Tuesday, February 4, 2025

မိဘကျေးဇူး အကျေဆပ်နည်း Food for Thought 812 ဒေါက်တာသိန်းလွင်

 May be an image of 1 person and text 

ဒီနေ့” မိဘကျေးဇူး အကျေဆပ်နည်း” ကိုမြတ်စွာဘုရားဟောကြားခဲ့တာကို ဓမ္မမိတ်ဆွေများအတွက် Food for Thought 812 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 

 
မိဘကျေးဇူး အကျေဆပ်နည်း

အမေ့နို့ဖိုးရော၊ အဖေ့လက်ရုံးဖိုးပါ ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးအထူးသိ၊ အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။

မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က “ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေ အောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ် နိုင်မှာ မဟုတ်ဘူး”လို့လုံး၀မိန့်တော်မမူခဲ့ပါဘူး။

“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေ ဆပ်နိုင်ပါတယ်” လို့မိန့်တော်မူခဲ့ပါတယ်။မြတ်စွာဘုရားက မိဘကျေးဇူးကို အကျေမဆပ်နိုင် ဘူး လို့ မဟော ခဲ့ပါဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့ ဟောတော်မူခဲ့တာပါ။ သာမာန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ အထူးဆပ်မှကျေးဇူးကျေတယ်လို့ဆိုလိုပါတယ်။

ကျေဇူးအကျေဆပ်ဖို့မလွယ်ကူခြင်းအကြောင်းမြတ်စွာဘုရားကအောက်ပါအတိုင်းမိန့်မှာခဲ့ပါတယ်။

“ချစ်သား ချစ်သမီးတို့ . ပုဂ္ဂိုလ်နှစ်ယောက် မွေးမိခင်နဲ့ မွေးဖခင် ရဲ့ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေ နိုင်ဘူး။ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့ငါဘုရားပြောချင်ပါတယ်။နှစ်တစ်ရာတမ်း မှာ အနှစ်တစ်ရာအသက် ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာတင်ပြီး ရာသက်ပန်ပြုစု လုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်း ကြိုင်အောင် နံ့သာမျိုးစုံနဲ့လည်း ပွတ် တိုက်လိမ်းကျံပေးတယ်။

အညောင်းအညာပြေအောင် လက်တွေ ခြေတွေကိုလည်း ဆုပ်နယ်ပေး နှိပ်ပေးယ်။ အေးတဲ့အခါ ရေနွေး၊ ပူတဲ့အခါ ရေအေးနဲ့လည်း ရေချိုးသန့်စင်ပေးတယ်။ ကိုယ်လက်ပေါ့ပါးချမ်းသာအောင် လက်တွေ ခြေတွေ ကိုလည်း ဆွဲဆန့်ပေးတယ်။ ပခုံးထက်မှာပဲ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။အဲဒီလောက် ပြုစုလုပ်ကျွေးပေ မယ့်မိဘကျေးဇူးကိုတုံ့ပြန်ပြီးသားအကျေဆပ်ပြီးသားမဖြစ်သေးပါဘူး။ “

“ချစ်သား ချစ်သမီးတို့ .. စကားကုန်ပြောရမယ်ဆိုရင် မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့ တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ်အကြီးအကဲလုပ်နိုင်တဲ့ စကြာဝတေးမင်းရာထားမှာထားပြီး ကျေးဇူး ဆပ် ဦးတော့၊မိဘကျေးဇူးကိုကျေအောင်ဆပ်ရာမရောက်သေးပါဘူး။ “

“ချစ်သား ချစ်သမီးတို့ . ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ ကျေးဇူးမကျေနိုင်ရတာလဲဆိုရင် မိဘတွေ ဟာ သားသမီးအပေါ် သိပ်ကို ကျေးဇူးများကြလို့။ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက် အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေးမွေးမြူကြလို့။ ဒီလောကကြီး ရဲ့အာရုံကောင်းဆိုး အမျိုးမျိုးကိုသိမြင်အောင်သေချာပြသကြလို့ပါပဲ။”

“ချစ်သားချစ်သမီးတို့.မိဘကျေးဇူးအကျေဆပ်နိုင်တဲ့နည်းလမ်းတွေကိုငါဘုရားညွှန်ပြပါမယ်။

၁။သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင် (ရတနာသုံးပါးသာ ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊ ကံတွေရဲ့အကျိုးပေးမှုသတ္တိ)၊

၂။ သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင် (သီလမရှိရင် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စ)၊

၃။ မပေးရက် မလှူရက်နှမြော၀န်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (မေတ္တာစေတနာနဲ့ပေးသမျှ ကိုယ်ရဖို့သာချည်းဖြစ်ကြောင်း)နှင့်

၄။ ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် (အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင်၊ ပစ္စုပ္ပုန်စိတ်အေးချမ်းဖို့နဲ့သံသရာဘ၀လွတ်မြောက်ဖို့အတွက်ပါ ဝိပဿနာမလုပ်မဖြစ် အရေးကြီးကြောင်း) ကောင်းစွာနာယူဆောက်တည်စေမယ်။ လေးလေးနက်နက် သက်၀င်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေ မယ်ဆိုရင်မိဘကျေးဇူးကိုတုံ့ပြန်ပြီးသား၊အကျေဆပ်ပြီးသားဖြစ်သွားပါတယ်။

မိဘကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ဆပ်ခြင်ဟူ၍ နှစ်မျိုးရှိပါတယ်။

လောကနည်းနဲ့ ဆပ်နည်း – မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထား စတဲ့လူမှုအသုံးအဆောင်ပစ္စည်းတွေပြည့်စုံအောင်စီမံဖန်တီးပေးထာကိုခေါ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်း –

မိဘရဲ့စား၀တ်နေရေး၊ ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းနိုင်သမျှ ရုပ်၀တ္ထုပစ္စည်းတွေနဲ့ ကျေးဇူး ဆပ်တာကိုခေါ်ပါတယ်။လောကနည်းနဲ့ ကျေးဇူးဆပ်တာကို မကျေနိုင်ဘူးလို့ ပြောတာပါ။ သို့ပေမယ့် လောက နည်းနဲ့လည်းဆပ်တော့ဆပ်နေရမှာပါပဲ။

ဥပမာ – သီတင်းကျွတ်ကျမှ မိဘကို ကန်တော့တာမျိုး၊ နှစ်သစ်ကူးကျမှမိဘကို လက်ဆောင်ပစ္စည်း ပေးထာမျိုးလောက်နဲ့ ကျေနပ်မနေဘဲ နေ့စဉ် လစဉ်ဆိုသလို မိဘကို အရိပ်တကြည့်ကြည့်နဲ့ ပြုစု စောင့်ရှောက်သင့်ပါတယ်။

မိဘကကိုယ့်ကိုထမင်းဘယ်နှနပ်ကျွေးခဲ့ဖူးသလဲ။ကိုယ်ကရော မိဘကို ထမင်းဘယ်နှနပ်ပြန်ကျွေးခဲ့ပြီးပြီလဲ။

မိဘကကိုယ့်ကိုအင်္ကျီလုံချည်ဘယ်နှထည်ဆင်ခဲ့ဖူးသလဲ။ကိုယ်ကရော မိဘကို အင်္ကျီလုံချည်ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ။“ပြန်တွေးကြည့်ရင် ရှက်စရာဆိုတဲ့စကားမျိုး” ဘယ်တော့မှ ပြောစရာ မလိုအောင် အစွမ်းကုန်ဖြည့်ဆည့်ပေးလိုက်ပါ။

မိဘသေခါမှ“ကျေးဇူးမလိုက်ရလေခြင်း”လို့အရှက်မရှိအော်ငိုမနေပါနဲ့။

ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ မိဘရဲ့ဝေယျာ၀စ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက်ပေးတာလည်း ကျေးဇူးဆပ်နေတာပါပဲ။ “မိဘရဲ့အင်္ကျီလုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစု တာတို့”ပြုလုပ်ပေးသင့်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း –မိဘရဲ့စိတ်ဓါတ်မြင့်မားရေးအတွက်စိတ် အာဟာရတွေနဲ့ကျေးဇူးဆပ်နေတာကိုခေါ်ပါတယ်။

ဓမ္မနည်းနဲ့ကျေးဇူးဆပ်နည်း –

စိတ်မထားတတ်တဲ့မိဘကို စိတ်ထားတတ်အောင်၊ ကုသိုလ်နည်းပါးတဲ့ မိဘကုသိုလ်တိုးပွားအောင် ကူညီ ပံ့ပိုးပေးတာကို ခေါ်ပါတယ်။ ကိုယ့်ရဲ့ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့စိတ်ဓါတ်မြင့်မားမှုနဲ့ ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှုအဆင့်အထိ တက်လှမ်းနိုင်သွားပြီဆိုရင် အဲဒီလို တက် လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူး အကျေဆပ်ပြီးသားဖြစ်သွားတော့တာပါပဲ။

ကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့် မိဘမှာ အောက်ဆုံးထစ် တစ်မဂ်တစ်ဖိုလ် ကျွတ်တန်းခိုခွင့်ရတယ်ဆိုရင်ပဲ မိဘကျေးဇူးအကြွင်းမဲ့ကျေသွားပါပြီ။

ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူးအကြွင်းမဲ့ ကျေပါတယ်။

အနှစ်ချုပ်အားဖြင့်
ရတနာသုံးပါးအပေါ် ယုံကြည်လာအောင်၊
သီလဆောက်တည်လာအောင်၊
ပေးကမ်းလှူဒါန်းတတ်လာအောင်၊
စဉ်းစားဥာဏ်ရှိလာအောင်မိမိတို့ရဲ့ မိဘတွေကို ပြုလုပ်ပေးသည် အမှန်တစ်ကယ်ကျေးဇူး ဆပ်ခြင်း ဖြစ်ပါကြောင်းသိစေအပ်ပါသည်။

ဓမ္မမိတ်ဆွေအားလုံးဘေးကင်း.ရန်ကွာ၊စိတ်ချမ်းသာကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်


May be an image of 1 person and text

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...