Monday, February 24, 2025

ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထားစို့ Food for Thought 794

 No photo description available.


ဒီနေ့” ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထားစို့” ဆိုတာကို Food for Thought 794 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထားစို့

လူတစ်ယောက်ရဲ့ ဘဝမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု အလုံးစုံရရှိဖို့အရေးကြီးဆုံးအရာတွေထဲမှာကိုယ့်ကိုယ် ကို တန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်မှ တ ခြား သူတွေကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။တန်ဖိုးထားဆက်ဆံကြမှာပါ။
မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီး အထီးကျန်တာ၊ တက်ကြွရွှင်လန်း ခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာ ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

မိမိကိုယ်ကို တန်ဖိုးထား နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာရန်လိုအပ်ပါတယ်၊၊

၁။ မိမိကိုယ်ကို အကောင်းမြင်ပါ။

အရာရာကို အကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထား တတ်လာစေဖို့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကို ပါ မကောင်းမြင်လာတတ်တာ သဘာဝပါပဲ။ အကောင်းဆုံးကတော့ မှန်ထဲကို ကြည့်ပြီး စကားပြောကြည့်ပါ။ မ ကောင်းတဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို တတ်နိုင်သလောက် ရှောင်ပါ။ မကောင်းတဲ့အတွေးစိတ်ကူး တွေ ပေါ်လာရင် ဖျောက်ပြစ်ပါ။

၂။ ကိုယ့်ဘဝကို ကိုယ့်လက်ဖြင့် တည်ဆောက်ပါ။

တခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာနဲ့ အတူတူပါပဲ။ လောက မှာ အရာအားလုံး ပြီးပြည့်စုံသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကောင်းတဲ့အရာတွေလည်း ရှိသလို မကောင်းတဲ့ ပြစ်ချက်တွေနဲ့ လူသားတိုင်း နေ့စဉ် ရှင်သန်နေရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။ ကိုယ့်ဘဝ ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်နေမယ့်အစား ကိုယ့်ရဲ့ အားနည်းချက် တွေ ကို ပြုပြင်ဖို့ ကြိုးစားကြည့်ပါ။

၃။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်‌ရောက်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစား လှပပြေပြစ်စေပါတယ်။

၄။ အမှားတွေကို လက်ခံပါ။ အမှားတွေမှ သင်ယူပါ။

လူတိုင်း အမှားလုပ်တတ်တာ သဘာဝပါပဲ။ ကိုယ်တိုင် လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ဝမ်းနည်းပူဆွေး နောင် တရနေမယ့်အစား နောင်မမှားအောင် သင်ခန်းစာယူပါ။ လူတိုင်း အမှားနဲ့ မကင်းနိုင်ဘူးဆိုတာကို လက်ခံထားတဲ့ သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီအမှားနဲ့ ပတ်သက်ပြီး ဝမ်းနည်းရှက်ရွံ့နေတော့မှာ မဟုတ်ပဲ ဘဝကြီးကို အ ရင်ကထက်ပိုပြီး အကောင်းမြင်လာနိုင်ပါတယ်။ အမှားဆိုတာ လူတိုင်းလုပ်မိတတ်ပြီး အမှားလုပ်မိမှုကို နောင်ထို အမှားမျိုးမဖြစ်အောင် သတိပေးတဲ့အခွင့်အလမ်းလိုသဘောထားပါ။

၅။ မကောင်းတဲ့ အရာတွေကို ပြောင်းလဲပစ်ပါ။

ကိုယ့်မှာ မကောင်းတဲ့ အမူအကျင့်တွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်စေဖို့ နှောင့်ယှက်နေတဲ့ အရာတွေ ရှိရင် ပြုပြင်ပြောင်းလဲပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံနားလည်ပြီး ဒီထက်ပိုကောင်း အောင် ကြိုးစားကြည့်ပါ။ အရာရာကို အကောင်းမြင်ဖို့ အရေးကြီးသလို ကိုယ့်ပတ်ဝန်းကျင်က မကောင်းတဲ့ အရာတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ မိမိမှာရှိနေတဲ့မကောင်း တဲ့ အလေ့အကျင့်တွေကို ပြုပြင်ဖို့ ကိုယ်တိုင်အားထုတ်ရန် လိုအပ်ပါတယ်။ ဥပမာ အချိန်အီးလေးစွဲနေတတ်တဲ့ အကျင့်၊ ကြိတင်မပြင်ဆင်လဲ နောက်ဆုံးအချိန်ကပ်မှ အမြန်လုပ်တတ်တဲအကျင့်၊ စတာတွေမိမိမှာရှိနေရင် ပြုပြင်ရန် လိုအပ်ပါတယ်။

၆။ ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ပါ။

ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်စေဖို့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ကို ပျော်ရွှင်မှု ဖြစ်စေတဲ့ အရာ တွေကို အချိန်ပေးပြီး လုပ်ပေးဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ အရာရာကို ပိုပြီး အကောင်းမြင်တတ် လာစေတယ်။ စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့အတွက် ဘဝက အေး ချမ်းပျော်ရွှင်နေမှာပါ။

၇။ တစ်ပါးသူတွေကို ကူညီပေးပါ။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကူအညီလိုအပ်နေသူတွေ၊ အားနည်းနေသူတွေကို ကိုယ်တတ်စွမ်းသလောက် ဖေးမ ကူညီပေးပါ။ ဒီလိုကူညီပေးခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝကိုလည်း ပျော်ရွှင်မှုဖြစ်စေသလို ကိုယ့်ကိုယ်ကိုလည်း အကောင်းမြင်တဲ့ စိတ်တွေ တိုးလာနိုင်ပါတယ်။ အခြားလူတွေဘဝကို ကောင်းလာအောင်ကူညီပေးမှုက ပတ်ဝန်း ကျင်အတွက် ကောင်းတာဖြစ်လာစေသလို ကောင်းတဲ့လုပ်ရပ်ကို စေတနာထားလုပ်ဆောင်ခြင်းက ပဲ့တင်သံလို မိမိထံလည်း ကောင်းတဲ့အကျိုးဆက်မျာပြန်ရောက်လာမှာဖြစ်ပါတယ်။

၈။ အကောင်းမြင်တတ်တဲ့သူတွေရဲ့ အနားမှာ နေပါ။

ကိုယ့်ဘဝ၊ ကိုယ့်စိတ်ကို ကျန်းမာအောင် နေထိုင်ရာမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေကိုယ်တိုင်လည်း အ ကောင်းမြင်ဝါဒီရှိဖို့ အရေးကြီးပါတယ်။ ဒီလူတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အတွေးတွေ၊ အမြင်တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

မိတ်ဆွေများ ပျော်ရွှင်အေးချမ်းတဲ့ဘဝများကို ထူထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...