
စိတ်၏ အညစ်အကြေးများကို ခွါခြစ်ကြောင်း တရား ၄၄ ပါး
ဒီနေ့ “စိတ်၏ အညစ်အကြေးများကို ခွါခြစ်ကြောင်း တရား ၄၄ ပါး” အကြောင်းကို Food for Thought 790 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
စိတ်မှာဖြစ်တဲ့အညစ်ကြားများကို
ဖယ်ခွါရန်မိမိစိတ်ကိုမိမိပြန်လည်စစ်ဆေးပြီး အညစ်အကြေးများဖြစ်လာပါက
ကိုယ်တိုင်အသိ၊ ကိုယ်တိုင်သတိဖြင့် ဖယ်ခွါရန် လိုအပ်ပါတယ်။ ဖယ်ခွါရန်
လိုအပ်တဲ့စိတ်အညစ်အကြေးတရား (၄၄)ပါးကုဖော်ပြထားပါတယ်။
၁။ သူတစ်ပါးတို့က ညှဉ်းဆဲ သတ်ဖြတ်သူများ ဖြစ်ကြသော်လည်း ငါတို့က မညှဉ်းဆဲ မသတ်ဖြတ်သူများ ဖြစ်ရမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၂။ သူတစ်ပါးတို့က သူ့အသက်ကို သတ်ကြသော်လည်း ငါတို့က သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၃။ သူတစ်ပါးတို့က သူ့ဥစ္စာကို ခိုးယူကြသော်လည်း ငါတို့က ခိုးယူခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၄။ သူတစ်ပါးတို့က မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြသော်လည်း ငါတို့က ထိုမေထုန်အကျင့်မှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၅။ သူတစ်ပါးတို့က လိမ်ညာပြောဆို နေကြသော်လည်း ငါတို့က လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၆။
သူတစ်ပါးတို့က ကုန်းတိုက်စကား ပြောကြားကြသော်လည်း ငါတို့က ကုန်းတိုက်စကား
ပြောကြားခြင်းမှ ရှောင်ကြဉ်မည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၇။
သူတစ်ပါးတို့က ကြမ်းတမ်းသော စကား ပြောကြားကြသော်လည်း ငါတို့က ထိုကြမ်းတမ်း
စကားပြောခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၈။
သူတစ်ပါးတို့က အကျိုးမဲ့စကား ပြောကြားကြသော်လည်း ငါတို့က
ထိုအကျိုးမဲ့စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြမည်ဟု ခေါင်းပါးအောင်
ကျင့်ရခြင်း၊
၉။ သူတစ်ပါးတို့က
အခြားသူ၏ပစ္စည်း ဥစ္စာကို ရယူရန် မတရားကြံစည်ကြသော်လည်း ငါတို့က ထိုအကြံစည်
မျိုးမှ ရှောင်ကြဉ်ကြ မည်ဟု ခေါင်းပါးအောင် ကျင့်ရခြင်း၊
၁၀။ သူတစ်ပါးတို့က ဖျက်ဆီးလိုစိတ် ရှိကြသော်လည်း ငါတို့က ထိုစိတ်မျိုး မထားကုန်အံ့ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၁။ သူတစ်ပါးတို့က မှားယွင်းသော အယူရှိသူ ဖြစ်ကြသော်လည်း ငါတို့က မှန်သော အယူရှိသူများ ဖြစ်ကုန်အံ့ ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၂။ သူတစ်ပါးတို့က မှားယွင်းသော အကြံရှိသူများ ဖြစ် သော်လည်း ငါတို့က မှန်သောအကြံရှိသူများ ဖြစ်ကုန်အံ့ ဟု ခေါင်းပါးအောင် ပြုရခြင်း၊
၁၃။ သူတစ်ပါးတို့က မှားယွင်းသော စကားရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော စကားရှိသူများ ဖြစ်ကုန် အံ့ဟု ပြုကျင့်ခြင်း၊
၁၄။ သူတစ်ပါးတို့က မှားယွင်းသော အလုပ် ရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော အလုပ်အကိုင်ရှိသူများ ဖြစ်ကုန်အံ့ဟု ပြုကျင့်ခြင်း၊
၁၅။
သူတစ်ပါးတို့က မှားယွင်းသော အသက်မွေးမှု စီးပွားရှာမှု ရှိသူများ
ဖြစ်သော်လည်း ငါတို့က မှန်သော အသက်မွေး စီးပွားရှာသူများ ဖြစ်ကုန်အံ့ဟု
ကျင့်ခြင်း၊
၁၆။ သူတစ်ပါး တို့က မှားယွင်းသော လုံ့လကို ပြုကြသော်လည်း ငါတို့က မှန်သောလုံ့လကို ပြုကုန်အံ့ဟု ကျင့်ခြင်း၊
၁၇။ သူတစ်ပါးတို့က မှားယွင်းသော သတိရှိသူများ ဖြစ်ကြသော်လည်း ငါတို့က မှန်သော သတိရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၁၈။ သူတစ်ပါးတို့က မှားယွင်းသော တည်ကြည်မှုရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော တည်ကြည်မှု ရှိသူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၁၉။ သူတစ်ပါးတို့က မှားယွင်းသော ဉာဏ်ရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော ဉာဏ်ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၀။ သူတစ်ပါးတို့က မှားယွင်းသော လွတ်မြောက်မှုရှိသူများ ဖြစ်သော်လည်း ငါတို့က မှန်သော လွတ်မြောက်မှုရှိသူများ ဖြစ်အံ့ဟု ကျင့်ခြင်း၊
၂၁။ သူတစ်ပါးတို့က ထိုင်းမှိုင်း လေးလံသူများ ဖြစ်သော်လည်း ငါတို့က လေးလံထိုင်းမှိုင်းမှု ကင်းသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၂။ သူတစ်ပါးတို့က စိတ်ပျံ့လွင့် သူများ ဖြစ်သော်လည်း ငါတို့က စိတ်မပျံ့လွင့်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၃။ သူတစ်ပါး တို့က ယုံမှားတတ်သူများ ဖြစ်သော်လည်း ငါတို့က ယုံမှားမှုမှ လွတ်မြောက်သူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၂၄။ သူတစ်ပါးတို့က အမျက်ထွက်သူများ ဖြစ်သော်လည်း ငါတို့က အမျက်မထွက်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၅။ သူတစ်ပါးတို့က ရန်ငြိုးဖွဲ့သူများ ဖြစ်သော်လည်း ငါတို့က ရန်ငြိုးမဖွဲ့ကုန်အံ့ဟု ကျင့်ခြင်း၊
၂၆။ သူတစ်ပါးတို့က ကျေးဇူးကန်း သူများ ဖြစ်သော်လည်း ငါတို့က ကျေးဇူးမကန်းကုန်အံ့ဟု ကျင့်ခြင်း၊
၂၇။ သူတစ်ပါးတို့က ဂုဏ်တုဂုဏ်ပြိုင် ပြုကြသော်လည်း ငါတို့က ထိုကဲ့သို့ မပြုကုန်အံ့ဟု ကျင့်ခြင်း၊
၂၈။ သူတစ်ပါး တို့က ငြူစူတတ်သူများ ဖြစ်သော်လည်း ငါတို့က မငြူစူသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၂၉။ သူတစ်ပါးတို့က နှမြောဝန်တိုတတ်သူများ ဖြစ်သော်လည်း ငါတို့က မနှမြော ဝန်မတိုသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၀။ သူတစ်ပါးတို့က ကောက်ကျစ်စဉ်းလဲသူများ ဖြစ်သော်လည်း ငါတို့က မကောက်ကျစ် မစဉ်းလဲကုန်အံ့ဟု ကျင့်ခြင်း၊
၃၀။ သူတစ်ပါးတို့က လှည့်ပတ်တတ်သူများ ဖြစ်သော်လည်း ငါတို့က မလှည့်ပတ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၂။ သူတစ်ပါးတို့က ခက်ထန်သူများ ဖြစ်ကုန်သော်လည်း ငါတို့က မခက်ထန်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၃။ သူတစ်ပါးတို့က အလွန်မောက်မာသူများ မာနကြီးမှုများ ဖြစ်သော်လည်း ငါတို့က မမောက်မာကုန်အံ့ မာနမကြီးကုန်အံ့ဟု ကျင့်ခြင်း၊
၃၄။ သူတစ်ပါးတို့က အပြောအဆိုခက်သူများ ဖြစ်သော်လည်း ငါတို့က အပြောအဆိုလွယ်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၅။ သူတစ်ပါးတို့က ယုတ်မာသော မိတ်ဆွေရှိသူများ ဖြစ်သော်လည်း ငါတို့က အဆွေခင်ပွန်းကောင်း ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၆။ သူတစ်ပါးတို့က သတိမေ့လျော့သူများ ဖြစ်သော်လည်း ငါတို့က သတိ မမေ့သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၇။ သူတစ်ပါးတို့က သဒ္ဓါတရားမရှိသူများဖြစ်သော်လည်း ငါတို့က သဒ္ဓါတရားရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၈။ သူတစ်ပါးတို့က အရှက်မရှိသူများ ဖြစ်သော်လည်း ငါတို့က အရှက်ရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၃၉။ သူတစ်ပါးတို့က မကြောက်လန့်သူများ ဖြစ်သော်လည်း ငါတို့က ကြောက်လန့်တတ်သူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၀။ သူတစ်ပါး တို့က အကြားအမြင်မရှိသူများဖြစ်သော်လည်း ငါတို့က အကြားအမြင်များသူများ ဖြစ်ကုန် အံ့ဟု ကျင့်ခြင်း၊
၄၁။ သူတစ်ပါးတို့က ပျင်းရိသူများဖြစ်သော်လည်း ငါတို့က လုံ့လစိုက်၍ ကြိုးစားသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၂။ သူတစ်ပါးတို့က သတိလွတ်သူများ ဖြစ်သော်လည်း ငါတို့က သတိရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၃။ သူတစ်ပါးတို့က ပညာမဲ့သူများဖြစ်သော်လည်း ငါတို့က ပညာရှိသူများ ဖြစ်ကုန်အံ့ဟု ကျင့်ခြင်း၊
၄၄။
သူတစ်ပါး တို့က မိမိအယူကို အလွန်စွဲလမ်း၍ မြဲစွာ ယူကုန်လျက်
ပြန်လည်မစွန့်လွှတ်နိုင်သူများ ဖြစ်သော်လည်း ငါတို့က မိမိအယူကို
အလွန်မစွဲလမ်းမူ၍ မြဲမြံစွာ မယူကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူများ
ဖြစ်ကုန်အံ့ဟု ခေါင်းပါးအောင် ပြုကျင့်ခြင်း။
မိတ်ဆွေများစိတ်အညစ်အကြေးများကို ဖယ်ခွါနိုင်ကြပါစေ။စိတ်အညစ်အကြေးများကင်းလျက်ဖြူစင်သော စိတ်ကိုမွေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment