဲ့အပျက်သဘောခံစားမှုများမှ ကင်းအောင် ကူညီလုပ်ဆောင်ပေးပါ။

၄၈။ မေမေဖေဖေတော့ သားသာမိဂမီးရဲ့မိဘဖြစ်ရတာဂုဏ်ယူဝမ်းသာတယ်။
မိမိတို့အတွက်ဂုဏ်တက်ကြောင်းသိတဲ့သားသမီးများကလည်း သူတို့မိဘများအတွက် ပြန်လည်ဂုဏ်ယူတတ် ကြပါတယ်။

၄၉။ ပိုကောင်းတဲ့မိဘဖြစ်လာအောင် မေမေဖေဖေတို့ ဘာများလုပ်နိုင်ပါသလဲ။
ဒီမေးခွန်းမျိုးကို သားသမီးတို့ကိုမေးပါ။ ကလေးတွေထံမှပေးတဲ့အကြံဥာဏ်ကို အမှန်တကယ် ကြားလိုတဲ့စိတ် ထားမျိုးလည်း ရှိပါ။ကလေးတွေပေးတဲ့အကြံဥာဏ်ကို လက်တွေ့ဖြစ်လာအောင် လေ့ကျင့် ခြင်းဖြင့် ပိုကောင်း တဲ့မိဘ များ ဖြစ်အောင်လေ့ကျင့်ပါ။ အဲဒီလိုလေ့ကျင့်ရင် ပိုကောင်းတဲ့မိဘများဖြစ်လာကြမှာဖြစ်ပါတယ်။

၅၀။ အဲဒါကစိတ်ဝင်စားစရာကောင်းတဲ့စိတ်ကူးတစ်ခုဖြစ်ပါတယ်။
မိဘများအနေဖြင့်သားသမီးတို့ရဲ့စိတ်ကူး၊ သဘောထား၊ ဆန်းသစ်တဲ့အတွေးအမြင်နဲ့ ကိုယ်ပိုင်ဟန်ဖြင့် ထုတ် ဖေါ်ပြောြပချက်များကို အလေးထားကြောင်း ပြသပေးရင် ကလေးတွေက ပိုပြီး စိတ်ကူးကောင်းတွေကို ဖော် ထုတ်ပြလာမှာဖြစ်ပါတယ်။

၅၁။ အဲဒါက သားသားမီးမီးရဲ့ရဲစွမ်းသတ္တိကိုပြနေပါတယ်။
အပြောင်းအလဲကို ရင်ဆိုင်လုပ်ဆောင်ရတယ်ဆိုတာ ကြောက်စရာကောင်း ပါတယ်။ သင့်တို့ကလေးက သတ္တိ ရှိစွာအပြောင်းအလဲကိုရင်ဆိုင် ပြတဲ့အခါကလေးရဲ့ရဲရင့်မှုကိုအသိအမှတ်ပြုပါ။ အဲဒီလိုအားပေးရင်ကလေး တွေ ဟာ နောက်ပိုင်းမှာစိန်ခေါ်တဲ့လုပ်ငန်းတွေကို ပို လုပ်ဆောင်ရဲလာမှာဖြစ်ပါတယ်။

၅၂။ မလုပ်နိုင်ရင် ဟင့်အင်းလို့ပြောတာအိုကေပါတယ်။
ကလေးတွေကိုငယ်စဥ်ကတည်း သူတို့ မလုပ်နိုင်တာကို ဟင့်အင်းလို့ပြောတတ်အောင် သင်ပေးပါ။ အဲဒီလို သင်ပေးထားရင်ကြီးလာတဲ့အခါ မိမိတို့အတွက် မူဘောင်ကို ကောင်းစွာသတ်မှတ်နိုင်သူများဖြစ်လာပါလိမ့်မည်။

မိတ်ဆွေများသားသမီးများအားတက်စေတဲ့စကားများကို များများပြောပေးတဲ့အလေ့အကျင့် လုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...