Monday, February 24, 2025

ကလေးအမြင်ရှုထောင့်မှ မြင်တဲ့မိဘတွေဆိုတာ Food for Thought 783

No photo description available.


ဒီနေ့ အကောင်းဆုံးမိဘများဖြစ်လာအောင်လေ့ကျင့်တဲ့အခါ ကလေးတွေရဲ့ရှုထောင့် အမြင်ကိုလည်းအလေးထားထည့်သွင်းစဥ်းစားသင့်ကြောင်း“ကလေးအမြင်ရှုထောင့် မှ မြင်တဲ့မိဘတွေဆိုတာ” ကို Food for Thought 783 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ကလေးအမြင်ရှုထောင့်မှ မြင်တဲ့မိဘတွေဆိုတာ

ကလေးတွေကို လေ့ကျင့် ပျိုးထောင်ပေးရတဲ့မိဘတာဝန်ဆိုတာအလွန်ခက်ခဲတဲ့ အလုပ် ဖြစ်ပါတယ်။ အဲဒီအလုပ်နဲ့ပတ်သက်ပြီး ရှုထောင့်အမြင်အမျိုးမျိုးလည်းရှိကြပါတယ်။ တစ်ချို့ဆိုရင်အိမ်ထောင်ကျပြီး ကလေးမရပေမဲ့ကလေးတွေကို ဘယ်လိုလေ့ကျင့် ပျိုး ထောင်ပေးသင့်တယ်ဆိုတဲ့ရှုထောင့်အမြင်များထုတ်ပြောတာတွေပင်ရှိကြပါတယ်။ လေ့ ကျင့်ပျိုးထောင်ပေးတဲ့နည်းလမ်းတွေအပေါ် ဝေဖန်မှုတွေလည်းများစွာရှိကြပါတယ်။

ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့မိဘများရဲ့အပြုအမူ၊ လုပ်ဆောင် ချက်များနှင့် ပတ်သက်ပြီးရှုထောင့်အမြင်အမျိုးမျိုးရှိတဲ့အထဲမှာ (၈) နှစ် အရွယ် သမီး လေးတစ် ယောက် ရဲ့ရှုထောင်အမြင်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘဝကို ကလေး တစ်ယောက်ရဲ့ရှုထောင့်အမြင်ကနေ ဘယ်လိုရှုမြင်ကြောင်းသိရတာစိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သမီးလေးက ရိုးသားတဲ့သူ့ရှုထောင့်အမြင်ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဘယ်လိုဆိုရင်အဆင်‌ပြေမယ်။ ဘယ်လို အနေအထားမျိုးကိုတွေ့မြင်လို ကြောင်း ပွင့် လင်းစွာဖော်ပြထားပါတယ်။

ကလေးရှုထောင့်အမြင်

၁။ အေးအေးသာသာရှိပါ။

အေးအေးသာသာရှိဖို့မှာ သမီးလေးရဲ့ပထမ ဖော်ပြချက်ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် အစစအဆင်မပြောတဲ့နေ့မျိုးတွေပို ခက်ခဲနိုင်ပါ တယ်။ ဘယ်လိုပင်ဖြစ်ပါစေ အဲဒီအကြံပြုချက်မှာအလွန်ကောင်းမွန်တဲ့ရှုထောင့် အမြင် ဖြစ်ပါတယ်။ အသက်ကို ဝဝရှုလိုက်ပြီး ဝဝရှုလိုက်တဲ့လေကိုရင်ထဲမှာ ခဏထိန်းထား လိုက်ပါ။ ပြီးတော့မှ ထိန်းထားတဲ့လေးကို ဖြေးဖြေးသာသာပြန်ထုတ်လိုက်ပါ။ အဲဒီလို အသက်ရှုသွင်းထုတ်တာကို ထပ်ခါထပ်ခါလေ့ကျင့်ပါ။ အဲဒီလိုလေ့ကျင့်ရင်လည်းမိဘ အနေဖြင့် မိမိသားသမီးများကို ဘယ်လိုပြုမူလုပ်ဆောင်စေလိုကြောင်း၊ အဲဒီအတွက် ကိုယ်တိုင်ကစံနမူနာကောင်းပြနိုင်အောင်လုပ်မယ်ဆိုပြီး မိမိကိုယ်မိမိ သတိပေးပါ။ မျှော် မှန်းသလို ဖြစ်လာအောင် လုပ်ဖို့မှာ ခက်ခဲနိုင်ပါတ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့အခါ စိတ်က အေးဆေး တည်ငြိမ်မှုရှိရင်၊ အေးအေးသာသာရှိရင် ပိုကောင်းတဲ့ရလဒ်ရစေကြောင်း သိထားကြပါတယ်။ စိတ်အေးအေးတည်ငြိမ်စွာရှိပြီး အသက်ကိုဝဝရှုလိုက်တဲ့အခါ အောက်စီဂျင်က ဦးနှောက်ထဲကောင်းစွာရောက်ရှိပြီး ပိုရှင်းလင်းစွာစဥ်းစားနိုင်လာစေတဲ့ အတွက်ဖြစ်ပါတယ်။

၂။ အထောက်အပံ့အကူအညီပေးပါ။

မိသားစုတစ်ခုမှာသားသမီးဖြစ်နေပြီး မိဘတွေက ကိုယ့်ကို သားသမီးတစ်ယောက်လို အထောက်အကူပေးတာမရဘူးဆိုရင် အဲဒီကလေးဟာအဖော်ကင်းမဲ့နေပြီး မသေချာ မရေရာတဲ့နေရာကိုရောက်နေသလိုမျိုးစိတ်မှာခံစားနေရမှာဖြစ်ပါတယ်။ မိဘတွေက ကလေးတွေကို လိုအပ်တဲ့အထောက်အကူမပေးဘူးဆိုရင်ကလေးတွေစိတ်မှာ မလုံမခြုံ တဲ့စိတ်တွေဖြစ်လာမှာဖြစ်ပါတယ်။ ကလေးတွေအနေဖြင့် သူတို့ မှန်မှန်ကန်ကန် လုပ် ဆောင်နေထိုင်နိုင်မှာမဟုတ်ဘူးလို့ခံစားနေရပါလိမ့်မယ်။

မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့ကလေးတွေဖြစ်အောင်လေ့ကျင့် ပေးမှုက မိသားစုမှစတာ ဖြစ်ပါတယ်။ အဲဒီစိတ်မျိုးရှိလာအောင်ငယ်စဥ်ကတည်းကစတင်လေ့ကျင့်ပေးရန် လိုအပ် ပါတယ်။ မိဘတွေအနေဖြင့် ကလေးတွေလိုအပ်တာမှန်သမျှအားလုံးကို ပံ့ပိုးမ ပေး နိုင်ကြပါဘူး။ ဒါပေမဲ့ကလေးကို လမ်းညွှန်ပြသတဲ့စကားတွေပြောတဲ့အခါ အသေအချာ ရွေးပြောရန် လိုအပ်ပါတယ်။ ကလေးတွေဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ စကားတွေရွေးပြောရန် လိုအပ်ပါတယ်။ သူတို့ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတား အပိတ် အပင်ဖြစ်စေတဲ့စကားမျိုးတွေမပြောမိရန်အထူးသတိထားရှောင်သင့်ပါတယ်။

၃။ တာဝန်ယူတတ်တဲ့ကလေးတွေဖြစ်လာအောင် ကလေးတွေကို သူတို့ လုပ်ကိုင်နိုင် တာတွေ လုပ်လာအောင်လွတ်လပ်စွာ တာဝန်ယူခွင့်ပေး သင့်ပါတယ်။

သမီးလေးကပြောပါတယ်။ မိဘတွေဆိုတာ အိမ်မှာ လုပ်စရာတွေအားလုံးကို အားလုံး တာဝန်ယူလုပ်နေစရာမလိုအပ်ပါဘူးတဲ့။ ကလေးတွေကို သူတို့အသက်အရွယ်လုပ် ဆောင်နိုင်အားနှင့် ကိုက်ညီတဲ့အိမ်မှုအလုပ်တွေကို တာဝန်ယူလုပ်တတ်လာအောင် တာ ဝန်ပေးလုပ်ခိုင်းသင့်ပါတယ်။ သမီးလေးကထောက်ပြတဲ့အိမ်မှုအလုပ်တွေကတော့ အိမ် မှာတံပျက်စည်းလှည်းပြီးသန့်ရှင်းရေးလုပ်ခြင်း၊ မိမိအိပ်ယာများကို ပြန်လည်သိမ်းဆည်း ခြင်း၊ ရေချိုးခန်းကိုသန့်ရှင်းရေးပြုလုပ်ခြင်း၊ မီးဖိုချောင်မှာ နိုင်တာကိုဝိုင်းဝန်းကူညီလုပ် ခိုင်း ခြင်းအလုပ်တွေဖြစ်ကြပါတယ်။မီဖိုချောင်မှာ ကလေးတွေကို ကူညီလုပ်ခိုင်းတဲ့အခါ အချိန်ပိုကြာ၊ ပိုရှုပ်ထွေးစေပြီးပိုရှင်းထုတ်နေရတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ မိးဖိုချောင်မှာ သူတို့နိုင်တာကို ဝိုင်းကူညီလုပ်တတ်အောင် တာဝန်ပေးကူညီခိုင်း ခြင်းဖြင့် သူတို့ကြီးလာတဲ့အခါ ရေရှည်မှာလိုအပ်တဲ့ ဘဝတွက်တာကျွမ်းကျင်မှုများကို လေ့ ကျင့်သင်ပေးထားရာရောက်စေပါတယ်။ စားစရာတွေကိုမိဘနှင့်သားသမီး အတူတူ ပြင်ဆင်ခြင်းဖြင့်တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စကားပြောနိုင်တဲ့အခွင့်အလမ်း တွေများစွာရစေနိုင်ပါတယ်။ အဲဒီလိုအခွင့်အလမ်းတွေရတာ မိဘရောသားသမီးတို့အ တွက် အရေးကြီးလှပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိနားလည်ခွင့်ရစေ ပါတယ်။အပြန်အလှန်ပြောဆိုကူညီပေးနေရင်းအပြုသဘောဆောင်တဲ့ သဘောထားမှတ် ချက်များပေးခြင်း၊ အားပေးအသိအမှတ်ပြုတဲ့စကားများပြောပေးခြင်းဖြင့် မိသားစုအ တွင်း ပိုချစ်ခင်မှု၊ နားလည်မှု၊ အပြန်အလှန်တန်ဖိုးထား လေးစားမှုများလည်း ဖြစ်လာ စေနိုင်ပါတယ်။

၄။ မိဘတွေဆိုတာ မိသားစုအတွင်းမှာ အရာရာကို လုပ်ပေးနေစရာမလိုအပ်ပါဘူး။

သမီးလေးနောက်ဆုံးပြောပြတဲ့အချက်ကတော့ မိဘတွေဆိုတာ မိသားစုမှ လုပ်စရာအ လုပ်တွေအားလုံးကို လုပ်ပေးနေစရာမလိုအပ်ပါဘူးဆိုတဲ့အချက်ပင်ဖြစ်ပါတယ်။ အဲဒီ လိုအားလုံးကို လုပ်ပေးနေရင် မိဘတွေအတွက် စိတ်မသက်မသာမှုတွေအများကြီး ဖြစ် လာနိုင်ပါတယ်။ မိဘတွေဆိုတာ ဘဝမှာ လုပ်စရာတွေကိုအကောင်းဆုံးဖြစ် အောင် ကြိုးစားလုပ်ဆောင်ကြပါတယ်။ အလားတူပင် ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေး တဲ့ အခါမှာလည်းအကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးကြပါတယ်။ မျက်မှောက်ခေတ်မှာ ဆိုရင် မိဘတွေခေါင်းမှာဆောင်းထားရတဲ့တာဝန်ဆိုတဲ့ဦးထုပ်တွေကအမျိုးမျိုးများပြား လှပါတယ်။ ဥပမာ ဝင်ငွေရတဲ့အလုပ်လုပ်ရခြင်း၊ ပျားပန်းခပ်အိမ်မှုအလုပ်များလုပ် နေရခြင်း၊ သားသမီးများကို အိမ်မှာနေရင်း ပညာသင်ပေးနေရခြင်း၊ နှင့် အခြား သော လူမှုရေးတာဝန်များစွာလုပ်ဆောင်ပေးနေရပါတယ်။ ဒါကြောင့် အသက်ကိုတောင် ဝ အောင်မရှုနိုင် သလောက် ဖြစ်နေကြပါတယ်။ ဒါကြောင့် ဖော်ပြပါအလုပ်တွေအားလုံးကို လုပ်မယ်ဆိုပြီး မိမိကိုယ်မိမိဖိစီးမှုတွေနေ့စဥ်မဖန်တီးကြပါနဲ့။ တစ်နေ့ကို ဘာကိုတော့ ဦးစားပေးလုပ် မယ်ဆိုတဲ့ရွေးချယ်သတ်မှတ်ပြီး လုပ်သင့်ပါတယ်။ မိသားစုအဖော်များ၊ သားသမီးများ ထံမှ အကူအညီရယူပါ။ ကိုယ်မပါရင်မပြီး ဆိုတဲ့စိတ်နေစိတ်ထားမျိုး မထားပါနဲ့။ ပြီးတော့ မိဘတွေက အားလုံးပြီးပြည့်စုံနေတဲ့အိမ်၊ အပြစ်ပြောစရာလုံးဝ ကင်းတဲ့အိမ်တစ်ခုဖြစ်လို ကြပါတယ်။ အဲဒီလိုမျှော်မှန်းထား ပြီး ငါမပါရင်မဖြစ်ဘူးဆိုတဲ့ စိတ်မျိုးမမွေးကြပါနဲ့။ အဲဒီစိတ်မျိုးမွေးပြီးမိမိကိုယ်မိမိထောင်ခြောက်ဆင်မဖမ်းကြပါနဲ့။ မိသားစုအရေးကိုဦးစားပေးပြီး အခြားအရေးမကြိးတဲ့လူမှုရေးအလုပ်တွေကို ဟင့်အင်း လို့ ပြောသင့်တာကိုပြောကြပါ။

မိသားစုအလုပ်ဆိုတာအလွန်ခက်ခဲများပြားတဲ့အလုပ်ဖြစ်ပါတယ်။ အချိန်တွေကလည်း အကြာကြီးလုပ်ရပါတယ်။ အဲဒီလို လုပ်ပေးနေရပေမဲ့ ကျေးဇူးတင်ပါတယ်လို့ အပြော မခံရတဲ့အလုပ်လည်းဖြစ်နေပါတယ်။ အဲဒီအလုပ်တွေဟာလောကမှာအရေးအကြီးဆုံးအလုပ်တွေလည်းဖြစ်နေပါတယ်။ ကျန်း မာပျော်ရွှင်တဲ့ကလေး၊ မိမိကိုယ်မိမိယုံကြည်တဲ့ကလေးတွေဖြစ်လာအောင် ပြုစုပျိုး ထောင်ပေးရတဲ့လုပ်ငန်းဖြစ်ပါတယ်။

မိတ်ဆွေများ အကောင်းဆုံးမိဘများဖြစ်လာအောင် သားသမီးများရဲ့အမြင်များကိုလည်း လေးလေးစားစားတန်ဖိုးထားပြီး မိမိကိုယ်မိမိပြုပြင်ရာမှာ ထည့်သွင်းစဥ်းစားနိုင်ကြ ပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...