Tuesday, February 4, 2025

ဒေါသပယ်နည်း (၁၁)နည်း Food for Thought 817 ဒေါက်တာသိန်းလွင်

 May be an image of text
ဒီနေ့ “ဒေါသပယ်နည်း (၁၁)နည်း” ကို Food for Thought 817 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

ဒေါသပယ်နည်း (၁၁)နည်း

အများအားဖြင့် လူသားများဟာ အနည်းနှင့်အများဆိုသလို စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းများရှိတတ်ကြပါ တယ်။ ဒေါသဖြစ်ခြင်းမှာမကောင်းကြောင်းသိပါလျက် ဒေါသထွက်တတ်ကြပါတယ်။ ဒေါသကို ထိန်းသိမ်းရန် ခက်ခဲနေတတ်ကြပါတယ်။ ‌ဒေါသဖယ်ရှားတဲ့နည်းလမ်း (၁၁)မျိုးကို သစ္စာရွှေစည်ဆရာတော် ဟောကြားထား တဲ့တရားတော်မှ ကောက်နှုတ်ချက်ကိုမိတ်ဆွေများအတွက်မျှဝေသွားမှာဖြစ်ပါတယ်။

ဒေါသထွက်ခြင်းမှာမကောင်းကြောင်း အောက်ပါအကျိုးပျက်မှုများဖြစ်စေကြောင်း ဟောပြောထားပါတယ်။

ဒေါသအပြစ်များ

“အရုပ်ဆိုးစေ၊ တွေ့လေဆင်းရဲ၊ ကိုယ်ကျိုးနည်းလို့၊ ပျက်ကွဲစည်းစိမ်၊ ‌ခြွေရံမှိန်လျက်၊ မိတ်ဆက်ပျက်လင့်၊ အပါယ်ဖြစ်၊ (ရ) နှစ် ရန်သူအကြိုက်”

၁။ ဒေါသထွက်သူများရဲ့ မျက်နှာအမူအရာတို့မှာ မကောင်းတဲ့အတွက် အရုပ်ဆိုးအကြည့်တန်စေပါတယ်။

၂။ ဒေါသဖြစ်တဲ့အခါ ဆင်းရဲခြင်းအမျိုးမျိုးကိုတွေ့ရတတ်ပါတယ်။

၃။ ဒေါသဖြစ်တဲ့အခါ မိမိအကျိုးအတွက် နည်းပါးခြင်း၊ ပျက်စီးခြင်းများသာဖြစ်တတ်ပါတယ်။

၄။ ဒေါသဖြစ်တဲ့အခါ မိမိစည်းစီမ်ဥစ္စာများပျက်ကွဲဆုံးရှုံးတတ်ပါတယ်။

၅။ ဒေါသဖြစ်တဲ့အခါ မိမိမှာအခြွေအရံတွေနည်းပါးပြီးမှေးမှိန်လာတတ်ပါတယ်။

၆။ ဒေါသဖြစ်တဲ့အခါ မိတ်ဆွေအပေါင်းအသင်းတွေလည်း ပျက်စီးဆုံးရှုံးတတ်ပါတယ်။

၇။ ဒေါသဖြစ်မှုကြောင့် သေသည့်အခါလည်းအပါယ်ငရဲသိုကျတတ်ပါတယ်။ အခုလိုဖြစ်တာတွေအားလုံးမှာ မိမိရန်သူ့အကြိုက်များသာဖြစ်ကြပါတယ်။

စိတ်မှာဖြစ်တဲ့ဒေါသကိုပယ်နိုင်တဲ့နည်း လမ်း (၁၁)မျိုးကို ဟောရာတွင် ညောင်လေးပင်တောရဆရာတော်ကြီး ကမှတ်သားရန်လွယ်ကူအောင် ရေးသားဖော်ပြခဲ့တဲ့ အောက်ပါ နည်း လမ်း (၁၁)မျိုးကို အလေးထားဟောသွား ခဲ့ပါတယ်။
ဝင်၊ လွှ၊ ကြံ၊ သနား၊ ဟောကြား၊ ကံ၊ ဇာ၊ မတဂ္ဂါ၊ နိသင်၊ ဓာတ်ရှင်၊ ပေတောင်း၊ ရန်ညှိုးပေါင်း၊ ပျောက် ကြောင်း တစ်ဆယ်တစ်

၁။ ဝင် -မိမိကိုဒေါသထွက်အောင် လုပ်ဆောင်သူ့အပေါ်မှာ မေတ္တာသက်ဝင်ပေးပြီးဒေါသကိုပယ်ဖျောက်တဲ့ နည်း ဖြစ်ပါတယ်။ တိုက်ရိုက်မေတ္တာပို့ လို့မရပါက မိမိနှင့်ချစ်ခင်ရင်းနှီးသူများကိုအရင်ဆုံးမေတ္တာပို့ပြီး နောက်ဆုံး မိမိ ကို စိတ်ဆိုးအောင် လုပ်သူကိုမေတ္တာပို့တဲ့နည်းကို ကျင့် သုံးနိုင်လျှင် ဖြစ်နေတဲ့ဒေါသမှာပြေသွားမှာဖြစ်ပါတယ်။

၂။ လွှ -ရန်သူကမိမိရဲ့ကိုယ်လက်အင်္ဂါကြီးငယ်တို့ကိုလွှဖြင့် ပိုင်းဖြတ်သော်လည်း ဒေါသမထွက်ရန် မြတ်စွာဘု ရား က လမ်းပြခဲ့ပါတယ်။ ဒေါသထွက်နေမိရင် ဘုရားအဆုံးအမကိုမလိုက်နာရာရောက်နိုင်ပါတယ်။ ဒါကြောင့် ဘုရားအဆုံးအမနှင့်အညီ‌ဒေါသမထွက်အောင် နေမယ်လို့ စိတ်ကို ပိုင်းဖြတ်ထားရတဲ့နည်းဖြင့် ဒေါသကိုပယ် ရန် လိုအပ်ပါတယ်။

၃။ ကြံ - မိမိကို‌ဒေါသထွက်အောင်လုပ်သူမှာရှိတဲ့ကောင်းကွက်ကို စဥ်းစားကြံဆပါ။ လူတိုင်းမှာ ကောင်းတာ ဆိုတာ ရှိပါတယ်။ အဲဒီကောင်းတာကို မြင်အောင်ကြံဆပြီးမိမိမှာဖြစ်နေတဲ့ဒေါသကိုပယ်ရှား ရန်ဖြစ်ပါတယ်။

၄။ သနား - ကောင်းကွက်ကိုရှာတဲ့အခါ ကောင်းကွက်ကိုရှာမရရင်တော့ သူတော့ မကောင်းတဲ့ကံကြောင့် အပယ် ငရဲကျပြီးဒုက္ခရောက်တော့မှာ လို့ စဥ်းစားပြီး သနာစိတ်မွေးပါ။ အဲဒီလို သနားစိတ်ထားလိုက်ခြင်းဖြင့် ဖြစ်နေတဲ့ ဒေါသကိုပယ်ဖျောက်ရန် လိုအပ်ပါတယ်။

၅။ ဟောကြား -မိမိမှာစိတ်ဆိုးဒေါသဖြစ်နေတဲ့အခါ ‌ဒေါသပယ်နိုင်အောင် မိမိကိုယ်မိမိတရားဟောရန်နည်းလမ်း ဖြစ်ပါတယ်။ အောက်ပါနည်းလမ်း (၁၀)မျိုးဖြင့်မိမိကိုယ်မိမိတရားဟောပြီးဒေါသကိုပယ်ရန်နည်းလမ်းဖြစ် ပါ တယ်။

၁။ ကိုယ်စိတ်ကိုဖျက် - ရန်သူကငါ့ကိုယ်ကိုသာဆင်းရဲအောင်လုပ်နိုင်တာ။ ငါ့စိတ်ကိုတော့ ဆင်းရဲအောင်မလုပ် နိုင်ဘူး။ ဒေါသဖြစ်မယ်ဆိုရင် မိမိကိုယ်မိမိဆင်းရဲအောင် လုပ်နေတာဖြစ်တယ်လို့ မိမိကိုမိမိတရားဟောပြီး ‌ဒေါ သမဖြစ် အောင် ပယ်ရန်ဖြစ်ပါတယ်။

၂။ ဒေါသမက်၍ -ဒေါသဆိုတာဆိုးဝါးပါလျက် ဘာကြောင့် အဲဒီဆိုးဝါးလှတဲ့ဒေါသကိုမက်မောနေရတာလဲ။ ငါ မနေ တတ်လို့ ငါ့စိတ်ထိခိုက်နေရတာဖြစ်တယ်လို့မိမိကိုယ်မိမိတရားဟောပြီး ‌ဒေါသမဖြစ်အောင် တားရန် လို အပ်ပါ တယ်။

၃။ မျိုးဖျက်မွေးကာ -ဒေါသဆိုတာ သူတော်ကောင်းမျိုးစေ့ကို ဖျက်နေတာဖြစ်တယ်။ သူတော်ကောင်းတရား နှစ်ပါးဖြစ်တဲ့ မကောင်းတာလုပ်ရန်ရှက်ခြင်း၊ မကောင်းတာလုပ်ရမှာကြောက်ခြင်း ဆိုတဲ့တရားမျိုးစေ့ကို ချေ ဖျက်နေတာဖြစ်တယ်လို့ မိမိကိုယ်မိမိတရားဟောပြီး‌ဒေါသမဖြစ်အောင် တားပါ။

၄။ ကြံယုတ်မာနှင့် - ဒေါသထွက်ခြင်းဆိုတာ ယုတ်မာတဲ့အကြံသာဖြစ်တယ်။ ဒါကြောင့် ယုတ်မာတဲ့ဒေါသထွက် ခြင်း ဆိုတဲ့အကြံကို ပယ်ဖျက်မယ်ဆိုပြီး ဒေါကိုပယ်ဖျက်ပါ။

၅။ သူ့မှာလိုပြည့် -မိမိကိုဒေါသထွက်အောင်ပြုလုပ်သူအကြိုက် မိမိက လိုက်ပြီး‌ဒေါသထွက်နေမယ်ဆိုရင် ရန်သူ့အကြိုက်လိုက်လုပ်ပေးရာရောက်ပြီး ရန်သူမှာ အလိုပြည့်အောင် ကူညီလုပ်ပေးနေရာရောက်တယ်လို့ မိမိကိုယ်မိမိတရားဟောပြီးဒေါသမထွက်အောင်ထိန်းပါ။

၆။မိမိမှာပန်း - မိမိကိုဒေါသထွက်အောင် လုပ်သူကိုမိမိကဒေါသထွက်နေပေမဲ့ အဲဒီလူကတော့ အိပ်ပျော်နေတာ မျိုး၊ ပျော်ရွှင်နေတာမျိုးဖြစ်နေနိုင်တယ်။ ဒေါသထွက်ခြင်းဖြင့်မိမိသာပင်ပန်းမှုဖြစ်စေတယ်။ ဒါကြောင့် ဒေါသမ ထွက်ဘူးလို့မိမိကိုမိမိတရားဟောပြီး ဒေါသမထွက်အောင် ထိန်းရန် လိုအပ်ပါတယ်။

၇။ အမှားလမ်းလိုက် - သူကဒေါသဖြစ်လို့ ငါ့ကိုဒေါသဖြစ်အောင်လုပ်နေတာအမှားလမ်းလိုက်နေမှန်း သိလျက် နဲ့ ငါကဘာကြောင့် အမှားလမ်းလိုက်ရမှာလဲ။ ဒေါသထွက်ခြင်းဆိုတာငရဲလမ်းလျောက်နေတာသာဖြစ်တယ်လို့ မိမိကိုယ် မိမိတရား‌‌ဟောပြီး‌ဒေါသမဖြစ်အောင်ထိန်းပါ။

၈။ ကျွန်၌ကြံရဲ- မုန်းတဲ့လူကမိမိကို ဘာကြောင့် ဒေါသထွက်ရတာလဲလို့စဥ်းစားကြည့်ပါ။ မိမိမှာအပြစ်တစ်ခုခုရှိ နေလို့ ဒေါသထွက်တာကိုနားလည်လာပါလိမ့်မယ်။ ငါကလိုက်ဒေါသထွက်နေမယ်ဆိုရင် ငါဖြစ်စေချင်တဲ့အတိုင်း လိုက်လုပ်ရတဲ့ကျွန်နဲ့ ငါကတူနေပါလားလိ့စဥ်းစားပါ။ ကျွန်ကို အပြစ်ရှာမနေပါနဲ့၊ မိမိမှာသာအပြစ်မရှိအောင် ကောင်းအောင်နေလိုက်ပါ လို့ ဆုံမပြီး ဒေါသမဖြစ်အောင်နေလိုက်ပါ။

၉။ ခုတ်တလွဲပြတ် - မိမိကိုဒေါသထွက်အောင်လုပ်သူမှာရှိခဲ့တဲ့ရုပ်နာမ်တွေအခုရုပ်နာမ်တွေမဟုတ်ဘူး။ အခုရုပ်နာမ်တွေကအရင်မိမိကိုဆော်ကားခဲ့တဲ့ရုပ်နာမ်တွေမဟုတ်တော့ ဘူး။ ဒါကြောင့် သူ့ကို ပြန်ဒေါသ ထွက်နေမယ်ဆိုရင် ခုတ်ရာတခြားပြတ်ရာတခြားဖြစ်နေမှာ လို တရားဟောပြီးဒေါသမထွက်အောင် တရား ဟောပါ။

၁၀။ တဘက်သတ်ညှိုး- မိမိဒေါသထွက်တာ သူ့ကြောင့် လို့ တစ်ဘက်သတ်မပြောပါနှင့် ။ မိမိမှာလည်း တာ ဝန်မကင်းပါဘူး။ မီးခြစ်လို မိးခပ်ကြောက်နဲ့ ဘီး ခပ်လို့ မီးဆိုတာ ထွက်လာတဲ့အတိုင်း သူတစ်ယောက်တည်း ဆိုရင် မိမိမှာ‌ဒေါသထွက်စရာမရှိပါဘူး။ မိမိ ဆိုတာ ရှိနေတဲ့အတွက် မိမိမှာဒေါသဖြစ်နေရခြင်းဖြစ်တယ်လို့ မိမိ ကိုယ်မိမိတရားဟောပြီး ‌ဒေါသမထွက်အောင်ထိန်းပါ။

၆။ ကံ - သူလုပ်တဲ့ကံကြောင့်မိမိကလိုက်ပြီးစိတ်ဆိုးနေရင် သူ့မကောင်းကံကြောင့် ဖြစ်မဲ့ဆင်းရဲဒုက္ခကို ကိုယ် ကဝင်ခံနေသလိုမျိုးဖြစ်နေပါတယ်။ သတ္တဝါတွေဆိုတာ သူကံနှင့် သူလာကြတာပါ။ သူလုပ်တဲ့ကံကြောင့်မိမိကို မထိခိုက်ပါစေနဲ့ လို့ စဥ်းစားပြီး ‌ဒေါသမထွက်အောင် နေထိုင်ပါ။

၇။ ဇာ - ဘုရားဟောတဲ့ဇာတ်တွေမှာ သည်းခံခြင်းအကြောင်းတွေ၊ မြင့်မြတ်သူများအကြောင်းကိုပြန်စဥ်းစားပြီး သူတို့လိုငါလည်းဖြစ်ချင်လိုက်တာလို့ ပြန် စဥ်းစားပြီး ဒေါသမထွက်အောင် ထိန်းပါ။ ဥပမာ ဘုရားလောင်မျောက် မင်း က တွင်းထဲကျနေတဲ့မုဆိုးကိုကယ်တင်ခဲ့ပေမဲ့ မုဆိုးက တွင်းအပြင်ရောက်တော့ ကယ်တင်ခဲ့တဲ့ဘုရား လောင်းမျောက်မင်းရဲ့ဦးခေါင်းကိုခဲဖြင့် ထုပြီသတ်တာမသေပါ။ ဘုရာလောင်းက ခေါင်းမှာကျတဲ့သွေးစက် အတိုင်း လိုက်ခဲ့ဆိုပြီးလမ်းပြတဲ့ဖြစ်ရပ်မျိုးကို ဖတ်ပြီး သည်းခံခွင့်လွှတ်ရန် လိုအပ်ပါတယ်။

၈။ မတဂ္ဂါ၊ - ဘဝဆိုတဲ့သံသရာမှာ သွေးသားမတ်ေစပ်ဘူးသူဆိုတာမရှိ၊ အခုမိမိကိုဒေါသဖြစ်အောင်လုပ်သူက အရင်ဘဝများက မိမိအပေါ်ကောင်းတဲ့မိဘအဆွေခင်ပွန်းဖြစ်နိုင်ပါတယ်လို့ စဥ်းစာပြီး‌ဒေါသမထွက်အောင်ထိန်း ပါ။

၉။ နိသင် -မေတ္တာရဲ့အာနိသင်အကျိုးကျေးဇူးတွေကို ဆင်ခြင်ပြီးမိမိအပေါ်ဒေါသထွက်အောင် လုပ်သူအပေါ်မှာ မေတ္တာ စိတ်ထားပါ။ မေတ္တာအကျိုး (၁၁) မျိုးကို ပြန်လည်ဆင်ခြင်ပါ။ (အိပ်နိုးချမ်းသာ။ ကောင်းစွာအိပ်မက်၊ ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊ ဆိတ်မီးဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်ကြည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမသွေ၊ လားလေဗြဟ္မာ၊ ဆယ်တစ်ဖြာသည်၊ မေတ္တာပွားမှုအကျိုးတည်း)

၁၀။ ဓာတ်ရှင် - မုန်းပြီးဒေါသထွက်တာက ဘာကိုဒေါသထွက်တာလဲ။ ဓာတ်သဘောကြည့်ကြည့်ပါ။ ဆံပင်ကို မုန်း တာလား၊ အရေပြားကိုမုန်းတာလား၊ စသဖြင့် အမျိုးမျိုးမေးကြည့်ပါ၊ ၃၂ ကောဌာသ ဘာကိုမုန်းတာလဲဆို တာ မေးကြည့်တဲ့အခါ ကောင်းကင်မှာအရုပ်ရေးမထင်သလို ဖြစ်လာပါလိမ့်မယ်။
၁၁။ ပေးတောင်း -ရင်းနှီတဲ့သဘောနဲ့ပေးခြင်း၊ တောင်ခြင်းတို့ကိုပြုလုပ်ရန် လိုအပ်ပါတယ်။ မေတ္တာသဘော ခင်မင်စွာပေးခြင်း၊ တောင်းခြင်းဖြင့် အမျက်ဒေါသများပြေလည်အောင် ပြုလုပ်ပါ။

ဖော်ပြပါ ဒေါသပယ်တဲ့နည်းလမ်း (၁၁)မျိုးထဲမှ မိမိအတွက် အဆင်အပြေဆုံးနည်းလမ်းကို ရွေးချယ်ကျင့် သုံးရန် လိုအပ်ပါတယ်။ လေ့ကျင့်မှုများများလုပ်ပြီး ဘယ်နည်းကတော့ မိမိမှာဖြစ်နေတဲ့ဒေါသကို ဖယ်ရှားအောင် ပြု လုပ် ရာမှာ အဆင်အပြေ ဆုံးဖြစ်ကြောင်း မှတ်သားပြီး ထိုနည်းလမ်းကို လိုအပ်တဲ့အခါတိုင်းအသုံးပြုရန် လိုအပ် ပါတယ်။

မိတ်ဆွေများ ဖြစ်တတ်တဲ့ဒေါသကို ဖော်ပြပါနည်းလမ်းများသုံးပြီး ပယ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...