ဒီနေ့ကလေးများကို
ပညာသင်ပေးရာမှာ ကစားခြင်းနည်းဖြင့် သင်ပေးခြင်းကအရေးကြီးကြောင်း
“ကလေးနှင့်ကစားခြင်း” ကို Food for Thought 805 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကလေးနှင့်ကစားခြင်း
ကလေးများကို
ကြိမ်လုံးနှင့်ရိုက်မှဉာဏ်ထွက်မည်ဟု ရှေးအခါကလူအများ ယုံကြည်ခဲ့ကြ၏။
ယခုခေတ် ပညာရှိတို့ကမူ ထိုစံနစ်ဆိုးကို သဘောမကျဘဲ ဉာဏ်ပညာ
ပိုမိုဖွံ့ဖြိုးတွင်ကျယ်စေ ရန် ကလေးများ စိတ်တိုင်းကျ
ကစားခြင်းကိုအားပေးကြသည်၊ ကလေးများ ပညာသင်ကြားရေး တွင်ကစားခြင်းသည်
စာသင်ကြားပေးခြင်းနှင့် ထပ်တူထပ်မျှ အရေးကြီးလေသည်၊ ကစား ခြင်း အားဖြင့်
ကလေးတို့၏ ကာယဗလသာမက ဉာဏဗလပါ ဖွံ့ဖြိုးတိုး တက်နိုင်လေသည်၊ ကလေး တိုင်း
ကစားခြင်းဖြင့်သာ အချိန်ကုန်လွန်လိုကြ၏။ ကစားရမည်ဆိုလျှင် မည်သည့်က လေးမှ
ငြင်းပယ်လိမ့်မည်မဟုတ်ချေ။
လူတို၏နဂိုစိတ်သည်ပင်
ကလေးအရွယ်၌ကစားရန်သာ စိတ်အားထက်သန်၏။ ကလေးများ ၏
ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ရှိသော အင်အားများသည် လိုသည် ထက်ပိုနေသဖြင့်
ထိုအားပို များကိုအသုံးချရန် ကစားပေးရသည်ဟုဆိုလေသည်၊ မကစားသောကလေးသည်
ကျန်းမာရေး ၌လည်းကောင်း၊ ဉာဏ်ပညာဖွံ၏ဖြိုးရေး၌လည်းကောင်းချို့တဲ့တတ်သည်၊
ကစားရမည့် အရွယ်တွင် ကစားပေးမှသာအရာရာ တိုးတက်နိုင်ပေမည်၊ လူတို့သည်
အမိမွေးကတည်းက ပုခက်တွင်းဝယ် ခြေလက် လှုပ်ရှားကစားလာခဲ့ကြ၏။ တဖြည်းဖြည်း
ပြေးကာလွှားကာနှင့် ကစားတတ်လာပြီးနောက် ကြီးပြင်းလာသောအခါ ကစားကွင်းများ၌
စနစ်တကျကစားကြ လေတော့သည်။ ထိုသို့ ကစားသွားယင်းနှင့် မိမိ၌မည်ကဲ့သို၏
အကျိုးရှိလာသည်ကို သိနားလည်သောအခါလူကြီးများပင် ကိုယ်လက် လှုပ်ရှား
ကစားခြင်းကို အလေ့အကျင့် ပြုလုပ်ကြလေသည်။
ကလေးသူငယ်များကို အကျိုးဖြစ်ထွန်းစေမည့် ကိုယ်လက်လှုပ်ရှားကစားခြင်း၌ဝါသနာ
ပါ အောင် သွန်သင်ပေးရန်အထူးလိုအပ်ပေသည်၊စိတ်ပညာပါရဂူများသည်
ကလေးတို့၌စိတ်ကိုမစုံ စမ်းမီ တိရစ္ဆာန်ကလေးများ၏ စိတ်ကိုအလျင်
လေ့လာကြည့်ကြ၏၊
ထိုသို့လေ့လာကြည့်ရာတွင်ကလေးများပြုမူပုံနှင့်
တိရစ္တာန်များ ပြုမူပုံသည် မခြားနားလှ ကြောင်းကိုတွေ့ရ၏၊
တိရစ္ဆာန်ငယ်ကလေးများသည်လည်း ကလေးများနည်းတူ ကစားရန်သာ စိတ်သန်ကြ၏။သဘာဝကပင်
ကလေးများအဖို့ ကစားရမည့်အခြေအနေမျိုးကို ဖန်တီးထားရာ ကလေးတိုင်း
ကစားသင့်ပေသည်။
ထို့ပြင်
သူတို့သည်ထိုသို့ကစားရခြင်းမှာ နောင်လူကြီးဖြစ်လာသောအခါ လူမှုကိစ္စလုပ်ငန်း
အ၀၀တို့၌ ကျွမ်းကျင်လိမ္မာလာစေရန် ဖြစ်သည်ဟုဆိုနိုင်ပေသည်၊
တိရစ္ဆာန်ကလေးများကို ကြည့်မည်ဆိုလျှင် ကြောင်ကလေးသည် သိုးမွေးလုံးကို
တို့ကာမြှောက်ကာ ကစားနေခြင်းသည် နောင်သူကြီးပြင်းလာသောအခါ သူ၏အစာဖြစ်သော
ကြွက်ကို မည်ကဲ့သို၏ဖမ်းယူကာ ကျီ စယ်ကစားရမည်ကို ယခုကပင် သင်နေသကဲ့သို့
ဖြစ်၏။ ခွေးငယ်ကလေးများတစ်ကောင် ပေါ်တစ် ကောင်ထပ်၍
သတ်ပုတ်တမ်းလိုက်တမ်းပြေးတမ်း ကစားခြင်းသည် နောင်ကြီးပြင်း လာ၍
ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံရှောင်တိမ်းတတ်
အောင်လေ့ကျင့်နေသည်နှင့် တူတော့သည်။
လူ့သဘာဝတွင်လည်း
တိရစ္ဆာန်ကလေးများကဲ့သို့ပင် ဖြစ်ရာ မိန်းကလေးများသည် အိုးပုတ်
ကလေးများဖြင့် ထမင်းဟင်းချက်တမ်း။ အရုပ်ကလေးများဖြင့် ကလေးထိန်းတမ်းစသော
မိန်းမမှုနှင့်ဆိုင်သည့် ကစားနည်းများကို ကစားလေ့ရှိ၏။
ယောက်ျားကလေးများကလည်း သစ်ပင်တက်တမ်း၊ ကစားစရာသေနတ်၊ တုတ်၊ ဓါးများကိုင်၍
စစ်တိုက်တမ်း၊ နပန်းလုံးတမ်း စသည်ဖြင့် ကစားတတ်ကြ၏။
ထိုသို့ကစားခြင်းမှာ
တစ်နည်းအားဖြင့် နောင်ရေးအတွက် လေ့ကျင့်ခြင်းဖြစ်သည်ဟု ဆိုရပေ မည်၊
ငယ်ရွယ်စဉ်တွင် လူကြီးများပြုမူလုပ်ကိုင်သည်တို့ကို အတုယူကာ
အမျိုးမျိုးအဖုံဖုံ ကစားခြင်းဖြင့် သူတို့၏ဉာဏ်ပွင့်လင်းခြင်း၊
မြော်မြင်တတ်ခြင်း၊ စိတ်ဓါတ်ပိုမိုခိုင်မာလာခြင်း စသော အကျိုးထူးများ
ရနိုင်လေသည်။
ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှသာ
စိတ်ဓာတ်သည်ကြည်လင်ရွှင်လန်း နိုင်၏။ ကိုယ်နှင့်စိတ်သည်
ဒွန်တွဲနေသောကြောင့် ကိုယ်ကလှုပ်ရှားမှ တကိုယ်လုံးရှိ သွေးသားများကောင်းစွာ
လှည့်ပတ် သွားလာနိုင်ပြီးလျှင် ဦးနှောက်သည် ကောင်းစွာအလုပ်လုပ်နိုင်ပေမည်၊
ထိုကြောင့်ကစား ခြင်းသည် ဦးနှောက်အလုပ် ကောင်းကောင်းလုပ်နိုင်ရန်အတွက်
အထူးလိုအပ်သဖြင့် ပညာသင် ကြားရေး၌ ကစားခြင်းကိုပါ ထည့်သွင်းထားကြလေသည်။
တစ်နည်းဆိုရသော်
ကစားခြင်းကိုမှီး၍ပညာသင်ကြား ပေးသည်။ ကစားခြင်းကိုမှီး၍ပညာ သင်ကြား ပေးသည်
ဟုဆိုရာတွင် အလုပ်သဘောမပါဘဲ အကစားသက်သက်နှင့် အချိန်ဖြုန်း ခြင်းဖြစ်သည်ဟု
မထင်မှတ်သင့်ပေ၊ လုပ်ရမည့်အလုပ်ကို ငြီးငြီးငွေ့ငွေ့ ညည်းညည်းညူညူနှင့်
စိတ်မပါ့တပါမဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နှင့်ခပ်တွင်တွင်ပြီးအောင်
ပြုလုပ်ပေးခြင်းသာ ဖြစ်လေသည်။
ဤသို့ဖြင့်ကလေးစိတ်တိုင်းကျ ကစားခြင်းနှင့်ယှဉ်မှီးသော
ပညာသင်နည်းကိုစထွင်ခဲ့ကြ၏။ ပညာရေး၌ ကစားခြင်းသည်အလွန်အသုံးကျ
အရေးကြီးကြောင်းကိုခေတ်မီပညာရှင်များ ကပင်ဝန်ခံကြလေ သည်။
ကလေးလူကြီးအားလုံး အကစားနှင့်အလုပ် တသဘောတည်းကျ သော အခါ အားသန်သန်
စိတ်ပါလက်ပါပြုလုပ်ဆောင်ရွက်တတ်ကြသည်။ လူကြီးပင်ဖြစ်စေ သူ
ဝါသနာပါသည့်အလုပ်တစ်ခုကို လုပ်နေရလျှင်ပင်ပန်းသည်ဟုသဘောမထား။ အပျင်းပြေ
ကစားနေရသည်ဟုပင်ထင်မှတ်တတ်၏။ နှစ်ခြိုက်ရာအလုပ်ကို
လုပ်နေရလျှင်ပျော်ပိုက်လာ၍ စိတ်ကူးစိတ်သန်းများလည်း ဆတက်ထမ်းပိုး
တိုးတက်လာမည် ဖြစ်ပေသည်၊ စိတ်ပါဝင်စား သောကြောင့် အလုပ်တွင်
အာရုံစူးစိုက်နိုင်ပြီးလျှင် ကြံရည်ဖန်ရည်များ ထုတ်ကာကြီးပွား
တိုးတက်ရာလမ်းစကို စထွင်နိုင်လေသည်။
ထိုကြောင့် ကလေးများကို သူတို၏စိတ်အပါဆုံးဖြစ်သည့် ကစားခြင်းဖြင့်သာ ပညာသင်ပေး လျှင် အလွန်ပင်သင့် လျော်လေသည်။
မိတ်ဆွေများ ကလေးများကောင်းစွာသင်ယူးနိုင်ရန်ကစားတဲ့နည်းကို အသုံးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment